Sunday 24 April 2011

ကျွန်တော်နှင့်ဓါးတစ်လက်အကြောင်း





ဆန်းကျယ်တဲ့အနုလက်ရာနဲ့ထုဆစ်ထွင်းထားတဲ့ ဆင်စွယ်ရောင် အိမ်ရှိတဲ့ လှပ ထက်မြတဲ့ ဓါးတစ်လက်ကို တွေ့ရှိမယ်ဆိုရင် သင်တို့ ဘာများ လုပ်ကြမလဲ ၊ ထိရှနိုင်တယ်ဆိုတာ သိလျက်နဲ့ အနည်းဆုံးတော့ သတိထားပြီး ကိုင်ကြည့်ချင်ကြမယ်လို့ကျွန်တော် ယုံကြည်ပါတယ် ၊ အထူးသဖြင့် ကျွန်တော်တို့လို ယောက်ျားလေးတွေ ပေါ့ ။






၁။

သမရိုးကျ နေ့တစ်နေ့ပါဘဲ ၊ ကုမ္မဏီ ရဲ့ အသေးစားအစည်းအဝေးတစ်ခု အပြီး ကျွန်တော်နဲ့ သူငယ်ချင်း ရဲထွဋ် နေ့လည်စာကို ဖူဂျီ မှာ ၀င်စား ဖြစ်ကြတယ် ၊ အစည်းအဝေးမှာမကျေနပ်ခဲ့တဲ့ အကြောင်း အာပေါင်အာရင်းသန်သန်နဲ့ ဝေဖန်နေတဲ့ ရဲထွဋ်ရဲ့ဝေဖန်မှု တွေကို နားထောင်ပြီး မှာထားတဲ့ ငါးထမင်း နဲ့ espresso coffee ကို ပုံမှန်စားသောက်နေခဲ့တယ် ၊
“မင်းစဉ်းစားကြည့်ကွာ ပြခန်း အသစ်မှာ လူအသစ်နဲ့ အဟောင်းကို ရောထားမယ်ဆိုတာ ငါဘာမှမပြောလိုပါဘူး ဒါပေမယ့် ……..”
ပြောလက်စ စကားရပ်သွားလို့ လေးစက္ကန့်လောက်ကြာတော့  “ ဆက်ပြောလေကွာ .. ဘာဖြစ်လဲ ” လို့စကားထောက်ပေးရင်း မော့ကြည့်တော့  ကျေးဇူးရှင် ရဲထွဋ် ရဲ့ သကာအုံထားသလို ချိုမြနေတဲ့ မျက်နှာနဲ့ အ၀င်ပေါက်ဝကို လှမ်းကြည့် နေတာ တွေ့ရတယ် ၊
စစ်ငြိမ် ခဏကွာ .. ငါနှုတ်ဆက်လိုက်ဦးမယ် ..
ပြောပြောဆိုဆို နဲ့ထထွက်သွားတဲ့ ရဲထွဋ် ကိုယ် ခေါင်းညိတ်ပြတာတောင် မြင်ရဲ့လားမသိဘူး .. ရဲထွဋ်ထွက်သွာတဲ့ ဆီကို လိုက်ကြည့်မိ တယ် .. ပခုံးနားမှာ ပန်းခက်လေးတွေထိုးထားတဲ့ မြန်မာအင်္ကျီလက်ပြတ်နဲ့  လုံချည် ရှည်ရှည် ကို ၀တ်ထားတဲ့ မြင့်မားတဲ့အရပ်နဲ့ အင်မတန်လှပတဲ့ မိန်းကလေး တစ်ယောက်ဆီသွားနေတာ တွေ့ရတယ် ၊ ဒီဘက်နှစ်ပိုင်းတွေမှာ တွေ့ရခဲတဲ့ ပုံစံဖြစ်နေတာမို့ မျက်နှာ မလွှဲဘဲ ဆက်ကြည့်မိနေခဲ့တယ် ၊ ခါးမရောက် တရောက် လှပစွာ ရစ်ခွေနေတဲ့ ဆံနွယ်တွေနဲ့ အချယ် အသ မလွန်ကဲတဲ့ မျက်နှာ ပြောင်ပြောင်တင်းတင်းကလေးမှာ မမျှော်လင့်ဘဲ လှပခြင်းတွေနဲ့ အတူ သိရခက်တဲ့ အရှိန်အ၀ါ တခုကို ကျွန်တော် တွေ့ရှိလိုက်တယ် ၊
“ ဟာ .. အလင်းစစ် .. မတွေ့တာကြာပြီနော် .. အလုပ်တွေ အဆင်ပြေတယ်လို့ ကြားတယ်နော် .. နေ့လည်စာလာစားတာလား .. ကျွန်တော်တို့လည်း ခုမှ ရောက်တာ .. ကျွန်တော်တို့ဝိုင်းမှာ လာထိုင်ပါလား ..ကျွန်တော့်သူငယ်ချင်းနဲ့လည်းမိတ်ဆက်ပေးချင်ပါတယ် အလင်းစစ် အတွက် အခက်အခဲ မရှိဘူးဆိုရင်  ….”
ရေပက်မ၀င်ပြောနေတဲ့ရဲထွဋ်ရဲ့ စကားကို ပြုံးတယ်လည်းမဟုတ် တည်တယ်လည်းမဟုတ် တဲ့ ကြည်ကြည်လင်လင်မျက်နှာ နဲ့
“မိတ်ဆက်ပေးချင်လို့ ဆိုရင်တော့လိုက်ခဲ့ပြီးနှုတ်ဆက်ပါ့မယ် ..ဒါပေမယ့် ကိုရဲထွဋ်တို့ဝိုင်းမှာတော့ မထိုင်တော့ဘူးနော် ..”
ရဲထွဋ် ကိုပြန်ပြောရင်းကျွန်တော်ထိုင်နေတဲ့ဝိုင်းဆီကို လျှောက်လာတဲ့ “အလင်းစစ်”  ဆိုတဲ့မိန်းကလေးကို ကြည့်ပြီး လမ်းလျောက်တာ တော်တော်လှတာဘဲလို့ စိတ်ထဲက ဝေဖန်နေမိတယ် ၊ သူတို့စားပွဲနားရောက်လာတော့မိန်းကလေးကို လေးစား   မှုနဲ့ ကျွန်တော် မတ်တတ် ထရပ်ပြီး ပြုံးပြလိုက်တယ် ၊ရဲထွဋ်က
“စစ်ငြိမ်  ဒါ ငါ့မိတ်ဆွေ အလင်းစစ်တဲ့မှတ်ထားဦး”  “အလင်းစစ် .. ဒါ .. ကျွန်တော့သူငယ်ချင်း လည်းသူငယ်ချင်း . လုပ်ဖော်ကိုင်ဖက် လည်း လုပ်ဖော်ကိုင်ဖက် စစ်ငြိမ် တဲ့ .. နှစ်ယောက်လုံးမှတ်ထားပေါ့ .. နောက်တွေ့လည်းခေါ် ..မိတ်ဆွေတိုးတာပေါ့ နော .. မဟုတ်ဘူး လားလို့ ..
“ဟုတ်ကဲ့ .. ကျွန်တော် စစ်ငြိမ် ပါ .. တွေ့ရတာ ၀မ်းသာပါတယ် .. ”
ဟုတ်ကဲ့ .. မှတ်ထားပါ့မယ် ကိုစစ်ငြိမ် .. နောက်တွေ့ရင်လည်းခေါ်နိုင်ပါတယ် .. ကျွန်မကတွေ့ရင်လည်း ခေါ်ပါ့မယ် .. ခုတော့ခွင့်ပြုပါနော် .. ကျွန်မ စားစရာဘာမှ မမှာရသေးလို့..”
လို့ ပြောပြီး လှည့်ထွက်သွားတယ် ၊ ကျွန်တော့်ရဲ့ဟုတ်ကဲ့ ဆိုတဲ့ စကားကို အနှီအမျိုးသမီးကလေး ကြားမကြားတော့ ကျွန်တော် မသေချာခဲ့ ပါ။ ရဲထွဋ်ကတော့ မူလ ပထမ အစည်းအဝေးကို ဝေဖန်နေတာ လုံးလုံးမေ့လျော့နေပြီး သူမ အမည် အလင်းစစ်ဖြစ်ကြောင်း၊ အ၀တ်ဒီဇိုင်နာ ဖြစ်ကြောင်း ၊ အရေပြား အလှအပ နဲ့ ၀တ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး အကြံပေးအဖြစ် လည်းဆောင်ရွက်နေကြောင်း သိသမျှကို အိတ်သွန်ဖာမှောက် ပြောပြခဲ့တယ် ၊
အဲဒီနေ့ကစလို့ အလင်းစစ် ဆိုတဲ့ မိန်မ တစ်ယောက်ကို ကျွန်တော့်ဘ၀မှာ  အမှတ်ထင်ထင် စတင်သိရှိခဲ့ပါတယ် ၊။

၂။

မမျော်လင့်ဘဲကျွန်တော်တို့ရဲ့ အရောင်းပြခန်း အသစ်ဟာ အလင်းစစ်ဆိုတဲ့ သူမရှိတဲ့ မြန်မာ့ကုမုဒြာ ကုမ္ဗဏီရဲ့ သုံးခုမြောက် အဆောက်အဦး မှာ ဖြစ်နေခဲ့တယ် .. ကျေနပ်တဲ့ စိတ်ခံစားချက်နဲ့ အတူ ဖေဖေ့ ရဲ့ မင်းရုံးခန်းသစ်မှာ သွားထိုင် ဆိုတဲ့ အမိန့်ကို စောဒက မတက်ဘဲ လိုလို ချင်ချင် လိုက်နာခဲ့တယ် ၊ တခါတရံ ကားရပ်ရင်းကြုံရင် နှုတ်ဆက်ရင်း နဲ့ ကုမ္ဗဏီကိုဝန်ထမ်းတွေမရောက်ခင် ရောက် အောင်လာတတ်တဲ့ သူုမရဲ့ အလေ့အထကို သတိပြုမိလာခဲ့တယ် ၊ ဒီလိုနဲ့ ကျွန်တော်လည်း တမင်မရည်ရွယ်ပါဘဲ ရုံးခန်းကိုစောစောလာတတ် လာခဲ့တယ် ၊ အရင် က မနက်အိပ်ရာ ထဖို့ကို မေမေက သုံးခါလောက် နှိုးမှ ထတတ်တဲ့ ကျွန်တော် အခုတော့ အလင်းစစ် ဆိုတဲ့ သူမကို နှုတ်ဆက်ချင် တဲ့စိတ် တစ်ခုတည်းနဲ့ စောစောနိုးထကျင့်ရနေခဲ့ပြီ .. မေမေကတောင် ၀ိရိယတွေကောင်းလာတယ်ဆိုပြီးအံ့သြနေသလို ဖခင် father ကြီးကတော့ အလုပ်ပေါ်မှာ ပိုပြီးစိတ်ဝင်စားလာတယ်ဆိုပြီးကျေနပ်နေခဲ့တာပေါ့ ၊ ရုံးရှေ့မှာကားရပ်ပြီး သူမကိုပြုံးပြနှုတ်ဆက် ၊ သူမ ရဲ့ ပြုံးပြနှုတ်ဆက် ခြင်းကို ရယူပြီမှ လုပ်ငန်းခွင်ဝင်ရတာ ပြိုပီး အတွေးသစ်အမြင်သစ်တွေရရှိနေသလိုလို  တခါတရံ မတွေ့ရတဲ့ရက်တွေ မှာ တခုခု လိုအပ်နေသလိုလိုနဲ့ စိတ် မကျေမချမ်းတွေဖြစ်နေတတ်တာ ကိုတော့ ကျွန်တော်ကိုယ့်ဘာသာကိုယ် ၀န်ခံခဲ့ပါတယ် ၊
သူမဟာ ဒီဇိုင်နာကောင်းတစ်ယောက်ပီသစွာ သူမနဲ့လိုက်ဖက်မယ့် ၀တ်စုံတွေကို လှလှပပ ကျွမ်းကျွမ်းကျင်ကျင်ရွေးချယ်တတ်ပါတယ် ၊ ခေတ်မလွန် ခေတ်နောက်မကျ တဲ့ သူမရဲ့ဝတ်စုံတွေဟာ မြင်တဲ့သူကို နှစ်ခါမက သုံးလေးခါ လှည့်ကြည့်ချင်လောက်အောင်ကို သပ်ရပ်လှပ နေခဲ့တယ် ၊ သူမကိုမြင်လိုက်တိုင်းသွေးခုန်နှုံးတွေ တဖြည်းဖြည်းမြန်လာပြီး လက်ဖျားတွေ အေးလာတတ်တာ ဘာကြောင့်ရယ်လို့ အဖြေကိုကျွန်တော် မရှာခဲ့သလို ရှာလည်းမရှာလိုခဲ့ပါဘူး ၊ ဒီလိုခံစားနေရတာကို ကျွန်တော် ကနှစ်သက်နေခဲ့တာကိုး ။
ဒီလိုနဲ့တစ်ရက်မှာ သူမနဲ့ကျွန်တော် ဖူဂျီ ကဖေး မှာ ပြန်ဆုံဖြစ်ခဲ့ကြတယ်၊ ဒီတခါတော့ သူမက အရင် ရောက်နေခဲ့တာပါ၊ ကျွန်တော် သူမရှိတဲ့နေရာကိုဘဲ တန်းတန်းမတ်မတ် သွားခဲ့တယ် 
“အလင်းစစ်ပါလား .. ကျွန်တော်လည်းဒီမှာထိုင်လို့ရမလား .. တစ်ယောက်တည်းဖြစ်နေတော့လေ .. အလင်းစစ်လည်း အဖော် ရတာပေါ့ .. စကားလေးဘာလေးလည်းပြောလို့ရတာပေါ့”
“ရပါတယ်ကိုစစ်ငြိမ် .. မှာပြီးပြီလား .. မှာလိုက်လေ .. ကျွန်မတော့ မှာပြီးပြီ.. ခဏနေရမယ်နဲ့တူတယ် ..”
“အလင်းစစ် ကို အလင်းလို့ခေါ်ရင် ရမလား မသိဘူး .. နာမည်ကို အပြည့်ခေါ်ရတာထောက်တောက်တောက်ဖြစ်နေလို့လေ”
“ရပါတယ် ကိုစစ်ငြိမ် ..  အဆင်ပြေသလိုခေါ်ပါ”
အလင်း ခု ဘယ်က လာတာလဲ
ကျွန်မ စက်ရုံက ပြန်လာတာ ..နေ့လည်း တစ်နာရီ ကျော်နေလို့ နေ့လည်စာဝင်စားတာလေ.. ကိုစစ်ငြိမ်ရော .. ကိုစစ်ငြိမ်တို့ ဆို်င်က အရမ်း ရောင်းအားကောင်းလာတယ်နော် .. ကျွန်မ သတိထားမိတယ် .. ”
ကျွန်တော်လည်းရုံးချုပ်က ပြန်လာတာပါ.. ဆာလာလို့ ဒီဆိုင်ထဲ ၀င်လာတာ ..
မကြာခင်မှာပဲ သူမမှာထားသော ငါးထမင်းနှင့် Latte coffee ရောက်လာတယ်၊ သူမငါးထမင်းကြိုက်သလို ကျွန်တော်လည်း ငါးထမင်း ကြိုက်တယ်ဆိုတာတော့ မပြောပြဖြစ်ခဲ့ဘူး၊ အဲဒီနေ့ကတော့ ကျွန်တော် လည်း ငါးထမင်းဘဲ မှာဖြစ်ခဲ့ပါတယ် ၊ စားသောက်လို့ အပြီးမှာတော့ သူမနဲ့ ကျွန်တော် ပိုရင်းနှီးသွားတယ်လို့ ခံစားရတယ် ၊ အပြန်မှာတော့ ကျွန်တော်တို့ ရှေ့ဆင့်နောက်ဆင့်ဘဲ ပြန်ခဲ့ကြတယ် ၊
သူမရဲ့ကုမ္ဗဏီဟာ အလှအပ အ၀တ်ဒီဇိုင်းတွေနဲ့ပတ်သက်တာမို့ အမျိုးသမီးတွေသာ အ၀င်အထွက်များပါတယ်၊  တခါတရံ ရဲထွဋ် နဲ့ သူမ ကုမ္ဗဏီ ရဲ့လမ်းတစ်ဘက်မှာရှိတဲ့ လမ်းဘေး လက်ဖက်ရည်ဆိုင်လေးမှာ ထိုင်ရင်း စိတ်လိုလက်ရ သူမအကြောင်းပြောမိတတ်တယ်၊ အထည်ချုပ်လုပ်သား လေးဆယ်လောက်နဲ့ ရုံးဝန်ထမ်း ရှစ်ယောက် ကိုးယောက်လောက်ရှိတဲ့ လည်ပတ်နေတဲ့ သူမရဲ့ ကုမ္ဗဏီ ဟာ ကြီးတယ် လို့ ဆိုလို့မရပေမယ့် ငယ်တဲ့အထဲတော့ မပါလှပါဘူး၊ အင်္ဂလန် ကနေ ဖက်ရှင်နဲ့ပတ်သက်တဲ့ Diploma ယူလာခဲ့ကြောင်း၊ ကုမ္မဏီဝတ်စုံတွေ၊ စစ်ဝတ်စုံတွေ၊ အဖွဲ့အစည်းတွေရဲ့ ၀တ်စုံတွေ နဲ့ အချို့ Private Schoolတွေရဲ့ဝတ်စုံတွေကိုချုပ်ပေးနေကြောင်း၊ မြန်မာ့ ချည်ထည်ပန်းထိုးထည်တွေကို နိုင်ငံခြားတိုင်းပြည် အချို့ကို တင်ပို့နေကြောင်း ၊ မင်္ဂလာဆောင်နဲ့ ဖက်ရှင်ပြိုင်ပွဲ ၀တ်စုံတွေကို တော့သီးခြား ပြင်ဆင်ပေးကြောင်း မိဘရဲ့လက်ငုတ်လက်ရင်း အလုပ်ကို ၀င်မလုပ်ဘဲ ကိုယ့်ဘာသာကိုယ် လုပ်ငန်းတစ်ခုကို မိဘ အကူအညီမယူဘဲ ခုအခြေအနေထိရောက်အောင် ကြိုးစားလာခဲ့ကြောင်း တွေကို သိခဲ့ရတယ်၊
ထုးဆန်းတာက သူမရဲ့ နှလုံးသားရေးရာနဲ့ပတ်သက်ပြီးဘာမှ မသိရှိရဘူး၊ သူမကို မြင်လိုက်တိုင်း အမြဲတမ်း တစ်ယောက်တည်းဖြစ်နေပြီး ရံဖန်ရံခါမှသာ သူမရဲ့ ၀န်ထမ်းအချို့နဲ့အတူတွေ့ရတတ်တယ် ၊ ရဲထွဋ်ကတော့
“မင်းကွာ အသက် နှစ်ဆယ့်ရှစ်နှစ် ရှိတဲ့ မိန်းမတစ်ယောက်မှာ ဇတ်လမ်းဆိုတာကတော့ရှိမှာဘဲ .. ဒီမှာမရှိလည်း နိုင်ငံခြားမှာ ရှိချင်ရှိမှာပေါ့.. သူကတော့ ရှိပါတယ်လို့ လိုက်ပြောနေပါ့မလား ”
ဆိုတဲ့စကားကို ထုးဆန်းစွာဘဲ ကျွန်တော် လက်မခံချင်ခဲ့ဘူး ၊ ကျွန်တော်ကတော့ ဆေးစွဲနေသလိုပါဘဲ ၊ သူမကို တစ်နေ့ တစ်ခါ လောက်တော့ မြင်ချင်မိတယ် ၊

