Monday 5 December 2011

အိပ်မက်မြို့မှ သည် …..

တွေ့ဆုံခဲ့ရတဲ့အချိန်လေးဟာ တခဏလေးပါဘဲ.. မထင်မှတ်လောက်အောင်နစ်ဝင်ချစ်ခင်မြတ်နိုးမိတာ ကတော့ ပြုခဲ့ဖူးတဲ့ ကံအကျိုးဆက်တွေကြောင့်လား .. ဒါမှမဟုတ်လည်း ဘ၀ ဘ၀ တွေကတောင်း ခဲ့ဖူးတဲ့ ဆုတောင်တွေကြောင့်လားဆိုတာ မခန့်မှန်းနိုင်တော့ပါ..  ဆုံတွေ့ခြင်းတခဏမှာ တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ပြီး ကြည်နူးပျော်ရွှင်ခဲ့ကြတာ လင်း မမေ့နိုင်ဘူးဆိုတာယုံကြည်သလိုကျွန်မ လည်း ဘယ်လိုမှ မေ့မရဘူးဆိုတာယုံကြည်ပေးပါ.. အလုပ်ချိန်နဲ့ အိပ်ချိန်ကလွဲလို့ အမြဲအတူတူ ရှိနေခဲ့ကြတဲ့ ကျွန်မတို့ နှစ်ယောက်ရဲ့အချိန်လေးတွေဟာ ဘာဖြစ်လို့များ လျင်မြန်စွာကုန်ဆုံးသွားရ တာလဲ .. လင်း ရေ..တကယ်တော့ ကျွန်မတို့နှစ်ယောက်ဟာ အိပ်မက်မက်သလို တစ်ခဏကလေးသာ တွေ့ခဲ့ကြပေမယ့် အိပ်မက်ထဲကလူသားတွေမဟုတ်ခဲ့ကြပါဘူးနော် ..

၁။
ဒ်ီကမ်းရိုးတန်းမြို့ကလေးကို ကျွန်မရဲ့သုတေသနလုပ်ငန်းအတွက်ရောက်ရှိလာတော့ အရာရာတိုင်းနဲ့ နေရာဒေသဟာကိုယ့်အတွက် စိမ်းနေခဲ့ပေမယ့် ကူညီတတ်တဲ့ မြို့ခံလူကြီးတွေနဲ့ဧည့်ဝတ်ကျေလှတဲ့ မြို့ခံလူတွေကြောင့် မြို့ကလေးဟာ မကြာခင်မှာ ကျွန်မနဲ့တစ်သားတည်းဖြစ်လာခဲ့ပါတယ်.. နောက်မ ကြာခင်ကာလမှာပဲ လင်းထင် ဆိုတဲ့လင်းနဲ့သိခဲ့ကြရတယ်..

ဆိပ်ကမ်းဆောက်လုပ်ရေးတစ်ခုမှာဆောက်လုပ်ရေးအင်ဂျင်နီယာအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ လင်း က ကျွန်မရဲ့သုတေသနအလုပ်နဲ့ပတ်သက်ပြီးလည်း ကူညီခဲ့တယ်လေ..Hogfish အကြောင်းကို စာတမ်းပြုစုဖို့ရောက်လာခဲ့တဲ့ကျွန်မဟာ ငါးတွေကိုကိုင်တွယ်ရမှာကိုတော့အသည်းငယ်လှပါတယ်..

“မြတ်လှရယ်..ငါးတွေကိုကိုင်ရမှာဒီလောက်ကြောက်နေရင်ဘာဖြစ်လို့များ Marine Bio  ကိုယူခဲ့သေး လဲ” လို့ လင်းက မကြာခဏ ရယ်မောတတ်ခဲ့တယ်..

