Thursday, 28 February 2013

အရွေ့ မဲ့သောလမ်းထက်တွင်





ပုံမှန်သက်တမ်းအရ လူ့လောကတွင် သက်တမ်း၏ ထက်ဝက်မျှသော အချိန်ကာလတို့ကို တိတ်တဆိတ် သုံးစွဲပြီးခဲ့ပြီးဖြစ်သည်။ မည်သည့်အရာသည်ကောင်းသည်၊ မကောင်းသည် ဆိုခြင်းထက် သာမန်ထက်ပိုသော တိတ်ဆိတ်အေးခဲငြိမ်သက်သည့် ကာလတို့တွင် အချိန် အတော်ကြာ ရပ်တန့်နေခဲ့သည်။ ပြည်တည်နာတစ်ခုလို နူးညံ့သောနှလုံးသား တစ်ခုသည် တဆစ်ဆစ်နှင့် ကိုက်ခဲနေခဲ့သည်မှာလည်း ကာလ အတန်ကြာခဲ့ပြီ။ နာကျင်မှုကို ညည်းညူ ခွင့်မရှိသော သူတစ်ယောက်သည် ယင်းတို့ကို ကျိတ်မှိတ်မျိုချရန်မှတပါး အခြားရွေးစရာ မရှိသည်မှာ အဆန်းတော့ မဟုတ်ပါ။


နွေးထွေးသော ရင်ခွင်၊ အေးမြသော မေတ္တာတရားတို့နှင့် အချိန်ကြာကြာ အတူတကွ မရှိနိုင်ရန် ကျိန်စာ သင့်ခဲ့ပြီလား။ ထိုအရပ်ဒေသသည် မည်သည့်အတွက်ကြောင့် နတ်သမီးပုံပြင်ကဲ့သို့ ဖြစ်နေရပါသနည်း။ ရုပ်ဝါဒထွန်းကားမှုကို အဖိုးထားသော ရုပ်ဝါဒီ တို့အလည်တွင် ရောက်ရှိနေသူသည် လှုပ်ရင်း၊ နစ်ရင်း၊ မြုတ်ရင်း၊ ရုန်းကန်ရင်း မောပန်းလှပြီ၊ နွမ်းလျလှပြီ။ မည်သူတစ်ဦးတစ်ယောက်ကိုမျှလည်း မိမိ ခံစားရသလို မခံစားစေချင်ပါ။


အားလုံးကို လွှတ်ချ၍ အတိုင်းအဆမရှိသော ကောင်းကင်ပြင်ကျယ်ကြီးကို ငေးကြည့်နေ မိသည်။ ပြာလွင်သော အရောင်အောက်မှ တောက်ပသည့် တိမ်လိပ်များသည် ပြုံးရယ် နေကြသည်။ သိမ်ငယ်မိသော စိတ်အစဉ်အရ လှောင်ပြောင်ရက်လေခြင်းဟုလည်း ဦးခေါင်းကို ငိုက်စိုက်ချမိသည်။ တိမ်တို့သည်လည်း မလှောင်ပြောင်ပါ။ ကောင်းကင်ပြာ သည်လည်း ပြစ်တင်းမဖွဲ့ဆိုပါ။ စိတ်အရင်းခံ၏ ဒဏ်ရာများကြောင့်သာ ဖြစ်မည်ထင်သည်။ ကြိုဆိုသူမဲ့သော၊ လက်ကမ်းသူ မရှိသော နေရာတစ်ခုသည် ရည်ရွယ်ရာပန်းတိုင်မှ ဟုတ်ပါ့မလား ဟု သံသယများဖြင့်လည်း ဖွဲ့တည်ခဲ့ပြီ။


နှစ်သက်မြတ်နိုးမိသော အခြေအနေနှင့် နေရာတစ်ခုသည် အိပ်မက်တစ်ခုအဖြစ်နှင့် ခေတ္တခဏသာ မက်ခွင့်ရှိပါသလား။ အိပ်စက်ခြင်းကိုပင် တထိတ်ထိတ်တလန့်လန့်နှုင့် အိပ်စက်ရသောသူတစ်ယောက်သည် အိပ်မက်ကလေးအတွင်းမှာပင် နှစ်ခြိုက်စွာ နေခွင့် မရသည်မှာ ဝဋ်ကြွေးလေလား၊ ကျိန်စာလေလား မပြောတတ်တော့ပါ။ အိပ်ရေးမဝသော ရင်ဘတ်တစ်ခု၏ မောပန်းနွမ်းလျမှုကို မည်သူတစ်ဦးတစ်ယောက်က အမြိုက်ရေ တိုက်ကျွေးနိုင်ပါမည်နည်း။ ဥပေက္ခာပြုကာ မျက်နှာလွှဲထားမည်မှာ သေချာပါသည်။

ဘဝ၏ လက်ကျန်အချိန်များကို နွေးထွေးသော နေရောင်ခြည်အောက်တွင် ဖြတ်ကျော် ချင်ပါသည်။ အေးမြသော လရောင်အောက်တွင် နားခိုလိုပါသည်။ ထို့အတူပင် မိမိကဲ့သို့ စိတ်နှလုံးနွမ်းလျနေသော ချစ်ခင်ရသောသူတို့ကိုလည်း နွေးထွေးသောရင်ခွင်တစ်ခုတော့ ဖြင့်  ပိုင်ဆိုင်စေချင်ပါသည်။ အေးမြသော အရိပ်တစ်ခုအောက်တွင် ငြိမ်းချမ်းစေချင် ပါသည်။ ချစ်ခင်မြတ်နိုးရသူများအတွက် တောင်ဝှေးတစ်ချောင်း မဖြစ်နိုင်တော့သောအချိန် တွင် ခလုတ်ကန်သင်း အဖြစ်တော့ ကျန်မရှိချင်ပါ။ လျောက်ခဲ့ရသော လမ်းတို့သည် ရှည်ကြာ လာသည်နှင့်အမျှ ရရှိခဲ့သော ပွန်းရာပဲ့ရာများသည် ခံနိုင်ရည်တို့ကို လျော့ပါး စေခဲ့ပြီ။

သေမိန့်ကျပြီးသား လူတစ်ယောက်၏ နေထိုင်မှုမျိုးဖြင့် မနေထိုင်ချင်သော သူတစ်ယောက် အတွက် အချိန်တစ်ခုတွင် ချန်ထားခြင်းခံရမည်ကို ကြိုတင်သိရှိနေခြင်းသည် နှလုံးသားကို ဆူးချွန်ထက်ထက်ဖြင့် အဆက်မပြတ် ထိုးဆွနေသကဲ့သို့ပင်။ သွေးစိမ်းရှင်ရှင်လည်း ထွက်ပါသည်။ စူးရှနာကျင်မှုလည်း ဖြစ်ပါသည်။ ထို့ထက် နာကျင်မှုကို သိုဝှက်၍ နေရခြင်း က ပို၍ပင်ပန်လှသည်။ ထို့အတူ.. ထိုအချိန်များကို ရင်ဆိုင်ရန်ပြင်ဆင်ရင်းမှပင် မည်ကဲ့သို့ ပြင်ဆင်ရမှန်းမသိအောင် လမ်းများပျောက်ပျောက် သွားသည်က သာ၍ ဆိုးလှသည်။

ဘုရားသခင် အလိုတော်အတိုင်းဟူ၍လည်း မယိုးလိုပါ။ ကံတရားအတိုင်းဟူ၍လည်း မဆုံးဖြတ်လိုတော့ပါ။ တိတ်ဆိတ်အေးခဲသော နေရာတစ်ခုတွင် ခရီးနှင်နေသော်လည်း အရွေ့မရှိဘဲ ရပ်တန့်နေသော မိန်းမ တစ်ယောက်သည် ထိုနေရာတစ်ခုတွင်ပင် သူမ၏ ကျန်ရှိနေသော နေ့ရက်တို့ကို နွေးထွေးမှုမဲ့စွာ၊ ခြောက်သွေ့အေးခဲစွာ ဖြတ်သန်းရင်း သူမ၏ နတ်သမီးပုံပြင် အိပ်မက်များကို အပိုင်းအစများအနေဖြင့် ခဏခဏ မက်နေဦးမည်သာ..။


ပျိုးယုဝသုန်
02:38:46AM
15-02-2013
Friday (YGN)

5 comments:

မိုးငွေ့........ said...

နတ်သမီးပုံပြင်လေးကို နားထောင်ရဦးမှာပေါ့

စံပယ်ချို said...

လူ့လောကတွင် သက်တမ်း၏ ထက်ဝက်မျှသော အချိန်ကာလတို့ကို တိတ်တဆိတ် သုံးစွဲပြီးခဲ့ပြီးဖြစ်သည်။
အင်း.....တူတူပါပဲဟယ်

နာကျင်မှုကို ညည်းညူ ခွင့်မရှိသော သူတစ်ယောက်သည် ယင်းတို့ကို ကျိတ်မှိတ်မျိုချရန်မှတပါး အခြားရွေးစရာ မရှိသည်မှာ အဆန်းတော့ မဟုတ်ပါ
တခါတလ အဲလိုလေးလဲခံစားဖူးတယ်
သတိတရရှိနေတဲ့ သူပါနော် ဆံပင် ok ပြီလား
ဂျက်က တင်္နလာနေ့ကိုသူတို့ပြန်ချိန်းထားတယ်
ပြန်လုပ်နေရတာ ၄လရှိနေပြီ ခုထိ မကောင်းသေးဘူးလေ
ပျိုးရေ စာရေးအရမ်းကောင်းတယ်
ဖတ်ပြီးတော့ မရှိတဲ့ ရီးစားကိုတောင်လွမ်းမိသလိုပဲ

ကိုကိုမောင်(ပန်းရနံ့) said...

စကားလုံးနဲ့ တွေ့ခေါ်ပုံလေးတွေ သဘောကျတယ်။ နာကျင်မှုကို ညည်းညူ ခွင့်မရှိသော သူတစ်ယောက်သည် ယင်းတို့ကို ကျိတ်မှိတ်မျိုချရန်မှတပါး တဲ့။ အရမ်း သဘောကျတယ်။ တိုက်ဆိုင်မှုတွေ ထပ်တူကျလို့လဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါနဲ့...
အခု ပို့စ်က နှစ်ခုကြီးတက်နေသလားလို့။ လက်လွန်သွားတယ် ထင်ပါရဲ့။

လရိပ်အိမ် said...

စိတ်နှလုံးတော့ နွမ်းလျနေတယ်။
ဒါပေမဲ့ နွေးထွေးတဲ့ရင်ခွင်တခုကိုလဲ တောင့်တရတာ မောပန်းနေပြီ။

မိုးနတ်ကြယ်စင် said...

မ ရေ...
မ စာတွေကတော့ ညလေးကို အမြဲလိုလို
ဆွဲဆောင်နိုင်စွမ်းရှိတယ်...မ အိမ်လေးမှာ
အသစ်ကလေးမြင်ရင်ဖြင့် မိမိုးနတ်တစ်ယောက်မှာ
အပြေးလာမဖတ်ပဲကို မနေနိုင်ဘူးရယ် :)))
မ ကိုအပြင်မှာ မြင်ဖူးချင်တယ်....
ခင်ခွင့်လဲ သိပ်ရချင်တာပဲ...
မ ဆံရှည်တွေလဲ မ နဲ့ထပ်တူ
နှမြောတသဖြစ်မိတယ်.....
ဒါပေမဲ့ ညလေးက ခုမှ အရှည်စထားနေတာ
ဆိုတော့ ညလေးကို စောင့်တာလို့ပဲ
သဘောထားလိုက်ပါ မ ရယ်...မဟုတ်ရင်
အဲ့ဆံပင်ရှည်တွေအတွက် မ တစ်ယောက်
အတော် ကြေကွဲနေရမှာ :P
ချစ်တဲ့...မိုးနတ်