Sunday 3 February 2013

စကားလုံးကောင်းကင်အောက်မှာ...





တကယ်တော့ အွန်လိုင်း လူမှုကွန်ယက်ဆိုတာ စိတ်ကို အစာကျွေးတဲ့ နေရာတွေပါ။ ဒီမှာ ကိုယ်ဘာကို အာသီသဖြစ်သလဲ.. အကုန်ရှာလို့ရတယ်။ ဒါပေမယ့် ရတဲ့အရာတွေက အစစ်အမှန်ဖြစ်ဖို့တော့ ရာခိုင်နှုန်းနည်းတာပေါ့။ ထင်ပေါ်ကျော်ကြား လူသိများချင်လည်း လွယ်တယ်။ ဘာမှမသိ မတတ်ဘဲလည်း ပညာရှင်တစ်ယောက် ဖြစ်နေနိုင်တယ်။ ဖွတဲ့သူတွေကလည်း ဖွကြတယ်။ ရွစိ ရွစိနဲ့ နောက်က ပါတဲ့သူတွေကလည်း ပါကြတယ်။ မျိုးချစ်သူရဲကောင်းတွေလည်း အများကြီး တွေ့မြင်နိုင်တယ်။ အတုအယောင်တွေကို အစစ်အမှန်လို့ ထင်ရလောက်အောင် လည်း လှည့်စားမှုတွေ များလှတယ်..။


ကဗျာလေး စာလေးရေးရင်း ကျွန်မလည်း ပိုးဖလံလို မီးရောင်ကို စိန်ရောင်ရွှေရောင် ထင်မှတ်ပြီး တိုးခဲ့ဖူးတယ်။ စားလည်းဒီရှေ့၊ အိပ်လည်း ဒီရှေ့ နဲ့ တွယ်မိတွယ်ရာ တွယ်တာနေခဲ့တယ်။ တကယ့်မိတ်ဆွေစစ်အချို့ကိုလည်း ရရှိခဲ့တာကိုး..။ တစ်ယောက်တည်းဖြစ်နေတဲ့ကာလတွေမှာ အွန်လိုင်း လူမှုကွန်ယက်တွေက စိတ်ပင်ပန်းမှုကို ပြေပျောက်စေတယ်လို့ ထင်မှတ်ခဲ့တယ်။ အစစ်အမှန်ရော အတုအယောင်ပါ ရောနှောနေတဲ့ သတင်းတွေ၊ လူမှုဆက်ဆံရေးတွေ ကြားမှာ စီးမြောပြီး ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာ ရမှန်မသိ ရလာတာကို သတိမမူခဲ့မိဘူး။


ဒီလိုနဲ့ သတိထားမိလာတဲ့အချိန်မှာ online ပေါ်မှာကိုယ့်ရဲ့ အချိန်ကုန်ခံမှုတွေကို လျော့ဖို့ ဆုံးဖြတ်ခဲ့တယ်။ အပြီးတိုင်ကိုယ့် Account ကို ကိုယ် ဖျက်သိမ်းဖို့တော့ မရည်ရွယ်ပါဘူး။ ကျွန်မတို့လို သူများအိမ်ကို ကိုယ့်အိမ်လုပ်နေရတဲ့ သူတွေအတွက် ဒီလို လူမှုကွန်ယက်တွေက လိုအပ်ပါတယ်။ ယခင်လို ကွန်ပျူတာရှေ့မှာ  စကားပြောဖို့၊ တက်လာသမျှ ဟုတ်တာရော မဟုတ်တာရောတွေကို ဖတ်ဖို့ နာရီပေါင်းများစွာ ငုတ်တုတ်ထိုင်ကြည့်နေတဲ့ကာလတွေက ပြီးဆုံးသင့်ပြီလို့လည်း ဆုံးဖြတ်မိတယ်။ ဒီတော့ ကွန်ပျူတာရှေ့ထိုင်တဲ့ အချိန်တွေကို လမ်းလျောက်ခြင်း၊ ရေကူးခြင်း၊ တင်းနစ်ရိုက်ခြင်း၊ သစ်ပင်စိုက်ခြင်း စတဲ့ Activity တွေနဲ့ အစားထိုးလိုက်တယ်။ မိတ်ဆွေတွေနဲ့ တစ်နေ့ကို နာရီဝက် တစ်နာရီလောက်ထက် ပိုပြီး မတွေ့ဖြစ်တော့ဘူး။


တကယ်တော့လည်း ကိုယ့်လမ်းပေါ်ကိုယ်လျောက်ရင်း ခလုတ်တိုက်လို့လဲရင်ဖြစ်ဖြစ် ကိုယ်ထူမှပဲ ကိုယ်ထနိုင်ခဲ့ရတာပါ။ သူတပါးရဲ့  ကူညီထူမမှု၊ အားပေးမှုကလေးများ ရမလားလို့ လူသားပီပီ မျှော်လင့်မိပေမယ့် မဖြစ်နိုင်မှန်းသိတဲ့အချိန်မှာ လဲကျရင်း၊ ပြန်ထရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် အားပေးပြီး နေတတ်ခဲ့ပြီ။


ရေးစရာရှိရင် ရေးတင်လိုက်၊ မျှဝေစရာရှိရင် မျှဝေလိုက်၊ မှတ်သားစရာတွေ့ရင် မှတ်သားလိုက်နဲ့ နေတတ်အောင်နေလိုက်တဲ့ အခါမှာ နောက်တော့လည်း နေသားကျသွားတာပါပဲ။


စကားလုံးတွေနဲ့ပြည့်နှက်နေတဲ့ ကောင်းကင်အောက်မှာ ကျွန်မလည်း သူလို ကိုယ်လိုပဲ လမ်းလျောက်ခဲ့ပါတယ်။ ဒါပေမယ့် စကားလုံးတွေကို ကာကွယ်ဖို့တော့ ကျွန်မ ထီးကလေး တစ်လက် ဆောင်ထားတယ်။ စကားလုံးကောင်းကင်အောက်မှာ လျောက်ရင်း စိတ်၊ စေတသိက်ကို တတိတိတိုက်စားမယ့် စကားလုံးတွေ ကြွေကျလာတိုင်း ထီးကလေးကို ဆောင်းလို့ပေါ့..။



ပျိုးယုဝသုန်
10-12-2012
Monday (BNE)

5 comments:

စံပယ်ချို said...

ဟုတ်တယ်ပျိုးရေ
တခါတလ ချဲ့ကားတဲ့သတင်းတွေလဲပါရဲ့
အတင်းတွေလဲပါရဲ့
အဲတာတွေများလာတဲ့အခါကြပြန်တော့
ကိုယ့်စိတ်ကိုအပန်းမပြေစေပဲ
နှလုံးထတယ် သွေးတိုးတယ်
(ဂျက်လဲ စကားလုံးတွေထွက်လာတိုင်း စာအုပ်လေးတအုပ်မှာ
ချ ချရေးတတ်တဲ့အကျင့်လေးလုပ်ထားတယ်)
ပျိုးကတော့ ထီးကလေးနဲ့ပေါ့နော်...

မိုးနတ်ကြယ်စင် said...

မရေ....ဟုတ်တယ်နော် မပြောတာ...
မိုးနတ်ကတော့ အဲလောက်ထိ ထိုးနှက်ချက်တွေ
ခံရသေးဘူးးးးးးးး ၀ါကလဲ နုသေးတာကိုးးးးးးးးးးး
နောက်ဆိုရင်တော့ မပြောတတ်ဘူးးးးးးးးး
ဘာပဲဖြစ်ဖြစ် ကွန်ပြူတာရှေ့မှာ ကြာကြာထိုင်တာတော့
မကောင်းတာ အမှန်ပဲ....ဒါပေသိ အိမ်မလည်
သတင်းမဖတ်ပဲလဲ မနေနိုင်ဘူးမရေ...အမေပြောသလို
လေ့ကျင့်ခန်းလဲ ပျက်လို့ကမဖြစ်ဘူးးးးးးးးးးး
အရေးကြီးတယ်..ကျန်းမာရေးကတော့ အရေးကြီးဆုံးပါပဲ...:)))
ချစ်တဲ့....မိုးနတ်

သူကြီးမင်း (တုံးဖလား) said...

ခုထက်ထိတော့ ထီးမဆောင်ထားရသေးဘူး။ ဒါပေမဲ့ အရေးပေါ် အသုံးပြုရအောင် ခမောက်တစ်ချပ်တော့ နံရံမှာ ချိတ်ထားတယ်။း)

San San Htun said...

ကိုယ်လည်း ထီးဆောင်ထားတယ်..း)

leh said...

Fantastic !! love ur expression .......