မရှက်တမ်းပြောရရင်စာမေးပွဲတွေကိုစာကျက်ပြီးအောင်လာတာဖြစ်သလိုသင်ကြားရတဲ့ငါးတွေကိုလည်း ကိုယ်ကိုယ်တိုင်မကိုင်ခဲ့ပဲ သူများကိုင်တွယ်တာကိုဘေးကကြည့်မှတ်ပြီးအောင်ခဲ့တဲ့ကျွန်မဟာအခုလို စာတမ်းအတွက်ကိုယ်တိုင်ကိုယ်ကျလုပ်ကိုင်မှရတော့မယ့်အချိန်ရောက်တော့ ဘယ်လိုမှရှောင်လွှဲငြင်း ပယ်လို့မရနိုင်ခဲ့တော့ဘူးပေါ့..
ကျွန်မရဲ့အားနည်းချက်ကိုရိပ်မိသိရှိလာတဲ့ လင်းကတော့ သူ့ရဲ့အားလပ်ချိန်အချို့မှာကျွန်မရဲ့စာတမ်း ကိစ္စကိုတတ်နိုင်သလောက်ကူညီခဲ့တယ်..

“ဒီလိုမြတ်လှရဲ့ Hogfisတွေကဂေဟဗေဒအရရော အပန်းဖြေစရာအဖြစ်နဲ့ပါအရေးပါအရာရောက်ပြီးအ ရေးကြီးတဲ့ မျိုးစိတ်တခုဖြစ်တယ် မြတ်လှရဲ့ .. သူတို့ရဲ့အရသာရှိလှတဲ့အသားကြောင့်ရောင်း တန်းဝင်လှပြီးငါးဖမ်းသမားတွေမျက်စိကျတဲ့ငါးအမျိုးအစားထဲမှာလည်းပါတယ်..ဖလော်ရီဒါမှာဆို ၂၀၀၇ ခုနှစ်က အလေးချိန်ပေါင်၃၀၇၀၀၀ နီးပါအထိကျခဲ့တယ်.. အခုတော့Hogfish ဖမ်းဆီးမှုကို South Atlantic Fishery Management Council နဲ့ Florida Fish and Wildlife Commissions တို့ကစည်းမျဉ်းစည်းကမ်းတွေနဲ့ကြပ်ကြပ်မတ်မတ်စောင့်ရှောက် နေကြပါပြီ..မျိုးမတုန်းသွားအောင်ပေါ့ ..ခုလောလောဆယ်တော့ IUCN (World Conservation Union)ကHogfish ကို Vulnerable အဖြစ်သတ်မှတ်ထားတယ်.. ကဲ life cycle နဲ့ ပြင်ပလက္ခဏာတွေကိုတော့ မြတ်လှ တော်တော်လည်း သိပြီးဖြစ်ေ၇ာပေါ့ .. ”

၂။

ဒီလိုနဲ့တိုတောင်းလှတဲ့အချိန်ကာလကလေးမှာ လင်းနဲ့ကျွန်မတို့ရဲ့သံယောဇဉ်ဟာထင်မှတ်ထားတာ ထက်ကို ပိုမိုခဲ့ကြတယ်..

မနက်အိပ်ရာနိုးထစမှာမျက်နှာမသစ်ခင်တစ်ယောက်အသံတစ်ယောက်ကြားရမှ နေသာတဲ့ကျွန်မတို့ရဲ့ တွယ်တာခြင်းဟာ တခဏဆိုတဲ့ ကာလတိုလေးအတွင်းမှာ မမျှော်လင့်နိုင်အောင်ခိုင်မာခဲ့တယ်.. လုပ်ငန်းခွင် မ၀င်မီတစ်ယောက်ကိုတစ်ယောက်တွေ့မြင်ဖို့ကြိုးစားခဲ့ကြတာ အများကြားရင် ရယ်စရာဖြစ်ကောင်းဖြစ် နိုင်ပေမယ့် ကျွန်မတို့အတွက်ကတော့ရယ်မောစရာမဟုတ်ခဲ့ဘူးပေါ့ လင်း၊ နေ့လည်ထမင်းစားချိန်ခဏလေးမှာတောင် မြင်တွေ့ချင်ကြတဲ့ ကွှန်မတို့နှစ်ယောက် ကိုသည်းလွန်း လှတယ်လို့ ဘယ်သူတွေကပြောကြ မှာလဲ .. ၂၄ နာရီမှာ ၁၀ နာရီလောက်တွေ့ဖို့ နှစ်ယောက်လုံး အကြံထုတ်ကြတဲ့ကျွန်မတို့နှစ်ယောက် တခါတလေမှာပြောပြီး ရယ်မောရသေးတယ် နော် ..