၃။

ဒီလိုနဲ့ ကျွန်တော်နဲ့သူမရဲ့ ရင်းနှီးမှုဟာတိုးတက်လာခဲ့တယ် ..တခါတရံ သူမကြိုက်တတ်တဲ့ ဖူဂျီက ငါးထမင်းနဲ့ Latte coffee ဖြစ်ဖြစ် ၊ Aroma café က ကြာဆံကြော်နဲ့ freezed cappuccino ဖြစ်ဖြစ် ၀ယ်လာပေးတတ်တာ ကျွန်တော့်ရဲ့ အကျင့် တစ်ခုလို ဖြစ်လာခဲ့တယ်.. မိန်းကလေးတော်တော်များများလို အားနာလိုက်တာ ဆိုပြီးငြင်းဆန်ခြင်းမရှိဘဲ ကျွန်တော်ဝယ်လာပေးတာကို ဆိုင်မှာ ထိုင်စားသလို အေးအေးလူလူ ကျွန်တော်နဲ့အတူ စားတတ်တဲ့ သူမကို နဲနဲကလေးတော့ အံ့သြမိပါတယ် ၊ ကျွန်တော့်ထက် နှစ်နှစ်လောက် ငယ်တဲ့ သူမ ဟာ ကျွန်တော့ ထက် ပိုပြီး တည်ငြိမ်နေတာ ဘာကြောင့်လဲ လို့ မကျေမနပ်နဲ့ တခါတလေ ကျွန်တော် စဉ်းစားမိပါတယ်။
တစ်ခါတစ်ရံ မှာ ကိုယ့်ကိုယ်ကို ကိုယ် အထင်ကြီးစွာနဲ့ သူမရဲ့မျက်ဝန်းတွေထဲမှာ စကားတစ်ချို့ကိုရှာကြည့်ဖူးတယ် ၊ ထူးဆန်းလှစွာ အဓိပ္ဗါယ် ဖော်မရတဲ့ အရိပ်တွေနဲ့ မျက်ဝန်းကို သူမပိုင်ဆိုင်နေခဲ့တယ်၊ နောက်ဆုံးတော့ ကျွန်တော်သာရင်တွေ တဖြတ်ဖြတ်ခုန်ပြီး လက်ဖျား တွေအေးလာရတာပေါ့၊ အရှုံးမပေးချင်စွာဘဲ သူမလေးလည်း ကိုယ့်လိုဘဲရှိနေမလားဆိုပြီး သူမရဲ့လက်ဖျားလေးကို ဖြတ်ကနဲ ကိုင်ကြည့်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးပါတယ် .. အဟား .. စိတ်ကူးထဲမှာဘဲ အကောင်အထည်ဖော်ဖြစ်ခဲ့တယ် ၊
ညနေပိုင်းစောစောရုံးကပြန်ဖြစ်တဲ့ရက်တွေမှာ အလင်းရဲ့ရုံးခန်းကိုဝင်လည်ရင်း သူမဖျော်တိုက်တဲ့ အအေး တစ်ခွက်နဲ့ သူမဆွဲနေတဲ့ ဒီဇိုင်း ပုံတွေကိုကြည့်ရင်းတခါတလေမှာ တော့ ဝေဖန်အကြံပေးခဲ့တယ် ၊ အလင်း အနားမှာ နေနေရတဲ့ အချိန်တွေကို ကျွန်တော် မက်မော ပျော် ပိုက်တယ် ဆိုတာကို ကျွန်တော် ၀န်ခံပါတယ် ၊ သူမရဲ့  ဆံပင် ခွေခွေတွေ ပခုံးပေါ်ကနေအရှေ့ကို ခွေခေါက် ကျနေတာကြည့်ရတာ လှပ တဲ့ ကဗျာတစ်ပုဒ်ကို ဖတ်နေရသလို ပါဘဲ၊ ကျွန်တော် ကြည့်နေတာကိုသိတော့ ကျွန်တော့်ကို ဖြတ်ကနဲ လှမ်းကြည့်ပြီးနှုတ်ခမ်းတွန့်ရုံ ကလေးပြုံးတတ်တဲ့ အနှီ ဒေါ် အလင်းစစ် ကို အသည်းတယားယား ဖြစ်ရတယ်..
“ဘာကြည့်နေတာတုန်းကိုစစ်ငြိမ် ရဲ့ .. ဒီနေ့ ကျွန်မက သိပ်လှနေတယ် ထင်တယ် ”  လို့ညစ်ကျယ်ကျယ်မျက်နှာလေးနဲ့မေးလာခဲ့ရင်တော့ ကျွန်တော်ကလည်း
“အလင်း ဆံပင်တွေကြည့်ရတာ ရွေပေါ်စာ အလိပ်တွေကို အနက်ဆိုးထားတာနဲ့တူလို့ ” ဆိုပြီးပြန်ပြောလေ့ရှိပါတယ် ..
ကျွန်တော် တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုကြည့်ပြီး ရဲထွဋ်က
ဟေ့ကောင်.. ဘယ်လိုလဲ .. ကောင်မလေးနဲ့ အခြေအနေ” လို့မေးလာတော့ ပြန်ဖြေစရာ စကားမရှိခဲ့ဘူး၊ 
“ဒီလိုပါဘဲ သူငယ်ချင်းပါဘဲ”  ဆိုတဲ့ ကျွန်တော့်ရဲ့ခပ်တိမ်တိမ်အဖြေဟာ တကယ့် အဖြေ အစစ်အမှန်လားဆိုတာကို ကျွန်တော် မဆန်းစစ် မိခဲ့ဘူး ၊
“မင်းနော် ..ပြောစရာရှိတာကို မြန်မြန်ပြော .. သူများနောက်ပါသွားမှ ဠင်းတ မှိုင် မှိုင်နေလို့ကတော့ ငါက ဖနောင့် နဲ့ကို ပေါက်မှာ ”
ရဲထွဋ် ရဲ့ကရုဏာ ဒေါသော စကားကို ရယ်မောရင်းဘာမှပြန်မပြောဖြစ်ခဲ့ဘူး ၊

