Thursday, 24 January 2013

မြစ်တစ်စင်း၏ စာမျက်နှာများ



မြစ်တစ်စင်း၏ စာမျက်နှာများ


ANADA VILLA  (အနန္တ ဗီလာ)


နံနက် ၁၀ နာရီ အချိန်၏ နေရောင်သည် စူးရဲမှု နည်းပါးနေသည်။ တိမ်ရိပ်ခိုနေသော နေ သည် သူ၏ စူးရှမှုကို သိုဝှက်ကာ အပူရှိန်လျော့နည်းသော အလင်းရောင်တန်းများကိုသာ ဖြန့်ခင်းထားသည်။


ဗီလာထဲကို ကားချိုးဝင်လာသည်အထိ သူ၏စိတ်မှာ မသေချာမှုနှင့် မရေရာမှုများ တွဲဆက်လျက်ပင် ရှိနေသေးသည်။ ဤနေရာ ဤဒေသကို သူမရောက်ဖြစ်တာ အချိန်တော်တော်ကြာပြီမှန်း သူသေသေချာချာလည်း သိနေသေးသည်။ ယခင် တချိန်တုန်းကတော့ ဒီနေရာလေးကို သူကိုယ်တိုင် နှစ်သက်သည့်စိတ်ဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး သူကိုယ်တိုင်ပင် ကျောခိုင်းခဲ့သည့် နေရာလည်း ဖြစ်သည်။ လမ်းဘေးတစ်ချက်စီတွင် ကျောက်တုံးများအစီအရီ စီတန်းကာ ဘောင်ခတ်ထားပြီး အုန်းထန်းပင်များကို ဝဲ၊ယာ တစ်ဖက်စီတွင် အတန်းလိုက် စိုက်ထားသဖြင့် ဤလမ်းလေးထဲသို့ ဝင်စမှာပင် အေးချမ်းမှုကို ရရှိခဲ့သည်။


လုံးချင်း တစ်ထပ်တိုက်ပြားလေးများကို ခပ်ခွါခွါ ဆောက်ထားသော ထို ဗီလာထဲတွင် အိမ်ခြေ များများစားစား သိပ်မရှိပါ။ အိမ်ပတ်လည်တွင် မြေနေရာအပိုများပါရှိပြီး သစ်ပင်ပန်းပင်စိုက်ရန် ဝါသနာပါပါက စိုက်ပျိုးနိုင်သော အနေအထားမျိုးဖြစ်သည်။


“အိမ်အမှတ် ၁၈”

အိမ်ရှေ့အရောက်တွင် ကားကို အရှိန်လျော့၍ အချိန်တော်တော်ကြာက ရှိနေခဲ့သော အဝေထိန်းခလုပ်နှင့် အိမ်ဘေးတွင် တွဲလျက်ရှိသော ကားဂိုထောင်တံခါးကို လှမ်းဖွင့်လိုက်သည်။ ပွင့်မလာပါ။

“ဖြစ်သင့်ပါတယ်လေ..”

မည်သူ့ကိုမျှ ရည်ရွယ်ပြောသည်မဟုတ်သည့် စကားတစ်ခွန်းကို နှုတ်က တီးတိုးရေရွတ်ရင်း ကားကို အိမ်နှင့် မလှမ်းမကမ်း ရှိ ရပ်ရန်အဆင်ပြေသောနေရာတွင် ရပ်လိုက်ပြီး ပိုက်ဆံအိတ်၊ ဖုန်းနှုင့် ကားသော့ကို ယူကာ အမှတ်-၁၈ ရှိရာသို့ လမ်းလျောက်လာခဲ့သည်။


အိမ်ရှေ့တွင် ကြွေပန်းရောင်စုံများ လှပစွာ ပွင့်နေသည်။ ယုဇနပန်းပင်ကို ခြုံဖြစ်အောင် ပြုပြင်ထားပြီး ညီညီညာညာ ဖြတ်တောက်ထားသည်။ ထိုယုဇနခြုံတွင် ယုဇနပန်း ဖြူဖြူများပွင့်နေပြီး လေတစ်ချက်ချက် အဝေ့တွင် သင်းပျံ့သော ပန်းနံ့သည် ပတ်ဝန်းကျင်ကို အလှဆင်လျက်ရှိသည်။ နှစ်ဆင့်သာရှိသော အုတ်လှေခါးလေးပေါ် ခြေချမိချိန်တွင် လှေခါးထိပ် တစ်ဘက်တစ်ချက်စီ၌ ပိုက်ဆံပင်ဟု လွယ်လွယ်ခေါ်သော အလှဆင် ရွက်ကျပင်ပေါက်များကို စဥ့်အိုးညိုဝါဝါ များဖြင့် စိုက်ပျိုးထားသည်ကို သတိထားမိသည်။ ဂရုတစ်စိုက်နှင့် ပြုစုထားသည်မှန်း သိသာစွာပင် အပင်တို့သည် စိမ်းမြကာ လတ်ဆတ်တောက်ပနေသည်။


အိမ်အဝင်တံခါးမတွင် တပ်ဆင်ထားသော စက်ခလုပ်အနက်ရောင်လေးသည်လည်း ယခင်အတိုင်းပင် ဖြစ်သည်။ လျပ်စစ်ခေါင်းလောင်းကို အသာ နှိပ်လိုက်ချိန်တွင် ထွက်ပေါ်လာသော အသံသည် ယခင်ကြားနေခဲ့ဖူးသော Metro တီးလုံးသံကလေးပင်။ သုံးခါမျှ အချိန်ခြားပြီး နှိပ်ကြည့်သော်လည်း တံခါးပွင့်မလာသောကြောင့် လှည့်ပြန်မည်ဟု ကျောခိုင်းပြီးကာမှ မှတ်ဉာဏ်တွင် ကျန်ရှိနေသော ကုဒ်နံပါတ် ဂဏန်း၆လုံးကို စက်ခလုတ်၏ မျက်နှာပြင်တွင် ရှိနေသော နံပါတ်များပေါ်တွင် အသာနှိပ်ကြည့်မိသည်။


“ဘုရားရေ ..”


မျှော်လင့်မထားပဲ တံခါးသည်ပွင့်သွားခဲ့သည်။ တံခါးကို အသာလှပ်၍ ဝင်ကြည့်ချိန်တွင် ဒုတိယ တံခါးတစ်ချပ်သည် မျှော်လင့်ထားသည့်အတိုင်း ပိတ်လျက်ပင်။


“ဘယ်သွားသွား သော့ကို ကိုယ်နဲ့ပါအောင်ယူဖို့ စိတ်ကို မကူးဘူး။ အရေးတခုခုဆို ဖွင့်လို့ရအောင် ပိုက်ဆံအိတ်ထဲက ဇစ်အိတ်လေးထဲမှာ ထည့်ပေးထားတယ်..။ ”


သူသည် အသံတချို့ကို ပြန်သတိရမိရင်း ကိုင်ထားသည့် ပိုက်ဆံအိတ်ကို ဖွင့်ကာ အတွင်းမှ ဇစ်အိတ်ကလေးစမ်းကြည့်လိုက်သည်။ မထင်မှတ်စွာပင် မာကျောသော အရာတစ်ခုကို စမ်းမိသည်။ ထိုအရာသည် ဤအိမ်တံခါး၏ သော့မှ တစ်ပါး အခြားမဖြစ်နိုင်။


xxxx  xxxx  xxxx


အိမ်အတွင်းသို့ရောက်သော် တံခါးကို ပြန်ပိတ်လိုက်ရင်း စီးထားသော ဖိနပ်ကို ချွတ်လိုက်ကာ တံခါးနှစ်ခုကြားတွင်ရှိနေသော ဖိနပ်စင်၏ ဘေးတွင် ထားလိုက်သည်။ ဖိနပ်စင်ပေါ်တွင် လမ်းလျောက်ဖိနပ်တစ်ရံ၊ အစိမ်းရင့်ရောင်ကတ္တီပါခင်းထားသော သည်းကြိုးသေးဖိနပ်တစ်ရံ၊ ခုံမြင့်ဖိနပ်နှစ်ရံကို စီစီရီရီ တင်ထားသည်။ ထိုဖိနပ်တို့အပေါ်တွင် ဖုံတစ်စက်မျှ ရှိမနေခြင်းသည် ယခင် မြင်တွေ့ခဲ့ဖူးသော မြင်ကွင်းများအတိုင်းပင်ဖြစ်သည်။


အိမ်တွင်းသို့ အိမ်ရှင်ခွင့်ပြုချက်မရှိပဲ ဝင်ခြင်းသည် ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်း သူကောင်းကောင်းကြီး သိသည်။ သို့သော် “သူမသည် သူ့ကို မည်သို့သောအခါမှ ထိခိုက်နာကျင်အောင် မလုပ်” ဆိုသောအသိသည် သူ့ကို အိမ်တွင်းသို့ ဝင်ရောက်ရန် တွန်းအားပေးလျက် ရှိသည်။ မမျှော်လင့်ဘဲ သူ့ကို တွေ့ရလျှင် သူမ မည်သို့ တုံ့ပြန်မည်နည်း။ ဒေါသတကြီးလည်း အော်ဟစ်မောင်းထုတ်ကောင်း မောင်းထုတ်နိုင်သည်။ သို့တည်းမဟုတ် ငိုကြွေးကောင်း ငိုကြွေးနိုင်သည်။