တခါတလေဘာစကားမှမပြောကြဘဲ  ကိုယ့်အလုပ်ကိုယ်လုပ် ရင်းတိတ်တဆိတ်နေခဲ့ကြတဲ့အချိန် တွေကိုလည်း နှစ်ယောက်သားကျေနပ်နေခဲ့ကြတာ တစ်ယောက်အနားတစ်ယောက်ရှိနေပြီး မြင်တွေ့နေခဲ့လို့ပဲ မဟုတ်လားလင်း.. ခဏတာကလေး မမြင် မကြားရရင်တောင် တစ်ယောက်ကို တစ်ယောက်လိုက်ရှာနေတတ်ကြတဲ့ကိုယ်တို့နှစ်ယောက်ရဲ့အတူရှိနေကြချိန်လေးဟာ ဘာကြောင့်များ တိုတောင်းလွန်းခဲ့ကြရတာလဲလို့ ဘယ်သူ့ကို အပြစ်ဆိုလို့ ဘယ် သူ့ကို မေးမြန်းရမှာလဲ ဆိုတဲ့ အဖြေမရှိခဲ့ဘူး

မှတ်မိသေးရဲ့လားလင်း .. အဲဒီအချိန်တုန်းက ကျွန်မတို့ချစ်သူတွေမဖြစ်ကြသေးတဲ့ မိတ်ဆွေတွေပေါ့.. ချစ်သူတွေမဖြစ်ခင်ကတည်းက ကျွန်မတို့ တစ်ရက်ကို အနည်းဆုံး၎ နာရီ ၅နာရီ လောက် စကားပြော ဖြစ်ကြတယ်လေ.. ကျွန်မအလုပ်ကိစ္စတွေနဲ့ရက်အနည်းငယ် လင်း နဲ့စကားမပြောနိုင်ဘဲ ပျောက်နေချိန် မှာလင်း ဘယ်လိုနေမယ်ဆိုတာကျွန်မသိပေမယ့် ဆက်သွယ်မှုရဲ့ဧရိယာပြင်ပကိုရောက်နေလို့ မဆက် သွယ်ဖြစ်ဘူးဆိုတာလင်း ကို မပြောပြဖြစ်ခဲ့ဘူး..လင်းကတော့ ပြန်တွေ့တဲ့တစ်နေ့မှာ စိတ်တိုဒေါသတ ကြီးနဲ့ရန်တွေထောင်လို့ပေါ့.. လင်း စိတ်တိုပြီးပြောနေတာကိုကြည့်ပြီး နောက်ကို ရောက်လေရာနေရာ က လင်း ဆီကို၇အောင်ဖုန်းဆက်ဖို့ကျွန်မဆုံးဖြတ်ခဲ့တယ်.. အဲဒီနေ့က လင်းပြောတာတွေနားထောင် ရင်း ကျွန်မတို့ စကားပြောကြတာ မနက်မိုးလင်းသွားတဲ့အထိပေါ့..လင်းလည်း အလုပ်မသွားနိုင်ကျွန်မ လည်းအလုပ်မသွားနိုင်နဲ့ တော်တော်ကို ကဘောက်တိကဘောက်ချာ ဖြစ်ရတဲ့နေ့ကလေးပေါ့..

