Wednesday, 15 January 2014

သတိတရ မှတ်တမ်း



တကယ်တော့ သူ့ကို ကျွန်မ တော်တော်ကြီးကို သတိရနေခဲ့တာပါ။
ပန်ပွင့်တွေကိုမြင်တိုင်း၊ အစိမ်းရောင် မြက်ခင်းတွေကိုမြင်တိုင်း၊ တောင်တန်းတွေကိုမြင်တိုင်းပေါ့။


******

သူနဲ့ ကျွန်မ စတင်ခင်မင်ရင်းနှီစခဲ့တဲ့အချိန်က ဘယ်လောက်မှ မကြာခဲ့ပါဘူး။ဒါပေမယ့် အဲ့ဒီခဏဆိုတဲ့ အချိန်ကလေးမှာပဲ သူကိုကျွန်မချစ်ခင်တွယ်တာမိတာကတော့ အပေါင်းအသင်းနည်းတဲ့ ကျွန်မရဲ့ နေထိုင်မှုကြောင့်ပဲ ဖြစ်မှာပါ။ မမျှော်လင့်ဘဲ သူ ကျွန်မအိမ်ကိုအလည်ရောက်လာတဲ့ ညနေပိုင်းကလေးက စပြီး ကျွန်မရဲ့  အားလပ်ချိန် တော်တော်များများမှာ သူနဲ့ အတူရှိနေခဲ့တယ်။ သံယောဇဉ်ဆိုတာကန့်သတ်ကောင်းတဲ့ အရာမှ မဟုတ်တာ။ 


သဘာဝ မတူပေမယ့် ဝါသနာတူ၊ အကြိုက်တူတဲ့သူတွေဖြစ်ခဲ့ကြလို့ အဲ့ဒီ အချိန်ကလေးတွေဟာကျေနပ်စရာ ပျော်ရွှင်စရာ ကောင်းခဲ့တယ်။ သူကလည်း သိပ်ပြီး ချစ်စရာ ကောင်းတယ်လေ။


ကျွန်မတို့ ပန်းပင်လေးတွေ အတူတူ ဝယ်ဖူးကြတယ်။ တောင်တန်းတွေဆီကို အတူတူသွားဖူးကြတယ်။ ပြီးတော့ ပင်လယ်ကမ်းခြေမှာ လမ်းလျောက်ကြတယ်။ အဝေးပြေး လမ်းမကြီးတစ်လျောက်ကားအတူတူ မောင်းဖူးကြတယ်။ တောထဲဝင်ပြီး ဓာတ်ပုံရိုက်ခဲ့ဖူးကြတယ်။ ရေတံခွန် ရှိရာကိုသွားရင်းလမ်းပျောက်ဖူးခဲ့ကြတယ်။ လမ်းဘေးသရက်ပင်က သရက်သီးတွေကို ရှာကြံပြီး ခူးယူခဲ့ကြတယ်။သူများခြံထဲက သီးနေတဲ့  ခြံအပြင်ဘက်အကိုင်းကဂွေးသီးတွေကိုခူးပြီး ငပိချက်ချက်စားကြတယ်..။ ညကြီးခေါင်ခေါင် လသာသာမှာ သီချင်းအော်ရင်းလမ်းလျောက်ဖူးကြတယ်။ သီချင်းတွေအတူတူဆိုပြီး အသံသွင်း၊ ပြီးတော့ တစ်ယောက်ဆီ တစ်ယောက်ကပို့ပြီးနားထောင်ကြတယ်။ သူက သီချင်းအဆိုကောင်းတဲ့သူ တစ်ယောက်လေ။ ရေ အတူတူ ကူးခဲ့ကြတယ်..၊ သူကပဲ ကျွန်မကို ရေကူးတတ်အောင် သင်ပေးခဲ့တာပေါ့။မနက်နိုးနိုးချင်း ဖုန်းဆက်ကြပြီးတစ်နေ့လုံး အချိန်ရ အားလပ်တာနဲ့ တစ်ယောက်နဲ့ တစ်ယောက် ဖုန်းခေါ်ခဲ့ကြတယ်။ မနက်ကည အိပ်ချိန်ကလွဲပြီးကျွန်မတို့ အတူတူ မရှိနေရင်တောင် ဖုန်းပေါ်မှာ ဒါမှမဟုတ် Facebookပေါ်မှာ တွေ့နေကြတယ်။တစ်ခါတလေ face time ဖွင်ပြီး စကားပြောကြ၊ တစ်ယောက်ချုပ်ထားတဲ့ အဝတ်အစားလေးတွေ တစ်ယောက်ကိုပြကြနဲ့ သိပ်ပြီး အေးချမ်းပျော်ရွှင်စရာ ကောင်းခဲ့တယ်။