၎။

ပိတ်ရက်တစ်နေ့ ရန်ကင်းစင်တာမှာ ကျွန်တော့်ရဲ့ အီစီကလီ လေးဈေးဝယ်ထွက်တာကို တက်တက်ကြွကြွ လိုက်ပေးနေတဲ့ အချိန်မှာ Aroma café ထဲက ထွက်လာတဲ့ အလင်းနဲ့ တည့်တည့် ကို တိုးကြတော့တာပေါ့၊ မျက်ဝန်းညို့ညို့တွေမှာရယ်ရွှင်ရိပ်တွေနှင့်အတူ
 “ ဈေးဝယ်လာသလား ကိုစစ်ငြိမ် .. ” လို့မပြုံးတပြုံးမျက်နှာနဲ့ မေးလာတယ်၊ ဘာပြန်ပြောရမယ်မှန်း မသိခင်မှာဘဲကျွန်တော့်ရဲ့ ကောင်မကလေးက
“ဟယ် .. အမ က အလင်းစစ် မဟုတ်လား .. သမီးသိတာပေါ့ .. ကိုကို နဲ့ခင်နေတာ မသိဘူး.. သမီးသူငယ်ချင်းရဲ့ ပြိုင်ပွဲဝတ်စုံ အမ စီစဉ်ပေးတာ သူ ဆုရသွားတယ်လေ.. သမီးလည်း အစ်မဆီလာမလို့ .. မျက်နှာမှာ အဖု သေးသေးလေးတွေ ရှိနေလို့ …အတော်ဘဲ .. ကိုကို့ကို လိုက်ပို့ခိုင်း ရမယ် …” စသည်ဖြင့် စကားရှည်ပါတော့တယ် ၊
ကျွန်တော်ကတော့ မိတ်ဆက်ပေးဖို့မေ့လျော့နေလောက် အောင်ကို ဝေေ၀၀ါးဝါး ဖြစ်နေခဲ့တယ် ၊ အလင်း ကျွန်တော့် ကို ဒီလိုပုံစံမျိုးနဲ့ မမြင်စေချင်တာကတော့ ကျွန်တော့်ရဲ့ ဆန္ဒအမှန်ပါ၊
“သွားပြီ ကိုစစ်ငြိမ် .. နောက်မှတွေ့တာပေါ့နော် .. သွားပြီညီမ .. လာချင်ရင် တစ်ရက်လောက်ကြိုပြီးဖုန်းဆက်လိုက်လေ ..နော် ..နောက်မှတွေ့ မယ်  ”  ဆိုပြီး သူမ ကျွန်တော်တို့နှစ်ယောက် ကို နှုတ်ဆက်ပြီး ထွက်သွားခဲ့တယ် ၊
ဟာကနဲ ရင်ထဲမှာ ဖြစ်သွားခြင်းနဲ့အတူ အိမ်ပြန်လာတဲ့အထိ တနေ့လုံး လူနဲ့ စိတ်နဲ့ မကပ်ဘူးဖြစ်နေခဲ့တယ်၊ အလင်းဆီကို ဘဲသွားချင် နေမိတယ် ၊ ဖုန်းဆက်ဖို့ကျပြန်တော့လည်း နံပါတ်တွေနှိပ်ပြီးမှ ပိတ်လိုက်မိတာလည်း အကြိမ်ကြိမ် ၊ ကျွန်တော် ဘာဖြစ်နေလဲဆိုတာ သေချာမသိပေမယ့် အလင်းကျွန်တော့်ကို အရင် လို မခင်တော့မှာ ကို အရမ်းစိုးရိမ်မိနေတာကတော့ သေချာပါတယ်
နောက်နေ့ မနက်စောစောဘဲရုံးကို သွားခဲ့တယ် ၊ ကားပေါ်က ဆင်းလာတဲ့ အလင်းကို လက်ပြနှုတ်ဆက်ပြုံးပြတော့ အရင်လိုဘဲ ပြန်နှုတ် ဆက်ပြီး ရုံးထဲဝင်သွားမှ သူစိတ်မဆိုးလောက်ပါဘူးဆိုပြီး အလုပ်တွေကို အဆင်ပြေပြေလုပ်နိုင်ခဲ့တယ်၊ နေ့လည်မှာတော့ အလင်းကြိုက် တတ်တဲ့စားစရာတွေဝယ်ရင်း နေ့လည်စာကို အလင်းရဲ့ရုံးမှာ အတူစားရင်း
“မနေ့က ကိုယ့်ကို အလင်း စိတ်ဆိုးသွားလား” ဆိုတဲ့ မေးခွန်းကို
“ ဘာစိတ်ဆိုးစရာရှိလဲ ကိုစစ်ငြိမ် .. သူလေးက ရှင့်ကောင်မလေး မဟုတ်လား .. ကျွန်မတို့က မိတ်ဆွေသူငယ်ချင်းလေ.. ဒါ စိတ်ဆိုးစရာလား ..”  
အလင်းရဲ့အဖြေကို “မဟုတ်ပါဘူး” လို့ တိုးတိုးပြန်ဖြေတော့ စက္ကန့်တော်တော်ကြာကြာကြည့်လာတဲ့ အလင်းရဲ့ မျက်ဝန်းတွေကို ငေးကြည့်ရင်း သူမစိတ်ထဲမှာ ဘာတွေရှိနေမလဲဆိုတာပြင်းပြင်းထန်ထန်သိချင်လာမိတယ် ၊
 သူမရဲ့ စက်ရုံကနေ Export အတွက် ချုပ်ထားတဲ့ ရှပ်အင်္ကျီ ဒီဇိုင်းအသစ်တွေထဲက တချို့ကို ကျွန်တော့်အတွက်ပေးတော့ ရုံးကိုဝတ်လာတဲ့တစ်ရက်
“ဟိတ်ကောင် .. မိတ်ဆက်ပေးတော့ ငါ ..ကောင်းစားတော့ မင်း .. ဟမ် . ကောင်းသေးရဲ့လား ” ဆိုပြီး
ရဲထွဋ်ရဲ့မေတ္တာပို့မှုကို ခံယူရပါသေးတယ်၊ ဂုဏ်ယူဝင့်ကြွားကျေနပ်စွာနဲ့ပေါ့..
အေးနော်ဟေ့ကောင် .. မင်းအီစီတွေနဲ့အချိန်ကုန်မနေနဲ့ .. မင်းစိတ်ကို မင်းမမြင်ပေမယ့် ငါအပြင်က မြင်နေရတယ် .. နောင်တ ဆိုတာရကောင်းတဲ့ အရာမဟုတ်ဘူး .. အလင်းကို လိုက်နေတဲ့သူတွေ အများကြီးနော် .. ငါကြိုးစားလိုက်ရမလား ..”
ရဲထွဋ်ရဲ့ အပြောကို “ မင်းကိုလား .. အလင်းက စဉ်းစားမှာ” လို့ အနိုင်ပိုင်းပြောပြီး အခန်းထဲကထွက်လာခဲ့တယ် .. ကိုယ့်ရဲ့လမ်းဟာ ဖြောင့်ဖြူးလှတယ်လို့ အပျော်တွေနဲ့ပေါ့ ၊

၅။

တစ်နေ့မှာ ဖေဖေ့ရဲ့ 
“ ဘယ်လိုလဲစစ်ငြိမ် .. မင်အိမ်ထောင်ပြုဖို့ မစဉ်းစားသေးဘူးလား .. ငါမျက်စိနောက်လှပြီ .. ဘယ်သူလဲ မင်းကောင်မလေးက.. ဟမ် .. သုံးဆယ်ကျော်ဆိုတဲ့ အသက်ကမငယ်တော့ဘူးနော် .. အလုပ်အကိုင်လည်း အတည်တကျ ဖြစ်နေပြီဘဲ .. ငါမျက်စိ အေးချင်ပြီ ” 
ဆိုတဲ့စကားကို  “ကျွန်တော် စဉ်းစားပါ့မယ်” လို့ဘဲ  ပေါ့ပေါ့ပါးပါး ပြန်ပြောဖြစ်ခဲ့တယ် .. ဒီစကားပြန်ပြောနေချိန်မှာ ဖြတ်ကနဲ အလင်းကို မြင်ယောင် မိတာကတော့  ကျွန်တော့်ရင်ကို လှုပ်ခါသွားစေပါတယ် .. တခဏ မှာဘဲ သိလိုက်တာက တော့ ကျွန်တော် အလင်းကို မြတ်နိုးနေမိပြီဆိုတာဘဲပေါ့၊
အဲဒီနောက်မှာတော့ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ကလေးမတွေ ဆီကနေ တဖြည်းဖြည်းခွါပြေးလာခဲ့တယ်၊ သူမနဲ့ဝေးပြီး မနေနိုင်တော့တာ ကိုသိရှိ လာတဲ့ အခါမှာတော့ ကျွန်တော့်ရဲ့အားလပ်ချိန်တွေကို အလင်းအတွက်ဘဲထားခဲ့တယ် .. မာနကြီးတာလား ..အားနာတာ လားတော့မသိ ဘူး အလင်းဟာ ကျွန်တော့်ဆီက အကူအညီကို အင်မတန်မှတောင်းခဲတယ် ၊ သူမရဲ့သူငယ်ချင်း အချို့နဲ့ပါ ရင်းနှီးနေပြီဖြစ်တဲ့အခါမှာတော့ ကျွန်တော် ဟာ အလင်းရဲ့ ပတ်ဝန်းကျင်မှာ လူစိမ်းတစ်ယောက်လို မခံစားရပါဘူး၊ အလင်းရဲ့ဆံပင်ခွေခွေ တွေကြားထဲက ဖြတ်ကနဲကြည့်တဲ့အကြည့် ကို အသည်းတယားယားနဲ့ ရင်ခုန်ရစ်မူးရင်း အဲဒီမျက်ခွံလေးတွေကို စိတ်ထဲက အကြိမ်ကြိမ် ပြစ်မှားမိနေခဲ့တယ် .. ဒါကိုများအလင်းသိရင် ဘယ်လိုများတုံ့ပြန်မှာလဲလို့ တခါတလေတော့ သိချင်ခဲ့သားဘဲ၊
ကျွန်တော် အလင်းကိုချစ်နေမိပြီဆိုတာကို သူမသိအောင် ဘယ်လိုပြောရ မလဲ ဆိုတာကို ကျွန်တော် စဉ်းစားလို့မရခဲ့ဘူး ၊ ဖွင့်ပြောဖို့ကို တော့ ကျွန်တော် တုန်လှုပ်မိတာအမှန်ပါ၊ သူမ လက်မခံနိုင်ဘဲ ခုလက်ရှိရရှိ နေတဲ့ အခွင့်အရေးလေး ဆုံးရှုံးသွားမှာကိုလည်း အရမ်းစိုးရိမ်မိတယ်၊ အလင်းကသူမကို ကမ်းလှမ်းလာသူတွေတိုင်းကို
“ ကျွန်မ မိတ်ဆွေဘဲလိုချင်ခဲ့တာ ..ဒီလိုသာနောက်တစ်ကြိမ်ပြော လာခဲ့ မယ်ဆိုရင် ကျွန်မတို့ရဲ့ ခင်မင်မှုကို တန်ဖိုးမထားလို့လို့ယူဆရ မှာပေါ့ .. ”
လို့အလွတ်ကျက်ထားသလို တစ်လုံးမလွဲပြန်ပြောတတ်ပြန် တယ် ၊ သွေးအေးအေးနဲ့နေတတ်တဲ့ မိန်းမတစ်ယောက်ကို ဘယ်လို ချစ်ပါတယ် ဆိုတဲ့ အကြောင်းပြောရမလဲဆိုတဲ့ အဖြေကို ကျွန်တော် မရခဲ့ပါဘူး ၊ ဖွင့်ပြောဖို့အကြိမ်ကြိမ်ကြိုးစားရင်နဲ့ ကို အကြိမ်ကြိမ် နောက်ဆုတ်ခဲ့ရ တယ်.. ရုပ်ရှင်တွေထဲကလို ရဲဆေးတင်ပြီးလည်း မပြောရဲပါဘူး၊ သူမလေး အထင်သေးသွားမှာကိုကျွန်တော် သေမတတ်ကြောက်ခဲ့တာပါ ၊
ပြဿနာတွေကို ခေါင်းအေးအေးနဲ့ အပြုံးမပျက် ဖြေရှင်တတ်တဲ့ အလင်းကို တခါတလေမှာ ကျွန်တော် အင်မတန်မှ အမြင်ကပ်လှတယ် ၊ သူ့ကိုကျွန်တော် က မိန်မ ပီသစွာ စိတ်ဆိုးစိတ်ကောက်ပြီး ကျွန်တော့် ကို ထုရိုက်စေချင်ပေမယ့် နှုတ်ခမ်းကို ပြုံးတယ်ဆိုရုံကလေး ကွေး ပြီး လှည့်ထွက်တတ်တဲ့ သူမကို အသည်းတယားယားနဲ့ကိုင်ပေါက်ပြစ်ချင်လောက်အောင် ဖြစ်မိတယ် ..  တခါတလေမှာလည်း အင်မတန်မှ ချစ်စရာကောင်းစွာ သူမလေးရဲ့ အလုပ်ကိစ္စအချို့ကို ဖွင့်ဟတိုင်ပင်တတ်ပြန်သေးတယ် ..

