Thursday, 6 December 2012

ကန်စွန်းပင်




အခန်း၏ အရှေ့ဘက် မျက်နှာစာ ထောင့်လေးတွင် အစိမ်းရောင် ဖော့ပုံးလေး တစ်ပုံးရှိသည်။ ရေနှင့် မြေကြီးများထည့်ထားသည့်ထိုဖော့ပုံးလေးထဲတွင် အညွန့်ကလေးများ တလူလူနှင့် ကန်စွန်းပင်ကလေးများသည် လန်းဆန်းစွာ ရှင်သန်ထောင်မတ်နေသည်။ အမှန်တွင် ထိုအစိမ်းရောင် ဖော့ပုံး၏ ပကတိအရောင်မှာ အဖြူရောင် ဖြစ်သည်။

ကုန်စုံဆိုင်မှ  ဝယ်ယူရရှိလာသော ကန်စွန်းရွက်တစ်စီးသည် ကျွန်တော်တို့ ညီအစ်အတွက် သင့်လျော်သော ဟင်းတစ်ခွက်အဖြစ် နှစ်နပ်စာမျှ လုံလောက်သည်။ ကျန်ရှိနေသော အရင်းပိုင်းမှ ရင့်ထော်နေသော အရိုးအတိုကလေးများကို အမှိုက်အိတ်ထဲ ထည့်မည်ပြုပြီးမှ မထည့်တော့ပဲ ခွက်လေးတစ်ခွက်တွင် ရေအနည်းငယ်နှင့် ထောင်ထားလိုက်သည်။ ညနေအလုပ်မှ အပြန်တွင် ဈေးဆိုင်မှ သစ်သီးများထည့်သော ဖော့ပုံးတစ်ပုံးကို ဝင်ပြီး ယူခဲ့သည်။ အဖြူရောင်ဖော့ပုံးသည် ကန်စွန်းပင်ကလေးများနှင့် မလိုက်ဖက်၊ တောက်ပ လွန်းနေသည် ဟု မိမိ ဘာသာ မိမိ ယူဆကာ အစိမ်းရင့်ရောင် သင်္ဘောဆေးတို့နှင့် အဖြူရောင်ကို အရောင်တင်လိုက်သည်။ ဆေးတို့ ခြောက်သွားချိန်တွင် မြေကြီးနှင့် ရေကို ထည့်ကာ ခွက်ထဲတွင် ရေထောင်ထားသော ကန်စွန်းရိုးတိုကလေးများကို တစ်ချောင်းစီ ထိုးစိုက်လိုက်သည်။

***

“လောကမှာ အသုံးမဝင်၊ အသုံးမကျတဲ့အရာ ဘာမှ မရှိဘူး ငါ့သား။ အသုံးမပြုတတ်သူ အတွက် အမှိုက်ဖြစ်မယ့်အရာတွေဟာ အသုံးပြုတတ်သူအတွက် အကျိုးအမြတ်ဖြစ်စေမယ့် အရာတွေချည့်ပဲ .. ဒါပေမယ့် နေရာမှန်ဖို့တော့လိုတယ်..”

အဖြူနှင့် မီးခိုးရင့်ရောင်တို့ပေါင်းစပ်ထားသော ဆံပင်ပါးပါးတို့ကို ဝါးဘီးကလေးဖြင့် ထိပ်တွင်ပတ်ထားလေ့ရှိသော အမေအို၏ စကားတို့သည် အတူရှိနေချိန်တွင် နားတွင်းသို့ မဝင်ခဲ့ပါ။

လယ်လုပ်ချိန်တွင် အကောင်းဆုံး ဟင်းလျာမှာ ငပိကောင်ကြော်နှင့် ငပိကောင်ကို ခရမ်းချဉ်သီးနှင့်ချက်ထားသော ငပိချက်သာဖြစ်သည်။ သို့ရာတွင် ထိုဟင်းလျာကို အမြဲမစားနိုင်ကြပါ။ အများစုမှာ ငပိထောင်း၊ ငပိရည်ကျိုကျဲကျဲ တွင် ငရုပ်သီးမှုန့် ပါလေကာမျှနှင့် အလကားရသော ကန်သင်းရိုးပေါ်မှ အလေ့ကျပေါက်နေသည့် ကန်စွန်း၊ ကညွတ်နှင့် ကနဖော့တို့ကို အစိမ်းတစ်မျိုး ပြုတ်၍တဖုံ စားကြရသည်သာ။ ထမင်းလာပို့တိုင်း ကန်သင်းရိုးမှ ရိုးနီကန်စွန်းရွက်များကို အမေသည် အပြန်တွင် အမြဲတစေခူးယူသွားလေ့ရှိသည်။ ကျွန်တော်တို့၏ ညနေစာ ဟင်းလျာမှာ ကန်စွန်းရွက်ကြော် သို့မဟုတ် ကန်စွန်းရွက်ချဉ်ရည် ဟင်းသာ ဖြစ်သည်။ ရန်ဖန်ရံခါ လယ်ထဲမှ ရရှိလာသော လယ်ငါးခူ၊ လယ်ကြွက်နှင့် ဖားတို့ဖြင့် အူစိုရသည်။

