တစ်နေ့တွင် ဖေဖေနှင့် မေမေသည် ကျုံကမိစုရွာကလေးသို့ မေမေ့ တူမဝမ်းကွဲလေး၏
စေ့စပ်မင်္ဂလာပွဲကို ချီးမြှင့်ရန် သွားရောက်ခဲ့သည်။ စေ့စပ်မင်္ဂလာပွဲသည် ထင်မှတ်ထားသည်ထက်
ပိုမို၍ စည်ကားကာ အောင်မြင်စွာ ပြီးဆုံးသွားသောကြောင့် လူကြီးများအားလုံးရော ဇနီးမောင်နှံ
အလောင်းအလျာစုံတွဲပါ ပျော်ရွှင်ခဲ့ကြသည်။
စေ့စပ်ပွဲအပြီး နောက်ရက်များတွင် ဖေဖေနှင့် မေမေသည် တောင်စွန်းတွင် ရှိသော
ဘုန်တော်ကြီးကျောင်းများ နှင့် ရဟန်းသံဃာတော်များကို သွားရောက်ဖူးမြော်ကြသည်။ ထို့နောက်
ကျုံကမိစု၊ ပေါက်တော၊ ကုန်းတန်းလေး၊ ကုန်ပေါ် အစရှိသော ရွာများမှ မေမေ၏ ဆွေမျိုးများရှိရာသို့
လှည့်လည်ကာ တွေ့ဆုံနှုတ်ဆက်ကြသည်။
ကုန်းပေါ်နှင့် ကုန်တန်းလေး ရွာကြားတွင် ပေါက်တောသုဿန်တည်ရှိသည်။ မေမေ၊
ဖေဖေ နှင့် ကျွန်မတို့၏ အဒေါ်တော်စပ်သူတို့သည် သူတို့၏ အဒေါ်ရှိရာ ကုန်းတန်းလေးမှ
အစ်မရှိရာ ကုန်ပေါ်သို့ ခရီးဆက်လိုသည်။ ပေါက်တော သုဿန်မှ ဖြတ်သွားလျှင် ခရီးမှာတိုသဖြင့်
သူတို့သည် ဝေးကွာ ရှည်လျားသော အခြားလမ်းကို မရွေးတော့ဘဲ သုဿန်ထဲမှဖြတ်၍ ကုန်ပေါ်သို့
ခရီးဆက်ကြသည်။
သုဿန်တွင်းသို့ ရောက်သောအခါ စိမ်းလန်းဝေဖြာနေသော တောင်ထန်းပင်တို့ကို
တွေ့လေသည်။ ထိုအခါ ဖေဖေသည် သူ၏ပုလွေတွင် လျာ ထည့်ရန်အလို့ငှာ တောင်ထန်းရွက်မှ အရွက်တစ်စကို
ခူးယူလိုသည်။ မေမေကလည်း “အဖိုးကြီး လဲကျမယ်၊ ..” ဘာညာနှင့် ပြောသော်လည်း တကယ်တမ်းတွင်မူ
သူမ၏ ခင်ပွန်း လဲမကျစေရန် ဖေးမကူညီခဲ့သည်။ ရရှိလာသော တောင်ထန်းရွက် အပိုင်းကလေးကို
ချိုးကာ ဖေဖေကတော့ သူ၏ အင်္ကျီအိတ်ထဲသို့ ထည့်ခဲ့သည်။
ထိုမှ အိမ်သို့ ပြန်ရောက်လာသည်အထိ မည်သည့် ပြဿနာ၊ အခက်အခဲမျိုးမှ မတွေ့ကြုံရချေ။
အိမ်ပြန်ရောက်သောအခါတွင် မေမေသည် သူမ၏နိစ္စဒူဝ အလုပ်များဖြင့် စည်းချက်ညီညီ
လှုပ်ရှားနေသကဲ့သို့ ဖေဖေကလည်း သူ၏ နေ့စဉ် ပြုနေကျ ဝတ် များကို မပျက်မကွက် ပြုလုပ်သည်။
