Monday, 23 April 2012

ထွက်ပေါက်






မွန်းကျပ်မှုတွေကြောင့် သူအိပ်ရာမှ နိုးထလာခဲ့သည်။


၁။
ပိန်းပိတ်အောင်မှောင်နေသော အမှောင်ထဲမှာ ကြယ်ကလေး တစ်လုံးတစ်လေ၏ အလင်းရောင်ကိုပင်သူမမြင်ခဲ့။ နှုတ်မှာ တစ်စုံတစ်ခုကို ထွက်ပေါ်လာရန် သူကြိုးစားကြည့်သူသည်။ သို့ရာတွင် အချည်းနှီးသာတည်း။ မည်သည့်အသံမှ သူ၏နှုတ်မှ ထွက်အံကျမလာချေ။ အောက်ဆီဂျင်ကို အငမ်းမရလိုက်ရှာနေသော သူ၏အဆုတ်များသည် ပေါက်ကွဲမတတ်ရှိနေသည်။ မိမိနှလုံးခုန်သံကို မိမိပြန်ကြားရလောက်အောင်ပင် နှလုံးခုန်သံသည် စည် တစ်ခု တီးနေသည့်အလား ထင်မှတ်မှားရသည်။

အလင်းရောင်နှင့် လေနုအေးကို လိုက်လံရှာဖွေနေသော သူ၏မျက်လုံးများတွင် အမှောင်ထုမှ တစ်ပါး အခြားမည်သည့်အရာကိုမှ သူမမြင်။ “ငါ့မျက်လုံးတွေ အမြင်အာရုံပျောက်ကုန်ပြီလား” ဟု မကြာခဏ တွေးတောမိရင် မိမိ မျက်လုံးများ ရှိရာကို စမ်းကြည့်မိသည်။

ဘုရားရေ..။ တစေတစ်ကောင်ရဲ့လက်လိုအေးစက်နေသည့် မိမိ၏ လက်အတွေ့ကို ဖွင့်ထားသော မျက်လုံးများက ခံစားရသည်။ အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် မွန်းကျပ်မှုနှင့် အောင့်မျက်မှု ရောထွေးနေသော ဝေဒနာကို သူ၏နှလုံးသားများက စတင်ခံစားနေရပြီ။

ဟင့်အင်း.. လက်မခံနိုင်ပါဘူး။ လွယ်လွယ်ကူကူနဲ့ ဒီလို အရှုံးပေးရိုး သူ၏ရာဇဝင်တွင် မရှိခဲ့ပါ။ အမှောင်ထုထဲတွင် မြင်ရလို မြင်ရငြား မျက်လုံးကို အစွမ်းကုန်ဖွင့်၍ သူ အလင်းတစ်စမျှလောက်ကို လိုက်ရှာခဲ့သည်။

ဖျပ်ကနဲ လင်းလက်မှုတစ်ခုကို သူ့မျက်လုံးထောင့်တွင် သူမြင်လိုက်ရသည်။ ထိုလင်းလက်မှုကို မြင်ရသော နေရာသို့သူ အလျင်အမြန် သွားကြည့်လိုက်မည်ဟု ကြံစည်ပြီး လဲလျောင်းနေရာမှ ဆတ်ကနဲထလိုက်သည်။ ဘုရား..၊ ဘုရား..၊ သူ၏ကိုယ်ခန္ဓာသည် သူ၏စိတ်ဆောင်ရာသို့ မလိုက်ပဲ ရှိနေသည်။ ထိုအလင်းရောင်ကို မြင်လိုက်ရသောနေရာသည် ပြတင်းတံခါးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအသိသည် သူ၏ အောက်ဆီဂျင် လိုအပ်မှုကို ပိုမိုလှုံ့ဆော်လိုက်သလိုဖြစ်လာသည်။ လွယ်လွယ်ကူကူလှုပ်ရှား၍ရသော လက်တို့ဖြင့် အနီးအနားတွင် ဘာများရှိမည်လဲဟု ရှာဖွေလိုက်သည်။ ကံကောင်းထောက်မစွာပင် လဲလျောင်းနေရာ နဘေး၌ ပုလင်းဟု ယူဆရသော အရာတစ်ခုကို သူ၏လက်တွေက ရှာဖွေတွေ့ရှိခဲ့သည်။

သူ့မျှော်လင့်ချက်တွေ တစ်စထက်တစ်စ ရင့်သန်လာသည်။ အလင်းတစ်စ မြင်တွေ့ရသည့် ထိုပြတင်းတံခါးသည် သူ့အတွက် အောက်ဆီဂျင်များကို သယ်ယူလာမည့် တစ်ခုတည်းသော ရင်းမြစ် ဖြစ်သည်။  ငယ်စဉ်ကတည်းက ပစ်မှတ်တစ်ခုကို မလွဲမချော်အောင် ပစ်တတ်သော၊ ပစ်နိုင်စွမ်းရှိသော သူ၏ လက်များကို သူ ယုံကြည်စိတ်ချသည်။ ထို့နောက်သေချာချိန်ဆ၍ ပြတင်းမှန်ရှိနိုင်သည့် နေရာကို ရှိသမျှ ခွန်အားတို့ကို အသုံးပြုကာ လက်ထဲတွင် ဆုတ်ကိုင်မိသော အရာနှင့်လွှဲပစ်လိုက်သည်။

“ခွမ်း..ခလွမ်း..”

ထိမိသံနှင့် ကွဲရှသံတို့သည် သူကြားဖူးသမျှသော အသံတို့တွင် နားဝင်အချိုဆုံး အသံများဖြစ်သည်။  ထို့နောက် အနှီပြတင်းတံခါးမှ တိုးဝင်လာသော လေနုအေးတို့ကို သူ အငမ်းမရ ရှိုက်ယူလိုက်သည်။ အေးမြခြင်း၊ လန်းဆန်းခြင်းတို့သည် အစောပိုင်းကာလက သူခံစားနေရသော မွန်ကျပ်မှုများကို အဝေးသို့ သယ်ဆောင်သွားပြီဖြစ်သည်။ ပေါက်ကွဲမတတ်ဖြစ်နေသော သူ၏ နှလုံးသားတို့သည် အေးမြသော လေညင်းကြောင့် တဖြည်းဖြည်း ညံ့သက်ခြင်းကို ရရှိလာခဲ့သည်။

ထို့နောက် သူသည် စိတ်အေးချမ်းသာစွာဖြင့် ပြန်လည် အိပ်ပျော်သွားခဲ့သည်။

၂။

မနက်နေခြည်၏အလင်းရောင်သည် သာယာလှပစွာ အရှေ့အရပ်မှာထွက်ပေါ်လာခဲ့သည်။ နံနက် ကိုးနာရီ ရှိပြီဖြစ်ကြောင်း တိုင်ကပ်နာရီမှ မြည်လာသော သံစုံတီးလုံးကြောင့် မနက်စာ စားရန် စားပွဲဝိုင်းရှိရာသို့ ရောက်မလာသေးသူတစ်ယောက်ကို အိမ်တော်ထိန်းကြီး သတိပြုမိသွားသည်။

“အန်ကယ်လ်ကြီး ဘာဖြစ်လို့ရောက်မလာသေးပါလိမ့်” ဟုစဉ်းစားမိသည်။ ထို့နောက် “အရင်လိုပဲအိပ်ရာထ နောက်ကျပြန်ပြီထင်တယ်” ဟု တွေးမိရင်း ပြုံးလိုက်သည်။ ယနေ့ နံနက်စာကို မြင်လျင် အန်ကယ်ကြီး ပျော်ရွှင်သွားလိမ့်မည်ဟုလည်း သူ စဉ်းစားမိသည်။ ငါးဆန်ပြုတ်နှင့် အီကြာကွေးသည် အန်ကယ်ကြီး၏ အနှစ်သက်ဆုံးအစားအစာတွင် ပါဝင်သည် ဖြစ်ကြောင်း အိမ်တော်ထိန်းက သိထားသည်လေ။