“လူငယ်တွေဆိုတော့ အသား၊ ငါး စားချင်မယ်ဆိုတာ အမေသိပါတယ်။ ဒါပေမယ့် ဝယ်စားဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်တာကို ငါ့သားတို့ နားလည်ပေးကြပါ။ ”

အမတော်ကြေး။ မျိုးစပါးဖိုး၊ ဓါတ်မြေသြဇာဖိုး နှင့် အခြားအခြားသော စရိတ်စကများကို ပယ်လိုက်လျင်း တစ်မိုးစာအတွက် ဝမ်းစာစပါး ကျန်အောင်ပင် အနိုင်နိုင် ချန်ရသည်။ လယ်သည် ကိုယ်ပိုင်လယ်ဖြစ်သကဲ့သို့  အရွယ်ရောက်ပြီးဖြစ်သော  သားနှစ်ယောက်၏ တတ်သိနားလည်မှုကြောင့် သူရင်းငှားလည်း ငှားစရာမလိုပေ။ သို့ရာတွင် ကျွန်တော်တို့အိမ်သည် သွပ်မမိုးနိုင်ပါ။ တောင်ထန်းနှင့် အင်ကို အလှည့်ကျ မိုးရသည်။

ဆယ့်နှစ်ရာသီလုံးလုံး အလုပ်နှုင့်လက်မပြတ် အောင်လုပ်ကြရသော်လည်း ဤဆင်းရဲတွင်းမှ ကျွန်တော်တို့ မတက်နိုင်ကြပါ။ နွားနှုင့် ကျွဲနှုင့် ဖက်ပြိုင်ကာ ရုန်းကန်ခဲ့ရသော ကြောင့် ကျွဲပခုံးထနေသော အသားအရည်တို့မှာ သပိတ်ရောင်ထလျက်ပင် ရှိနေပြီ။ လယ်သမားဖြစ်သော်လည်း စားရသော ဆန်မှာ ဆန်ကြမ်းသာ။ ကြက်၊ ဝက်၊ အမဲဟူသော ဟင်းလျာမှာ အင်မတန်နည်းပါးလှသော အကြိမ်အရေအတွက်သာဖြစ်သည်။ ရံဖတ်ရံခါ အလှူနှင့် မင်္ဂလာဆောင် တို့တွင်မူ တစ်ဝ စားသောက်ခွင့်ကြုံရသည်။

***

စပါးပေါ်ချိန်တွင် အနည်းငယ် ငွေရွှင်၍ ဝတ်ကောင်းစားလှလေး ဝယ်ယူနိုင်သည်။ သို့ရာတွင် ရာသီဥတုဖျက်၍ စပါးပျက်ချိန်တွင် ရှိသမျှတို့ကို ရောင်းချရသည်သာ။

“အမတော်ကြေး၊ ဟိုအကြေး ဒီအကြေးတွေနဲ့ ကျွန်တော်တို့ဘဝလည်း ပြောင်ပြောင်ရောင်ရောင်ကို ဖြစ်မလာပါလား အမေ။ အဖေတို့ အဖိုးတို့ရှိစဉ်က လယ်သမားတွေ ရွှေတွဲလဲ ငွေတွဲလဲ ရှိကြတယ်ဆိုပေမယ့် အခုကျွန်တော်တို့ လက်ထက်မှာတော့ သွပ်တောင် မမိုးနိုင်ပါလား အမေ..”