ဖေဖေ၏ ပရိတ်ပဌန်းတော် ရွတ်ဖတ်သံများဖြင့် ကျွန်မတို့အိမ်သည် ဝေဝေစည်စည် ရှိခဲ့သည်။
ဂျာဂျာဘီအားလပ်ရက်များတွင်မူ သူနှင့် မေမေသည် ဈေးဝယ်ထွက်ကြခြင်း၊ အနီးအနားရှိ ဘုရားသို့
သွားရောက်ဖူးမြော်ကြခြင်းများကို ပြုကြသည်။
နိုဝင်ဘာလ၏ ပူအိုက်ခြင်းကို မခံနိုင်သော မေမေသည် အိပ်သောအခါ လေအေးပေးစက်ကိုဖွင့်၍
အိပ်တတ်သည်။ လေးအေးပေးစက်မှ လာသော လေကို မနှစ်သက်သော ဂျာဂျာဘီကလေးမှာမူ ခေါင်းအုံးကလေးနှင့်
စောင်လေးပိုက်ကာ လေအေးပေးစက်ကင်းလွတ်ရာ အောက်ထပ်တွင် သွားအိပ်လေ့ ရှိသည်။
ခရီးသွားရာမှ ပြန်ရောက်လာပြီး ၁၀ရက်ခန့် ကြာပြီးနောက်၊ မနက်စောစော အချိန်တွင်
မေမေသည် မပီဝိုးတဝါးတစ်ခုကို တွေ့မြင်ခဲ့သည်။ သူမတို့၏ ကုတင်ခြေရင်းပိုင်းတွင်
လူတစ်ဦး ကျောပေး၍ ထိုင်နေသည်ကို မြင်သောအခါ အံ့သြသွားခဲ့သည်။ ထိုသူမှ မေမေ့အား
“ငါလည်း လည်လို့ ပတ်လို့ ဝပြီ၊ ဘုရားတွေလည်းဖူးပြီးပြီ..၊ နင်တို့
အိမ်လေးက ကောင်းပါတယ်၊ ဒါပေမယ့် ငါ့ကို ပြန်ပို့ပါတော့..” ဟုပြောသည်။ မေမေလည်း အံ့အားသင့်စွာဖြင့်
“ရှင်က ဘယ်သူလဲ၊ ရှင့်ကို ဘယ်သူခေါ်လာလို့လဲ..” ဟုမေးရာ
“နင့်ယောက်ျား ခေါ်လာတာလေ။ နင်တောင်မှ ကျမှာစိုးလို့ လှမ်းဆွဲထားသေးတယ်
မဟုတ်လား၊ ငါ အဲ့ဒီကနေ လိုက်လာတာ..” ဟု ပြန်ပြောသည်။ ထိုအခါမှ မေမေသည် အနည်းငယ်
ထိတ်လန့်လာသည်။
“ဒါဆို ပေါက်တောကို ပြန်ပို့ပေးရမလား.. ပြန်ပို့ပေးဆိုလည်း ပို့ပေးပါ့မယ်”
ဟုပြောရာ ထိုသူက
“အဲ့ဒီအထိတော့ မပို့ပါနဲ့၊ လမ်းဆုံ လမ်းခွ တစ်နေရာရာကို ပို့ပေးပါ”
ဟု ပြန်ဖြေသည်။
ထိုအချိန်တွင် နာရီကို လှမ်းကြည့်ရာ နံနက် ၄း၀၀ နာရီမျှ ရှိပြီဖြစ်သည်။
ဖေဖေ့ကို ကြည့်လိုက်တော့လည်း ဖေဖေက နှစ်ခြိုက်စွာ အိပ်မောကျနေသည်။ ထို့ကြောင့် သူမ၏
ခင်ပွန်းကိုလည်း မနှိုးလိုတော့ပေ။ မေမေလည်း ပြန်အိပ်ရန် မဝံ့ရဲတော့ပါ။ ထို့ကြောင့်
အိမ်ပေါ် အိမ်အောက် ရှိသမျှ မီးတို့ကို လိုက်ဖွင့်လိုက်ကာ ဆွမ်းချက်ရန် ပြင်ဆင်တော့သည်။
