Sunday 24 April 2011

အိပ်ချိန်ရောက်ပြီ

တခါတုန်းက  ဒုက္ခသည် လင်မယားနှစ်ယောက်ဟာ သြစတေးလျားနိုင်ငံ ရဲ့မြို့တစ်မြို့ ကိုရောက်လာခဲ့တယ်..

ရောက်ပြီးသိပ်မကြာခင်မှာဘဲ ခင်ပွန်းဖြစ်သူဟာ Pokies လို့ခေါ်တဲ့ လောင်းကစားတစ်မျိုးကို စွဲလန်းလာခဲ့တယ် ..


မိန်းမလုပ်တဲ့သူကတော့ လောင်းကစားရုံတွေကို တစ်ခါမှ မရောက်ဖူးတဲ့ အမျိုးသမီးကြီးပေါ့ ..

တစ်နေ့ မှာတော့ ယောက်ျားဖြစ်သူက မိန်းမဖြစ်သူကို  ငါ့မိန်းမကိုတော့ လူကြားတိုးအောင် ခေါ်သွားဦးမှ ဆိုတဲ့ အတွေးနဲ့ RSL Club လို့ခေါ်တဲ့ စစ်ပြန်ကြီးတွေ ဖွင့်ထားတဲ့ လောင်းကစားစက်မျိုးစုံရှိတဲ့ အစားအသောက်တွေလည်းရောင်းတဲ့စားသောက်ဆိုင်တွေလည်းရှိတဲ့ အဆောက်အဦး တစ်ခုထဲကို ခေါ်သွားတယ် .. သူ ကစားချင်တာလည်းပါတာပေါ့ လေ ..

ရောက်တာနဲ့ယောက်ျားဖြစ်သူက စက်တစ်လုံးရဲ့ရှေ့မှာထိုင်ပြီး တဂျောင်းဂျောင်းနှိပ်နေတော့တာပေါ့ .. ကစားတဲ့သူတစ်ယောက်ကလွဲပြီး အပိုပါလာတဲ့သူတွေအတွက် စက်ရှေ့မှာထိုင်စရာထားမပေးထားတဲ့ အတွက် မိန်မဖြစ်သူဟာ ကစားနေတဲ့ ယောက်ျားရဲ့နဘေးနောက်နားမှာခုံကိုမှီပြီး ငိုက်နေတာပေါ့ ..

ည ၇ နာရီထိုးတဲ့ အခါ ကလပ် ရဲ့ထုံးစံအရ သေဆုံးသွားပြီးဖြစ်တဲ့ စစ်ပြန်ကြီးတွေကို တစ်မိနစ်ကြာ ဂါရဝ ပြုဖို့ အသံချဲ့စက်ကနေ ကြေညာသံထွက်ပေါ်လာတယ် .. ကြေညာသံ ထွက်ပေါ်လာတာနဲ့တစ်ပြိုင်နက် ကစားနေသူတွေရော စားသောက်နေသူတွေအားလုံးပါ တ၀ုန်းဝုန်းနဲ့ မတ်တတ်ထရပ်ကြတယ် ..
ဒီ အချိန်မှာ အိပ်ချင်မူးတူးဖြစ်နေတဲ့မိန်းမဟာ အလန့်တကြား မတ်တတ်ထရပ်ပြီး ယောက်ျားဖြစ်သူကို အော်ပြောလိုက်တယ် ..

ဝေး .. ယောက်ျား .. ရုံတောင်ခါနေပကွဲ .. အိပ်ချိန်တောင်ရောက်ပကိုး .. လာ .. ပြန်ကြပစို့ ..


ပျိုးယုဝသုန်

No comments: