Saturday, 21 April 2012

အရောင်ပြောင်းခြင်းများ




ကျွန်မတို့ကျင်လည်နေထိုင်နေတဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ပင်ကိုယ်အရောင်နဲ့ကိုယ် မပြောင်းမလဲပဲ နေထိုင်နိုင်ကြတဲ့သူတွေကို အင်မတန်မှ မြင်ရခဲပါတယ်။ ဒီလိုအရောင်တွေဟာ မိတ်ဆွေအချင်းချင်း အိမ်နီးချင်းအချင်းချင်း၊ တစ်လမ်းတည်းနေ တစ်ရပ်ကွက်တည်းနေတဲ့သူတွေ အချင်းချင်း အပေါ်မှာတောင် ဘာဖြစ်လို့  မတည်ငြိမ်နိုင်ကြတာလဲဆိုတာ စဉ်းစားကြည့်မိတော့ မစ္ဆရိယ နဲ့ လောဘ ဆိုတဲ့ အကြောင်းအရာ နှစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။

ဒီလိုအကြောင်းအရာ နှစ်ခုအပေါ်မှာအခြေခံပြီး ပြောင်းလဲလာတဲ့၊ ပြောင်းလဲသွားတဲ့ အရောင်တွေကိုလည်း ကျွန်မတို့ လက်ခံရရှိခဲ့ဖူးသလို တသမတ်တည်းသော အရောင်ထားရှိသူတွေကိုလည်း တွေ့ရှိခဲ့ဖူးပါတယ်။

ကျွန်မတို့ငယ်စဉ်တုန်းက အကျပ်အတည်းဆိုတာကို ကြုံဖူးခဲ့ပါတယ်။ မြန်မာ့ကုန်လမ်းပို့ဆောင်ရေးမှာ ဖေဖေဟာ စက်ပြင် တစ်ဦးပါ။ အဲဒီကနေ အနားယူပြီး ယောက်ဖဖြစ်သူ အမရဲ့ယောက်ျားနဲ့ အတူ အိမ်မှာဖွင့်ထားတဲ့ မော်တော်ယာဉ်ပြုပြင်ရေးလုပ်ငန်းမှာ အတူတကွ ဝင်ရောက်လုပ်ကိုင်ခဲ့တယ်။ ဒီအချိန်တွေတုန်းကတော့ ကျွန်မတို့ကလည်းသိပ်ငယ်သေးတော့ ဘာတွေဘယ်လိုဖြစ်တယ်ဆိုတာကို သေချာမသိခဲ့ပါဘူး၊ ကျွန်မသေချာနားလည်တဲ့အချိန်မှာ မေမေဟာ တစ်ဘက်တစ်လမ်းက ဝင်ငွေရအောင် ဆိုပြီး မနက်စာ အစားအသောက် တွေဖြစ်တဲ့ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊နန်းကြီးသုတ်၊ခေါက်ဆွဲသုတ် အစရှိတာတွေကို ရောင်းချပါတယ်။

ပြေလည်တဲ့ မိသားစုက ဆင်သက်လာတဲ့ မေမေဟာ သူမရဲ့ ကိုယ်ပိုင်မိသားစုကလေး အဆင်ပြေနိုင်ဖို့ မနက်ပိုင်းမှာ အစားအသောက်တွေ ရောင်းချပြီး နေ့လည်ပိုင်းမှာ ပိတ်စ၊အဝတ်အထည်တွေကို ရောင်းချပါတယ်၊ ဒါတွေဟာ သမာအာဇီဝအလုပ်တွေဖြစ်လို့ ကျွန်မတို့ မရှက်မကြောက်ခဲ့ပါဘူး။ ကျွန်မတို့ မေမေဟာ အကြွေးကို အင်မတန်ကြောက်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ခင်ပွန်းနဲ့ သားသမီးလေးတွေ အနေဆင်းရဲ အစားဆင်းရဲ မဖြစ်စေဖို့ သူမ တစ်သက်လုံးမလုပ်ခဲ့ဖူးဘူးတဲ့ အလုပ်ကို လုပ်ရင်း တစ်ဖက်ကနေ မယ်တစ်ရွက်အဖြစ် တာဝန်ယူခဲ့တယ်။

