Tuesday 18 December 2012

ညှို့ယူဆွဲငင် ခေါ်ရာဆီသို့ ...




တဖျောက်ဖျောက် ကြွေကျနေတဲ့ စိန်ပန်းပြာတွေ ရဲ့ နေ့ရက်တွေအဆုံးမှာ အနီရောင် စိန်ပန်းတွေ ပင်လုံးကျွတ် ပွင့်ဝေလာကြတယ်။ ရာသီမသိ ပန်းနှင့်ညှိ ဆိုပေမယ့် ဘယ်ရာသီမှာ ဘယ်ပန်းတွေ ပွင့်ကြတယ်ဆိုတာကို သိရှိမှတ်သားဖူးတဲ့ မှတ်ဉာဏ်ဟာ တစ်ခါတစ်ရံမှာ အနားယူအိပ်စက်နေလေ့ရှိပါရဲ့။ ဒါပေမယ့် အရွက်စိမ်းစိမ်းတွေကြားမှာ ဝေနေတဲ့ မပူလောင်တဲ့ အနီရောင်ပန်းတွေရယ် တရှိန်းရှိန်း တောက်ပနေတဲ့နေရောင်ရယ် ဟာ နွေရာသီကို ညွှန်းဆိုနေခဲ့တာပဲ။ တစ်ရံရောအခါက ဒီလိုအချိန်မှာ နှစ်သက် မြတ်နိုးဖွယ် ကောင်းတဲ့ နေရာလေးတစ်ခုမှာ ရှိနေခဲ့ဖူးပါရဲ့လေ ..။


***


“လွမ်းလိုက်တာ” ဆိုတဲ့ စကားတစ်ခွန်းဟာ ရင်ဘတ်ထဲမှာ အခါခါ မြည်ပြီး ပဲ့တင်သံတွေ မဆုံးနိုင်အောင် ထပ်နေခဲ့တယ်။ သေချာတာကတော့ ဒီစကားတစ်ခွန်းဟာ သက်ရှိလူသား တစ်ဦးတစ်ယောက်ကို ရည်ညွှန်းတာ ဘယ်လိုနည်းနဲ့မှ မဟုတ်ခဲ့ပါဘူး။ အချိန်ကာလတွေ ပြောင်းသွားသလိုပဲ အကြောင်းအရာ အမျိုးမျိုးတွေကြောင့် နေရာဒေသမျိုးစုံကို ရောက်ရှိ နေထိုင်ခဲ့ရပေမယ့် တိုက်ဆိုင်မှုတွေ ရှိလာချိန်မှာ နေရာဒေသတစ်ခုဆီကို စိတ်ဝိညဉ်တွေ ရောက်ရောက်သွားတတ်တာဟာ ကျွန်မရဲ့ ဘယ်လိုမှ ထိန်းချုပ်လို့မရ၊ တားဆီးလို့မရတဲ့ ခံစားမှု တစ်ခုသာ ဖြစ်ပါတယ်။ တကယ်လည်း ထိုနေရာဒေသဟာ ကျွန်မကို အချိန်တိုင်း ဖမ်းစားနိုင်ခဲ့တယ်။ ကျောက်စီပန်းချီကားထဲမှာ၊ ရွှေချည်ထိုးကားချပ်တွေထဲမှာ၊ ပြီးတော့ နောက်ဆုံး ဓါတ်ပုံတွေထဲမှာပါ တစ်စတစ်ပိုင်းလောက်ကလေး မြင်လိုက်ရရုံနဲ့ ဖြစ်ပေါ်လာတဲ့ အသွေးအသားထဲက တုန်လှုပ်မှုဟာ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိနေချိန် ကအတိုင်း မလွဲမသွေ တူညီနေခဲ့တယ်။ ဒါဟာ ရူးသွပ်မှုလား တိုက်ဆိုင်မှုလားဆိုတာကို အနက်ဖွင့်စရာမလိုတဲ့ သီးသန့်ဖြစ်တည်နေတဲ့ ရင်ခုန်မှုသက်သက် တစ်ခုသာ။