ဧည့်ခန်းသည် မီးခိုးရင့်ရောင် ဆက်တီများဖြင့် သပ်ရပ်လျက်ပင်။ ဧည့်ခန်းထောင့် တစ်ဖက်တစ်ချက်တွင်မူ ကြွေအိုးအစိမ်းရင့်ရောင်အတွင်း ထည့်စိုက်ထားသည့် စိမ်းဝါရောင် အရွက်တွေဖြင့် လှပနေသော အိမ်တွင်းစိုက် သစ်ပင်နှစ်ပင်သည် တစ်မီတာခန့် အမြင့်သို့ပင် ရောက်နေခဲ့ပြီ။ ထိုအပင်တို့၏ အမည်ကို သူမ သုံးခါထက်မနည်း ပြောပြဖူးသော်လည်း သူမမှတ်မိပါ။  တီဗီစင်အောက်တွင် ကြည့်လက်စဟု ထင်ရသော ဓါတ်ပြားဖုံးကို ကြည့်မိတော့  မင်းသမီး Vivien Leigh နှင့် မင်းသား Clark Gable တို့ ပါဝင် သရုပ်ဆောင်ထားသည့် Gone With the Wind ဖြစ်နေသည်ကို တွေ့ရသည်။ သူမသည် ဂန္တဝင်ရုပ်ရှင်များကို နှစ်သက်နေဆဲ၊ ထပ်ခါ ထပ်ခါ ပြန်ကြည့်နေဆဲ ဖြစ်ပြီး Collection Series များကိုလည်း ဝယ်ယူစုဆောင်းဆဲ ဖြစ်သည်ကို တွေးမိပြီး ပြုံးဖြစ်သည်။ ဆက်တီရှေ့ရှိ စားပွဲပေါ်တွင် ချထားသော ဝိသုဒ္ဓိမဂ် ဟူသည့်စာအုပ်နှင့် ပါဠိ-မြန်မာ အဘိဓါန်ကို တွေ့သည်။

မီးဖိုနှုင့် ထမင်းစားခန်းသည် ယခင်မြင်ဖူးသောမြင်ကွင်းထက် ပိုမိုကာ ရှင်းလင်နေသည်။ စကျင်ကျောက်သားဖြင့် ပြုလုပ်ထားသော လေးယောက်စား လေးထောင့်ထမင်းပွဲထက်တွင် အနက်ရောင် ရေနွေးဓါတ်ဗူးကလေးသည် မှောက်ထားသော ရေနွေးခွက်လေးခွက်နှုင့်တူ အစိမ်းရောင်ဖန်ဗန်းလေးထဲတွင် ရှိနေဆဲပင်။ ထူးပြီးပိုလာသည့် အရာဆိုလို့ တိရိစ္တာန်ခေါင်းပုံ အိုးလေးများ၊ လူရိုင်းခေါင်းပုံအိုးလေးများတွင် ထည့်စိုက်ထားသည့် မြက်လိုလို၊ စပါးပင်လိုလို အပင်လေးများသာဖြစ်သည်။ ထိုအပင်လေးများကို မီးဖိုခန်း၏ ပြတင်းပေါက်ဘောင်တွင် လည်းကောင်း၊ စင်လေးများပေါ်တွင်လည်းကောင်း တွေ့ရသည်။ ကြည့်ရသည်မှာ ဆံပင်ပေါက်နေသော တိရိစ္ဆာန်လေးများ၊ လူရိုင်းကလေးများနှုင့်ပင်တူသေးသည်။ ထမင်းစားခန်းထောင့်မှ အပင်လေး၏ အရွက်ရှည်ရှည်များကို သူ အသာအယာ ကိုင်ကြည့်လိုက်သည်။ ထင်မှတ်ထားသလို မာကျော ကြမ်းရှမှုကို မရပဲ နူးညံ့အေးမြသည့် အတွေ့ကိုရသည်။


xxxx  xxxx  xxxx


“အစ်ကို  ရောက်နေတာလား..”


တံခါးဖွင့်သံနှင့်အတူ ရုတ်တရက်ကြားလိုက်ရသော အသံကြောင့် သူရုတ်တရက် လန့်သွားသည်။ အသံပိုင်ရှင်ကိုမူ မတွေ့ရသေးပေ။ သူဧည့်ခန်းသို့ ရောက်ချိန်တွင် သူမသည် ချွတ်ပြီးသော သူမ၏ ဖိနပ်ကို ဖိနပ်စင်ပေါ်တွင် တင်နေသည်။ သူမ၏ နှုတ်ဆက်သံတွင် အံ့သြမှုပါ-မပါ ကို သူမခွဲခြားတတ်ပါ။ သို့သော် အပြင်မှ ပြန်ရောက်နေပြီးသော မိသားစုဝင် တစ်ယောက်ကို နောက်ကျမှ ပြန်ရောက်လာသူက ပုံမှန် နှုတ်ဆက်သည့် ပုံမျိုးပင်ဖြစ်သည်။ ယခင်က နှုတ်ဆက်သည့် “အစ်ကို ပြန်ရောက်နေပြီလား..” ဟူသည့်စကားနှင့် အနည်းငယ်မျှ ကွဲလွဲသော်လည်း လေယူလေသိမ်းမှာ အတူတူပင်ဖြစ်သည်။ သူမအိမ်ထဲဝင်လာချိန်တွင် သူ သည် ဧည့်ခန်းထဲရှိ ဆက်တီတစ်လုံးတွင် ထိုင်လိုက်သည်။


“ဟုတ်တယ် .. မကြာသေးပါဘူး.. ၁၅မိနစ် လောက်တော့ရှိပြီ..”

သူ၏ အဖြေစကားကို “ဟုတ်လား .. ခဏနော် ..” ဟု ပြန်ပြောကာ သူမ၏ လက်ကိုင်အိတ်နှင့် လက်တွင် ကိုင်ဆွဲလာသော လက်ဆွဲအိတ်ကလေးကို သူမ၏ အခန်းတွင်းသို့ သွားထားလိုက်သည်။

အစ်ကို ဘာသောက်မလဲ.. အိမ်မှာတော့ သစ်သီးဖျော်ရည်တွေပဲရှိတယ်.. ”

“ဒါဆို  သခွါးမွှေးသောက်မယ်..”

“အင်း .. ဖျော်လိုက်မယ်လေ.. ရှိတယ်” 


ဟုဆိုကာ မီးဖိုခန်းထဲသို့ ဝင်သွားသည်။ သူရောက်ရှိလာခြင်းအတွက် စိတ်အနှောက်အယှက်ဖြစ်ဟန်၊ ဝမ်းသာဟန် တစ်ခုမျှ သူမ၏ မျက်နှာတွင် မတွေ့ရပါ။ သူလည်း သူမနောက်မှ လိုက်သွားကာ ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သည်။ သူမသည် သခွါးမွှေးသီးကို ခွဲ၍ အတုံးလေးများ တုံးကာ ဖျော်ရည်စက်ထဲသို့ ထည့်ဖျော်နေသည်။ သူ့ကိုမူ ဘာမှ ထပ်မမေးသလို ဘာမှလည်း ထပ်မပြောပေ။ ရလာသော ဖျော်ရည်များကို ဖန်ခွက် အရှည် နှစ်ခွက်တွင် ထည့်သည်။ ဖန်ခွက်တစ်ခွက်တွင် သကြားသုံးဇွန်းနှုင့် ရေခဲ သုံးလေးတုံးကို ထပ်ထည့်ကာ ဇွန်းဖြင့် အသာမွှေရင်း သူ့ရှေ့တွင် လာချပေးသည်။ ဖျော်ရည်မှ အပ အခြား ဘာမှထည့်မထားသော ခွက်ကိုမူ သူ၏ မျက်နှာချင်းဆိုင် ခုံရှေ့တွင်ချကာ အသာဝင်ထိုင်သည်။


“အိမ် တံခါးသော့နံပါတ်တွေ ၊ သော့တွေ ဘာလို့ မပြောင်းတာလဲ  မေခင်”

“ပြောင်းဖို့လိုတယ်လို့ အစ်ကိုက ထင်လို့လား။ ဒီကုဒ်နံပါတ်နဲ့ အိမ်သော့ရှိတာ ဒီလောကမှာ လူနှစ်ယောက်ပဲ ရှိတယ်။ ပြောင်းဖို့ လိုအပ်တယ်ဆို ကျွန်မ ပြောင်းလိုက်မှာပါ။ သော့တွေကတော့ မလိုအပ်ပဲပြောင်းရင် ကုန်ကျစရိတ်က ရှိသေးတယ်..။ ဒါတောင် ကားဂိုထောင်တံခါးက Remote နဲ့ အဖွင့်အပိတ် လုပ်လို့မရတော့လို့ Control System တစ်ခုလုံး လဲလိုက်ရသေးတယ်..၊ ပြီးတော့  အစ်ကိုလည်း ကျွန်မကို အန္တရာယ်ပေးမယ့်သူ တစ်ယောက် မဟုတ်ဘူးလို့ ထင်တယ်လေ။ ဒါကြောင့် မပြောင်းဖြစ်တာပါ..”


သူ့မေးခွန်းကို သူမသည် ရှေ့တွင်ရှိသော ဖျော်ရည်ကို တစ်ငုံသောက်လိုက်ရင်း အေးဆေးစွာ ပြန်ပြောသည်။ သူ မျှော်လင့်ထားသည့် တုံ့ပြန်မှုမျိုး တစ်ခုမျှ သူမထံမှ မရရှိပါ။


“မေခင် ဒီနေ့ အလုပ်မသွားဘူးလား ..”