ဒီလို မေမေဈေးရောင်းတာ ဖေဖေအရာထမ်း မဟုတ်တော့တာတွေဟာ အထင်သေးစရာများဖြစ်နေလေသလားပဲ။ အိမ်နီးချင်း ရွယ်တူမိန်းကလေးတွေနဲ့ အနည်းငယ် ကြီးတဲ့သူတွေဟာ ကျွန်မကို မေးထူးခေါ်ပြောလောက်ပဲ ဆက်ဆံသလောက် ကျွန်မရဲ့ ကြီးတော် ရဲ့သမီးတွေကိုဆိုရင်တော့ ရွှန်းရွှန်းဝေအောင်ကို ဖိတ်ခေါ်မဆုံးဖြစ်နေကြတာ တွေ့ရပါတယ်။ ကျွန်မလည်း ဂရုမစိုက်ခဲ့ပါဘူး၊ အခြားရွယ်တူတွေနဲ့ ပြေးလွှားဆော့ကစားရင်း အချိန်တွေကုန်ဆုံးခဲ့ပါတယ်။

မှတ်မိနေသေးတဲ့အကြောင်းအရာတစ်ခုရှိပါသေးတယ်။ ပြောသာပြောရတာ ကျွန်မ ငယ်ငယ်က တော်တော်လှ ဆိုပဲ။ ဒီတော့ အိမ်နီးချင်းတွေက ကျွန်မအကြောင်းကို သူတို့ကို အခြားတစ်ယောက်က မေးမိရင် “သြော်..သူ့အမေက လမ်းဘေးဈေးသည်လေ..ဖအေက အလုပ်ကြမ်းသမားပါ”လို့ နှိမ့်ချပြီးပြောဆိုတာကို ကြားသိခဲ့ရဖူးတယ်။ အဲ့ဒီသူတွေကပဲ ကျွန်မမေမေဆီက ငွေကြေးတွေ မကြာခဏ ချေးယူနေကြတာပေါ့..။ တစ်ချို့ကျပြန်တော့လည်း အင်မတန်မှကောင်းလှတယ်။ စားစရာရှိရင်ခေါ်ကျွေး။ ပေးစရာရှိတာခေါ်ပေးနဲ့ ပေါ့။

မေမေဟာ ဟိုးအရင်ကတည်းက အင်ဒိုနီးရှားပါတိတ် ကို အင်မတန်မှ နှစ်သက်ခဲ့သူုဖြစ်တယ်။ ဒါပေမယ့် အတန်းရလာတဲ့ သားနဲ့ သမီး အတွက်ငဲ့ကွက်ရင်း သူမ နှစ်သက်တဲ့ အရာတွေကို ကျောခိုင်းခဲ့တယ်။ နှစ်တစ်နှစ်ရဲ့ တရုတ်နှစ်သစ်ကူး အခါသမယမှာ မေမေ့ကိုခင်နေတဲ့ တရုတ်မိသားစုထဲက အမတစ်ယောက်က မေမေ နှစ်သက်တတ်မှန်းသိလို့ အင်ဒိုနီးရှား ဝယ်ဖို့ဆိုပြီး အန်ပေါင်းအိတ်လေးတစ်အိတ် ပေးခဲ့တယ်။ မေမေကလည်း လက်ဆောင်ပေးတဲ့သူ စေတနာ အထမြောက်အောင် သေချာကို ဝယ်ခဲ့တယ်။ ဒါဟာ မေမေ့ဘဝမှာ ပထမဆုံးအကြိမ် အဝတ်အစားကို ဈေးကြီးပေးပြီး ပြန်ဝယ်ခြင်းပဲဖြစ်တယ်။ ဒါကို တစ်အိမ်တည်း အထက်အောက် နေသူ အမတွေက “ ကိုယ့်မှာရှိတာလည်းမဟုတ်ပဲ ဒီလိုအစစ်တွေဝယ်ဝတ်မယ့်အစား တခြား ဈေးသက်သာတာ လေးငါးခြောက်ထည် ဝယ်ပါ့လား”တဲ့။ သူတို့လည်းတစ်ခါမှ အဲ့ဒီလို မပေးဖူးပါဘူး၊ ပေးရင်လည်း သူတို့ဝတ်ပြီးသားတွေသာ ပေးလေ့ရှိပါတယ်။

အဖက်မလုပ်ချင်သလိုလို၊ မခေါ်ချင်သလိုလို၊ မပြောချင်သလိုလို ပုံစံတွေနဲ့ နှိမ်ချဆက်ဆံ တာတွေကို ကြုံတွေ့လာရတဲ့အခါမှာ ငွေကြေးရဲ့ အရေးပါပုံတွေကို သိရှိလာရတယ်။ ဒီလိုနဲ့ ကျွန်မလည်း အရွယ်မတိုင်ခင်မှာပဲ စီးပွားရေးလောကထဲကို ဒိုင်ဗင်ပစ်ပြီး ဝင်ခဲ့တယ်။

