မောင်ဂျာဂျာဘီသည် ဟိုစပ်စပ်
သည်စပ်စပ်နှင့် အကုန် သိချင်သော သူ ဖြစ်သည်။
တစ်နေ့တွင် မည်ကဲ့သို့
စိတ်ကူးရသည် မသိ၊ အစ်မဖြစ်သူ၏ အသုံးမပြုဘဲ သိမ်းထားသည်မှာ ကြာပြီ ဖြစ်သော အပ်ချုပ်စက်ကို
စစ်ဆေးကာ ပြန်ဆင်မည်ဟု သိမ်းထားရာမှ ထုတ်ယူလာသည်။ ထို့နောက် ကပ်ညိနေသော ဖုန်များကို
ရှင်းလင်းကာ စက်ကို စမ်းသည်။ သို့သော် စက်သည် မည်သို့မျှချုပ်၍ မရပါ။ ထို့ကြောင့်
ဖခင်ဖြစ်သူကို အကူအညီတောင်းကာ သားအဖ နှစ်ယောက် စက်ပြင်ပွဲကို ကျင်းပကြလေသည်။
အချိန်အတော်ကြာခဲ့ပြီ။ ထိုအပ်ချုပ်စက်ကား
ချုပ်၍ မရသေးပါ။ ဂျာဂျာဘီ စိတ်ညစ်သွားသည်။ ထို့ကြောင့် အစ်မဖြစ်သူ ရန်ကုန်တွင် အလုပ်လုပ်စဉ်က
အတူတကွ အလုပ်လုပ်ခဲ့ဖူးသော မိန်းကလေးတစ်ယောက်ကို ဖုန်းဆက်ကာ အကူအညီတောင်းသည်။ ထိုမိန်းကလေးကလည်း
သူမ၏ အလုပ်ပြီးချိန် ညနေပိုင်းတွင် အိမ်သို့ ရောက်လာသည်။ ထို့နောက် ထို အပ်ချုပ်စက်ကို
ထပ်၍ ပြင်ကြပြန်သည်။ သို့သော် အပ်ချုပ်စက်ကား ခေါင်းမာလှစွာပင် ချုပ်၍မရပါ။ အချိန်အတော်ကြာ
ကြိုးစားပြီးသည့်တိုင် သူတို့ပြင်၍ မရတော့သောအခါ အစ်မဖြစ်သူ ရှိစဉ်က အမြဲခေါ်ဖြစ်ခဲ့သော
စက်ပြင်ဆရာကို ဖုန်းဆက်ခေါ်ကြသည်။
စက်ပြင်ဆရာ ရောက်လာသောအခါ စက်ကို စစ်ဆေးသည်။ ထိုအခါတွင် မှားယွင်းနေသည့်
အကြောင်းအရာကို စက်ပြင်ဆရာက ရှာဖွေတွေ့ရှိသွားသည်။ ၁၀မိနစ်မျှ အကြာတွင် အပ်ချုပ်စက်သည်
ချုပ်၍ ရသွားပြီ ဖြစ်သည်။ ထို့နောက်
ဝန်ဆောင်ခ ၄၀၀၀ ရယူကာ ပြန်သွားလေသည်။
ချုပ်၍မရသော အကြောင်းရင်းမှာကား
ဂျာဂျာဘီသည် အပ်ချုပ်စက်တွင် အပ်ကို ပြောင်းပြန်တပ်ထားသောကြောင့်သာတည်း။
မောင်ဂျာဂျာဘီသည် ဤသို့
တော်သော စက်ပြင်ဆရာ တစ်ယောက်လည်းဖြစ်သည်။
တစ်ရက်တွင် အစ်မဖြစ်သူ ရန်ကုန်သို့
ရောက်လာသည်။ ထိုအခါ ဂျာဂျာဘီသည် အစ်မဖြစ်သူအား ဘောင်းဘီအရှည်၊ အတို ချုပ်နည်းကို
သင်ပေးရန်ပြောလေသည်။ အစ်မဖြစ်သူလည်း သင်ပေးမည်ဟု ကတိပြုကာ သူ့အား စက်ကိုနင်းခိုင်းလေသည်။
ဤတွင် မောင်ဂျာဂျာဘီသည် အဆင်ပြေစွာ စက်ကို ဖြောင့်အောင် နင်းနိုင်နေပြီ ဖြစ်သည်။
ထို့နောက် အစ်မဖြစ်သူက လွန်းအိမ်နှင့် အပ်ချည်များကို ဖြုတ်ကာ လွန်းအိမ်ပြန်ထည့်ခြင်း၊
အပ်ချည်သွင်းခြင်းတို့ကို ပြပေးလေသည်။ မောင်ဂျာဂျာဘီလည်း လိုက်မှတ်လေသည်။