မကြာမီတွင် ဖေဖေလည်းနိုးလာသည်။ ဖေဖေယူလာသော တောင်ထန်းရွက် အကြောင်းကို
မေးရာ သိမ်းထားသည်ဟု ပြောသဖြင့် ရှာရန် စတင်ပြင်ဆင်ကြသည်။ ဖေဖေနှင့် မေမေတို့၏ စကားပြောသံများကိုကြားသောအခါ
ဂျာဂျာဘီလည်း အိပ်ရာမှနိုးလာသည်။ မေမေက အကျိုးအကြောင်း ပြောပြသောအခါ သားအမိသားအဖ သုံးယောက်သား
ထိုသစ်ရွက်ကို ရှာကြသည်။ သစ်ရွက်ကလည်း အပိုင်းပိုင်းချိုးထားသဖြင့် ၄ပိုင်းလား
ငါးပိုင်းလားနှင့် ရနိုင်သမျှ ရနိုင်ရန် ရှာကြသည်။ ရရှိသောအခါ မေမေက သူမ၏ သားကလေးအား
အလုပ်သွားလျှင် ထိုသစ်ရွက်များကို လမ်းဆုံလမ်းခွ တစ်နေရာတွင် ထားခဲ့ရန်ခိုင်းသည်။
အနှီ ဂျာဂျာဘီသည် ဒီတစ်ခါတွင် မေမေ့စကားကို ချက်ချင်း နားထောင်သည်။ အလုပ်ချိန်ကိုပင်
မစောင့်တော့ဘဲ ချက်ချင်းပင် မနက်စောစော၌ လမ်းဆုံလမ်းခွ တစ်နေရာတွင် သွားပစ်ခဲ့သည်။
မောင်ဂျာဂျာဘီ ကြောက်တတ်သည်ကို မေ့နေသော မေမေသည်
“ဟယ်.. သူ ငါတို့ထမင်းတွေ၊ ဟင်းတွေလည်း နှိုက်စားနေလားမသိဘူးနော်..။ အိမ်ထဲလည်း
အနှံ့ သွားချင် သွားနေမှာ..“ ဟု ပြောလိုက်သေးသည်။
ထိုနေ့ညမှ စ၍ မောင်ဂျာဂျာဘီသည် သူ၏ အိပ်ရာကလေးကိုပိုက်ကာ အိမ်ပေါ်ထပ်သို့
ကုတ်ချောင်း ကုတ်ချောင်း ဖြင့် ပြန်တက်လာသည်။
“သား .. အိမ်ပေါ်မှာပဲ အိပ်တော့မယ် မေမေ” ဟုပြောကာ မေမေ့နားတွင် သွားရောက်ပူးကပ်နေသည်။
ဂျာဂျာဘီ အဘယ်ကြောင့် အိမ်ပေါ်ပြန်တက်အိပ်သည်ကို သိကြပါသလား မိတ်ဆွေ။
သူသည် မဖိတ်ခေါ်ပဲ ရောက်လာသော ဖေဖေ၏ဧည့်သည်ကို မြင်ရမည်ကို စိုးသောကြောင့်သာ..။
ဖေဖေ၏ ဧည့်သည် ကို သူ မမေ့သေးသရွေ့ အိမ်အောက်တွင် ဆင်းအိပ်ဦးမည် မဟုတ်ပေ။
ကျွန်မ၏ ချစ်လှစွာသော မောင်ကလေးသည် ဤသို့ ပရလောကကို မကြောက်မရွံ့ တတ်သော
သူလည်း ဖြစ်ပေသည်။
မမဝသုန်
14-12-2012
Friday (BNE)
1 comment:
ဂျာဂျာဘီ ကတော့.. တကယ့်ကို ဗန်ဒုလသွေးပါတယ်နော်..
အမ ကလဲ မနိုင်ဘူး.. ကိုယ့်မောင်လေး တစ်ယောက်ရှိပါတယ်.. နှက်မယ်.. တီးမယ်ဆိုတာချည်းပဲ.. ခိခိ
Post a Comment