၃။
ချစ်တယ် လို့ ခဏခဏ မပြောရဘူးလေ  လို့ကျွန်မပြောတော့ နာခံစွာနဲ့ မပြောဘဲနေပေမယ့် တခါတရံ မှာ စိတ်အလိုမကျစွာနဲ့
အရွဲ့တိုက်ပြီးလည်းပြောတတ်သေးတဲ့ လင်းကို နဖူးကိုနာနာခေါက်ချင်ပါရဲ့.. ဓါတ်ပုံရိုက်တာ ၀ါသနာပါတဲ့လင်းရဲ့ ရိုက်ချက်တွေကို ကြည့်ရင်းဝေဖန်ရင်း ကျွန်မတို့ရဲ့စကားတွေဟာ ဟိုရောက် သည်ရောက်နဲ့ တခါတရံမှာ လင်း လုပ်ငန်းတွေရဲ့ အတွေ့အကြုံထဲက ရယ်စရာတွေကို နားထောင်ရင်း ရယ်မောရတာ ကျွန်မအတွက်တော့ မမေ့နိုင်တဲ့ပျော်ရွှင်မှုတွေပေါ့..။

လင်းကို ကျွန်မ မခွဲနိုင်အောင် ချစ်မိပြီလိုကိုယ့်ကိုယ်ကိုသိရတဲ့အချိန်ဟာ လင်း နယ်မြို့လေးတစ်မြို့ကို လေ့လာရေးသွားတဲ့ တစ်ပတ်ဆိုတဲ့ကာလတိုကလေးမှာပေါ့.. ခရီးမထွက်ခင် အချိန်အထိ ကျွန်မနဲ့ စကားပြောနေခဲ့ပေမယ့် ဒီတပတ်ဆိုတဲ့ကာလလေးကို ကျွန်မ မခံစားနိုင်ခဲ့ဘူး.. လင်းကတော့ကျွန်မကို သိတတ်စွာနဲ့ နယ်မြို့လေးကိုရောက်ရောက်ချင်းဆက်သွယ်လာခဲ့တယ်..
လင်း..ခရီးစထွက် ချိန်ကနေ ကွှန်မဆီကိုဆက်သွယ်လာချိန်အထိ အချိန်ကာလဟာ နာရီ ၂၀ တိတိကြာခဲ့တယ် .. နောက်ရက်တွေ မှာလည်း လင်းဟလေ့လာရေးခရီးကိုနောက်ဆံတတင်းတင်းနဲ့သွားခဲ့ရတယ် ဆိုတာကျွန်မသိပါတယ်.. တည်းခိုရာနေရာကို ပြန်ေ၇ာက်တာနဲ့ ကျွန်မကို ရအောင်ဆက်သွယ်တတ်တဲ့ လင်းရဲ့ကျွန်မအပေါ်မှာ ထားတဲ့အလေးအနက်ထားမှုကိုကျေနပ်စွာ ပြီးတော့ ကြည်နူးစွာသိခဲ့ရတယ်.. လင်း သူငယ်ချင်းတွေနဲ့ ညဘက်အပြင်ကိုလျောက်လည်လို့ရပေမယ့်မသွားဘဲ ကျွန်မနဲ့အိပ်ချိန်တိုင် အောင်စကားပြောပေးနေ တဲ့ လင်း ရဲ့ကျွန်မအပေါ်မှာထားတဲ့ချစ်ခြင်းတွေကိုမြင်တွေ့ခဲ့ရတယ်..လင်းရေ.. ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုသိလိုက်တာက လင်းကို နင့်သည်းစွာချစ်နေခဲ့ပြီဆိုတာပဲဖြစ်တယ်.. ဘယ်အချိန်က လင်းကို ချစ်မိသွားတယ်ဆိုတာမသိပေမယ့် သိရှိတဲ့အချိန်မှာတော့ကျွန်မရဲ့စိတ် မှာရောနှလုံးသား တစ်ခုလုံးထဲမှာရော လင်းကနေရာယူပြီးဖြစ်နေခဲ့တယ် ..