ပြောင်းဖူးဖက် ဆေးလိပ်ကို သာသာဖွာရင်း အမေသည် မှုန်ဝေသောမျက်လုံများဖြင့် အဝေးသို့ ရည်ရွယ်ရာမဲ့ ငေးကြည့်ရင်း နားထောင်နေသည်။

“ကျွန်တော်တော့ လယ်ကို ဆက်မလုပ်ချင်တော့ဘူးအမေ။ တစ်ဖက်ကမ်းမှာပဲ သွားပြီး ကြုံရာအလုပ်ကိုလုပ်ချင်တယ်။ ဒီထက်လည်း ပိုပြီး မပင်ပန်းနိုင်ပါဘူးအမေ။ ဒါပေမယ့် မကြာခင်မှာ သွပ်မိုးပျဉ်ထောင်ကလေးနဲ့ အမေ့ကိုထားနိုင်မယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ကို ခွင့်ပြုပါ အမေ။

တိတ်တဆိတ် နားစိုက်ထောင်နေသော အမေသည် ကျွန်တော်တို့ပြောသမျှကို သေချာ စဉ်းစားနေပုံရသည်။

“ကောင်းပြီ သားတို့… မင်းတို့မလည်း မင်းတို့ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို ရှာဖွေနိုင်ခွင့်ရှိကြတယ်။ ဒီတော့ကာ စုံစမ်းကြပါ..။”

တိုတောင်းသော စကားသံအဆုံးတွင် အမေသည် အိမ်အနောက်ထဲသို့ ဝင်သွားသည်။ သို့ရာတွင် ဝမ်းနည်းရိပ်ကို အမေ၏ မျက်နှာတွင် မတွေ့ရပါ။ ကျွန်တော်တို့ နားမလည်နိုင်သော မာန်တစ်ခု၏ အရိပ်ကိုသာ ဖြတ်ကနဲ တွေ့လိုက်ရသည်။

***

တစ်ဖက်ကမ်းတွင် အလုပ်တစ်ခုကို ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်လုံးရ၍ သွားကြရန် ပြင်ဆင်ကြသောအခါ အမေသည် ဝန်ဆောင်ခကို သူမ၏ လယ်များအားရောင်းချကာ ရှင်းလင်းပေးသည်။ ကျန်ရှိနေသော ပေးစရာများကိုမူ ကျွန်တော်တို့၏ လုပ်အားခမှ အရစ်ကျ ပေးသွင်းရန် သဘောတူညီပြီး ဖြစ်သည်။

“ကန်စွန်းပင်တွေဟာ သူတို့ရဲ့ အညွန့်တွေကို ဘယ်လိုပဲဖြတ်ဖြတ် သေမသွားဘူးသားတို့..၊ အချိန်တန်ရင် အညွန့်တလူလူ ပြန်ဖြစ်လာတာပဲ..၊ ငါ့သားတွေလည်း ကိုယ့်အညွန့်ကို အချိုးခံရတယ် ဆိုပြီး စိတ်ဓါတ်ကျ သိမ်ငယ်မသွားရဘူး..၊ ရတဲ့နည်းနဲ့ ခေါင်းထောင်နိုင်ရမယ်..၊ ဒီမှာလယ်လုပ်ရင်း မင်းတို့ အညွန့် မတက်နိုင်တာကို အမေနားလည်လို့ တက်နိုင်မယ့်နေရာကို လွှတ်လိုက်ပြီ..၊ အညွန့်ဆိုတာ ဘယ်တော့မှ တုံးရိုး မရှိဘူး.. ဒါပေမယ့် ခိုင်မာတဲ့ ရေသောက်မြစ်နဲ့တူတဲ့ စိတ်ဓါတ်တော့ ရှိရမယ်..”

အမေသည် ဤမျှလောက်သော စကားကိုသာ မှာကြားလိုက်သည်။ ပြောင်းဖူးဖက် ဆေးလိပ်မှ ထွက်လာသော အငွေ့တလူလူနောက်သို့ အမေ့စိတ်တွေ လိုက်ပါသွားသလား ကျွန်တော် မပြောတတ်ပါ။ အရေးအကြောင်းများနှင့် ပြည့်နှက်နေသော အမေ့မျက်နှာတွင် နူးညံ့စွာ တင်းမာမှုကို ကျွန်တော်မြင်တွေ့လိုက်ရပါသည်။ အမေ၏ မျက်လုံးသည် စိန်ပွင့်ကလေးကဲ့သို့ တောက်ပနေသည်ဟု ကျွန်တော် ထင်မြင်မိသည်။

***

ရက်သတ္တ နှစ်ပတ်မျှ အကြာတွင် ကျွန်တော်ထိုးစို်က်ထားသော ကန်စွန်းရိုးတို့၏ အဆစ်ကလေးများမှ အညွန့်ကလေးများ ထွက်ပေါ်လာပြီးဖြစ်သည်။ ယခင်က ကြည့်မကောင်းလှသော အပိုင်းပိုင်းဖြတ်ခံထားရသော ကန်စွန်းရိုးတို့၏ အကျည်းတန်မှုသည် အစိမ်းနုရောင် ဖြာဝေနေသော အညွန့်ကလေးများ၏အောက်တွင် ပျောက်ရှသွားခဲ့ပြီး ဖြစ်သည်။