အရွယ်ကလေးရလာတဲ့ သားနဲ့သမီးရဲ့ကြိုးစားမှုရယ်၊ မေမေ့ရဲ့ အမြော်အမြင် ရှိမှုတွေရယ်ကြောင့် မကြာခင်မှာပဲ ပြည့်စုံတယ်လို့ဆိုလို့ရတဲ့ အခြေအနေ တစ်ခုကို ပြန်ရခဲ့တယ်။ ဒီအချိန်ထိ မေမေဟာ သူမရဲ့ဈေးရောင်းခြင်းကို မစွန့်လွှတ်ခဲ့ဘူး။ ကျွန်မတို့ အဲဒီနေရပ်ကနေ မြို့လည်ကို ပြောင်းသွားတဲ့ အထိ ဖေဖေနဲ့မေမေ ဟာ မနက်ဆိုရင် ဆိုင်သွားသွားဖွင့်နေဆဲပါပဲ။ ဖေဖေ ကတော့ မျက်လုံးတစ်ဖက်ကွယ်သွားတာကြောင့် ကားဘော်ဒီထု၊ ဆေးမှုတ်တဲ့အလုပ်နဲ့ စက်ပြင်တဲ့အလုပ်ကို မလုပ်တော့ပါဘူး၊ တဖြည်းဖြည်းနဲ့ စီးပွားရေးပြန်လည်ဦးမော့လာတဲ့ အခါမှာတော့ ဈေးရောင်းခြင်းကို ရပ်လိုက်ပါတယ်။ ဒါတောင် ဘွားတော်က မရပ်ချင်ဘူး။ သူ့ဝင်ငွေ လျော့ပါတယ် ဆိုပြီးပွစိပွစိနဲ့။

ဖေဖေရောမေမေရော အေးဆေးစွာ နေခွင့်ရတဲ့အချိန်မှာ ကျွန်မလည်း မခံချင်စိတ်နဲ့ နေခဲ့ဖူးတဲ့ နေရာမှာပဲ တစ်ခန်းထက် ပိုတဲ့ အိမ်ခန်းတွေ ဝယ်ပြီးအငှားထားလိုက်တယ်။ မေမေကတော့ သမီး နဲ့ သား ဝယ်ပေးတဲ့ အင်ဒိုနီးရှားမျိုးစုံ ရောင်စုံကို ဝတ်ပြီး လက်ထဲမှာလည်း မိုဘိုင်းလ်လေးတစ်ကိုင်ကိုင်နဲ့ပေါ့လေ၊ အိမ်တွေကို သွားသွား ကြည့်လေရဲ့။

အဲ့ဒီအခါမှာလည်း တစ်ခါပြန်ကြုံရတယ်။ အရင်က မခေါ်ချင်သလို မပြောချင်သလို နေတဲ့သူတွေက ထမင်းစားပါ လက်ဖက်ရည်သောက်ပါနဲ့ ဟိုအိမ်ကခေါ်၊ ဒီအိမ်ကခေါ်ပေါ့။ အဲ.. အရင်က ခင်ခင်မင်မင် ရင်းရင်းနှီးနှီးနေလာခဲ့တဲ့သူတွေကျတော့ မားသား ကိုတွေ့တာနဲ့ အဝတ်ပြေးလဲတဲ့သူနဲ့ လက်ဝတ်ရတနာ ပြေးဝတ်တဲ့ သူနဲ့။ ဒါတွေဟာ ဘာဖြစ်လို့ ဖြစ်ကြရတာလဲ၊ အိမ်နီးချင်းမိတ်ဆွေတွေမှာ ဒီလိုဖြစ်ဖို့ အကြောင်း ရှိသလား။ ဒီလို အချင်းအရာတွေကို မြင်ရတာ မနှစ်သက်တာနဲ့ အဲ့ဒီနေရာကိုလုံးဝမရောက်တာ နှစ်နှစ်လောက်ကိုရှိပြီ။

ဒီလိုပါပဲ။ အဲ့ဒီ နေရာရယ်မှ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ အနီးပတ်ဝန်းကျင်မှာလည်း  မြင့်တက်လာလျင်ရိုက်ချချင်သူတွေ ရှိသလို နိမ့်ဆင်းလာလျင်လည်း ခြေနဲ့ နင်းလိုတဲ့သူတွေ အများကြီးပါပဲ။ အခု ကျွန်မရောက်ရှိနေတဲ့ ပထမကမ္ဘာ နိုင်ငံ မှာလည်း ဒီလို အရောင်ပြောင်းတဲ့ အဖြစ်မျိုးတွေ ကြုံတွေ့နေရဆဲပါပဲ။


ပျိုးယုဝသုန်
20-04-2012
Friday (BNE)

9 comments:

စံပယ်ချို said...

