တစ်ခါတုန်းကပေါ့..
ပန်းပေါင်းစုံ ဝေဝေဆာဆာ ပွင့်နေတဲ့ ပန်းခင်းတစ်ခင်းထဲမှာ လိပ်ပြာလေးတွေ၊
ပျားကလေးတွေ၊ ဝတ်ရည်စုပ်ငှက်ကလေးတွေ၊ ပိတုန်းကလေးတွေ နဲ့ အခြား အကောင်ငယ်လေးတွေ လာရောက်
ဆော့ကစားလေ့ရှိကြတယ်။
အနီ၊ အပြာ၊ အဝါ၊ ခရမ်း၊ လိမ္မော် အစရှိတဲ့ အရောင်အသွေးစုံလင်တဲ့ ပန်းခင်ထဲမှာ
ပန်းကလေးတွေ အလှချင်းပြိုင်နေကြသလို အဲ့ဒီပန်းခင်းထဲမှာ လှပတဲ့ အရောင်မျိုးစုံရှိတဲ့
လိပ်ပြာကလေးတွေကလည်း ဟိုမှ သည်မှ ပျော်ရွှင်စွာ
ဝဲပျံ သွားလာနေကြတယ်..။ ဒီလိပ်ပြာတွေထဲမှာ မှ အခြားလိပ်ပြာတွေနဲ့မတူဘဲ အရောင်အသွေးဆန်းဆန်းနဲ့
လှပတဲ့အတောင်ပံတွေကို ပိုင်ဆိုင်တဲ့ လိပ်ပြာလေးတစ်ကောင်လည်းပါတယ်။ အဲ့ဒီလိပ်ပြာကလေးဟာ
လှပလွန်းတဲ့အတွက်ကြောင့် သူပျံဝဲလာပြီဆိုရင် အခြားသော အကောင်ငယ်ကလေးတွေနဲ့ ပန်းကလေးတွေဟာ
ငေးကြည့်နေကြရသတဲ့။
ပန်ပွင့်ကလေးတွေကလည်း သူတို့ရဲ့ပွင့်ချပ်ကလေးတွေပေါ်မှာ ဒီလိပ်ပြာလေး လာနားမှ
ပိုပြီး လှပတယ်လို့ ခံစားရပြီး လိပ်ပြာလေးကို အလုအယက် ဖိတ်ခေါ်ကြတာပေါ့။ ဒီလို
ချစ်ခင်သူတွေ၊ ခင်မင်ချင်သူတွေ များလာတော့ လိပ်ပြာကလေးဟာ သူသာလျှင် အလှဆုံးလို့ စိတ်ကြီးဝင်လာခဲ့တယ်။
ဒီ့နောက်မှာတော့ လိပ်ပြာလေးဟာ အခြား အရောင်အသွေး မှေးမှိန်တဲ့ လိပ်ပြာလေးတွေ၊ ငှက်ကလေးတွေနဲ့
ဆော့ကစားခြင်း၊ အတူတူ ပျံဝဲခြင်းကို မပြုတော့သလို၊ ရနံ့မသင်းတဲ့ ပန်းကလေးတွေ၊ အရောင်အသွေး
မလှပတဲ့ ပန်းကလေးတွေဆီကိုလည်း သွားရောက်လည်ပတ်ခြင်း မပြုတော့ဘူးပေါ့။
ပန်းကလေးတွေ၊ ငှက်ကလေးတွေ နဲ့ အခြားသော လိပ်ပြာကလေးတွေက အတူတူ ဆော့ကစားဖို့
ဖိတ်ခေါ်ရင်လည်း သူက လှည့်တောင်မကြည့်ဘဲ မသိသလို မကြားသလို နေခဲ့တယ်။ သူ့စိတ်ထဲမှာ
သူလို လှပတဲ့သူနဲ့ အခြားသော သူ့ကဲ့သို့ မလှပသော သူတွေနဲ့ အတူတူ သွားလာရမှာကို တူတယ်
တန်တယ်လို့ မထင်ဘူးလို့ ခံယူလာပြီး သီးသီးသန့်သန့် သာ နေထိုင်သတဲ့။
တစ်နေ့မှာတော့ လူငယ်လေးတစ်ဦးဟာ လှပတဲ့ ပန်းဥယျာဉ်ထဲကို လာပြီး ပန်းပွင့်လေးတွေ၊
ဝဲပျံနေတဲ့ လိပ်ပြာလေးတွေနဲ့ ငှက်ကလေးတွေပုံကို