“သွားပါတယ်..၊ ဒီနေ့ အချိန်ပိုင်း ဝင်လုပ်နေတဲ့ အလုပ်က သွားစရာ မလိုဘူးဆိုတော့ လက်ခစား လုပ်နေတဲ့ သူတွေဆီကို မနက်စောစောပိုင်းက သွားပြီး လိုတဲ့ ပစ္စည်းတွေ ဝင်ပို့ခဲ့တယ်..၊ ပြီးတော့ လိုနေတဲ့ ပုတီးစေ့တွေ ကို ဈေးမှာ သွားဝယ်ပြီး အိမ်ပြန်လာတာ၊ တနေ့က စိတ်ကူးရထားတဲ့ လည်ဆွဲပုံစံ အသစ်လေးကို ပုံစံထုတ်ဖို့လေ..”

“အချိန်ပိုင်း အလုပ် ဟုတ်လား..၊ ဘယ်မှာ လုပ်နေတာလဲ.. နောက်ပြီးတော့ရော .. ဘာတွေလုပ်သေးလဲ”

“ပတ်ဝန်းကျင် နှင့် သဘာဝ ပြုပြင်ထိန်းသိမ်းရေး အဖွဲ့ မှာပါ..၊ ပြီးတော့ Handmade Fancy Jewelry တွေလုပ်တယ်။ ပြီးတော့ ပြန်ဖြန့်တယ်လေ .. လွန်ခဲ့တဲ့ ၆လလောက်ကတော့ Handmade Fancy Jewelry လုပ်နည်း စာအုပ်လေး ထုတ်ဖြစ်တယ်။ အစ်ကိုတို့တော့ သိမှာ မဟုတ်ပါဘူး။ ဒါ အစ်ကို စိတ်ဝင်စားတဲ့ အလုပ်မှ မဟုတ်တာ”

“သြော် ..”


သူ့အမေးကို ပြန်ဖြေရင်း သူမသည် ထိုင်နေရာမှ ထသွားပြီး နဂါးမောက်သီး အနီရောင်တစ်လုံးကို ခွဲနေသည်။ သူသည်လည်း သူ့ရှေ့ရှိ သခွါးမွှေးဖျော်ရည်ကို ငုံ့သောက်လိုက်သည်။ ခဏကြာသော် ကြက်သွေးရောင် နဂါးမောက်သီး အတုံးကလေးများ ထည့်ထားသော ဖန်ပန်းကန်လေးကို စာပွဲအလည်တွင် ချထားပေးလာသည်။


“စားပါအစ်ကို.. အနီရောင်အသီးက တခါတလေမှ ရတာ..”

“မေခင် အဆင်ပြေရဲ့လား”

“အစ်ကို အဆင်ပြေရဲ့လား”


မေးခွန်းနှစ်ခု ကို တချိန်တည်း မေးမိချိန်တွင် နှစ်ယောက်သား ပြုံးမိရသေးသည်။


“ကိုယ် အဆင်ပြေပါတယ်။ မေခင့်ကို လည်း ဒီဘက် တစ်လ နှစ်လ လောက်မှာ သတိရမိနေတာလေ။ အဆင်မှပြေရဲ့လားလို့။ ဖုန်းဆက်ဖို့ကလည်း အရင်ဖုန်းကို လဲလိုက်တော့ ဖုန်းနံပတ်တချို့ ပျောက်ကုန်လို့ ..၊ ဟိုတလောက မေခင့်သူငယ်ချင်း တစ်ယောက်နဲ့တွေ့တော့ နေမကောင်းဘူးလည်း ကြားတယ်၊ အခု ဘယ်လိုနေသေးလဲ..”

သူမသည် စားပွဲပေါ်တွင် တင်ထားသော သူ၏ Black Barry ဖုန်းကို ကြည့်လိုက်ပြီး အသာပြုံးလိုက်သည်။ သူမ၏ အပြုံးအတွက် သူ အနည်းငယ်တော့ မသက်မသာ ခံစားရသည်မှာ အမှန်ပင်။ သူမ၏ ဖုန်းနံပါတ် ပျောက်ရှခြင်းအပေါ် သံသယရှိသည် ဆိုသည်ကို သူမ အပြုံးအရ သူနားလည် ခဲ့သည်။

“ကျွန်မ နေကောင်းပါပြီ၊ အဆင်လည်းပြေပါတယ် အစ်ကို၊ အစ်ကို့ အလုပ်တွေလည်း အောင်မြင်တယ်ဆိုတာ ကျွန်မ ကြားပါတယ်။ ပြီးတော့ အစ်ကို့ကောင်မလေးနဲ့လည်း တော်တော် အဆင်ပြေတယ်ဆိုတာရယ် အစ်ကို့အလုပ်ထဲမှာ သူလည်း ဝင်လုပ်နေတယ် ဆိုတာ ကြားပါတယ်..”

“မေခင်ရော..တစ်ယောက်ထဲပဲလား၊ Boyfriend ရနေပြီဆို.. ဘယ်ကလဲ..”

“ဒီကတော့ မဟုတ်ပါဘူး။ တခြားတစ်မြို့ကပါ .. ၊ အနေဝေးတာရယ် ခံယူချက်နဲ့ ယုံကြည်မှု မတူတာရယ်နဲ့ သိပ်မကြာခင်မှာပဲ ကိုယ့်လမ်းကိုယ်လျောက် သူ့လမ်းသူလျောက် ဖြစ်သွားတာပေါ့..”


ပြောပြီးသူမသည် ဖန်ခွက်ထဲမှ လက်ကျန် ဖျော်ရည်ကို မော့သောက်လိုက်သည်။ သူမ သိသိသာသာ ပိန်သွယ်သွားသည်ကို သတိထားမိသည်။ ယခင် သူမ၏ လက်ကောက်ဝတ်နှင့်အတိဖြစ်နေသော သူမ၏ နာရီသည် သိသာစွာပင် ချောင်လျက် ရှိသည်။

“မေခင်  ပိန်သွားတယ်..၊ နေမကောင်းလို့လား၊ စိတ်ဖိစီးမှုတွေ များလို့လား”

“အသက်က တဖြည်းဖြည်း ကြီးလာပြီ အစ်ကိုရဲ့ .. အစားအသောက်၊ အနေအထိုင် သတိထားနိုင်မှ တော်ကာကျမယ် မဟုတ်လား..။ စိတ်ဖိစီးမှုလည်း ကြီးကြီးမားမား မရှိပါဘူး၊ အစားကို ပုံစံချပြီး စားလို့ပါ”

အိမ်ထဲမှာ ဘာမှ မပြောင်းလဲဘူးနော်။ အရင်အတိုင်းပဲ .. အပင်တွေ နဲနဲ ကြီးလာတာက လွဲလို့ ..”

“ပြောင်းလဲစရာမှ မလိုတာ အစ်ကို..။ ဘာကိုပြောင်းပစ်ရမှာလဲ..။ မလိုအပ်တာကို အတင်းလိုက်ပြောင်းနေရင် ပင်ပန်းတာပေါ့ .. စကားမစပ် အစ်ကို ဒီမြို့ကို လာတော့ အစ်ကို့ကောင်မလေးရော မပါဘူးလား .. အစ်ကို့ထက်တော့ တော်တော်လေး ငယ်တယ် ကြားတယ်”

“ဟုတ်တယ် မေခင်။ ကိုယ့်ထက် ၁၂နှစ် ငယ်တယ်။ ကိုယ့်အလုပ်မှာ ကိုယ့်ရဲ့လက်ထောက်အဖြစ် ဝင်လုပ်နေတယ်လေ။ ပြီးတော့ သဝန်လည်း သိပ်တိုတတ်တယ်။ အမြဲ Active ဖြစ်နေပြီး သွေးဆူလွယ်တယ်။ ငယ်သေးလို့လည်း ဖြစ်မှာပေါ့။ ခုတော့ Shopping Centre မှာ ထားခဲ့တယ်..၊ ဒီမြို့မှာ ဈေးဝယ်ရတာ ဈေးပတ်ရတာကို သူက ကြိုက်တယ်လေ။ ညနေမှ သူ့ကို သွားပြန်ခေါ်မယ်..”

“သြော်… ကောင်းတာပေါ့.. ”


စကားသံတို့ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။


“မေခင်.. ”

“ဟုတ်ကဲ့ .. ”


မေးချင်နေခဲ့သော မေးခွန်းတချို့တို့ကို မေးသင့်လား မမေးသင့်လား သူ ချိန်ဆနေခဲ့သည်။


“ပြောပါ အစ်ကို ..၊ ဘာပြောချင်လို့လဲ..”

“မေခင် ကိုယ့်ကို စိတ်နာနေမှာပဲနော် .. ပြီးတော့ နောင်တ ရနေခဲ့လား.. ဒီလောက် အချိန်တွေ ကြာသွားတာတောင် ဘာဖြစ်လို့ တစ်ယောက်ထဲ နေနေတာလဲ.. တစ်ခုခု  အပြောင်းအလဲကို…”


သူ၏စကားမဆုံးမီ သူမလက်ကာပြလာသည်။ သူ့မျက်လုံးများကို ခဏမျှ ရင်ဆိုင် ကြည့်လာသော သူမ၏ မျက်နှာတွင် အရိပ်တချို့ ဖြတ်သွားသည်ကို သူ မြင်တွေ့လိုက်သည်။ သို့ရာတွင် ထိုအရိပ်တို့ကို သူ မဖတ်တတ်ပါ။ သူမသည် သူ့မျက်နှာရှိတခုခုကို ကြည့်ကာ


“မေမေခင့် မှာ နောင်တ ဆိုတာ မရှိပါဘူး အစ်ကို။ အစ်ကို့ကိုလည်း စိတ်မနာပါဘူး။ အစ ပထမပိုင်းမှာတော့ ငါ ဒီလောက် ကောင်းခဲ့၊ နားလည်ပေးခဲ့၊ ဖြည့်ဆည်းလိုက်လျောပေးခဲ့ တာတောင်မှ ငါ့အပေါ် လုပ်ရက်လေခြင်း ဆိုပြီး ဒေါသထွက်တာတော့ ရှိပါတယ်။ ဒါပေမယ့် သေချာ ပြန်စဉ်းစားကြည့်တော့ အစ်ကို့ကိုတောင် ကျေးဇူးပြန်တင်မိပါတယ်။ အစ်ကိုသာ ဒီလို ဆုံးဖြတ်ချက် မချခဲ့ရင် ပျော်စရာမရှိတဲ့ အချိန်တွေကို အစ်ကိုရော ကျွန်မရော ထပ်ပြီး ပိုင်ဆိုင်နေရမယ်လေ။ တစ်ယောက်ကို တွေ့လို့ တစ်ယောက်က ဒေါသထွက်နေရမယ့် အချိန်တွေကို ဆွဲဆန့်နေမယ့်အစား အဆုံးအဖြတ်တစ်ခုကို သေချာ ချလိုက်တာ ကောင်းပါတယ်။ ထိခိုက်နာကျင်မှု ရှိကောင်း ရှိပေမယ့် အကြာခင်မှာ အသားကျ ပြီး ပျောက်ကင်းသွားမှာပဲလေ။ အစ်ကို ဒီလိုဆုံးဖြတ်ခဲ့တဲ့အတွက် ကျွန်မလည်း ကျွန်မ နှစ်သက်ရာ၊ ဝါသနာပါရာတွေကို စိတ်အေးလက်အေး လုပ်ကိုင်ခွင့်ရခဲ့တယ်။ ဒေါသမရှိ နောက်ဆံတင်းမှုမရှိပဲ ကိုယ့်အချိန်တွေကို ကိုယ် ပိုင်ဆိုင်ခွင့် ရခဲ့တယ်..”


သူမသည် ပင့်သက်တစ်ချက်ကို ရှိုက်လိုက်သည်.. သူမပြောနေသည်ကို ဘာမှ ကြားဝင်မပြောဘဲ သူနားထောင်နေသည်။


“ပြီးတော့ အချိန်အကြာကြီး တစ်ယောက်ထဲ နေတယ်ဆိုတာ မေမေခင့် အတွက် အဖော်မလိုလို့ပေါ့ အစ်ကို။ ပူဆွေးဝမ်းနည်းမှုကို ကျွန်မ ကြာကြာ သိမ်းမထားနိုင်သလို ကျွန်မကို နာကျင်စေတဲ့ အရာတွေကိုလည်း ကျွန်မ စွဲကိုင် မထားနိုင်ဘူး။ ကိုယ့်ကို နာကျင်မှု ပေးမယ့် အရာမှန်းသိတာနဲ့ ဘယ်လောက် နှစ်သက်မြတ်နိုးတဲ့ အရာဖြစ်ပါစေ ကျွန်မ လွှတ်ချ လိုက်မှာပဲ အစ်ကို။ ကျွန်မက ကျွန်မကိုယ် ကျွန်မချစ်တယ်။ ဆေးပညာအရ ကင်ဆာ ဖြစ်တဲ့နေရာကို အချိန်မီ ရှင်းရှင်းလင်းလင်း ဖြတ်တောက်ဖယ်ထုတ်လိုက်နိုင်ရင် အသက်အန္တရယ်က ကင်းဝေးမယ် မဟုတ်လား။ ဒီလိုပဲပေါ့ .. ကျွန်မရဲ့ စိတ်ကို တတိတိ တိုက်စား နှိပ်စက်နေမယ့် မြစ်ပွားနာမျိုး ရှိမနေဖို့ ဖြတ်တောက်ထုတ်သင့်တာကို ဖြတ်တောက်ပစ်ရတာပေါ့။


နောက်ပြီး ဘယ်လိုအပြောင်းအလဲ ကိုမှ ကျွန်မ တိတ်တဆိတ် စောင့်မျှော်မနေခဲ့ပါဘူး အစ်ကို..။ အစ်ကိုများ တစ်နေ့နေ့မှာ ကျွန်မဆီ ပြန်လာလေမလားဆိုတဲ့မျှော်လင့်ချက်မျိုး ကျွန်မမှာ ရှိနေမယ်လို့ အစ်ကို မထင်ပါနဲ့။ အစ်ကိုနဲ့ ကျွန်က ရန်သူတွေ မဟုတ်တဲ့အတွက် ကျွန်မ အစ်ကို့ကို မမုန်းပါဘူး။ သားချင်းတစ်ယောက်လိုပဲ စိတ်ထဲမှာ ရှိပါတယ်။  အစ်ကိုနဲ့ ကျွန်မ က လားရာမတူတဲ့ အားနှစ်ခုလိုပဲလေ..၊ လားရာမတူတဲ့ အားနှစ်ခုကြားမှာရှိတဲ့ ကြိုးတစ်ချောင်းဟာ ဘယ်လောက်ပဲ ခိုင်မာတယ်ပြောပြော တစ်ချိန်ချိန်မှာ ပြတ်တောက်မှာပဲ၊ ပြန်ဆက်လို့ရတယ်ဆိုရင်လည်း ခဏပဲ ဖြစ်မှာပါအစ်ကို။ ဘယ်လောက် သေသပ်တဲ့ ဆက်ရာပဲဖြစ်ဖြစ် ပြတ်စရာရှိရင် အဲ့ဒီဆက်တဲ့နားကပဲ ပြတ်မှာပဲ။ ပြီးတော့ အစ်ကိုနဲ့ကျွန်မက အမြင်၊ အယူအဆ၊ အတွေးအခေါ်.. .. ဘာမှ  မှ မတူတာ..”


သူမသည် ပြောလက်စကို ရပ်တန့်လိုက်ပြီး သူ၏ ပခုံးစွန်းရှိရာကို စိုက်ကြည့်နေသည်။ သူမ၏ အကြည့်သည် သူ၏ ပခုံးစွန်းတွင် ရပ်တန့်နေသော်လည်း သူမ၏အမြင်သည် အခြားတခုခု ဖြစ်ကောင်း ဖြစ်နေနိုင်သည်။ ထို့နောက် သူ့အား မေးလာသည် ။


“အစ်ကို အခု ကျွန်မဆီ ကို လာတာ ဘာအတွက် လာခဲ့တာလဲ။ အကြောင်းကိစ္စ မရှိဘဲနဲ့တော့ အစ်ကို ရောက်လာမယ် မဟုတ်ဘူး ဆိုတာ ကျွန်မသိပါတယ်..၊ ပြောစရာ ရှိတာကို အစ်ကို့ရဲ့ သားချင်း အရင်းတစ်ယောက်လို သဘောထားပြီး ပြောနိုင်ပါတယ်။ ကျွန်မ ကူညီနိုင်တာ ရှိရင် ကူညီပါ့မယ်။ လုပ်ပေးနိုင်တာ ရှိရင် လုပ်ပေးပါ့မယ်..”

“ဒီလို မေခင်ရဲ့ .. ကိုယ်ဒီတစ်လ နှစ်လ အတွင်းမှာ မေခင့်ကို သတိရနေခဲ့တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ် မကင်းသလို ခံစားရတယ်။ ကိုယ်တို့လမ်းခွဲလိုက်ကြပေမယ့် ကိုယ့်စိတ်ထဲမှာ တခုခုအတွက် တိုင်ပင်စရာရှိလာရင် မေခင့်ကို သတိရမိတယ်။ ကိုယ် သိပ်လောဘကြီးနေသလိုများ ဖြစ်နေလား မေခင်..ဟမ် .. ကိုယ့်စိတ်ထဲမှာ မေခင်က တိုင်ပင်ဖော် တိုင်ပင်ဖက် မိတ်ရင်းဆွေရင်း တစ်ယောက်လို ရှိနေတုန်းပဲ။ ပြီးတော့ ကိုယ့်ရဲ့ အစ်မတစ်ယောက်လို၊ ညီမ တစ်ယောက်လို ဖြစ်နေတယ်။ ဒီလို ဖြစ်သင့်တယ် မဖြစ်သင့်ဘူး ဆိုတာတွေ ကိုယ် အရင်က စဉ်းစားပေမယ့် နောက်ပိုင်း မစဉ်းစားတော့ဘူး..။ တခုခုဆိုရင် မေခင်နဲ့ တိုင်ပင်ချင်တယ် .. ကိုယ့်ရဲ့ စိတ်ဖိစီးမှုတွေကို လျော့ပါးသွားအောင် အကြံပေးနိုင်တာက မေခင်ရယ် ကိုယ့်မေမေ ရယ်ပဲရှိတယ်လေ..၊ ဒါပေမယ့် ကိုယ် အဲ့ဒီလို လုပ်ခဲ့ရင် မေခင့်ကို ထိခိုက်မှာ၊ အနှောက်အယှက် ဖြစ်မှာလည်း မဖြစ်စေချင်ဘူး။ ”


သူပြောနေသော စကားများကို သူမသည်  သူ၏ မျက်နှာကို ကြည့်ရင်း နားထောင်နေသည်။ သူ၏ မျက်လုံးများကို ကြည့်နေခြင်းတော့ မဟုတ်ပေ။ ထိုစဉ်…


တီတီ ..တီတီ ..တီတီ


သူ၏ လက်ကိုင်ဖုန်းမှ မြည်သံထွက်ပေါ်လာသည်။

“ပြော … ဟန်နီလေး .. ”

“ ကိုကို ..အခုဘယ်ရောက်နေတာလဲ လို့.. နေ့လည်စာ စားပြီးပြီလား ”


သူ့ချစ်သူ ကောင်မလေး၏ အသံသည် ချိုနွဲ့စွာ ထွက်ပေါ်လာသည်။


“မစားရသေးဘူးလေ .. ကိုကို အခု မိတ်ဆွေဟောင်းတစ်ယောက်နဲ့ စကားပြောနေတာ ကလေး ရဲ့.. ကလေးကရော ..”