ထို့နောက် အန်ကယ်ကြီးအား အိပ်ရာမှနှိုးရန် အန်ကယ်ကြီး၏ အခန်းရှိရာသို့ လျှောက်လာခဲ့သည်။ တံခါးကို အသာအယာခေါက်ရင်  တွန်းဖွင့်ကာ အခန်းတွင်းသို့ ဝင်ခဲ့သည်။

အခန်းတွင်းသို့ အလင်းရောင်ကောင်းစွာ ဝင်ရောက်လာစေရန် ပြတင်း တံခါးများတွင် တပ်ဆင်ထားသော လိုက်ကာများကိုအသာအယာ ဘေးသို့တွန်းလိုက်သည်။

အလို…” ဝေခွဲမရဟန်ဖြင့် အန်ကယ်ကြီး၏ ကုတင်ခြေရင်းတွင် ကွဲကျနေသော ချိတ်ထားသည့် ပန်ချီကားချပ်မှ မှန်စများနှင့် ပြန့်ကျဲလျက်ရှိသော အားဆေးများ ကို ကြည့်ရင်း အန်ကယ်ကြီး လဲလျောင်းအိပ်စက်နေရာသို့ ကြည့်လိုက်သည်။ နှစ်နှစ်ခြိုက်ခြိုက် အိမ်မောကျနေဟန်ဖြင့် အန်ကယ်ကြီးသည် ပြုံးလျက်ပင်နေသေးသည်။

အန်ကယ်ကြီး အိပ်နေရာဘေးသို့ အသာသွားရင်း “ အန်ကယ်ကြီးရေ.. မထသေးဘူးလား၊ ကိုနာရီတောင်ကျော်နေပြီလေ၊ အိမ်က လူတွေအားလုံးလည်း မနက်စာစားပြီးကြပြီ၊ အန်ကယ်ကြီးအကြိုက် မနက်စာ ဆန်ပြုတ်နဲ့ အီကြာကွေးလေ.. …..” ဟုပြောရင်း စောင်ကို ဆုတ်ကိုင်ရင်း အိပ်ပျော်နေသည့် အန်ကယ်ကြီး၏လက်ကို အသာအယာလှမ်းတို့လိုက်သည်။

“ဘုရား… ကယ်တော်မူပါ” 

အေးစက်သော အတွေ့ကို အန်ကယ်ကြီး၏လက်မှ ရရှိလိုက်သည်။ အလန့်တကြား လှုပ်နှိုးလိုက်သော်လည်း အန်ကယ်ကြီးသည် နိုးထမလာခဲ့ပေ။ အခန်းပြင်သို့ အပြေးတစ်ပိုင်းနှင့် ပြေးထွက်လာသော အိမ်တော်ထိန်းသည် အိမ်တွင် ရှိသမျှသော လူတို့၏ အမည်ကို အော်ခေါ်ရင်း အိမ်ရှေ့သို့ ပြေးထွက်လာခဲ့သည်။

လွန်ခဲ့သော မိနစ်ပိုင်းက တိတ်ဆိတ်ငြိမ်သက်နေသောအိမ်ကြီးသည်  အော်သံများ၊ တစ်ဦးနှင့်တစ်ဦး ညွန်ကြားသံများ၊ ပြေးလွှားသံများ၊ ဆရာဝန်ကို ဖုန်းဆက်သူကဆက်၊ အပြင်ရောက်နေသူများကို ဖုန်းဆက်သူကဆက်နေသည့် အသံများဖြင့် ဆူညံသွားခဲ့သည်။

၃။

“လွန်ခဲ့တဲ့ ခြောက်နာရီလောက်ကပဲ Heart Attack ရတဲ့ ရောဂါ လက္ခဏာတွေနဲ့ အန်ကယ်ကြီး ဆုံးသွားတာပါဗျာ..၊ အသက်ကလည်း ၈၀ ကျော်ပြီး ၉၀ နားရောက်နေပြီဆိုတော့ ရုတ်တရက် ရရှိလာတဲ့ ဝေဒနာကို မခံနိုင်ဖြစ်သွားပုံရပါတယ်” 