***



ကျွန်မ ရောက်ရှိနေတဲ့ နေရာက စိန်ပန်းတွေပွင့်နေချိန်မှာ ချယ်ရီတွေပွင့်နေချိန်ဖြစ်တဲ့ နေရာတစ်ခုကို မက်မက်မောမော လွမ်းဆွတ်မိတယ်။ တကယ်တော့လည်း ထိုနေရာကို ကျွန်မ လေးခေါက်ထက် ပိုပြီး မရောက်ဖူးခဲ့ပါဘူး။ အထပ်ထပ်ဖြစ်နေတဲ့ တောင်စဉ်တွေ၊ တောင်ခိုးတောင်ငွေ့တွေ၊ အစိမ်းရင့်ရောင်တောအုပ်တွေ၊ ကာဗွန်မိုနောက်ဆိုဒ်တွေ ကင်းဝေးတဲ့နေရာ။ အင်း.. အခုချိန်မှာတော့လည်း တိုးတက်လာတဲ့ ကာလယန္တရားအရ ရှိချင်လည်း ရှိနေနိုင်ပြီပေါ့။ တောင်အခြေမှာရှိတဲ့ ရွာငယ်ကလေးတွေကနေ ညနေတိုင်း သစ်တောအုပ်ကလေးတွေ ကြားထဲက ဝေ့ဝိုက်တက်လာတဲ့ မီးခိုးတန်းတွေဟာ ကဗျာတစ်ပုဒ်၊ ပန်ချီကားတစ်ချပ်လို ဘယ်အချိန်ကြည့်ကြည့် နှစ်သက်မြတ်နိုးဖွယ်ရာသာ။




တသုန်ုသုန် တိုက်နေတတ်တဲ့ လေကြောင့် ပါး၊ နားရွက်ဖျားနဲ့ နှာသီးဖျားကလေးတွေ၊ လက်ဖျားလေးတွေ အေးစက်နေပေမယ့် နှစ်သက်စွာ၊ မြတ်နိုးစွာနဲ့ လေလာရာဘက်ကို မျက်နှာမူပြီး လေပြည်တို့ရဲ့ ထိတွေ့မှုကို လက်ခံယူခဲ့တယ်။ လေပြည်က ကျွန်ကို နမ်းရှိုက်တာလား၊ ကျွန်မကလေပြည်ကို နမ်းရှိုက်တာလား မသေချာပေမယ့် လေပြည်နဲ့ ကျွန်မကြားမှာ အနမ်းပွင့်ကလေးတွေ အရာအထောင်မက ရှိနေခဲ့တယ်။




တောင်ခြေကနေ လမ်းဆုံးလို့ သတ်မှတ်ထားတဲ့ နေရာရောက်ဖို့ တောင်ပေါင်း ၃၃လုံးကို ကျော်ဖြတ်ရတဲ့အခါမှာ မိန်းကလေးခြေလှမ်းနဲ့ နားရီပေါင်း ၉ နာရီ ၁၀နာရီ နီးပါး လျောက်လှမ်းရပေမယ့် ဘယ်သောအခါကမှ ပင်ပန်းတယ်လို့ စိတ်မှာ မထင်မိခဲ့ဘူး။ စတင်လျောက်လှမ်းရာကနေ ရောက်လေရာ စခန်းငယ်လေးတွေမှာ ရောင်းချတဲ့ အသီးအနှံတွေ၊ အကြော်တွေကို ဝယ်စားရင်း တည်ခင်းတဲ့ ရေနွေးကြမ်းကိုလည်း မက်မက်စက်စက် သောက်ခဲ့တယ်။ သဘာဝအလျောက် ဖြစ်တည်နေတဲ့ ရေတံခွန် အငယ်စားလေးတွေမှာ ခေတ္တခဏ နားခိုရင်း၊ ရေထွက်ရာ နေရာလေးတွေမှာ ခြေလက်ဝင်ဆေးရင်း စေတနာရှင်တွေ တည်ထားတဲ့ ရေချမ်းစင်က သောက်ခဲ့ရတဲ့ ရေအေးအေးတွေဟာ မောပန်းမှုကို ပြေစေရုံသာမက အားအင်သစ်ကိုလည်း ဖြစ်စေခဲ့တယ်။




လမ်းဆုံးရာလို့ သတ်မှတ်ထားရာနေရာမှာ တန်ခိုးကြီး ဆုတောင်းပြည့် ရှေးဟောင်း စေတီတစ်ဆူ ရှိနေပေမယ့် ကျွန်မကို ဆွဲဆောင် နေတဲ့ အရာဟာ ဆုတောင်းပြည့်တယ် ဆိုတဲ့ စေတီတော် အမှန်တကယ် မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် စေတီတည်ထားရာ တောင်ပေါ်ကနေ မြင်ရတဲ့ မြင်ကွင်းကတော့ ကျွန်မရဲ့ စိတ်နှလုံးကို အညှို့ငင်နိုင်ဆုံး မြင်ကွင်းဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ စတင်ရောက်ဖူးပြီးကတည်းက တောင်မိတဲ့ဆုဟာ “ဤနေရာဒေသကို သုံးခါထက်မနည်း အခါခါ ရောက်ရပါလို၏” ဆိုတဲ့ဆုမျိုးဖြစ်နေတာကတော့ သူတစ်ပါးနဲ့ တူချင်မှ တူလိမ့်မှာပေါ့။