သူငယ်ချင်းတွေပြောပြဖူးလို့ မကြာခဏကြားနေရတဲ့
အဲလိုပတ်ဝန်းကျင်ကို တစ်ကယ်ကြောက်မိပါတယ် ဒါပေမယ့်လဲ ခုထိ နိုင်ငံကြီးမှာနေပြီးတော့ ပိုက်ဆံရှိမှ လူရာဝင်တယ် အဆင့်ရှိတယ် ဆိုတဲ့ လက်ကိုင်ကိုစွဲနေတဲ့လူတွေ အများကြီးပဲလေ
ပျိုးမသိလို့နေလိမ့်မယ် ဂျက်တို့က အဲလိုလူတွေကို
မချစ်ခင်တတ်ပါဘူး မုန်းလဲ မမုန်းဘူးလေ
(လူတစ်ယောက်ရဲ့ ရိုးသားမှုနဲ့နှလုံးသားကိုကြည့်ပါ)
ဟုတ်တယ်နော်

မိုးငွေ့...... said...

မမ၀သုန်ရေ... အဲဒါမျိုးက ကမ္ဘာကြီးပျက်သွားရင်တောင် ကျန်ရစ်မယ့်အမျိုး...။ လူနေမှုသဘာဝရဲ့ ဖောမက်လိုဖြစ်နေပြီလေ....။

mstint said...

ပတ်ဝန်းကျင်ရဲ့ အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲမှုလေးတွေ လုပ်ရသလို မပြောင်းလဲချင်ပေမယ့် အနတ္တသဘောအရ သူ့သဘောသူဆောင်ပြီး ပြောင်းလဲသွားတာလေးတွေလဲ ဒုနဲ့ဒေးပါ ဝသုန်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွင်ပြင်လှိုင်းငယ် said...

မှန်လိုက်တာ မမ၀သုန်ရေ

ဝေမိုးနိုင်(မုံရွာ) said...

ဟုတ်တယ် မမ၀သုန်ေ၇............
ူလူတွေက တစ်ခါတစ်လေ တော်တော် ကြောက်စရာကောင်းတယ်။ ဒီပို့စ်လေး သဘောကျတယ်ဗျို့။

မိုးသူ(တောင်ကြီး) said...

တချို့ သောလူတွေ ရဲ့ သဘောကို
ပိုမိုထင်ဟတ်စေတဲ့ post လေးမို့ ကြိုက်တယ်
ဟုတ်တယ်နော် လူတွေများတော်တော်ခက်တယ်
မမ၀သုန်ရေ ... အခုလို ပိုစ့်လေးတွေများများရေးနိုင်ပါစေ
လူတွေအကြောင်းပိုသိရတာပေါ့

ခင်တဲ့ 
မိုးသူ(တောင်ကြီး)

ဖြိုးဇာနည် said...

အရောင်တွေပြောင်းတတ်တဲ့လောကထဲမှာ
ကျွန်တော်ခကြီးခခွေးအရွယ်ကထဲက အရောင်
စုံတွေကိုထိတွေ့ဖူးနေခဲ့တာပါ ခုထိကို
အရောင်ပြောင်းတတ်တဲ့လူတွေနဲ့ ထိတွေ့နေရတုန်းပါပဲ
ရိုင်းသွားမလားမသိဘူး တွေမျိုးအချို့ ရောပါခဲ့တယ်။

ပြုံးမိတယ် သူတို့တွေကိုသတိရသွားလို့လေ

ခင်တဲ့
ဖြိုးဇာနည်

ချစ်သူမောင် said...

ညီမရေ အစ်ကိုကတော့ အဲဒီလိုလူတွေကို IGNORE LIST
ထဲထည့်ပစ်လိုက်တယ် လုံးဝလှည့်မကြည့်ကြေးပေါ့

san htun said...

အရောင်ပြောင်းတတ်တဲ့လူတွေကို တနေ့ မဟုတ်တနေ့  ကြုံရမှာပါပဲ..လူ့ ဘဝကို ထင်ဟပ်လို့  ဒီပို့ စ်လေးလည်း ကြိုက်တယ်..