ဆရာဝန်သည် သေချာ စစ်းဆေးပြီးနောက် နားကြပ်ကို အိတ်တွင်းသို့ ခေါက်ထည့်ရင်း အခန်းထဲတွင် ရပ်သူရပ် ထိုင်သူထိုင်နှင့်နေကြသော အန်ကယ်ကြီး၏ သားသမီးများ၊ မြေးမြစ်များကို တစ်ချက်ဝေ့ဝဲကြည့်ရင်း လှမ်းပြောလိုက်သည်။

အန်ကယ်ကြီးကတော့ သူ၏ကုတင်ပေါ်တွင် မနိုးသော အိပ်စက်ခြင်းဖြင့် အေးချမ်းစွာ အိပ်စက်နေပေပြီ။ သူ၏ နှုတ်ခမ်းတွင်မှာတော့ ကျေနပ်သော အပြုံးတစ်ခုက တွဲခိုလျက်….။

၎။

ငြင်းသံ၊ ခုန်သံ တို့နှင့် ဆူညံပြီး ကျန်ခဲ့သော အန်ကယ်ကြီး၏ သားသမီးများကို ကျောခိုင်းရင်း  ဆရာဝန်သည် အနှီအိမ်ထဲမှာ တဖြည်းဖြည်း ထွက်လာခဲ့သည်။ သူ၏ ဘေး၊ နောက်ဖက်နားမကျတကျတွင် အိမ်တော်ထိန်းသည် စိတ်မကောင်းသော မျက်လုံးများနှင့် ဆရာဝန်၏ ဆေးအိပ်ကို ကိုင်လျက် ကပ်ပါ လာလေသည်။



ပျိုးယုဝသုန်
7:12:25 AM
23-04-2012
Monday (BNE)

8 comments:

...အလင်းစက်များ said...

ရင်ကြပ်သမား ဗီဒိုမှန်ကို ခွဲလိုက်တာလေး သတိရသွားတယ်ဗျ။ ကောင်းကောင်း ဆွဲခေါ်သွားတယ် အစ်မရေ။ အဲ့ထက် နည်းနည်းရှည်ရင် ပိုကောင်းမယ်။ စိတ်ထဲမှာ ဆက်ဖတ်ချင်နေသေးတယ်။

စံပယ်ချို said...

စိတ်ဝင်စားဖို့ကောင်းတဲ့ ပိုစ့်လေးပါ
ဟုတ်တယ် ထပ်ပြီးဆန့်မယ်ဆိုရင်လဲ ရသေးတယ်နော်

Myat Pan Nwe (မြတ်ပန်းနွယ်) said...

သေခြင်းတရား ..

မြတ် ဖတ်သွားတယ် ဝသုန်

ခင်တဲ့
မြတ်

မိုးငွေ့...... said...

နာလဲ အဲလာပြောချင်တယ် ဒီပို့စ်ကို အရှည်လေးထပ်ရေးစေ့ချင်တယ်...။

naymin said...

အားပေးသွားတယ် အမရေ...
နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ post လေးတွေ မျှော်နေပါတယ်ဗျာ...:)

ဖြိုးဇာနည် said...

ငြိမ့်ငြိမ့်လေးသယ်ဆောင်သွားတယ်
ဖတ်လို့ပြီးသွားမှန်းတောင်မသိလိုက်ဖူး
အတော်ကောင်းတယ့်

ထော်ဦး said...

လူတစ်ဦးတစ်ယောက်
ဘယ်လိုသေချင်းတရားနဲ့  ရင်ဆိုင်ရမလဲဆိုတာကို
တွေးနေမိပါကြောင်း...
မွေးနေ့ ဆုမွန်လာချွေးပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်အစ်မ၀သုတ်ရေ...
ထော်ဦး

san htun said...

စိတ်ဝင်စားဖို့ ကောင်းတယ်