Saturday 22 September 2012

စိမ်းမြနေသော နံနက်စနေ


ဧဒင်ဥယျာဉ်

လှပတဲ့ နာမည်လေးနဲ့ ဥယျာဉ်လေး။

၁၀ဧကလောက် အကျယ်အဝန်းရှိတဲ့ မြေပေါ်မှာ အမျိုးအမည် စုံလင်တဲ့ ပန်းပင်မျိုးစုံတွေ၊ သစ်သီးပင်တွေ၊ ပျိုးပင်မျိုးစုံတွေ နဲ့ ငြိမ်းချမ်းအေးမြတဲ့ နေရာလေးတစ်နေရာပေါ့။ ပြီးတော့ အိမ်တွင်းအလှဆင်တဲ့ အလှဆင်ပစ္စည်းလေးတွေ၊ ပန်းအိုးအလှလေးတွေ ကိုလည်း နေရာကျယ်ကျယ် တစ်နေရာပေးပြီး ရောင်းချပေးသေးတယ်။

အရိပ်ထဲစိုက်တဲ့ ပန်းပင်တွေနဲ့ သစ်ပင်တွေကြားထဲမှာတော့ စိတ်ကူးယဉ်ဆန်တဲ့ ကော်ဖီဘားလေး တစ်ခုကိုလည်း ဖွင့်ထားသေးတယ်။ အဲ့ဒီကော်ဖီဘားလေးထဲမှာ ပင်လယ်စာအကြော်လေးနဲ့ လာတေးကော်ဖီအေးလေး သောက်ရင်း နှင်းဆီတွေ၊ လီလီတွေ၊ ပိန်းပန်းမျိုးစုံတွေနဲ့ အမျိုးအမည် မခွဲခြားတတ်တဲ့ ပန်းမျိုးစုံတွေကို ငေးကြည့်နေရတာ အင်မတန် စိတ်ချမ်းသာစရာ ကောင်းလှပါတယ်။ စိမ်းစိုနေတဲ့ ဝန်းကျင်ရယ်၊ အရောင်အသွေးစုံလင်တဲ့ ပန်းကလေးတွေရယ် နဲ့ အေးချမ်းတဲ့ ဧဒင်ဥယျာဉ်ဟာ ညစ်နွမ်းနေတဲ့ စိတ်အစဉ်ကိုလည်း လန်းဆန်းသွားစေတယ်။






သစ်ပင်တွေ၊ ပျိုးပင်တွေကြားမှာတော့ အပင်တွေကို မှီတင်းနေထိုင်တဲ့ တွားသွား သတ္တဝါလေးတွေဟာ ဟိုမှ သည်မှ သွားလာနေကြတယ်။ လူတွေကိုလည်း သူတို့ကို အန္တရာယ်ပေးတတ်တဲ့သူတွေလို့ မြင်ပုံ မရကြဘူး။ ငှက်ကလေးတွေကတော့ ဘာသာဘာဝ မြည်ကြွေးရင်း နွေးထွေးတဲ့ နေ့တစ်နေ့ကို ကြိုဆိုနေကြတယ် ထင်ပါ့။

အထူးပြုလုပ်ထားတဲ့ နေရာကလေးမှာတော့ မြေအင်တုန် အကြီးကြီးတွေနဲ့ ကြာပင်ငယ်လေးတွေ မျိုးစုံကိုလည်း စိုက်ပျိုးထားသေးတယ်။ လှပတဲ့ အပြာရောင် ကြာပန်းလေးတွေဟာ မြင်သူကို နူးညံ့သိမ်မွေ့တဲ့ စိတ်ထားလေးကိုလည်း ဖြစ်စေတယ်။



ဘွန်ဇိုင်းပင်တွေထားတဲ့ နေရာမှာတော့ ဘွန်ဇိုင်းပင်တွေအဖြစ် အသွင်ပြောင်းထားတဲ့ စက္ကူပန်းပင်တွေ၊ စကားပင်တွေ၊ မေပယ်လ်အနီပင်လေးတွေ၊ အဝါပင်လေးတွေနဲ့ လှပဝေဆာနေခဲ့တယ်။ မေပယ်ပင်အနီလေးတွေက မေပယ်လ်ရွက်ကလေးတွေကို ကိုင်ကြည့်ရင်း မေပယ်ရွက်တွေကိုချစ်တဲ့သူ တစ်ယောက်ကို သတိရမိတယ်။ သူ့ကိုပေးဖို့ မေပယ်လ်ရွက် လေးတွေ သွားခူးဦးမယ်လို့ စဉ်းစားမိသေးတယ်။