“ကျော် က ခု Shopping Center ထဲမှာပဲ ရှိသေးတယ် ကိုကို ..  မျက်နှာ နဲ့ ဆံပင်လည်း ပေါင်းတင်ချင်လို့လေ.. အဲ့ဒါ နဲနဲ နောက်ကျမှ ကိုကို လာခေါ်နော် .. ကျော် ပြီးခါနီးရင် ဖုန်းဆက်လိုက်မယ်..”

“ကောင်းပါပြီဗျာ .. ဒါဆိုဘာပြောဦးမလဲ..”

“နေဦး ကိုကို ..  ဘယ်မှ လျောက်မသွားနဲ့နော် .. ဘာမာဆတ် တွေ ညာမာဆတ်တွေ မလိုချင်ဘူး နော် .. ”

“ဟားဟား .. မသွားပါဘူးဗျာ .. စိတ်ချပါ..”

“ပြီးရော .. ဒါဆို ဒါပဲကိုကို .. ”


သူကောင်မလေးနှုင့် စကားပြောနေချိန်တွင် သူမသည် မီးဖိုခန်းထဲသို့ဝင်သွားပြီး တခုခု လုပ်နေပုံရသည်။ ခဏအကြာတွင် နန်းပြားသုတ်တစ်ပန်ကန်ကို သူ့ရှေ့တွင် လာချပေးရင်း ရေနွေးဓါတ်ဗူး အနက်ထဲမှ ရေနွေးတစ်ခွက်ကို ငှဲ့ထည့်ပေးသည်။


“နေ့လည် ၁ နာရီ ရှိတော့မယ် အစ်ကို .. ဗိုက်ဆာရောပေါ့.. အိမ်မှာ ရှိတာပဲ ပြင်လိုက်တယ်.. စားလိုက်ဦး ..”


သူမသည် သူ့ကို ပြောရင်း သူမအတွက် ပြင်ဆင်ထားသော ပန်းကန်ကိုလည်း ယူလာကာ ခက်ရင်းဖြင့် မွှေနေသည်။

“ဆောရီး မေခင်.. ကလေးမ ဆီက ဖုန်းလေ..”

“ကျွန်မ ကြားရပါတယ် အစ်ကို..”

သူမက ပြုံးလျက်ပြန်ဖြေသည်။

“အစ်ကို တော်တော် ပြောင်းလဲသွားတာပဲ။ စိတ်လည်း ပိုရှည်လာပုံရတယ်..ဘာဖြစ်ဖြစ် ဒါ ကောင်းတာပေါ့..”

“သူ့နာမည်က ကျော်သစ္စာ တဲ့ မေခင်..”

“ဟုတ်ကဲ့ ..”

“ခုနက စကားကို ဆက်ရရင် .. ”

“ဟုတ်ကဲ့..”


ပြောသာပြောရသည်.. သူသည် ဘယ်လိုဆက်ပြောရမည်ကို စကားစ ရှာမရ ဖြစ်နေသည်။ သူမကတော့ သူမရှေ့ရှိ ပန်းကန်အတွင်းမျ ခေါက်ဆွဲတစ်ဖတ်ကို ခက်ရင်းဖြင့် ခွေရစ်ကာ စားရန် ပြင်နေသည်။


“အဲ့ဒီလိုပေါ့ မေခင်ရယ် .. ကိုယ်က မေခင် ကိုယ့်ကို စကားပြောရမှာ စိတ်အနှောက်အယှက် များ ဖြစ်မလားလို့ လေ..၊ ပြီးတော့ ကိုယ် သိပ်လောဘ ကြီးနေမလားတော့  မသိဘူး .. ကိုယ့်ကို မိတ်ဆွေသူငယ်ချင်းအရင်းတစ်ယောက်လို .. အစ်ကို တစ်ယောက်လို လက်ခံပေးလို့ ရမလား..”


သူမသည် ဝါးနေသော ခေါက်ဆွဲတို့ကို ရေနှင့် မျှောချကာ ..


“ကျွန်မအတွက်က ပင်ပန်းတဲ့ အကြောင်းအရာတော့ မဟုတ်ပါဘူး အစ်ကို။ ဒါပေမယ့် အစ်ကို စဉ်းစားရမှာက ကျော်သစ္စာပါ။ သူ့အနေနဲ့ အဆင်ပြေနိုင်မလား။ ဘာမှ ပြဿနာ မဖြစ်နိုင်ဘူးလို့ အစ်ကို ယုံကြည်သလား။ အစ်ကို့ကို ကျွန်မရဲ့ အစ်ကိုတစ်ယောက်လို မောင်တစ်ယောက်လို အစကတည်းက သဘောထားပြီးသားပါ။ အကူအညီလိုအပ်ရင် ကျွန်မ ကူညီနိုင်ပါတယ်။ ကျွန်မ တတ်နိုင်တာဆိုရင်ပေါ့။ ဒါပေမယ့် ဘယ်လိုပြဿနာမျိုးမှ ကျွန်မ မလိုချင်ဘူးအစ်ကို..၊ စိတ်အေးချမ်းသာစွာနဲ့ပဲ ကျွန်မ နေချင်ပါတယ်။ အခု.. အစ်ကို့မှာ ဘယ်လို စိတ်ဖိစီးမှုတွေ ရှိလို့လဲ.. ကျွန်မကို ပြောပြချင်တာ ရှိရင် ပြောလေ..”

“ကိုယ်  .. ကျော်သစ္စာနဲ့  လက်ထပ်တော့မယ် မေခင်..၊ …….   …….. 

“ကောင်းပါတယ် အစ်ကို .. ကိုယ်ချစ်မြတ်နိုးတဲ့သူနဲ့ အတူနေခွင့်ရတာပဲ..၊ သူက အစ်ကို စိတ်တိုင်းကျ ရွေးခြယ်ခဲ့တဲ့သူပဲလေ။ ကျွန်မအနေနဲ့ကတော့ ဘာမှ ပြောစရာ မရှိပါဘူး။ ပြောစရာလည်း မလိုဘူးလေ။ အစ်ကိုလည်း အရွယ်ရောက်ပြီးသား ယောက်ျားရင့်မကြီး တစ်ယောက်ပဲ။ ပြီးတော့ အစ်ကို့စိတ်ထဲမှာ ထင်ကောင်းထင်နေနိုင်တယ်..မေမေခင်ဟာ အစ်ကို့ကို တိတ်တဆိတ် မျှော်လင့်နေမလားလို့လေ..၊ အဲ့ဒီလိုတော့ ဘယ်တော့မှ မထင်ပါနဲ့ အစ်ကို..၊ ကျွန်မ အစ်ကို့ကို မုန်းမနေ နာကျည်းမနေတာပဲ ရှိတာပါ။ ချစ်ခင်မြတ်နိုးမှု ဘာမှ မရှိပါဘူး..၊ ကျွန်မတို့ လမ်းခွဲခဲ့ပြီးကတည်းက အစ်ကိုနဲ့ပတ်သက်တဲ့ ခံစားမှု အားလုံးကို အစ်ကို့နောက်ကို ပြန်ထည့်ပေးလိုက်ပြီးသားပါ။ ကျွန်မ အခုလို အစ်ကို့ကို စကားပြောနေနိုင်တာ ဘယ်လို ချစ်ခင်မှု၊ မုန်းတီးမှု၊ နာကျည်းမှု မရှိလို့ပါပဲ..၊ ကိုယ်ဆက်လျောက်မယ့်လမ်းကို ဆက်ပြီးလျောက်ပါအစ်ကို..၊ အစ်ကိုတို့ကို ကျွန်မ နှောက်ယှက်ဖို့ စိတ်ကူး လုံးဝ မရှိပါဘူး..။

“မဟုတ်ဘူး မေခင်.. ကိုယ်ပြောချင်တာ အဲ့ဒီ အဓိပ္ဗါယ် လုံးဝ မဟုတ်ပါဘူး..”