၆။

တစ်ရက်ညနေပိုင်း မှာတော့ ကျွန်တော် ကုမ္မဏီရုံးချုပ်ကအပြန် သူမလေးကို သတိရစွာနဲ့ သူမ အတွက် မုန့်စိမ်းပေါင်းဝယ်ဖို့ ဗိုလ်ချုပ်ဈေးရဲ့ အနောက် ပေါက် ကိုလာခဲ့တယ်၊ ကားရပ်စရာနေရာမရှိတာမို့ကားကို ယောမင်းကြီးလမ်းထဲမှာရပ်ထားခဲ့ပြီး ရဲထွဋ်နဲ့အတူ လမ်းလျောက်လာ ခဲ့တယ်၊
“စစ်ငြိမ် .. ဟိုမှာ အလင်းစစ် .. ”
ရဲထွဋ်ညွှန်ပြတဲ့ နေရာကိုကြည့်လိုက်တော့ မှန်ကြည်ကြည်တွေကာထားတဲ့ Snack Bar လေးထဲမှာ ကျွန်တော့်ရဲ့ အလင်း ပြီးတော့ ခန့်ငြားချောမော တဲ့ အမျိုးသားတစ်ယောက်၊ အဲဒီကောင်က ကျွန်တော့်ရဲ့အလင်း ကလေးရဲ့လက်ကိုဖြတ်ကနဲ လှမ်းကိုင်လိုက်တာ မြင် လိုက်ရတယ် ၊ ဆိုင်ထဲကိုသွာမယ်ပြင်နေတဲ့ ကျွန်တော့်ကို ရဲထွဋ်က  “ဟေ့ကောင် .. စိတ်ထိန်းမှပေါ့.. လာလာသွားမယ်” ဆိုပြီး ကားရှိရာကို ဆွဲခေါ်ခဲ့တယ် ၊ ရဲထွဋ်မောင်းလာတဲ့ကားကို ဘေးကထိုင်လိုက်လာရင်း ကျွန်တော့်ရင်မှာ ပူလောင်မှုတွေနဲ့ကျွမ်းမြိုက်နေခဲ့ တယ် ၊ ကျွန်တော့်စိတ်တွေကတော့ အလင်းရှိတဲ့ Snack Bar လေးနားမှာ ကျန်နေခဲ့တယ်ဆိုတာ ကျွန်တော်အသိဆုံးပါ၊
ရုံးဆင်းချိန်မှတော့ ကျွန်တော် ဘယ်လိုမှ ဆက်ပြီးသည်းခံနေလို့မရတော့တဲ့အတွက် သူမရဲ့ရုံးခန်းရှိရာကို ထွက်လာခဲ့တယ်၊ ရုံးဆင်းစပြုနေပြီဖြစ်တဲ့ အတွက် ခဏစောင့်ပြီး အလင်းကို ၀င်တွေ့ခဲ့တယ် ၊ ပေတံတွေ ပေကြိုးတွေ ခဲတံတွေ နဲ့ အလုပ်ရှုပ်နေတဲ့ အလင်း ကို
“အလင်း .. မပြန်သေးဘူးလား ..”
“ပြန်တော့မှာ ကိုစစ်ငြိမ် .. ဒီတစ်ပုံထုတ်ပြီးရင်ပြန်တော့မှာ .. ထိုင်လေ ..”
ကျွန်တော် မထိုင်ဘဲ သူမအနားကို လျောက်သွားလိုက်တယ် ၊ ပြီးတော့
“အလင်း..ကိုယ်ပြောစရာရှိလို့ ခဏထားခဲ့လို့ရမလား .. ဒါမှမဟုတ် ကိုယ်စောင့်နေရမလား..”
လက်ထဲကပေတံနဲ့ ခဲတံ ကို အသာချလိုက်ရင်း မော့ကြည့်လာခဲ့တယ် ..
“ တစ်ခုခုဖြစ်လာသလား ကို စစ်ငြိမ် .. ”
“အင်း ..”
“ပြောလေ..ဘာကူညီပေးရမလဲ .. ဟို ကလေးမ နဲ့ အဆင်မပြေဖြစ်လာလို့လား..”
မသိသားနိုင်လှစွာ ပေါက်ကရလျောက်မေးနေသော အလင်းကို ကျွန်တော် စိတ်တိုလာကာ
“သူ နဲ့ကိုယ်က ဘာမှ မဟုတ်ဘူးအလင်း .. ခု ကိုယ်ပြောချင်တာက အလင်း အကြောင်း ..”
“ဟင် ..”
အာမေဋိတ် သံကလေးနဲ့ နားမလည်းသလို မော့ကြည့်လာတဲ့ အလင်းရဲ့ မျက်နှာချင်းဆိုင်မှာရပ်လိုက်ပြီး ကျွန်တော်သူမရဲ့လက်နှစ်ဘက်ကို ဆွဲယူလိုက်တယ်၊ သူမ တအံ့တသြ မော့ကြည့်ရင်းထစ်ငေါ့စွာမေးလာခဲ့တယ် .. ပြီးတော့ သူမရဲ့လက်ကိုရုန်းထွက်ဖို့ကြိုးစားရင်း
“ကိုစစ်ငြိမ် ဘာဖြစ်လာတာလဲ ..ပြီးတော့ ကျွန်မလက်ကို ခု လွှတ်ပေးပါ .. တယောက်ယောက် မြင်သွားရင် မကောင်းဘူး .. ”
မလွှတ်ဘူး အလင်း .. မင်းလက်ကို ကိုယ်ကိုင်ထားတာ ဘယ်သူမှ မမြင်ဘူး .. ဒီနေ့ညနေက ယောမင်းကြီးလမ်းထဲက Snack Bar မှာမင်းနဲ့ အတူရှိနေတဲ့သူက ဘယ်သူလဲ ..ပြီးတော့ မင်းနဲ့ ဘယ်လိုပတ်သက်နေသလဲ .. မင်းရဲ့လက်ကို ဒီကောင် ကိုင်တာ မင်း ဘာလို့ ဒီအတိုင်း ငြိမ်နေရတာလဲ.. ဟမ် .. ကိုယ့်မှာတော့ မင်းကို ချစ်လွန်း တန်ဖိုးထားလွန်း မြတ်နိုးလွန်းလို့  လက်ဖျားကလေးကိုတောင် မထိမကိုင်ခဲ့ဘူး .. ဒါကို မင်းသိပါ တယ် .. မင်းကွာ ..လူမြင်ကွင်းမှာ . . . .     တောက် ” 