ရင်ပြင်တော်ပေါ်ကနေ မြင်တွေ့နေရတဲ့ လဝါဝါဟာ ယခင် အခြားသော နေရာတွေကနေ မြင်ရတဲ့ လထက် အဝါရောင် ပိုများနေသလို အဝန်းအဝိုင်းလည်း ပိုကြီးနေတယ်လို့ ထင်မှတ်မိတယ်။ နက်ပြာရောင်ရင့်ရင့် ကောင်းကင်ရယ်၊ လမင်းဝါဝါနဲ့ အလင်းပြိုင်နေတဲ့ ကြယ်တာရာ အစုအဝေးရယ် ကြားနေရတဲ့ တရားဓမ္မအသံတွေရယ်ဟာ စိတ်ကို ညွှတ်နူး ပျော့ပြောင်းစေတာကတော့ အမှန်ပါပဲ။


***


စိန်ပန်းတွေပွင့်နေတဲ့ ကျွန်မနေတဲ့ မြို့ကလေးမှာလည်း လျှိုမြောင်တွေ၊ စိမ့်စမ်းတွေ၊ ရေတံခွန်တွေ၊ တောင်တန်းတွေနဲ့ တောအုပ်တွေ ရှိပါရဲ့..။ ဒါပေမယ့် တောင်တွေကို တက်ကြည့်ချိန်မှာတော့ မျှော်လင့်မိတဲ့ ရသ တစ်ခုမှ မရခဲ့တာဟာ နေရာဒေသအစွဲ ကြီးလို့များ ဖြစ်နေမလားလို့ ကိုယ့်ကိုယ်ကိုယ်တောင် သံသယ ဝင်မိပါသေးတယ်။ တောင်တက်ရာ လမ်းတစ်လျောက်မှာ ဘယ်လိုရေချမ်းစင်မှ ရှိမနေသလို အကြော်ဆိုင်လေးတွေ၊ အသီးအနှံ ရောင်းတဲ့ ဆိုင်လေးတွေလည်း မရှိပါဘူး။ ပြီးတော့ တောင်ထိပ်ကိုရောက်လို့ ပတ်ပတ်လည်နေရာတွေကို ငေးကြည့်လိုက်ရင် သစ်ပင်တွေကြားထဲက တလူလူ အူထွက်လာတဲ့ မီးခိုးတန်းတွေကိုမတွေ့ရဘူး။ ဒါဟာ ပထမကမ္ဘာနိုင်ငံတွေရဲ့ ဖွဲ့တည်မှုများ ဖြစ်နေမလား။




အမှတ်တရ ပစ္စည်း တွေရောင်းတဲ့ဆိုင်တွေမှာလည်း ရောင်းနေတဲ့ လက်ဆောင်ပစ္စည်း တွေဟာ တောထွက် တောင်ထွက် လက်မှုပစ္စည်းလေးတွေ မဟုတ်ဘဲ Made In China ဆိုတဲ့ ဘောင်ထဲက မထွက်နိုင်တဲ့ အရာများသာ။ သဘာဝ အလှတရားတွေ ရှိနေတဲ့ နေရာမှာ သမ္ဘာရနည်းနဲ့ဖန်တီးထားတဲ့ အရာတွေဟာ မလိုအပ်ဘဲ ဘာကြောင့်များ ရှိနေရတာပါလိမ့် ..။ တိုက်ခတ်လာတဲ့ လေနုလေအေးတွေမှာ ဓါတ်ဆီနံ့တွေ ဒီဇယ်နံ့တွေ ပါလာတဲ့အခါ မကျေနပ်မှုတွေဟာ အလိုလို ဖြစ်တည်လာခဲ့ပြန်တယ်။



ဒီလိုနဲ့ မသွားပဲနေခဲ့သလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ စိတ်ဝိဉာဉ် ပျံ့လွင့်ရာ နေရာတစ်ခုကို လွမ်းဆွတ်လာရင် ယောင်ယောင်ကလေး ဆင်တူရာ နေရာတစ်ခုခုကို ရောက်မြဲ သွားမြဲ ဖြစ်ခဲ့ပြန်တယ်။



အခါအခွင့်သင့်တိုင်း ကမ္ဘာပတ်ဖို့စိတ်မပါဘဲ တောင်တန်းတွေရဲ့ရင်ခွင်မှာ အိပ်စက်ဖို့ အပြေးအလွှား လမ်းစရှာမိတဲ့ကျွန်မဟာ ကျွန်မရဲ့ အိပ်မက်ကမ္ဘာရှိရာကိုသာ အမြဲတစေ ဦးတည်နေမိခဲ့တယ်။ ကမ္ဘာကျော်နိုင်ငံတွေ၊ ကမ္ဘာကျော်နေရာတွေဟာ လူသိမများ၊ ကမ္ဘာမကျော်တဲ့ နေရာကလေးတစ်ခုမှာ တွယ်ညိနေတဲ့ ကျွန်မကို သူတို့ဆီ ရောက်လာအောင် မည်ကဲ့သို့မျှ မဆွဲဆောင်နိုင်ခဲ့ပါဘူး။ လူတိုင်း လူတိုင်းမှာ မိမိ နှစ်သက်ရာကို ရွေးခြယ်ခွင့် ရှိကြတယ် မဟုတ်လား။ ထိုနေရာလေးကနေ ရရှိတဲ့ စိတ်လက်ပေါ့ပါးမှုကို ဘယ်နေရာကမှ မည်သူတစ်ဦးတစ်ယောက်ဆီကမျှ မရရှိခဲ့ဖူးတာ ကျွန်မ တိတ်တဆိတ် ဝန်ခံရပါဦးမယ်။


***


အကယ်၍များ အခါအခွင့် သင့်မယ်ဆို သွားကြည့်လိုက်ပါ။ တောင်ထိပ် ရင်ပြင်တော် ပေါ်ကနေ ကြည့်လိုက်ရင် မှိုင်းမှိုင်းပျပျကလေး မြင်နေရမယ့် ကွေ့ကွေ့ကောက်ကောက် မြစ်တစ်စင်းကိုလည်း တွေ့ရမယ်။ နွမ်းနယ်ခြင်းတွေကို ပယ်ရှားပေးမယ့် လေအေးအေး တွေကလည်း ညင်ညင်သာသာ ပွေ့ဖက်လိမ့်မယ်။ တောင်တန်းတွေရဲ့ ပတ်ပတ်လည်မှာ စိမ်းစိမ်းစိုစိုနဲ့ တောက်ပနေတဲ့ သစ်ပင်တွေကလည်း အေးချမ်းမှုကိုပေးလိမ့်မယ်။ ညအခါမှာ စိန်မှုန်တွေလို တစ်လက်လက် လင်းနေတဲ့ ကြယ်ကလေးတွေကို ပြေလျော့နေတဲ့ စိတ်နဲ့ မော့ကြည့်လိုက်ပါ။ မည်သို့သောအခါကမှ မမြင်ဖူးတဲ့ ပြီးပြည့်စုံတဲ့ ပန်းချီကားတစ်ချပ်ကို မြင်ရပါလိမ့်မယ်။



သဘာဝတရားကြီးဟာ လူသားတွေအတွက် နှစ်သက်မြန်နိုးဖွယ်ရာ လက်ဆောင်တွေကို သူ့ရင်ခွင်မှာ အမြဲတမ်း ပိုက်ထွေးထားပါတယ်။



တကယ်တော့ ကျွန်မဟာ တောင်တန်းတွေနဲ့ တောအုပ်တွေရဲ့ ညှို့ငင်ခြင်းမှာ ရုန်မထွက်ချင်အောင် နစ်မြောပျော်ဝင်မိသူ တစ်ယောက်သာ။






ပျိုးယုဝသုန်

02:12:36AM

18-12-2012

Tuesday (BNE)

4 comments:

mstint said...

ညှို့ယူဆွဲငင်ခေါ်ရာဆီကို ၀သုန်နဲ့အတူလိုက်ပါသွားရလို့ ကျေးဇူးနော်။
မနက်ဖြန်ကျရောက်မဲ့မွေးနေ့ရက်မြတ်လေးအတွက် တီတင့်တင်ထားတဲ့ပို့စ်လေးဖတ်လိုက်အုံးနော်။ တူမလေးနဲ့မွေးနေ့တူတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

လှပညွတ်နူးဖွယ်ရာကောင်းတဲ့ စကားလုံးတွေနဲ့မျက်စိမှိတ်ပြီး တောင်စဉ်တောင်တန်းတွေဆီ လမင်းဝါ၀ါဆီ ကြယ်မှုန်မွှားတွေဆီ တောအုပ်စိမ်းစိမ်းထဲကထွက်လာတဲ့ မီးခိုငွေ့တန်းတွေဆီကို တခဏရောက်သွားခဲ့တယ်...း)

မိုးသူ(တောင်ကြီး) said...

မမ၀သုန် က ဘလော့မိတ်ဆွေတွေကို

မွေးနေ့ လေးပါဆိုတာလေးတောင်

မကြော်ငြာပေးဘူးနော်

ခင်တဲ့
မိုးသူ(တောင်ကြီး)

kabyar sayar said...

တကယ်တော့ ကျွန်တော်ဟာ မြို့တစ်မြို့နဲ့ အိပ်မက်တွေရဲ့ညို့ငင်ခြင်းမှာ ရုန်းမထွက်ချင်လောက်အောင် နစ်မြောပျော်ဝင်မိသူ တစ်ယောက်မျှသာ....။
(မမဝသုန်ရဲ့ သိပ်ကောင်းတဲ့ စကားပြေလေးကို
အတုခိုးအားကျမိခြင်းမျှသာ)