သူမကို လာရောက်တွေ့ဆုံခြင်းသည် သူနှင့် သူ၏ကောင်မလေးတို့ကို အနှောက်အယှက် မပေးစေချင်သောကြောင့်ဟု ထင်နေပုံရသည်။ သူမ၏ အထင်သည် မဟုတ်ကြောင်းကို သူမသိအောင် ပြောပြချင်သည်။ သို့သော် သူ့တွင် စကားလုံးများ ပါးရှားနေသည်။


သူမကမူ စားသောက်ပြီးသော ပန်းကန်များကို ပန်ကန်ဆေးရာ စင်ကလေးတွင်သွားရောက် ဆေးကြောနေလိုက်သည်။ မေမေခင်သည် ရံဖန်ရံခါတွင် သူ ဘာကိုဆိုလိုချင်သည် ဆိုတာကို မသိဘဲ သူမ ထင်မြင်ချက်အတိုင်း ပြောတတ်သော အကျင့်မှာ မပျောက်သေးပေ။ သူမ၏ ထင်မြင်ချက်များဖြင့် သူမ ဘာသာ သူမ နာကျင်နေနိုင်သေးသည်။ အတူရှိနေချိန် တစ်လျောက်လုံးတွင် သူမအပေါ် အပြုအမူအရ၊ စကားအရာအရ အနိုင်ယူခဲ့ခြင်းတွေ အတွက် သူ စိတ်မကောင်းဖြစ်မိသည်။ သူမနှုင့် ပတ်သက်လျှင် မာန် မာန ထူးကဲစွာ ထားမိခြင်းသည် မဖြစ်သင့်ခဲ့သော အကြောင်းအရာများ ဖြစ်သည် ဟု သူ့ကိုယ်သူ ပြောမိသေးသည်။


“မဟုတ်ဘူး .. မေခင် .. ကိုယ် မင်းကို လာတွေ့တာ တွေ့ချင်လို့ လာတွေ့တာပါ။ မင်း ကျန်းမာရေးမကောင်းဘူး ဆိုတာ ကြားရတော့ ဘာများဖြစ်တာလဲလို့ သိချင်တာလဲ ပါတယ်။ ဘာအကူအညီပေးရမလဲ ဆိုတဲ့ ကူညီချင်စိတ်ကြောင့်လည်း ပါတယ်။ မေခင် ထင်သလို မဟုတ်ဘူး..၊ မေခင် ကိုယ့်ကို  ဒုက္ခပေးလိမ့်မယ်လို့ ကိုယ်ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး.. ဒီလောက် အချိန်တွေအကြာကြီးမှာ မင်း  ကိုယ်နေတဲ့မြို့ကိုလာပြီး စိတ်အနှောက်အယှက် ပေးချင်ရင် ပေးနိုင်တာပဲ..။ မင်း အခက်အခဲရှိတာတောင် ကိုယ့်ဆီ မဆက်သွယ်တာ .. ကိုယ်သိတာပေါ့ မေခင်.. ”


သူမသည် ရေစိုနေသော လက်ကို လက်သုတ်ပဝါဖြင့် သုတ်ကာ သူ့ ရှေ့တွင် ဝင်ထိုင်လိုက်သည်။


“ဟုတ်ပါပြီ အစ်ကို..၊ ကျွန်မကို သတိတရ သတင်းလာမေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီမြို့မှာ ဘယ်နှစ်ရက် နေမှာလဲ..”

“မနက်ဖြန် ပြန်မယ်မေခင်..၊ နောက်ပိုင်း တိုးချဲ့ဖြစ်တဲ့ အလုပ်တစ်ခုအတွက် မနက်ဖြန် မနက် အစည်းအဝေးတစ်ခု လာတက်တာ.. ပြီးတာနဲ့ ပြန်မှာ..  ..  .. ”

“စကားမစပ် မေခင် .. ကိုယ်ဘာတွေလုပ်နေလဲဆိုတာ မင်း မမေးချင်ဘူးလား ..”

“ကျွန်မ သိဖို့မှ မလိုအပ်တာ အစ်ကို..၊ သိဖို့ မလိုအပ်တာတွေကို သိနေရင် ကျွန်မအတွက်တော့ ပင်ပန်းပါတယ်။ ဒါကြောင့် မလိုအပ်ဘူးဆိုရင် ကျွန်မ ဘာကိုမှ မသိချင်တော့ပါဘူး..”


သူ၏ အမေးစကားကို သူမ အေးဆေးစွားပင် ပြန်ပြောသည်။ နှစ်နှစ်ကျော် သုံးနှစ် ဆိုသည့် အချိန်ကာလသည် သူမကို ဤမျှ ပြောင်းလဲသွားစေသလား..၊ သူ သိသော မေမေခင်သည် အရာရာကို သိနေတတ်သူဖြစ်သည်။ အရာရာကို သိချင်သောသူလည်း ဖြစ်သည်။


ထိုစဉ် သူ၏ ဖုန်းမှ ဖုန်းခေါ်သံ မြည်လာသည်။ သေချာတာကတော့ သူ၏ ချစ်သူ ကောင်မလေး ဖြစ်မည်..။


“ပြော .. ဟန်နီ ..”

“ကျော့်ကို နောက် နာရီဝက်ဆို လာခေါ်တော့ ကိုကို.. နောက် နာရီဝက်ဆို ပြီးပြီ၊ Shopping Centre ရှေ့က စောင့်နေမယ်နော် ..”

“ကောင်းပြီ ကလေး ..  ကိုကိုလာခဲ့မယ်.. ဒါပဲနော် ..”


သူသည် ဖုန်းကို အသာပိတ်လိုက်ပြီး သူမကိုကြည့်လိုက်သည်။ သူမကတော့ ငြိမ်သက်စွာ ထိုင်၍ ရေနွေးကြမ်းကို ဖြည်းဖြည်းချင်း သောက်နေသည်။


“ကိုယ် သွားတော့မယ် မေခင်.. ကိုယ့်ကို ဘာပြောစရာ ရှိလဲ ..”

“ထွေထွေ ထူးထူးတော့ မရှိပါဘူး အစ်ကို..၊ ကျော်သစ္စာနဲ့ လက်မထပ်ခင်မှာ သေချာ အချိန်ယူ ဆွေးနွေးပါ။ အိမ်ထောင်တစ်ခုဟာ တည်ပြီးသွားရင်  ပျက်စီးဖို့ မသင့်ဘူးလေ။ မလိုလားအပ်တဲ့ မာန်မာန ကို အစ်ကိုလည်း လျော့ပါ။ သူ့ကိုလည်း နားလည်အောင် ပြောပြပါ။ အစ်ကိုနဲ့ ကျွန်မ လမ်းခွဲခဲ့ရတဲ့ အကြောင်းအရာတွေကို သေချာစဉ်းစားပြီး အခု တည်ဆောက်မယ့် ဘဝတစ်ခုမှာ ဘယ်လိုအက်ကြောင်းမှ ဖြစ်မလာအောင် ပြင်ဆင်ပါ။ ကောင်မလေးက ငယ်တယ်အစ်ကို ..၊ အစ်ကို ခွင့်လွှတ်နားလည် ပေးနိုင်ရမယ်။ အိမ်ထောင် တစ်ခု ပြိုပျက်သွားရင် မိန်းကလေးမှာသာမကဘူး .. ယောက်ျားလေးမှာပါ ထိခိုက်ပါတယ်။ အိမ်ထောင်ကွဲ ဆိုတဲ့ စကားလုံးဟာ နှစ်လိုဖွယ် မကောင်းတဲ့ စကားလုံးတစ်လုံးပါ အစ်ကို။ အထူးသဖြင့် မိန်းကလေးဆိုရင် ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့အမြင်အရ သိပ်ပြီး အထင်သေး အမြင်သေး ခံရတယ်။ အပြစ် ပြောစရာ၊ အတင်းအဖျင်း ပြောစရာ၊ နှိမ့်ချစရာ အနေနဲ့ မြင်ကြတယ်။ ဒီလို အဖြစ်မျိုးကို ကျွန်မလည်း မလိုချင်ခဲ့သလို ဘယ် မိန်းကလေးကိုမှလည်း မဖြစ်စေလိုဘူး။ အစ်ကိုလည်း သူ့ကို ချစ်မြတ်နိုးလို့ လက်ထပ်မှာ မဟုတ်လား။ ဒေါသတွေ အမျက်တွေကို လျော့ပြီး ချစ်တဲ့ မျက်စိနဲ့ ကြည့်ပါ။ အစ်ကို နဲ့ ကျော်သစ္စာ အသက်ထက်ဆုံး ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်ပါစေလို့ ကျွန်မ ဆန္ဒပြုပါတယ်။


 မလိုချင်သော၊ မဖြစ်ချင်သော အကြောင်းအရာတစ်ခုအတွက် သူမ နာကျင်နေသလား ဟူသော အတွေးနှင့် သူမကို သူ ကြည့်လိုက်သည်။ သူမသည် သူ့ကို မကြည့်ဘဲ ရေနွေးခွက်ကလေးကို လက်ညှိုးထိပ်လေးနှုင့် အသာအယာ တွန်းနေသည်။ သူသည်  လက်ကိုင်ဖုန်း၊ ပိုက်ဆံအိတ်နှင့် ကားသော့ကို ကောက်ယူလိုက်ပြီးအိမ်ရှေ့သို့ လျောက်လှမ်းလာခဲ့သည်။ သူနှင့် တစ်လှမ်းစာ အကွာ အနောက်တွင် သူမလည်း လိုက်ပါလာသည်။  အိမ်တံခါးဝသို့ရောက်သောအခါ


“ ကျေးဇူးတင်ပါတယ် မေခင်။ နေ့လည်စာ အတွက်ရော ..၊ ဖျော်ရည် အတွက်ရော၊ ကိုယ့်ကို လက်ခံစကားပြောတဲ့အတွက်ရော အားလုံးအတွက်ပါ..”


ထို့နောက်သူမ၏ လက်ဖျားလေးများကို လှမ်းကိုင်လိုက်ရင်း


“မေခင် .. မေခင်ဟာ ကိုယ့်ရဲ့ ညီမပါ။ ဘာအကူအညီလိုလို  ကိုယ်သိပါရစေ။ ကိုယ့်ကို နားလည်ပေးခဲ့ .. ခွင့်လွှတ်ပေးခဲ့တာတွေ အားလုံးအတွက်လည်း ကိုယ်တကယ် ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကိုယ် မေခင့် အပေါ်မှာ အနိုင်ယူခဲ့ မှားခဲ့တာတွေ အတွက် ကိုယ် တောင်းပန်ပါတယ် ..”