ဒေါသနှင့် ကျွန်တော် သူမလက်ကို လှုပ်ခါရင်းပြောတော့ သူမက
“ကျွန်မလက်ကို ခုလွှတ်ပါ ကိုစစ်ငြိမ် .. သူဘယ်သူဘဲဖြစ်ဖြစ် ရှင်နဲ့ဘာဆိုင်လဲ .. ရှင်နဲ့ ကျွန်မကရောဘာဆိုင်လို့ကျွန်မရဲ့ ကိုယ်ရေးကိုယ်  တာကို ၀င် စွက်တာလဲ .. ရှင့် မှာဒီလို ပြောပိုင်ခွင့် လုပ်ပိုင်ခွင့် လုံးဝ မရှိဘူး .. ခုချက်ချင်း လက်ကိုလွှတ်ပါ .. ”
ဒေါသနှင့်ပြန်ပြောရင်း လက်ကို အတင်းရုန်းနေတဲ့ သူမလေးကို ကျွန်တော် စိတ်ပေါက်ပေါက်နဲ့ရင်ခွင် မှာ တင်းကြပ်စွာပွေ့ထက်ထားလိုက်မိ တယ် ၊
“ခု လွှတ် ..”
ဖြည်းညင်းစွာလက်တွေကို ဖြည်လျော့လိုက်တော့ သူမ ကျွန်တော်နဲ့ ဝေးရာ ကုလားထိုင် တစ်လုံးမှာ တုန်ယင်စွာ ဝင်ထိုင်လိုက်တယ်၊ သူမရဲ့မျက်နှာဟာ ပေါက်ကွဲတော့မယ့် မီးတောင်တစ်လုံးလိုဘဲလို့ ကျွန်တော် ခံစားမိရင်း ကျွန်တော့်အပြုအမူတွေ အမှားကြီးမှားပြီ ဆိုတာ သိလိုက်တယ် ..
ကိုယ် .. ကိုယ် ” တောင်းပန်ဖို့ ကြိုးစားနေတဲ့ကျွန်တော့်ကို
ဆက်မပြောနဲ့တော့ ကိုစစ်ငြိမ် .. ရှင်သိချင်တာကို ကျွန်မ ပြောပြမယ် .. ရှင်တွေ့ခဲ့တဲ့သူက လွန်ခဲ့တဲ့ နှစ်နှစ်ကျော် က ကျွန်မရဲ့ ချစ်သူဘဲ .. ကျွန်မရဲ့ ကိုယ်ကျင့် သိက္ခာကို ထိခိုက်စေတဲ့ စကားတစ်ခွန်းကြောင့် ကျွန်မ သူ နဲ့လမ်းခွဲခဲ့တာ .. သူတောင်းပန်ဖို့ အကြိမ်ကြိမ် ကြိုးစာပေ မယ့် ကျွန်မ ခွင့်မလွှတ်ခဲ့ဘူး ..ဘာလို့ခွင့်မလွှတ်တာလဲဆိုတော့ နောက်ထပ် စော်ကားတာမခံနိုင်လို့ဘဲ .. ဒီနေ့လည်း လမ်းမှာတွေ့တာ .. အတင်းတောင်းပန်နေတာ လမ်းမှာ မသင့်လျော်လို့ တွေ့တဲ့ဆိုင် တစ်ဆိုင် ထဲ ၀င်ပြီးသူပြောတာ နားထောင်ပေးတာ .. သူ့ကိုလည်းကျွန်မ ပြန်လက်ခံဖို့ စိတ်ကူးလည်းလုံးဝမရှိဘူး ..  ဒီအကြောင်းတွေတောင် ရှင့်ကို ကျွန်မ ပြောပြဦးမယ် ဆိုပြီး စဉ်းစားမိ သေးတယ် ..  ခုတော့ ကျေးဇူး အများကြီးတင်ပါတယ် ကို စစ်ငြိမ် .. ရှင့်အကြောင်းကို သိရလို့ပေါ့.. ရှင်က ရှင့်ကိုယ်ရှင် တော်တော် အထင်ကြီးထားတာဘဲ .. သူက စကားနဲ့ စော်ကားတယ် ..ရှင်က အပြုအမူနဲ့ စော်ကားတယ် .. ရှင့်ကို ကျွန်မ တခါမှ မမြှူဆွယ်ခဲ့ဖူးပါဘူး .. ရင်းရင်နှီးနှီး မိတ်ဆွေ အရင်းတစ်ယောက်လို ခင်မင်ခဲ့တာပါ .. ရှင်သာတကယ် ကျွန်မကို အလေးထားတယ်ဆိုရင် ဒီလိုမျိုးရှင်ပြုမူမှာ မဟုတ်ဘူး ..ရှင့်ကိုလည်း ကျွန်မ မချစ်ဘူး ..  ကဲ ရှင် သွာတော့ ..
တိုတိတ်ပြတ်ရှစွာပြောပြီး သူမရဲ့လက်ကိုင်အိတ်ကိုကောက်ကိုင် ရင်း ရှေ့ကထွက်သွား တဲ့ သူမကို ဘယ်လိုစကားလုံးမျိုးနဲ့တောင်းပန် ရမှန်း မသိအောင် ကျွန်တော် ထူပူပြီး ထိတ်လန့်နေခဲ့တယ် .. သူမတကယ် စိတ်ဆိုးသွားတာဘဲဆိုတာကိုလည်း အလိုလို နားလည်မိတယ်

၇။

နောက်ရက်တွေမှာ အလင်းကို တောင်းပန်ဖို့ အခါခါ ကျွန်တော်ကြိုးစားပေမယ့် နှစ်ယောက်ထဲတွေ့ခွင့်ကို မရခဲ့ဘူး ၊  သူမလေး ကျွန်တော့် ကို သိသိသာသာ ရှောင်နေခဲ့တယ်၊ ဖုန်းဆက်တော့လည်းမကိုင်ခဲ့ဘူး ၊ ရုံးလိုက်သွားတော့လည်း စိတ်ဆိုးစိတ်ကောက်တဲ့ ဟန်ပန် မမြင်ရဘဲ ကျွန်တော့်ကို ပုံမှန်လူစိမ်းတစ်ယောက် ကို ဆက်ဆံ သလိုမျိုးဆက်ဆံခဲ့တယ် ၊ ဆိုးရွားတာတစ်ခုကတော့ ရရှိခဲ့တဲ့ အရင်က ခင်မင်မှုတွေကို ကျွန်တော် ဆုံးရှုံးသွားတာပါဘဲ၊

၈။

များမကြာမီအချိန် မမျှော်လင့်ထားတဲ့နေ့တစ်နေ့မှာ အလင်းဟာ သူ့ရဲ့ အလုပ်ကိစ္စ အသစ်တွေအတွက် အနောက်နိုင်ငံတစ်နိုင်ငံ ကို ထွက် ခွါသွားခဲ့ပါတယ် ၊ ကျွန်တော့်ကို အသိပေးခြင်းမရှိခဲ့သလို နှုတ်ဆက်ခြင်းလည်း အလျဉ်းမရှိခဲ့ဘူး၊ အရှက်အကြောက်ကြီးသလောက် ထက်ရှလွန်းတဲ့ သူမရဲ့စိတ်ဓါတ်ကို မယုံကြည်နိုင် ဖြစ်ခဲ့ရတယ် ၊ ကျွန်တော်တို့ဖြစ်ခဲ့သမျှ အဖြစ်တွေကို မည်သူတစ်ဦးတစ်ယောက်ကိုမှ ရင်ဖွင့်ပြောပြခဲ့ခြင်း မရှိတာကတော့ သူမကလေးရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေမှာစိုးလို့ဆိုတာကို သူမကလေးသိပါ့မလား၊ ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော်ကတော့ အလင်းပြန်လာမယ့်နေ့ ၊ ကျွန်တော့်အမှားတွေအတွက် တောင်းပန်ရှင်းပြခွင့်ရမယ့် နေ့တစ်နေ့ကို မျှော်လင့်ခြင်းများစွာနဲ့ စောင့်စားနေခဲ့ပါတယ် ..

၉ ။

ထက်မြလှပတဲ့ ဓါးတစ်လက်ကို မြတ်နိုးစွာရင်မှာပိုက်မိတဲ့ကျွန်တော် ၊ နာကျင်ခြင်းမရှိခဲ့လို့ ရှလို့ရှမှန်းမသိခဲ့ပါဘူး ၊ဒါပေမယ့် သွေးတစက်စက် ကျကာမှ ရရှိခဲ့တဲ့ဒဏ်ရာဟာ တော်တော်ဘဲ နက်ရှိုင်းလှကြောင်းသိခဲ့ရတယ် ၊ ဒီဒဏ်ရာ အနာကျက်ဖို့ဆိုတာကတော့ အချိန်တော်တော် များများယူပြီး ကုစားရဦးတော့မှာပေါ့ ။

၁၀။

လှပတင့်တယ်ခြင်းအတိနဲ့ပြည့်စုံတဲ့ သူမကို အသွားထက်မြလှတဲ့ ဓါးတစ်လက်နဲ့ ခိုင်းနှိုင်းတယ်ဆိုရင် ခင်ဗျားတို့ ကျွန်တော့်ကို အပြစ်တင်ကြမှာလား........ ။


ပျိုးယုဝသုန်
03:45:23
21-04-2011
Thursday

1 comment:

Aung Soe said...

အချစ်ကံခေတဲ့သူတွေအတွက်တော့ အချစ်ဆိုတဲ့အရာဟာ ...နားမလည်နိုင်စရာတွေ အပြည့်နဲ့သာ ....