ရေကန်ကျယ်၊ ကွင်းလယ်တွင် မဟုတ်သော်လည်း ကန်စွန်းပင်တို့သည် ကျွန်တော်ဖန်တီးထားသော အစိမ်းရောင်ဖော့ပုံးကလေးအတွင်းဝယ် စိမ်းလန်းစွာ ရှိနေနိုင်ခဲ့သည်။

ကျွန်တော်တို့ကရော ..။ အပိုင်းပိုင်း ချိုးနှိမ် နှိပ်ကွပ်ခံရသော ကျွန်တော်တို့၏စိတ်သည် ကန်စွန်းပင်ကဲ့သို့ အညွန့်အသစ်များ ထပ်မံ မပေါ်ထွက်နိုင်သလော။ ရောက်ရှိနေသော နေရာဒေသတွင် မတ်မတ် မရပ်နိုင်ကြပြီလော။ အသိဉာဏ်ရှိသော လူသားများဖြစ်သည့် အလျောက် အကြောက်တရား၏ ဖိစီးမှုကို ခံနေရသလော။ အသိဉာဏ်မရှိသော ကန်စွန်းပင်လေးလောက်မှ ကျွန်တော်တို့ မရဲဝံ့ကြပြီလော။


                                                           ***

ကန်စွန်းပင်ကလေးကဲ့သို့ ရောက်ရှိသည့်နေရာတွင် မတ်မတ်ရပ်နိုင်အောင် အညွန့်တလူလူ တက်နေနိုင်အောင် ရေသောက်မြစ်နှင့်တူသော စိတ်ကို မွေးမြူရင်း ကျွန်တော် ကြိုးစားပါဦးမည်.. အမေ။






ပျိုးယုဝသုန်
8:21:21AM
06-12-2012
Thursday (BNE)

4 comments:

လွင်ပြင်လှိုင်းငယ် said...

အရမ်းကောင်းတယ် မမ၀သုန်ရေ ။လူတစ်ယောက်ဟာ
ရှင်သန်နေသမျှ ဘယ်တော့အခါမှ အညွှန့်မတုံးဘူးဆိုတာကို ကန်စွန်းပင်လေးနဲ့ နှိုင်းယှဉ်ပြသွားတာ အရမ်းကောင်းတယ် ။

စံပယ်ချို said...

ကန်စွန်းပင်ကလေးကဲ့သို့ ရောက်ရှိသည့်နေရာတွင် မတ်မတ်ရပ်နိုင်အောင် အညွန့်တလူလူ တက်နေနိုင်အောင် ရေသောက်မြစ်နှင့်တူသော စိတ်ကို မွေးမြူရင်း ကျွန်မ ကြိုးစားပါဦးမည် ပျိုးရေ
ချစ်တဲ့ jasmine

ကေပိုး said...

ကန်စွန်းပင်ဥပမာလေးက အရမ်းကောင်းတယ်.. ငပျိုးရေ..
ဒါမယ့်လေ.. ဖတ်ရင်း တစ်ခု စဉ်းစားမိတာက.. ဘယ်လောက် ကန်စွန်းလေး ရှင်သန်ချင်.. ရှင်သန်ချင်.. ရေဆိုတဲ့ အထောက်အပံ့ဆိုတာ မရရင် ရှင်သန်ခွင့် မရနိုင်ဘူးဆိုတာပါပဲ.. ငါချစ်တဲ့ ငပျိုးလေး.. ရေလို ထောက်ပံ့ပေးနိုင်မယ့် သူမျိုးနဲ့ တွေ့ဆုံနိုင်ပါစေဟာ..

လရိပ်အိမ် said...

ကန်စွန်းပင်နဲ့ပတ်သက်လို့ရင်ထဲမှာတစ်ခုခုကျန်ခဲ့တယ်။ ပြောရရင်တော့စိတ်ဓါတ်မြင့်တက်လာတယ်။ ကျေးဇူးမမဝသုန်။


ကွန်မန့်ပြန်တာနောက်ကျသွားလို့။ စီဘောက်လဲတွေ့ဘူး။ :( လင့်အတိုင်းလိုက်လာခဲ့နော် ။
http://www.blogger.com/comment.g?blogID=419849227304271945&postID=4027550342745022321&page=1&token=1354949390190