သူမသည် သူမ၏ လက်ကို အသာဆွဲယူလိုက်ပြီး

“ရပါတယ်အစ်ကို . .. တောင်းပန်စရာ မလိုပါဘူး… ပြီးတော့ .. ”

“ပြီးတော့  ဘာဖြစ်လဲ မေခင် ..”

“ကျွန်မ ဒီအိမ်ရဲ့ သော့တွေနဲ့ တံခါးရဲ့ ကုဒ် နံပါတ်ကို ပြောင်းလိုက်တော့မယ် အစ်ကို.. ဒါ ကျွန်မရဲ့ ဖုန်းနံပတ်ပါ။ အရေးအကြောင်း ရှိတယ် ဆို ဆက်နိုင်ပါတယ်။ ကျွန်မ အကူအညီ လိုခဲ့ရင်လည်း အစ်ကို့ကို ပြောပါ့မယ်..”


သူမသည် လိပ်စာကဒ် ခရမ်းနုရောင်လေးတစ်ခုကို စာပွဲပေါ်မှ သွားယူကာ ပေးလာသည်။ သူမကို သူ ကြည့်လိုက်စဉ်တွင် မျက်နှာနှုင့် မျက်ဝန်းများ ကြည်လင်စွာဖြင့်ပင် သူ့ကို ပြုံးပြလာသည်။ ဘာကြောင့် .. ဆိုသည့် မေးခွန်းကို သူ မမေးလိုတော့ပါ။ မေးရန်မသင့်သလို ကန့်ကွက်ရန်လည်း မသင့်ပါ။ သူ၏ ပိုက်ဆံအိတ်ကို ဖွင့်လိုက်သည်။ အတွင်းဇစ်အိတ် ကလေးထဲမှ သော့လေးကို ထုတ်ယူလိုက်ပြီး သူမ ကို ကမ်းပေးလိုက်သည်။


“ဒီသော့လေး ကိုယ့်ဆီမှာ မရှိသင့်ပါဘူး မေခင်..၊ ဒီအတွက် မေခင့်ကို ပြန်အပ်ပါတယ်။ ပြီးတော့ ကုဒ်နံပါတ်တွေကို သေချာ ပြောင်းလိုက်နော်..၊ ပြီတော့ မေခင် ဒီလိုပဲ တစ်ယောက်ထဲ မနေနဲ့လေ..”

“ဟုတ်ကဲ့အစ်ကို ..သေချာပြောင်းလိုက်ပါ့မယ်..၊ ဒီ Society မှာ နေရင် ကျွန်မ တစ်ယောက်ထဲ နေတာ ပို အဆင်ပြေပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ နှိမ်ချဆက်ဆံတာကိုမှ ကျွန်မ မလိုချင်ပါဘူး။ ကံအကြောင်းမလှလို့ ဖြစ်ရတဲ့ အကြောင်းအရာတစ်ခုကို ပြစ်ချက်တစ်ခုလို ပြောတာကိုလည်း ကျွန်မ လက်မခံနိုင်ဘူး။ ဒီတော့ ဘယ်သူနဲ့မှ မပတ်သက်ရင် ဘယ်သူမှ မစော်ကားနိုင်ဘူးလေ။ ကျွန်မ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပါတယ် အစ်ကို..။ ညီမဝမ်းကွဲလေးတွေလည်း အားရင် ကျွန်မနဲ့ လာနေပေးကြပါတယ်..၊ အစစ အဆင်ပြေပါစေအစ်ကို..။ ပြီးတော့ အစ်ကို့ မင်္ဂလာဆောင်ကို ကျွန်မ လာဖြစ်မှာ မဟုတ်ဘူး ဆိုတာလည်း ကြိုပြီး ပြောလိုက်ပါ့မယ်.. ဒီလောက်ဝေးတဲ့ခရီးကို ကျွန်မ လာနိုင်မှာ မဟုတ်ဘူးလေ..”


သူအိမ်တံခါးဝမှ အလွန်တွင် သူမသည် တံခါးကို ညင်သာစွာ ပိတ်လိုက်သည်။


xxxx  xxxx  xxxx


အနန္တ ဗီလာမှ အပြန်တွင် သူသည် ပေါ့ပါးလန်းဆန်းမှုကို ပျောက်ရှခဲ့သည်။ စိတ်မကောင်းခြင်း ဟူသော စကားထက်ပိုသည့် စူးရှရှ ခံစားမှုတစ်ခုကို ခံစားခဲ့ရသည်။ အေးစက်နေသော သူမ၏ လက်ဖျားမှ အတွေ့သည် သူ၏လက်တွင် စွဲမြဲနေခဲ့သည်။ သူမ၏ မျက်ဝန်းများသည် မည်သည့်အတွက်ကြောင့် ဤမျှ ကြည်လင်နေနိုင် သနည်း။ ဝမ်းနည်းအားငယ်တိုင်း လက်ဖျားတွေအေးစက်တတ်သော သူမအကြောင်းကို သိထားသဖြင့် သူမ ဝမ်းနည်းနေခဲ့သလား ဟု သူ တွေးနေမိသည်။ အကယ်၍ ဝမ်းနည်းနေခဲ့သည်ဆိုလျှင် မျက်ဝန်းများသည် အဘယ်ကြောင့် စိုစွတ်မနေခဲ့သနည်း။ သူကရော သူမကို မည်ကဲ့သို့ မြင်ချင်သနည်း။ ဝမ်းနည်းစွာ ကြေကွဲနေသည်ကို မြင်ချင်သည်လား။ ဟင့်အင်း .. သူမကို ထိုကဲ့သို့ မမြင်ချင်သည်မှာ သူ၏ စိတ်ရင်းအမှန်ဖြစ်သည်။ သူမနှင့် သူသည် တစ်ဦးနှင့်တစ်ဦး ချစ်မြတ်နိုး၍ လက်တွဲခဲ့သူများ ဖြစ်ပြီး၊ တစ်ဦးနှင့် တစ်ဦး မုန်းတီးခြင်းကြောင့် လမ်းခွဲခဲ့ကြသူများလည်း မဟုတ်ကြပါ။  သူမသည် သူနှစ်သက်သည်တို့ကို မမေ့လျော့ခြင်းအတွက် ကျေနပ်မှုတစ်ခုကို ရခဲ့သည်။ ဟုတ်သည် .. သုံးနှစ်နီးပါး အတူရှိနေခဲ့သော သူတစ်ယောက်၏ အကြိုက် နှင့် မကြိုက်သည်များကို မေ့လျော့လောက်အောင် သူမသည် မှတ်ဉာဏ်အားနည်းသူ တစ်ယောက် မဟုတ်မှန်း သူ သိနေသေးသည်။


သို့သော် အရာအားလုံးသည် ပြီးဆုံးခဲ့ပြီဖြစ်သည်။ သူမကို ကျန်မာစွာ မြင်တွေ့ရခြင်း အတွက် သူကျေနပ်ပါသည်။ ပြီးတော့  သူမ၏ ချစ်ခြင်းမေတ္တာ များကိုရရှိခဲ့ခြင်း အတွက်လည်း သူ ကျေနပ်သည်။ အကယ်၍များ သူမသည် သူ့ကို ဖက်တွယ်ကာ ငိုရှိုက်ခဲ့လျှင် .. .. ။ သူ ခေါင်းကို အသာခါယမ်းလိုက်သည်။ မဖြစ်နိုင်သည်များကို သူ မတွေးချင်တော့ပါ။ သူ့ကြောင့် နောက်ထပ်မည်သူမှ နာကျင်မှု မရရှိအောင် သူကြိုးစားရမည်။ ဒီ အတွက် သူမ ကျေနပ်လိမ့်မည်ဟု ထင်သည်။ သူ၏ အမြင်များ ဝေဝါးလာသဖြင့် လက်ခုံဖြင့် မျက်လုံးများကို ပွတ်သတ်လိုက်သည်။ စိုစွတ်သော အတွေ့ကို လက်ခုံတွင် ခံစားရသည်။


“ကိုယ်ကျေနပ်ပါတယ် ..မေခင်..”


xxxx   xxxx   xxxx


သူ၏ကားကလေးသည် Shopping Centre ရှေ့သို့ရောက်သော် ဖြည်းဖြည်းချင်း ဘီးကို လှိမ့်၍ ဝင်လာသည်။  ဝင်ပေါက်နားတွင် ရပ်နေသော  သူ၏ ချစ်သူ ကောင်မလေးသည် လှပစွာ၊ လန်းဆန်းစွာ အရောင်အသွေးစုံသော လိပ်ပြာလေးတစ်ကောင်နှယ် သူ၏ဘေးတွင် ဝင်ထိုင်လာသည်။ သူမ ကားထဲကို ရောက်လာသည်နှင့် ကားတစ်စီးလုံးသည် နံ့သာကန် ထဲသို့ ရောက်သွားသည်ဟု ထင်ရသည်။


“ကိုကိုက သိပ်တော်တာပဲ .. အချိန်ကွက်တိပဲ .. ကျော် လှရဲ့လား ကိုကို.. ”

ချွဲနွဲ့စွာ ပြောဆိုလာသော ကောင်မလေးကို ပြုံးကြည့်ရင်း

“လှတာပေါ့ ကလေးရဲ့ .. အရမ်း လှတယ်..”


သူမသည် ကျေနပ်စွာ ပြုံးရယ်ရင်း သူမ ဝယ်လာသော ပစ္စည်းလေးများကို ထုတ်ကြည့်နေသည်။


“ဒီမှာကြည့်စမ်း.. ကိုကို .. ဒါ MMK Fashion က နောက်ထွက်တဲ့ ဒီဇိုင်းလေ။ ဒီနားကပ်၊ ဆွဲကြိုးနဲ့ လက်ကောက်လေး တစ်စုံကို ၆၀၀၀၀ တောင် ပေးရတယ်။ ဈေးတော့ နည်းနည်းကြီးပေမယ့် ဒီဇိုင်းတွေက လှလည်းလှ ဆန်းလည်းဆန်းတော့ လိုချင်တာကို လုဝယ်ရတယ်..”


ချစ်သူကောင်မလေးပြလာသော သူမဝယ်လာသည့်ပစ္စည်းလေးများအား သူမကျေနပ်စေရန် သူ လှမ်းကြည့် လိုက်သည်။ ပုလဲနှင့် မဟူရာကျောက်လေးများကို ငွေကြိုးမျှင်များဖြင့် ရိုးရှင်စွာ ခပ်ကြဲကြဲ သီတွယ်ထားသော သုံးကုံးဆက် ဆွဲကြိုးလေးသည် အရည်အသွေးကောင်းသော ပစ္စည်းတစ်ခုမှန်း သိသာလှပေသည်။ ဗူးကလေးအထက်မှ ခရမ်းရောင် တံဆိပ်ကလေး၏ အပြင်အဆင်သည် မေခင် သူ့ကို ပေးခဲ့သော လိပ်စာ ကဒ်ကလေး၏ အပြင်အဆင်နှင့် တစ်ထပ်တည်းပင်။ သူ ကျေနပ်စွာ ပြုံလိုက်မိသည်။ ကောင်မလေးကတော့ ဆွဲကြိုး နှင့် လက်ကောက်လေးကို ဗူးလေးထဲပြန်ထည့်ကာ နောက်ထပ်ဝယ်လာသော ပစ္စည်းများကို တစ်ခုပြီး တစ်ခု ပြနေသည်။


တကယ်တော့ မေခင်သည် သူ မကျွမ်းကျင်သော ဘာသာရပ်ဖြင့် ရေးဖွဲ့ထားသော စာအုပ်တစ်အုပ်နှင့် တူလှသည်။ အချို့စာမျက်နှာများကို နားလည်သည်ဟု ထင်ရ သော်လည်း တော်တော်များများသော စာမျက်နှာတို့ကို ဖတ်သောအခါ နားမလည်နိုင်ခဲ့ပါ။ ထိုစာအုပ်တွင် နားလည်သော စာမျက်နှာတို့ကို ဖတ်ရချိန်၌ ကျေနပ်စရာများပါရှိသည်။ ကြည်နူးစရာများ ပါရှိသည်။ ပျော်ရွှင်စရာများ တွေ့ရှိသည်။ သို့သော် နားမလည်နိုင်သော စာမျက်နှာတို့ကို ဖတ်မိချိန်တွင်မူ စိတ်ဆိုးရ၊ ဒေါသဖြစ်ရသည်၊ စိတ်ကို နာကျင်စေခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ သူသည် ထိုစာအုပ်ကို ပစ်ထားခဲ့သည်သာ ။ ဟုတ်သည်..။ ယခုတွင် သူသည် ပစ်ထားခဲ့သော ထိုစာအုပ်နှင့်  လက်လှမ်းမမီနိုင်သော အကွာအဝေးတစ်နေရာသို့ ရောက်ရှိခဲ့ပြီ။ သူ မည်သို့မျှ မတတ်နိုင်တော့ပါ။


တကယ်တော့ ဘဝသည် နောက်ပြန်လှည့်၍ မရသော လမ်းတစ်လမ်းသာ ဖြစ်သည်။


xxxx  xxxx  xxxx


သူထွက်သွားချိန်တွင် တံခါးကို ပြန်ပိတ်ပြီး သူမ အိမ်ထဲသို့ ဝင်လာသည်။ မနက်က ဝယ်လာသော ကျောက်သားပုတီးပြားလေးများ ပုလဲလုံးအရွယ်စုံများ အရောင်စုံ ဖန်ပုတီးများကိုထုတ်ယူလိုက်သည်။ တနေ့က ဒီဇိုင်းထုတ်ထားသော လည်ဆွဲကလေးကို အကောင်အထည်ဖော်ရန် စတင်လိုက်သည်။ အချောသတ်ထားသော စကျင်ကျောက်သား လေးထောင့်အပြားလေးသည် အေးမြနေသည်။ မျက်လွှာအချတွင် သူမ၏မျက်ဝန်းမှ မျက်ရည်နှစ်စက်သည် သူမ၏ လက်ခုံပေါ်သို့ ပေါက်ကနဲကျလာသည်။ သူမ ပြုံးလိုက်သည်။ မျက်ဝန်းမှ မျက်ရည်စတို့ကို လက်ခလယ်လက်ချောင်းဖြင့် အသာသိမ်းလိုက်သည်။ သူမ ငိုနေသည်လား..။ ဟင့်အင်း ..။သူမ မငိုပါ ..။ သုတ်သိမ်းကာမှ မျက်ရည်တို့သည် ပါးပြင်ပေါ်သို့ တလိမ့်လိမ့် စီးကျလာသည်။ သူမ ပြုံးနေရာမှ တစ်ချက်ရယ်လိုက်သည်။ ထို့နောက် ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။  သူမ အမှန်တကယ် ရယ်မောနေသည် လား၊ သူမ မသေချာပါ..။ သူမ သေသေချာချာ မသိပါ။


သူမ ထိုင်နေရာမှ ထရပ်လိုက်သည်။ တံခါးသော့၏ ကုဒ်နံပတ်များကို ပြောင်းရန် Manual စာအုပ်ကို သူမ ရှာရမည်။ သူမသည် Manual စာအုပ်များ  Warranty စာရွက်များ သိမ်းဆည်းရာဗူးကလေးရှိရာသို့ တရွေ့ရွေ့ လှမ်းလျောက်သွားသည်..။


“မနေချင်လို့ ကျောခိုင်းထွက်ခွါသွားသူ တစ်ယောက်အတွက် အနောက်ဘက်မှာ ကျန်နေခဲ့တဲ့ တံခါးတစ်ချပ်ဟာ ပွင့်နေဖို့မှ မလိုတာ အစ်ကို..”



ပျိုးယုဝသုန်
10:45:00 PM
24-01-2013
Thursday (BNE)

5 comments:

san htun said...

ဇာတ်လမ်းလေးက ချစ်ဖို့ ကောင်းတယ်..ဒီလို အမုန်းနဲ့  မဟုတ်ဘဲ ဇာတ်သိမ်းနိုင်ရင် ကောင်းမယ်..

ညိမ်းနိုင် said...

ဇာတ်လမ်းလေးသိပ်ကောင်းတယ်၊ကောင်မလေးရဲ့ စိတ်
သဘောထားက သဘောကျစရာလေး....၊ဟိုငတိကတော့
သူ့ထက်၁၂နှစ်ငယ်တဲ့ကောင်မလေးရဲ့ဘိုကျတာ ခံပေဦး
တော့ပဲ..... :))))

မိုးငွေ့........ said...

ခိခိ ကိုညိမ်းနိုင်မန့်သွားတာလေးအရမ်းသဘောကျတယ်..။ ကောင်မလေးစိတ်ဓါတ်ကိုကြိုက်တယ်...။ ဟိုငတိကတော့ သူ့အတွက်နဲ့များ ကောင်မလေးကို ခံစားစေချင်သေးပုံနဲ့ ပြန်ခါနီးကိုဖြစ်သွားတာ...။ ဒါက ဇာတ်ကောင်အပိုင်းပါ ဇာတ်လမ်းလေးကတော့သိပ်လှတယ် မမ၀သုန် ၀တ္ထုတွေစုပြီး စာအုပ်ထုတ်စေချင်တယ်...။

မိုးနတ်ကြယ်စင် said...

ဟားးးးးးးးး ဟားးးးးးးးး
မိုးနတ်လဲ လေးငြိမ်းမန့်ထားတာလေး
သဘောကျသဗျို့......
မလက်ရာလေးတွေကို တကယ်ပဲနှစ်သက်မိတယ် :)))
ခုမှစာကြွေးလာဆပ်ရတယ်...
ချစ်တဲ့....မိုးနတ်

Anonymous said...

ဖတ်ရတာ စိတ်မကောင်းဘူး ဇာတ်လမ်းလေး ဖန်တီးတာ အတော့်မိုက်တယ် အစ်မ ဒါပေမဲ့  အပြင်မှာတော့  ဒီလောက် အဆင်ချောမယ် မထင်ဘူးနော် တခါးဖွင့်မပေးလို့  သော့ ပြင်ဆ၇ာခေါ်တာပြီးဖွင့်ခိုင်းတာတို့  ၇ဲ ရောက်လာတာပြီး ဖမ်းချုပ်တာတို့ ပါနိုင်တာပေါ့..ဇာတ်လမ်းလေးမိုက်တော့ ဒုတိယပိုင်းလာအုံးမှာလားအစ်မ ဟန်နီလေး သား ယောကျားလေး မွေးတာတို့ ဘာတို့ ပေါ့