ဧဒင်ဥယျာဉ်ကအပြန်မှာတော့ စိုက်ထားတဲ့ သစ်ခွပင်တွေအတွက် Orchid Mix နဲ့ ပန်းအိုးလေးတစ်အိုး ဝယ်လာရင်း အပြန်လမ်းဟာ ညစ်ညူးမှုတွေ လျော့ပါးပြီး ကြည်လင်နေခဲ့တယ်။

စိမ်းစိုတဲ့ သစ်ရိပ်ဝါးရိပ်တွေရယ်၊ ဖူးပွင့်ဝေဆာနေတဲ့ပန်းမာလ်တွေရယ်ဟာ ပတ်ဝန်းကျင်ကို အေးချမ်းစေရုံသာမကပဲ လှုပ်ရှားရုန်ကုန်နေတဲ့ သက်ရှိလူသားတွေကိုပါ ညံ့သက်ခြင်းကို ပေးနိုင်တယ်ဆိုတာကတော့ ယုံမှားစရာ မရှိတော့ပါဘူး။

တကယ်တော့ အကြောင်းမဲ့ သစ်ပင်ခုတ်ခြင်းတွေ၊ တောတွေကို ပြုန်းတီးစေခြင်းတွေဟာ တစ်ဦးတစ်ယောက်အတွက်တင်မကပဲ ပတ်ဝန်းကျင်ကိုရော သဘာဝရဲ့ ရာသီဥတု အနေအထားကိုရော သွယ်ဝိုက်ခြင်းဖြင့်သာမက တိုက်ရိုက်အားဖြင့်လည်း ပျက်စီးဆုံးရှုံးစေတယ်ဆိုတာ တဒင်္ဂဖြစ်ဖြစ်၊ တစ်ခဏဖြစ်ဖြစ် စဉ်းစားတွေးတောမိခဲ့မယ် ဆိုရင် ပူလောင်နေတဲ့ ကမ္ဘာကြီးလည်း ညံ့သက်အေးမြခြင်းကို ရနိုင်ကောင်းပါရဲ့။

စိမ်းလန်းအေးမြခြင်းတွေ နေရာတိုင်းမှာ ရှင်သန်နိုင်ပါစေ။

မမဝသုန်
02:09:40 PM
22-09-2012
Saturday (BNE)

10 comments:

စံပယ်ချို said...

အဲဒီ အေဒင်ဥယျာဉ် ထဲတခေါက်လောက်တော့သွားချင်တယ်
လည်ပတ်ချင်တဲ့စိတ်ထက် ငြိမ်းချမ်းချင်တာပိုလို့ပါ

ကမ္ဘာကြီးလဲ စိမ်းလန်းမှုတွေနဲ့ နေရာတိုင်း လှပနေပါစေလို့
ချစ်တဲ့ jasmine

Anonymous said...

good

Anonymous said...

good

Cameron said...

အဲသလိုသာ တို့ကမ္ဘာကြီး အမြဲစိမ်းလန်းနေ သိပ်ကောင်းမယ်ကွယ်....

လွင်ပြင်လှိုင်းငယ် said...

ငြိမ်းအေးတဲ့နေရာလေးမှာ နေချင်နေမိတယ်

လရိပ်အိမ် said...

ပန်းတွေကိုချစ်တယ်။

မိုးသူ(တောင်ကြီး) said...

ဘွန်ဆိုင်းပင်လေးတွေအရမ်းမိုက်တယ်

ကျွန်တော်ကသစ်ပင်စိုက်တာ

အရမ်းဝါသနာပါတယ်ဗျ

ခင်တဲ့
မိုးသူ(တောင်ကြီး)

mstint said...

စနေမနက်လေးက အေးချမ်းလန်းဆန်းလိုက်တာ ဝသုန်ရေ။ ပန်းလေးတွေရဲ့အလှအပခံစားရင်း အစားအသောက်တွေမြင်တော့ ဗိုက်ဆာလာပြီး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ပို့စ်တစ်ပုဒ်တဂ်ထားတယ်မမ၀သုန်ရေ

San San Htun said...

ကြာကို အိုးနဲ့ စိုက်ထားတာ မိုက်တယ်..ဘွန်ဆိုင်းလေးတွေက ချစ်စရာလေး..သစ်ပင်၊ ပန်းပင်တွေ များများရှိတဲ့နေရာမှာ နေချင်တော့..ခုတော့ သစ်ပင်ထား..လူတောင် အနိုင်နိုင်ရယ်။