ထို့နောက်တွင် အစ်မက အပ်ချည်နှုင့်
လွန်းအိမ်ကို ဖြုတ်ကာ မိမိဘာသာ ပြန်တပ်ရန် ပေးလေသည်။ အေးအေးဆေးဆေးပင် လွန်းအိမ်တပ်ခြင်း၊
အပ်ချည်သွင်းခြင်းတို့ကို မှန်ကန်စွာ ပြုလုပ်နိုင်သည်။ ထို့နောက် ချည်စမ်းသည့်အနေဖြင့်
အဝတ်တစ်စပေါ်တွင် အပ်ချည်ကြောင်း တင်ကြည့်သည်။ ချည်ကြောင်းသည် မလှပပါ။ အပေါ်ချည်လျော့သည်
လား အောက်ချည်တင်းသည်လားမသိ၊ အပေါ်ချည်ကြောင်း လျော့ကာ အောက်ချည်ကား ပြတ်မတတ် တင်းနေသည်။
ထို့နောက် အပေါ်ချည်ကို အရင်ညှိ၏။ ချည်ကြောင်းကာ လှမလာပါ။ ထို့နောက်အောက်ချည်ရှိရာ
လွန်းအိမ်ကိုညှိပြန်သည်။ သို့သော် ထူးမလာပေ။
ဂျာဂျာဘီ စိတ်ညစ်သွားသည်။
အဘယ်ကြောင့် အပ်ချည်ကြောင်းတွေမလှသည်ကို သူရှာမရပေ။ အတန်ကြာ ကြိုးစားပြီးနောက် မရတော့သောအခါ
အစ်မဖြစ်သူကို ပြောပြလေသည်။ အစ်မက သူတပ်ဆင်ထားသည်များကို စစ်ဆေးကြည့်သောအခါ လွဲချော်မှုကို
တွေ့ခဲ့သည်။ ချည်များ တပ်ဆင်ထားသည်မှာ
မှန်သော်လည်း ချည်အတင်း၊ အလျော့ ပြုသော ဘားကလေးအတွင်း အပ်ချည်အဖြတ်တွင် အပ်ချည်သည်
ဘားအတွင်း မဝင်ဘဲ အနောက်ဘက်မှ ချော်ကာ တပ်ဆင်ထားသောကြောင့် ဖြစ်သည်။ ဤသည်မှာ မမြင်ရသော
အခြေအနေတွင် ချိန်ဆ၍ တပ်ဆင်ရသောကြောင့် ဂျာဂျာဘီ၏ အမှားမဟုတ်၊ အစကနဦး သုံးသူများ
မကြာခဏ ဖြစ်တတ်သော အမှားဖြစ်သည်ဟု အစ်မက ဆို၏။
ထို့နောက်တွင်မူ မောင်ဂျာဂျာဘီကလေးသည်
ထိုအမှားများကို ထပ်မံ မဖြစ်တော့ပေ။ မကြာမီ အချိန်တွင် မိမိ ဝတ်ဆင်သော ဘောင်းဘီတို။
ဘောင်းဘီရှည်များကို ကိုယ်တိုင်ချုပ်ကာ ဝတ်ဆင်နိုင်တော့မည်ဖြစ်သည်။
နောင်တစ်ချိန်တွင် ဤသို့
လွဲတတ် ချော်တတ်သော အနှီမောင်ဂျာဂျာဘီသည် အဝတ်အထည်ပုံစံများကို ထုတ်လုပ် နိုင်မည့်သူ
မဖြစ်နိုင်ဟု မည်သူပြောနိုင်ပါမည်နည်း။
မမဝသုန်
11:45:00PM
02-03-2013
Saturday (Taung Soon)
4 comments:
မပြောနိုင်ပါ..။
မမဝသုန်က မောင်လေးဂျာဂျာဘီကို သိပ်ချစ်တာ ..သူ့အကြောင်းရေးတဲ့စာတိုင်းမှာပေါ်တယ်..။
အော်ဒါကြောင့်ကိုး
ခင်တဲ့အစ်ကို
အသစ်သင်ခါစသူတွေရဲ့  အလွဲလေးတွေကြောင့် ပြုံးမိတယ်..
အင်းးးးးးး
ချစ်မ
ဂျာဂျာဘီက ချစ်စရာလေးနော်...
မ သိပ်ချစ်မှာပဲ မောင်လေးကို :)))
Post a Comment