ခင်မင်ရင်းနှီးတဲ့ အစ်ကိုတစ်ယောက်ကဆိုရင် နင်တို့ နှစ်ယောက်Lesbian တွေတော့ မဟုတ်ကြပါဘူးနော် လို့ မေးရတဲ့အထိကို တပူးတွဲတွဲ ရှိခဲ့ကြတယ်။  သူ့ကိုကျွန်မ ဘယ်လိုမှ အပြစ်မမြင်နိုင်အောင်ချစ်ခင်ခဲ့သလို သူလည်း ကျွန်မကို ချစ်ခင်မယ်ဆိုတာ ကျွန်မ ယုံကြည်ပါတယ်။


ဒါပေမယ့် ကံကြမ္မာဟာ သူနဲ့ ကျွန်မကို ပျော်ရွှင်စွာ နေထိုင်ခွင့် ခဏလေးပဲပေးခဲ့တယ်။ မကြာခင်မှာ ကျွန်မဟာ သူနဲ့ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ နေရာကို ထွက်ခွါသွားခဲ့ရတယ်။ဒီလို ထွက်ခွါသွာခဲ့တာဟာ တကယ်တော့ ကျွန်မရဲ့ ရွေးချယ်မှုသာ ဖြစ်ပါတယ်။ တကယ်ဆို အဲ့ဒီမြို့ကလေးမှာကျွန်မ သံယောဇဉ် တွယ်ရတဲ့သူဆိုလို့ လက်တစ်ဖက်နဲ့ ရေတွက်ရင်တောင်မှ မပြည့်ဘူး မဟုတ်လား။သူတို့သာမရှိရင် ကျွန်မဟာ အဲ့ဒီမြို့က စောပြီးထွက်ခွါဖြစ်ခဲ့မှာ အမှန်ပါပဲ။


ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ ကျွန်မဟာ ကျွန်မချစ်တဲ့သူတချို့၊ ကျွန်မကိုချစ်တဲ့သူအချို့၊ ကျွန်မ မချစ်တဲ့သူအချို့နဲ့ ကျွန်မကိုမချစ်တဲ့သူအချို့ကို ထားခဲ့ပြီးအဲ့ဒီမြို့ကလေးကနေ ကျောခိုင်းထွက်ခွါခဲ့တယ်။ သူပေးလိုက်တဲ့ လက်ဆောင်ကလေး ကိုတော့ကျွန်မ မကြာခဏ အမြတ်တနိုးနဲ့ ဝတ်ဆင်ဖြစ်နေတုန်းပါပဲ။


****

တောင်တန်းတွေ မြင်တိုင်း သူ့ကို သတိရမိတယ်။
ပန်လှလှလေးတွေ မြင်တိုင်း သူ့ကို သတိရမိတယ်။
ထင်းရှူးပင်တွေ မြင်တိုင်း သူ့ကို သတိရမိတယ်။
အင်္ကျီ အသစ်တွေ ချုပ်တိုင်း သူ့ကို သတိရမိတယ်။
ဟိုင်းဝေးလမ်းမတွေမှာ ကားမောင်းဖြစ်တိုင်း သူ့ကို သတိရမိတယ်။
သူကြိုက်တတ်တဲ့ အစားအစာတွေမြင်တိုင်း စားဖြစ်တိုင်း သတိရနေခဲ့တယ်။
သီချင်းတွေအော်ဖြစ်တိုင်း သူ့ကို သတိရမိတယ်။


တကယ်တော့ သူ့ကို ကျွန်မ တော်တော်ကြီးကို သတိရနေခဲ့တာပါ။



မမဝသုန်
28-12-2013
Saturday (YGN)

1 comment:

မိုးငွေ့........ said...

အဲသူငယ်ချင်းကလေးအကြောင်းကို နင်ပြောပြလို့ငါကြားဖူးခဲ့ပါတယ်