လင်းခရီးကပြန်ရောက်လာတဲ့နေ့ဟာကျွန်မအတွက်တော့ အပျော်ရွှင်ဆုံးနေ့ပေါ့.. ကျွန်မရဲ့ချစ်မြတ်နိုး ခြင်းကို သိရှိသွားတဲ့လင်းကတော့ တပြုံးပြုံးနဲ့လေ.. ကျွန်မအတွက်ဝယ်လာတဲ့လက်ဆောင်ကလေးကို ပြတော့လင်းရဲ့ချစ်ခြင်းတွေကို ကျွန်မ ပိုနားလည်ခဲ့တယ် ..လင်းရေ .. လင်းကျွန်မကို တကယ်ကိုချစ် တယ်ဆိုတာ ကျွန်မစိတ်မှာ ခံစားလို့ရပါတယ်ကွယ်.. 

ကျွန်မတို့ရဲ့ချစ်သူဘ၀လေးဟာပျော်စရာစိတ်ညစ်စရာတွေနဲ့ပြည့်နေခဲ့ပေမယ့်ကျွန်မတို့ စိတ်ဓါတ်မကျ ခဲ့ကြဘူးနော် .. သ၀န်တိုတတ်တဲ့လင်းကို နားလည်စွာနဲ့လင်းမနှစ်သက်တာမှန်သမျှကိုတတ်နိုင်သ လောက်ကျွန်မရှောင်ခဲ့တာလင်းလည်းသိမှာပါ.. ဘယ်လောက်ပဲစကားများများရန်ဖြစ်ဖြစ် မတွေ့ရ မနေနိုင်ကြတဲ့ ကျွန်မတို့နှစ်ယောက်ရဲ့အဖြစ်က ရယ်စရာတော့ကောင်းသားပဲလင်း .. တစ်ယောက်နဲ့ တစ်ယောက် အော်နေကြပေမယ့် တစ်ယောက်ကို တစ်ယောက် မမြင်ရတဲ့နေရာမှာလည်းကျွန်မတို့ မနေနိုင်ခဲ့ကြဘူးနော်..

၎။

“မနက်မိုးလင်းလို့ နိုးလာရင် ကိုယ့် ကို လှမ်းနှိုးပါ” ဆိုတဲ့ လင်းရဲ့ စကားအတိုင်းမနက်နိုးတိုင်းလှမ်းနှိုး စကားခဏပြောရင်း လုပ်ငန်းခွင် အသီးသီးကို ကျွန်မတို့ပြေးကြရတယ်.. လုပ်ငန်းခွင်ထဲမှာလည်း အချိန် ကလေးနဲနဲရတာနဲ့ စကားပြောဖို့ကြိုးစားကြတာလည်း ကျွန်မတို့နှစ်ယောက်ပေါ့လင်းရဲ့ .. ဒီလိုနဲ့
ကျွန်မတို့ရဲ့ကျေနပ်စရာအချိန်လေးတွေဟာတတိတိနဲ့ကုန်ဆုံးခဲ့တယ်..လင်းအသံကိုနားထောင်ရင်း အိပ်ရာ ၀င်ခဲ့ရတဲ့ ရက်တွေတဖြည်းဖြည်းနဲ့နည်းလာခဲ့တယ် ..

ဒီလိုနဲ့ ကျွန်မတို့ချစ်သူဖြစ်ပြီး၄၃ ရက်အကြာမှာလင်းဟာ နေရပ်ဌာန ကို ပြန်သွားခဲ့တယ်.. မျက်ရည် ကျ ၀မ်းနည်းနေတဲ့ကျွန်မကိုနှစ်သိမ့်ပေးရင်းလင်းလည်းဘဲခွဲခွါရခြင်းအတွက် နာကျင်နေမယ်ဆိုတာ ကျွန်မသိပါတယ် .. ရထားမထွက်ခင်နောက်ဆုံးအချိန်ထိကျွန်မနဲ့အတူရှိပေးခဲ့တဲ့လင်းကိုကျေးဇူးတင် ပါတယ်လင်း.. ကျွန်မကို ချစ်တဲ့လင်းကတော့ ခဏနားတဲ့မြို့ကလေးကတောင်ရအောင်ဆက် သွယ်ပြီး နှစိသိမ့်အားပေးခဲ့တယ် ..

ကိုယ်စောင့်နေပါ့မယ် မြတ်လှရယ် .. ကို်ယ့်ဆီအမြန်လိုက်လာခဲ့နော်” ဆိုတဲ့ စကားလေတစ်ခွန်းဟာ ကျွန်အတွက်အင်အားတစ်ခုပါလင်း..နေရပ်ဒေသတူတဲ့တို့နှစ်ယောက်ဟာ ဘာဖြစ်လို့များ ကျွန်မတို့နေ ရပ်မှာမတွေ့ကြဘဲတနယ်တကြေးကိုရောက်မှတွေ့ကြရတာလဲလို့မကျေမနပ်နဲ့ခဏခဏ စဉ်းစားမိပါရဲ့.. ဘာသာစကားတစ်ခုကိုဆရာတစ်ဦးတည်းဆီမှာသင်ကြားခဲ့ကြပေမယ့် ကျွန်မတို့ဘာဖြစ်လို့မဆုံခဲ့ကြရ တာလဲ..ကျွန်မကတော့ကျွန်မတာဝန်ယူထားရတဲ့လုပ်ငန်းတစ်ခုကိုပြီးစီး အောင် လုပ်ဆောင်ရဦးမယ် .. ဒီအတွက်ရက်ပေါင်းအတော်ကြာကျွန်မတို့တစ်ယောက်ကိုတစ်ယောက်မြင်တွေ့ခွင့်ရဦးမှာမဟုတ်ဘူးဆို တာစဉ်းစားမိတိုင်း နာကျင်နေရပါတယ်လင်း ..

လင်းကတော့ နေရပ်ဒေသကိုပြန်ရောက်လို့ တာဝန်တွေနဲ့ အလုပ်ရှုပ်ပြီးကျွန်မဆီကို အဆက်အသွယ် မလုပ်နိုင်ခဲ့တဲ့ ရက်သတ္တပတ်ဟာကျွန်မအတွက်တော့လေဟာနယ်တခုကိုရောက်နေရတဲ့ ကာလတွေ ပေါ့.. မွန်းကျပ်ပိတ်ဆို့ပြီး ဘာမှလုပ်ကိုင်လို့မရအောင် ဖြစ်နေခဲ့တယ်ဆိုတာ လင်းသိရင်ဘာများ ပြန်ပြောမလဲသိချင်ပါရဲ့.. မိုးလင်းတိုင်းယောင်ရမ်းပြီးနှိပ်မိတဲ့ခလုတ်တွေ ..ပြီးမှ လင်းမရှိတော့ဘူးပဲလို့ နာကျင်စွာအမှတ်ရပြီး ကျောခိုင်းခဲ့ရတဲ့ စက်ခလုတ်တွေ.. နေရာတကာမှာလင်းရဲ့ အရိပ်တွေချည်းဖြစ် လို့နေခဲ့တယ် ..