သူ့ရဲ့ စာအုပ်ထဲမှာ ကူးယူပြီး ဆေးခြယ်သနေခဲ့တယ်။ ပြီးတော့ လူငယ်ကလေးဟာ လှပတဲ့ လိပ်ပြာလေးရဲ့
ပုံကိုလည်း သီးသန့် ကူးယူပြီး ဆေးခြယ်သ သတဲ့။ ဒါကို မြင်ကြတဲ့ အခြားသော ပန်းကလေးတွေနဲ့
အကောင်ကလေးတွေဟာ လိပ်ပြာလေးရဲ့ လှပတဲ့ အတောင်ပံတွေကို ချီးကျူးကြတာပေါ့။ လိပ်ပြာလေးကတော့
မော်မော်ကြွားကြွားနဲ့ သူ့ရဲ့လှပတဲ့ အတောင်တွေကို ဖြန့်ရင်း လေဟုန်မှာညင်ညင်သာသာလေး
ဝဲပျံနေတာပေါ့။
ဒီလိုနဲ့ ညနေပိုင်းရောက်တော့ လူငယ်ကလေးဟာ အိမ်ပြန်သွားခဲ့တယ်။ နောက်တစ်ခါ
လည်း ထပ်လာခဲ့ဦးမယ်လို့ အားလုံးကို မှာကြားသွားသတဲ့။ လူငယ်ကလေး ပုံဆွဲသွားတဲ့
နေရာမှာ ရွှေရောင်အဖုံကလေးနဲ့ ဗူးကလေးတစ်ခု ကျန်နေခဲ့တာကို လိပ်ပြာကလေးက တွေ့သွားတယ်။
တဖျပ်ဖျပ်လက်နေတဲ့ ရွှေရောင်ဗူးအဖုံးလေးပေါ်က အရောင်ကို သူ့ရဲ့ လှပတဲ့ အတောင်ပံတွေမှာ
ပါဝင်စေချင်တဲ့စိတ်လည်း ဖြစ်ပေါ်လာသတဲ့၊ ဒါကြောင့် လိပ်ပြာလေးဟာ ဗူးကလေးကို သူ့ရဲ့အိမ်ကို
သယ်ယူသွားခဲ့တာပေါ့။ အသက်အရွယ်ကြီးတဲ့ ငှက်ကြီးတွေက တားလည်း သူကတော့ ဂရုမစိုက်ပဲ
သူ့ကို မနာလိုလို့ တားတယ်လို့သာ ထင်ခဲ့သတဲ့။
လိပ်ပြာလေးရဲ့စိတ်မှာ သူ့မှာသာ ဒီလိုတောက်ပလင်းလက်တဲ့ အတောင်ပံတွေ ပိုင်ဆိုင်ခဲ့ရင်
သူဟာ အားလုံးထက်ပိုမို လှပပြီး အားလုံးရဲ့ အားကျနှစ်သက်ခြင်းကို ယခုထက်ပိုပြီး
ရလိမ့်မယ်လို့ ထင်ခဲ့တယ်။ အိမ်ပြန်ရောက်တဲ့အခါမှာ လိပ်ပြာကလေးဟာ ရွှေရောင်ဗူးထဲက ဆေးရည်တွေကို
သူ့ရဲ့အတောင်ပံတွေမှာ လိမ်းခြယ်သတဲ့။ အတောင်ပံနှစ်ဘက်လုံးကို ဆေးရောင်ခြယ်ပြီးတဲ့အခါမှာတော့
လိပ်ပြာလေးဟာ တော်တော်လေး ပင်ပန်းသွားပြီး အိပ်ပျော်သွားခဲ့တယ်။
အိပ်မက်ထဲမှာ သူဟာ ရွှေရောင်တောက်ပနေတဲ့ အတောင်ပံတွေကို ပိုင်ဆိုင်နေခဲ့သတဲ့။
လူငယ်ကလေးကလည်း သူ့တစ်ကောင်ထဲရဲ့ပုံတွေကို ရှုထောင့် အမျိုးမျိုးက နေ ကူးယူရေးခြယ်နေသတဲ့။
ပန်းကလေးတွေ၊ ငှက်ကလေးတွေနဲ့ အခြားသော လိပ်ပြာလေးတွေ ပိတုန်းလေးတွေကြားမှာ သူဟာ နတ်သားလေးတစ်ပါးလို
ထင်ထင်ရှားရှားနဲ့ ရှိနေသတဲ့။
နောက်တစ်နေ့ မိုးလင်းတဲ့အခါ သူဟာ သူ့ရဲ့အသစ်ဖြစ်လာတဲ့ အတောင်ပံတွေကို
ကြည့်လိုက်တဲ့အခါမှာ သူ့ရဲ့အတောင်ပံတွေမှာ ယခင်က လှပတဲ့ အရောင်အဆင်းတွေ ပျောက်ကွယ်ပြီး
မှုန်မှိုင်းမှိုင်းရှိတဲ့အနက်ရောင်တွေစွန်းထင်နေတာကို တွေ့လိုက်ရတယ်။ လိပ်ပြာလေးဟာ
အရမ်းကို ထိတ်လန့်သွားပြီး သူ့ကိုယ်ပေါ်က ဆေးတွေကို ရေနဲ့ဆေးချ ပေမယ့်လည်း ဆေးတွေဟာ
ပျောက်ကွယ် မသွားတော့ဘူးပေါ့။ ဒီတော့ သူဟာ ပန်းခင်းကြီးထဲကို သွားဖို့ ရှက်ရွံ့သွားသတဲ့။
သူနှိမ့်ချခဲ့တဲ့ ပန်းကလေးတွေနဲ့ လိပ်ပြာကလေးတွေက သူ့ကို ပြောင်လှောင်မှာကို သူက
စိုးထိတ်ရှက်ရွံ့လာတယ်။ ဒါကြောင့် သူဟာ ပန်းခင်းနားမှာ ရှိတဲ့ သစ်ပင်ကြီးရဲ့ ပင်စည်မှာ
သူ့ကိုယ်သူ ကွယ်ဝှက်ရင်း ပန်းခင်းကြီးထဲမှာ ပျော်ရွှင်နေကြတဲ့သူတွေကို ငေးကြည့်နေသတဲ့။
သူ့အနားကိုရောက်လာတဲ့ သူ့သူငယ်ချင်းတွေကလည်း လိပ်ပြာကလေးကို မမှတ်မိကြဘူးပေါ့။
လိပ်ပြာကလေကလည်း သူဟာ အရင်က လှပတဲ့ အတောင်တွေ ပိုင်ရှင်လိပ်ပြာကလေးဖြစ်ပါတယ်လို့
မပြောရဲခဲ့သလို အခြားသော တောက်ပတဲ့အရောင်၊ အဆင်းတွေရှိတဲ့ လိပ်ပြာလေးတွေလို ဝင့်ဝင့်ကြွားကြွား
ပျံဝဲမနေရဲ တော့ဘဲ သစ်ပင်တွေ အရွက်တွေနဲ့ သူ့ရဲ့ကိုယ်ကို ကွယ်ရင်း ပုန်ရှောင်ဖို့
ကြိုးစားနေခဲ့သတဲ့။
မာန်မာနကြီးခြင်း၊ အလိုလောဘကြီးခြင်းကြောင့် မိမိရဲ့ တောက်ပခဲ့မှုတွေ
ပျောက်ရှကုန်ပြီး ပတ်ဝန်းကျင်မှာလည်း မဝင်ဆံ့နိုင်၊ မှေးမှေးမှိန်မှိန်ဘဝနဲ့ အများရဲ့
မမြင်နိုင်တဲ့နေရာမှာ ပုန်းကွယ်ဝှက်ပြီး နေထိုင်ရတယ်ဆိုတာကို လိပ်ပြာကလေး ဟာ သူ့အသက်ထက်ဆုံး
ပြင်ဆင်ခွင့်မရှိတော့ဘူးဆိုတဲ့ နောင်တတရားတွေနဲ့ အတူ သိရှိသွားခဲ့ရသတဲ့။
ဒီလိုနဲ့ အနက်ရောင်မွဲမွဲအတောင်တွေကို ရရှိသွားတဲ့ လိပ်ပြာလေးရဲ့ မျိုးဆက်တွေဟာ
ပန်းဥယျာဉ်တွေထဲမှာ ဟိုဟို ဒီဒီ သွားလာနေတာကို မလုပ်ကြပဲ သူတို့ရဲ့အတောင်တွေကို
သစ်ပင်ပင်စည်တွေ၊ အရွက်တွေနောက်မှာ ကွယ်ဝှက်ရင်း တိတ်တဆိတ် ဝမ်းနည်း အားငယ်နေတတ်ကြတာကို
တွေ့ကြရပေါ့..။
ပျိုးယုဝသုန်
1:29:17 PM
17-12-2012
Monday (BNE) တွင် လက်ရေးပုံပြင်များမှ ပြန်လည် ကူးယူသည်။
1 comment:
ပုံပြင်ထဲက သင်ခန်းစာလေးတွေ ယူသွားပါတယ်။
မာန်ထောင်လွန်းရင် ဒီလိုဘဲ ဖြစ်တတ်ကြပါတယ်။
Post a Comment