Thursday 19 April 2012

အိပ်မက်ကကြိုး



ကျွန်မရဲ့ဘဝတစ်လျှောက်လုံးမှာ မနှစ်သက်ဆုံးစကားတစ်ခွန်းကိုပြောပါဆိုရင်   တကယ်လို့များ / တကယ်လို့ သာ  ဆိုတဲ့စကားကိုလက်ညှိုးထိုးပြဖြစ်မှာ ဖြစ်ပါတယ် ၊ နောင်တနဲ့ ဆက်နွယ်နေတဲ့ စကားတစ်ခွန်းဖြစ်လို့ အတ္တကြီးစွာ၊ မာနကြီးစွာ ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်  အထင်ကြီးမှုများစွာနဲ့ မနှစ်သက်နိုင်ဖြစ်ခဲ့ရတယ် ၊ တစ်စုံတစ်ယောက်ကများ ထိုစကားလုံးကို ပြောလာခဲ့ရင် “ကြိုတင်ပြင်ဆင်မှုမှ မထားခဲ့တာကိုး” ဆိုတဲ့စကားနဲ့ အပြစ်ဆိုမိခဲ့တယ် ၊ ကာလ ပို်င်းခြားတော်တော်များများထိ ကျွန်မ ကိုယ်တိုင်လည်း ဒီစကားစုကိုမသုံးဖြစ်ခဲ့ဘူး ၊ ဒါပေမယ့် ..   ဟုတ်တယ်ခုတော့လည်း ကိုယ် မနှစ်သက်တဲ့ စကားတစ်ခွန်းကို ထပ်တလဲလဲ မြည်တမ်းရင်း နဲ့ ကိုယ့်ရင်ဘတ်ကို ကိုယ် ရင်နာနာနဲ့ကျောခိုင်းခဲ့တယ် ..  
တကယ်လို့သာ ………….


၁။
မောင် လို့နှစ်နှစ်သက်သက် မြတ်မြတ်နိုးနိုးခေါ်ခဲ့တဲ့ သူတစ်ယောက်အကြောင်းကို စဉ်းစားကြည့်လိုက်ရင် ဘယ်ဘက်ရင်ဘတ်အောက်က ပုံမှန်ခုန်နေတဲ့ နှလုံးသားတစ်ခုဟာ စည်ချက် မမှန်နိုင်အောင်ဖြစ်လာခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် တစ်ဦးနဲ့တစ်ဦး မတွေ့မမြင်ရယင် နေ့ရက်တွေဟာအဓိပ္ဗါယ်မရှိဘူးလို့ ထင်ရလောက်အောင် တွယ်ညိခဲ့ကြတယ်။ ခိုင်မာတဲ့ ချစ်ခြင်းတစ်ခုကိုပိုင်ဆိုင်ထားခဲ့တယ်လို့လည်း ကိုယ့်ကိုယ်ကိုယ် သေချာနေခဲ့တော့ ခွဲခွါခြင်းဆိုတာကို ယောင်လို့တောင် အိပ်မက် မမက်ခဲ့မိပါဘူး။

ဒီလိုကိုယ့်အတွေးနဲ့ကိုယ်၊ ကိုယ့်ယုံကြည်မှုနဲ့ကိုယ် ရပ်တည်ရင်း လျှောက်လှမ်းရင်း ကမ်းလင့်မယ့် လက်တစ်စုံရှိရာကို ကျွန်မလက်လှမ်းခဲ့တယ်။ မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ကိုပဲ လှမ်းခေါ်ယူတယ် လို့ထင်မှတ်ရတဲ့ လက်တစ်စုံဟာ ရုတ်သိမ်းသွားခဲ့တယ်။ နာကျင်ခြင်း၊ ကြေကွဲခြင်း၊ မယုံကြည်နိုင်ခြင်းတွေနဲ့အတူ ကျန်ခဲ့တဲ့သူကတော့ ကျွန်မပေါ့။

၂။
ရင်ထဲမှာအနက်ရှိုင်းဆုံးအထိ စူးနင့်နေခဲ့ပါတယ်မောင်၊ မပြေလည်ခြင်းမရှိတဲ့ ကျွန်မတို့ရဲ့ချစ်ခြင်းတွေရှိရာကို မခိုင်မြဲခြင်းက ရောက်ရှိလာခဲ့ပြီလား၊ ဟင့်အင်း..၊ မတွေးချင်ခဲ့ပါဘူးမောင်။

ဘယ်သူကမှားတာလဲ၊ ဘာတွေမှားနေတာလဲ၊ ဘာကြောင့်မှားတာလဲ၊ ဘယ်လိုအမှားမျိုးတွေလဲ ဆိုတာကို ဘာကြောင့်ရယ် ဘာအတွက်ရယ် ဖြစ်ကြောင်း ကျေးဇူးပြုပြီး မပြောပါနဲ့တော့မောင်။ ဆို့နင့်ကြေကွဲရခြင်း ဆိုတာကိုလည်း မောင့်ကြောင့်ရယ်လို့ အမည်မတပ်လိုပါဘူး။ ဘယ်လိုပဲဖြစ်လာဖြစ်လာ ဒီလိုမလှပတဲ့ ဇတ်သိမ်းနဲ့ အဆုံးမသတ်သင့်ပေမယ့် မောင်ရွေးချယ်တဲ့ လမ်းအတွက် ကျွန်မကျေနပ်ပေးပါတယ်မောင်။ ဒါပေမယ့် ဒီအဖြစ်အပျက်တွေကတော့ တကယ့်ကို ကြေကွဲစရာကောင်းပါတယ်။ ကျွန်မအတွက်ကတော့ မောင်ပေးခဲ့သမျှ ကြည်နူးစရာ ကြေကွဲစရာမှန်သမျှတွေဟာ မနေ့ တနေ့ကလို မဟောင်းနွမ်းနိုင်ပဲ အသစ်ဖြစ်နေဆဲပါမောင်။

လွန်ခဲ့တဲ့ အချိန်ကာလတွေဆီက ချမ်းမြေ့စရာတွေ၊ ပျော်ရွှင်ကြည်နူးစရာတွေ ကိုတော့ ကျွန်မ တစ်သက်လုံးသိမ်းထားလိုက်ပါ့မယ်မောင်။ ကျွန်မအနားမှာ မောင်ရှိမနေနိုင်တော့တဲ့ ကာလတွေ မှာ ဖြူစင်စွာ လွမ်းဆွတ်ခွင့်တော့ ရှိလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။

ပျားလိမ္မော်ရည်ဖျော်နည်း နဲ့ ကျွန်မအတွက်ရည်ရွယ်ပြီး ရေးပေးခဲ့တဲ့ ကဗျာတစ်ချို့သာ ကျွန်မအတွက် မောင့်ရဲ့ အရိပ်အယောင်အနေနဲ့ ကျန်နေခဲ့တာပါမောင်။ ဒါပေမယ့် ကျွန်မအနားမှာမောင်က အမြဲရှိနေသလိုပါပဲ၊ အချိန်တိုင်းမှာ မပျက်မကွက် သတိရနေမိတာဟာ အမှားတစ်ခုတော့ မဖြစ်နိုင်ဘူးလို့ထင်ပါတယ်မောင်။ တကယ်လို့များ တမ်းတခွင့်မရှိတော့ဘူးဆိုရင်ပေါ့။

၃။
ဝေးကွာခြင်း၊ ခွဲခွါရခြင်းတွေရဲ့အလွန်မှာ  ပြန်လည်ဆုံတွေ့ခြင်းတွေဆိုတာ ရှိနေနိုင်ဦးမှာလားလို့ မရဲတရဲ တိတ်တဆိတ် မျှော်လင့်မိနေဆဲပါမောင်၊ သူစိမ်းတစ်ယောက်လို ခပ်စိမ်းစိမ်း နဲ့မျက်နှာလွှဲသွားမှာကိုလည်း ကျွန်မ ခံနိုင်ရည် မရှိပြန်ဘူးမောင်ရယ်၊ ရန်သူတွေမှ မဟုတ်ခဲ့ကြတာနော်၊ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို အတိတ်မှာ ကျေကျေနပ်နပ်နဲ့ထားခဲ့ပြီးပြီပဲလေ။ မချစ်လို့ခွဲကြရတာလည်းမဟုတ်၊ မုန်းလို့ခွဲကြရတာလည်း မဟုတ်တဲ့ ကျွန်မတို့ရဲ့ချစ်ခြင်းမှာ ဘယ်သူ့မှာမှ အပြစ်တွေ ရှိမနေခဲ့ပါဘူး။

အလွမ်းဆိုတာ ဘယ်လောက်ရင့်ရင့်ကြွေမကျတတ်ပါဘူးမောင်။

၎။
တကယ်လို့သာ ဆိုတဲ့ စကားကို ခုတော့ ကျွန်မ အခါခါ ရေရွတ်တတ်ခဲ့ပါပြီ။

တကယ်လို့သာ တန်ခိုးရှင်တစ်ပါးဆီက ဆုတစ်ခုတောင်းခွင့် ရခဲ့မယ်ဆိုရင် …….

၅။
အိပ်မက်တဲ့  ..  အိပ်မက်တစ်ခုကိုဘယ်လိုအစပြုပြီးမက်ကြတယ်ဆိုတာ ကျွန်မ တို့မသိခဲ့ကြပါဘူး ၊ ဒါပေမယ့် အိပ်မက် တစ်ခု ဘယ်လိုအဆုံးသတ်သွားတယ် ဆိုတာကိုတော့ ကျွန်မတို့အားလုံးသိခဲ့ကြပါတယ် ၊ လှပပျော်မွေ့စရာကောင်းတဲ့ အိပ်မက်ကပွဲတစ်ခုထဲကနေ ပြန်မထွက်ချင်လောက်အောင် နစ်ဝင်နေပေမယ့် ကျွန်မကတော့ နိုးလျက်နဲ့မက်နေရတဲ့ အိပ်မက်လမ်းကို လျောက်လှမ်းဖို့ကြိုးစားနေခဲ့ရတယ်၊  ပြန်ခေါ်လို့ မရတော့တဲ့ အိပ်မက်ချိုတွေကို မြင်ယောင်နေရင်း နဲ့ပေါ့..
ကောင်းကင်ပြာကြီးကတော့ မနေ့ကလို ကြည်ကြည်လင်လင်နဲ့ပြုံးကြည့်နေတာပါ .. ကျွန်မ အတွက်သာ မနေ့တွေက ကောင်းကင်နဲ့ ဒီနေ့ကောင်းကင် ကြားမှာ ခြားနားခြင်းက ကြီးသွားတာပါ ။  ။


ပျိုးယုဝသုန်
18-04-2012
Wednesday
ခေတ္တ (BNE)

4 comments:

Cameron said...

သယ်ရင်း...နာ့ဆီက ကုန်ကြမ်းရသွားတာတော့ ဟုတ်ပါဖူးနော်...း)
ခံစားမှုလေးရှိနေတုန်း မမ၀သုန်စာကိုလာဖတ်လို့ မျက်ရည်တောင်စို့နင့်သွားမိတယ်...။

စံပယ်ချို said...

အလွမ်းဆိုတာ ဘယ်လောက်ရင့်ရင့်ကြွေမကျတတ်ပါဘူးမောင်------

အဲဒီအလွမ်းတွေကိုကြွေစေပြီး
အနမ်းလေးပေးဝေလိုက်ပါတော့

mstint said...

အိပ်မက်ကကြိုးလေး အားပေးသွားတယ် ဝသုန်ရေ။ အလွမ်းတွေနဲ့ဝေးပြီး ပျော်ရွှင်မှုလေးတွေနဲ့
ချွေးသိပ်နိုင်ပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

San San Htun said...

တကယ်လို့ သာဆိုတဲ့ စကားလုံးကို ပြောခွင့်မရခဲ့ရင် သိပ်ကောင်းမှာပဲ..