လင်းရေ .ထွက်သွားသူနဲ့ကျန်ခဲ့တဲ့သူဒီနှစ်ယောက်မှာ ကျန်ခဲ့ရတဲ့သူကပိုပြီးနာကျင်ခံစားရတယ်ကွယ့် လင်းအသံကို အရင်လိုနေ့တိုင်းကြားခွင့်မရပေမယ့် မကြာမကြာကြားခွင့်လေးရရှိရပါလို၏ လို့ အရူးတစ်ယောက်လိုလည်းကိုယ် ဆုတောင်းတတ်နေခဲ့ပြီလင်း.. “ ကိုယ့်အလုပ်ကိစ္စတွေရှင်းပြီးလို့ လုပ်ငန်းခွင်ကိုပြန်ရောက်တာနဲ့ မြတ်လှ နဲ့အတူတူရှိပေးမယ်” ဆိုတဲ့လင်းရဲ့ စကားကိုနားထဲကြား ယောင်ရင်း လင်းကို မမြင်ရ အသံမကြားရတဲ့နေ့တွေကို ဖြတ်ကျော်ခဲ့ရတယ် .. လင်းဆီကို လာခွင့်ရမယ့်ရက်တွေကို ရေတွက်ရင်း အချိန်တွေမြန်မြန်ကုန်အောင်ဆုတောင်းရင်း မကုန်နိုင်တဲ့နေ့ ရက်တွေကြားမှာ ကျွန်မကနစ်မြောနေဆဲပေါ့ ..

၅။

တစ်ရက်မှာပေါ့ .. အဲဒီတစ်ရက်ဟာဗုဒ္ဓဟူးနေ့တစ်နေ့လည်းဖြစ်နေခဲ့တယ်လင်း .. နေမကောင်းလှတာ မို့ လင်းကိုလည်းပြင်းပြင်းထန်ထန် သတိရနေခဲ့တယ် ..နောက်ဆုံးမှာတော့ လင်းရှိရာကို ဆက်သွယ်ဖို့ ရရှိထားတဲ့ တခါမှအသုံးမပြုဖူးတဲ့နံပါတ်လေးတစ်ခုကိုကောက်နှိပ်မိခဲ့တယ်..

“ကိုလင်းထင် တို့ စေ့စပ်ပွဲအတွက် မသက်လျာရဲ့အိမ်ကိုမနက်ကပဲထွက်သွားကြပါတယ်ရှင်.. မှာစရာရှိ တာမှာခဲ့ပါနော် ..”  တဲ့…

၆။

ကျွန်မတို့နှစ်ဦးရဲ့တွေ့ဆုံမှုဟာ တကယ်တော့ အိပ်မက်ဆန်လှပါတယ်လင်း .. ဒီအိပ်မက်မြို့ကလေး ကနေ လင်းကတော့ အရင်ဦးဆုံးထွက်ခွါသွားပြီး အပြင်လောကရဲ့ဘဝတစ်ခုကိုတည်ထောင် ဖို့ပြင်ဆင်နေခဲု့ပြီ.. သိပ်မကြာတော့တဲ့အချိန်မှာရောက်ရှိလာတော့မယ့် အိပ်မက်မြို့ကပြန်လာမယ့် ကျွန်မ ကို လင်း ကဘယ်လိုများကြိုဆိုမှာလဲလို့ နာကျင်စွာတွေးမိရင်း  နေ့ရက်တွေကို တဖြည်းဖြည်း နင်း ဖြတ်လာခဲ့ပြီ .. နင်းခဲ့တဲ့နေ့ရက်တွေဟာ ကျွန်မရဲ့မျက်ရည်တွေနဲ့ နှလုံးသားအပိုင်းအစများလည်း ဖြစ်နေခဲ့တယ် လင်း.. အဖြစ်အပျက်တစ်ခုကို ပြောပြဖို့ လင်း ဘာဖြစ်လို့များထိန်ချန်ခဲ့တာလဲဆိုတဲ့ နာကျည်းခြင်းတွေနဲ့ပေါ့ …


ပျိုးယုဝသုန်
၂၃း၃၀ နာရီ
၂ ၊ ၀၈ ၊၂၀၁၁
အင်္ဂါနေ့

No comments: