Thursday, 7 February 2013

ကျွန်မနှုင့် မတူသော အမြင်များ






ပန်းချီဆရာကြီး Cees သည် ကျွန်မ၏ သင်ဆရာတစ်ဦးဖြစ်သည်။ သူသည် Netherlands နိုင်ငံဖွားဖြစ်ပြီး ဖြစ်ပြီး ကျွန်မတို့ နေထိုင်ရာ Brisbane တွင် သင်တန်းများ လာရောက်ဖွင့်လှစ်သော  နာမည်ရ ပန်းချီဆရာကြီးတစ်ဦးလည်း ဖြစ်သည်။ သူ့ကို ကျွန်မ၏ မိန်းကလေး သူငယ်ချင်း တစ်ဦး မိတ်ဆက်ပေးသဖြင့် သိခဲ့ရခြင်းဖြစ်သည်။ သူ၏ ဆွဲဟန်များသည်  ဥရောပနှင့် အနောက်နိုင်ငံများတွင် အတော်ပင် ရေပန်းစားကာ နာမည်ရလှသည်။


နှုတ်ခမ်းမွှေးကုတ်ကုတ်နှင့် ဆရာကြီးသည်  ပိန်ပိန်ပါးပါးနှင့် ရင်းနှီးဖော်ရွေသောသူလည်း ဖြစ်သည်။  သို့သော် သူသည် သူ၏ပညာနှင့် ပတ်သက်လျှင် မာန်မာန ကြီးသည်ဟု ကျွန်မကတော့ မြင်ပါသည်။ သူ၏သင်တန်းကျောင်းမှ တပည့်များကို သူ၏မူအတိုင်းသာ ဆွဲစေချင်သည်။ ခွဲဖယ်ထွက်လျှင်မူ မကြိုက်ပါ။ သူ၏တပည့်များ ဆွဲထားသော ပန်းချီ ကားချပ်များသည် ထိုဆရာကြီး၏ တပည့်ဖြစ်သည်ဟု သိနိုင်သော ပုံများသာဖြစ်သည်။


ပထမဦးဆုံး ကျွန်မနှင့် ကျွန်မသူငယ်ချင်းတို့ ထိုဆရာကြီး၏ သင်တန်းသို့ တက်ရောက် သောအခါ ဝယ်ယူရမည့် ပစ္စည်းများ စာရင်းကို ပေးပါသည်။ သူသည် ဈေးသက်သာသော ဆေးနှင့် စုတ်တံများ ၊ ပုံဆွဲစက္ကူများကို အသုံးမပြုရန် သိသိသာသာ တားမြစ်ထားသည်။ ဆေးဆိုလျှင် Art Spectrum သို့မဟုတ် Cotman မှလွဲ၍ အခြားသော ဆေးများကို သုံးခွင့် မပြုပါ။ ထိုဆေးများ၏ 10ml မျှလောက်သော ဆေးဗူးကလေးကို $9.00 ပေးရသည်။ အခြေခံ ၁၃ ရောင်လုံးဝယ်ရန် ပြောပါသည်။ ထိုအခါ ကျွန်မအိမ်တွင် ရှိပြီးသော ဆေးများ၊ စုတ်တံများမှာ ဆရာကြီးပြောသော အမည်မဟုတ်သဖြင့်  အသစ်ထပ်မံ ဝယ်ယူခဲ့ရသည်။ ထိုမျှမက စုတ်တံများနှင့် Sketch Pad ကိုလည်း သူပြောသော အမည်များကိုသာ ဝယ်ရသည်။ မှတစ်ပါး အခြားအမျိုးအစားများ မဝယ်ယူရန် သေသေချာချာ စာနှုင့်ပေနှင့် ပြန်ကြားထားသည်။ အကယ်၍ ထိုကဲ့သို့ ဈေးကြီးသောဆေးများကို မဝယ်နိုင်သော သူဆိုလျှင် သူ၏ သင်တန်းတွင် တက်ခွင့်မရပြီလော။


သင်တန်းတွင်းသို့ရောက်သောအခါ အရောင်အနုအရင့်၊ အနီးအဝေး၊ အစရှိသည်တို့ကို ရှင်းပြပြီး ရှုခင်းပုံ တစ်ပုံကို စတင်သင်ကြားပါသည်။ အရောင် အနုအရင့်နှင့် အနီးအဝေးကို ပြသသည့် ပုံမျိုးဖြစ်သည်။ သူသည် ထိုပန်းချီကားကို ၅မိနစ်မျှအတွင်း တောင်ကုန်း၊ တောတန်းနှင့် သစ်ပင်များကို Fountain Pen ဖြင့်  ရေးဆွဲသွားသည်။ ပုံတူမဟုတ်ဘဲ အခြေခံ အကြောင်းအရာများ ပါရမည်ဟုဆို၏။ ထို့နောက် ကျွန်မတို့လည်း ကိုယ့်စိတ်ကူးနှင့်ကိုယ် ရေးဆွဲခဲ့ကြသည်။


ထို့နောက် ဆရာကြီးသည် တပည့် တစ်ဦးချင်းဆီ၏ ပုံများကို လိုက်လံကြည့်ရှုသည်။ ထိုသင်တန်းတွင် ကျွန်မတို့ နှစ်ဦးမှအပ ကျန်တပည့်များမှာ ဆရာကြီး၏ ကာလကြာ တပည့်ဟောင်းများသာ ဖြစ်ကြသည်။ ကျွန်မတို့နှစ်ယောက်၏ ဆွဲလက်စများကို မြင်သော် ဆရာကြီးသည် အနည်းငယ် သို့မဟုတ် အတော်တန် စိတ်တိုသွားပုံရသည်။ ဆရာကြီးက Sketch ဖြင့် ဆွဲခိုင်းသည်။ ကျွန်မတို့နှစ်ယောက်က Shade ဖြင့် င်္အနုဆင်ကြသည်။ ထိုအခါ ဆရာကြီးက ကျွန်မတို့၏ပုံများကို ဖျက်ခိုင်းသည်။ သူပြောသည့် အခြေခံအတိုင်း ဆွဲရန် ထပ်ပြောသည်။ ကျွန်မတို့တစ်ဦးမျက်နှာတစ်ဦးကြည့်ပြီး ပြိုင်တူရယ်ကာ ဆွဲထားသော ပုံများကို ဖျက်ကြရသည်။ အမှန်တကယ်မှာ ကျေနပ်လှသည်တော့ မဟုတ်ကြပါ။


ကျွန်မနှင့် ကျွန်မသူငယ်ချင်းသည် ခဲခြစ်ရာ ထင်နေသော ပုံများကို မနှစ်သက်ကြပါ။ အရိုးထောင်နေသော သစ်ပင်အိုကြီးနှင့်တူသည်ဟုခံစားရသည်။ သို့သော် သင်တန်းထဲတွင်မူ ဆရာခိုင်သည့်အတိုင်းသာ လိုက်ဆွဲခဲ့လိုက်သည်။ ထို့နောက် ဆရာကြီးသည် Sketch ပေါ်တွင် အရောင်သွင်းပြသည်။ ထို့နောက် ကျွန်မတို့ နှစ်ဦးကို အဓိက အရောင်သုံးရောင်နှင့် ကြားအရောင်များကို မည်ကဲ့သို့ အသုံးပြုရမည်ကို  ပြောပါသည်။ ပြီးသော် သူပြသသည့်အတိုင်း ဆေးရောင်များ ရေးသွင်းရန်ခိုင်းပါသည်။ ထိုနေရာတွင် ကျွန်မတို့ အရှေ့တောင်ပိုင်းမှ လူများနှင့် အနောက်ပိုင်းမှ လူများ၏ လက်ခံမှု မတူညီသည်ကို တွေ့လာရသည်။ ဆရာကြီးနှင့် သူ၏ လက်ဟောင်းတပည့်များ သွင်းသော ဆေးရောင်မှာ ခြောက်သွေ့သော အသွင်ကို ဆောင်သည်။ မြေနီမှုန်များ၊ နီညိုရောင် မြေပြင်များ၊ စိုလက်မှုမရှိသော အစိမ်းရောင်များဖြင့် ဖုံးလွှမ်းနေသည်။ 


ပူနွေးသော မိုးများဒေသနှင့် အမြဲစိမ်းသစ်တောများကြားတွင် ကြီးပြင်းလာကြသော ကျွန်မတို့က စိုလက်သော အစိမ်းရောင်နှင့် စိုစွတ်သော မြေပြင်ကို ရေးဆွဲလိုကြသည်။ အဓိက အကြောင်းရင်းမှာ အနီးအဝေးကို အရောင်အနုအရင့်ဖြင့် ဖွဲ့စည်းရန် မဟုတ်ပါလား။ သို့ရာတွင် ဆရာက လက်မခံပါ။ မြေကြီးဆို သည်အရောင်၊ သစ်ရွက်ဆိုသည်အရောင်၊ အစရှိသဖြင့် ပုံသေနည်းများကို ပြောကြားလိုသည်။ ကျွန်မတို့နှစ်ယောက်စလုံးမှာ သိပ္ဗံ သမားများ ဖြစ်ကြသော်လည်း အနုပညာ အထူးသဖြင့် ပန်းချီကားတစ်ချပ်ကို ဖန်တီးရာတွင် ပုံသေနည်းများကို မနှစ်သက်ကြပါ။ ပုံသေနည်းဖြင့် သွားသောပုံများသည် ပုံသေနည်းထဲက မထွက်သော ပုံများသာ ဖြစ်ပါလိမ့်မည်။  ကျွန်မတို့ သည် realistic ကို လက်ခံပြီး realism ဖြစ်သော ဖန်တီးမှုများကို နှစ်သက် လက်ခံကြ သော်လည်း ပုံသေနည်းများ ကိန်းဝပ်နေသော ကားချပ်များကိုမူ အသက်ဝင်သည်ဟု မခံစားရပါ။ သို့သော် ဆရာ၏သင်တန်းတွင် ဆရာပြောသလိုရေးဆွဲပြီး မိမိအိမ်တွင် မိမိ နှစ်သက်သလို ရေးဆွဲကြသည်။


ကျွန်မတို့သည် စည်းကမ်းတင်းသော မိဘများလက်တွင်ကြီးပြင်းလာကြ ရသော်လည်း စည်းမျဉ်းများ၊ ကန့်သတ်ချက်များ၊ ပုံသေနည်းများကို မုန်းတီးကြသည်။  လူ့ပတ်ဝန်းကျင်မှ ပြဌာန်းထားသော အိုမင်းဟောင်နွမ်းသည့် ပုံသေနည်းများကိုလည်း ငြီးငွေ့ကြသည်။ အတွေး အခေါ် အယူအဆ အသစ်မရှိသော နေထိုင်မှုသည် အသေကောင် ကို အသက် သွင်းထားသည်နှင့် တူသည်ဟု မှတ်ယူသည်။ အမြင်ကျဉ်းမြောင်းမှုကို ရွံရှာသည်။ မွေးဖွားလာကြသော အသစ်အသစ်သော လူတို့သည် ရှေးရှေးလူတို့ ချမှတ်ထားခဲ့ကြသော ရှေးရိုးစွဲ ပုံသေနည်းများကို မျက်စိမှိတ် လက်ခံနေမည့်အစား အချိန်ကာလ၊ နေရာဒေသ အလိုက် သင့်လျော်၏၊ မသင့်လျော်၏ကို ဆင်ခြင်နိုင်ကြရမည်ဟု ယူဆသည်။ အသေရိုက်သွင်းထားသော ပုံသေနည်းသည် အဖြေမှန်ရရန် အကောင်းဆုံး နည်းလမ်း ဖြစ်သည်ဟု ကျွန်မ မယုံကြည်ပါ။ ကျွန်မတို့၏ ဦးနှောက်များသည် အသုံးပြုကြရန် ဖြစ်သည်။ များများအသုံးပြုလေ ကျန်းမာလေဖြစ်သည်ဟု ကျွန်မကတော့ ယူဆသည်။ မသွေးဘဲ ထက်ရှသော ဓားသည် ဤလောကတွင် ရှိနိုင်ပါမည်လား။ အခြေခံ အကြောင်းအရာတစ်ခု အပေါ်တွင် ဆင့်ပွား ဆင့်ပွား၍ တွေးတောနိုင်ရမည် မဟုတ်ပါလား။


စည်းမျဉ်းစည်းကမ်းများနှင့် ရေးခြယ်ထားသော အနုစိပ် ပန်ချီကားများကို ကျွန်မ နှစ်သက်ပါသည်။ ဖန်တီးနိုင်သောသူများကိုလည်း လေးစားမိသည်။ သို့သော် ကျွန်မတွင် ထိုသို့သော အရည်အချင်းများ မရှိပါ။ ကျွန်မ ဆွဲသော ရုပ်ပုံများတွင် ကျွန်မ၏ စိတ်ကို ထည့်ထားသည်။ ထို့ကြောင့် စည်းမျဉ်း စည်းဘောင်၏ အပြင်ဘက်တွင်ရောက်နေသည်က များ၏။ တောင်လေတိုက်၍ မြောက်ကိုယိမ်းရမည့်နေရာတွင် မြောက်အရပ်ကို မယိမ်ဘဲ အခြားအရပ်တစ်ခုခုကို  ယိမ်းကောင်းယိမ်းနေနိုင်သည်။ ဤသည်မှာ အနုပညာတစ်ရပ်ဟု ကျွန်မထင်မှတ်သည်။ ပုံတူကူးဆွဲခြင်းသည် ပုံတူကူးခြင်း သာဖြစ်၍ ကိုယ်ပိုင် ဖန်တီးမှု မပါဟု ခံစားရသည်။ ပုံတူပန်းချီကားများတွင် အနည်းငယ် လွဲချော်၍ ပန်းချီရေးဆွဲသူ၏ ဆွဲနေစဉ်တွင် ဖြစ်ပေါ်သည့်စိတ်ကို ထည့်သွင်း ဖန်တီးထားသော ကားချပ်များကိုမူ ကျွန်မ နာရီများစွာ ရပ်ကြည့်ငေးမော ဖူးသည်။


သို့ရာတွင် ဆရာကြီး၏ သင်တန်းကျောင်းတွင် ဆရာပြောသည့်အတိုင်း ရေးဆွဲပြီး ဆရာသင်ပေးသမျှကို ရနိုင်သမျှ ရအောင် ကြိုးစားသင်ယူပါသည်။ ဆရာကြီး၏ ပန်းချီကားများသည် ဥရောပနိုင်ငံများတွင် အဘယ့်ကြောင့် ရေပမ်းစားရသနည်း ဆိုတာကို စဉ်းစားရတာကို ကျွန်မ နှစ်သက်သည်။ ဆရာကြီး၏ သင်တန်းကို သွားရောက် သင်ယူခြင်းသည် ဆရာဖြစ်သူနှင့် အငြင်းပွားရန်ငြင်းခုန်ရန် မဟုတ်ပါ။ ဆရာများ၏ ပန်ချီတစ်ကားဖန်တီးစဉ် ထားသောစိတ်၊ ဆွဲဟန်၊ အရောင်တင်ဟန် တို့ကို နားလည်သိရှိရန်သာဖြစ်သည်။


ကျွန်မသည် အရာရာကို ငြင်းပယ် ကန့်ကွက်တတ်သော သူတစ်ယောက်မဟုတ်ပါ။ ဟောင်းနွမ်းနေသော သတ်မှတ်ချက်များကို မျက်စိမှိတ် လက်မခံလိုသူ၊ အခြေခံ အကြောင်းအရာတစ်ခုမှ ဆင့်ပွား ဖြစ်စဉ်များကို စိတ်ဝင်စား နှစ်သက်သူတစ်ယောက်သာ ဖြစ်ပါသည်။



ပျိုးယုဝသုန်
28-01-2013
Monday (BNE)

5 comments:

စံပယ်ချို said...

ပျိုးဆွဲတဲ့ပုံလေးတွေကြည့်ချင်တယ်

မိုးနတ်ကြယ်စင် said...

ဟုတ်တယ် မရေ.....
ညလေးလဲ မဆွဲတဲ့ပုံတွေကို သိပ်စိတ်ဝင်စားတယ်...
အခွင့်ရတဲ့အခါ အရင်တင်ပေးတဲ့ ပို့စ်လေးတွေလိုပဲ
စာမပါလဲ ပုံလေးတွေချည်းတင်ပေးအုံးနော် ချစ်မ :)
သတိတရရှိနေပါတယ်....
ချစ်တဲ့.....မိုးနတ်

Aung Htut said...

ဖတ်ရင်း ဖတ်ရင်းနဲ့ကို စိတ်ဝင်စားလာသဗျား... ပန်းချီကားလေးများ အခွင့်ရရင် ကြည့်ချင်လှပါဘိ ခင်ဗျာ

မိုးငွေ့........ said...

ရေးထားတာလေးကောင်းလိုက်တာ...။ လူဆိုတာ အဟောင်းထဲကထွက် အမြဲတမ်းအသစ်သစ်ဖြစ်ချင်နေတာမျိုးမှလေ..။

ဝေမိုးနိုင်(မုံရွာ) said...

ကျွန်မသည် အရာရာကို ငြင်းပယ် ကန့်ကွက်တတ်သော သူတစ်ယောက်မဟုတ်ပါ။ ဟောင်းနွမ်းနေသော သတ်မှတ်ချက်များကို မျက်စိမှိတ် လက်မခံလိုသူ၊ အခြေခံ အကြောင်းအရာတစ်ခုမှ ဆင့်ပွား ဖြစ်စဉ်များကို စိတ်ဝင်စား နှစ်သက်သူတစ်ယောက်သာ ဖြစ်ပါသည်။