Saturday, 22 September 2012

စိမ်းမြနေသော နံနက်စနေ


ဧဒင်ဥယျာဉ်

လှပတဲ့ နာမည်လေးနဲ့ ဥယျာဉ်လေး။

၁၀ဧကလောက် အကျယ်အဝန်းရှိတဲ့ မြေပေါ်မှာ အမျိုးအမည် စုံလင်တဲ့ ပန်းပင်မျိုးစုံတွေ၊ သစ်သီးပင်တွေ၊ ပျိုးပင်မျိုးစုံတွေ နဲ့ ငြိမ်းချမ်းအေးမြတဲ့ နေရာလေးတစ်နေရာပေါ့။ ပြီးတော့ အိမ်တွင်းအလှဆင်တဲ့ အလှဆင်ပစ္စည်းလေးတွေ၊ ပန်းအိုးအလှလေးတွေ ကိုလည်း နေရာကျယ်ကျယ် တစ်နေရာပေးပြီး ရောင်းချပေးသေးတယ်။

အရိပ်ထဲစိုက်တဲ့ ပန်းပင်တွေနဲ့ သစ်ပင်တွေကြားထဲမှာတော့ စိတ်ကူးယဉ်ဆန်တဲ့ ကော်ဖီဘားလေး တစ်ခုကိုလည်း ဖွင့်ထားသေးတယ်။ အဲ့ဒီကော်ဖီဘားလေးထဲမှာ ပင်လယ်စာအကြော်လေးနဲ့ လာတေးကော်ဖီအေးလေး သောက်ရင်း နှင်းဆီတွေ၊ လီလီတွေ၊ ပိန်းပန်းမျိုးစုံတွေနဲ့ အမျိုးအမည် မခွဲခြားတတ်တဲ့ ပန်းမျိုးစုံတွေကို ငေးကြည့်နေရတာ အင်မတန် စိတ်ချမ်းသာစရာ ကောင်းလှပါတယ်။ စိမ်းစိုနေတဲ့ ဝန်းကျင်ရယ်၊ အရောင်အသွေးစုံလင်တဲ့ ပန်းကလေးတွေရယ် နဲ့ အေးချမ်းတဲ့ ဧဒင်ဥယျာဉ်ဟာ ညစ်နွမ်းနေတဲ့ စိတ်အစဉ်ကိုလည်း လန်းဆန်းသွားစေတယ်။

Monday, 17 September 2012

သရုပ်ဆောင်





ရွှေကျောင်းပြောင်ပြောင်
ဝမ်းခေါင်ခေါင်မှာ
ရောင်ခြည်ဖြိုးဖြတ်
ပေါ်ဆီဟပ်၍
နားကပ်အရောင်
သည်နားပြောင်သည်
ကိုယ်ရောင်ဝါတို့ မှိန်ခဲ့ချိန်..။

လင်းမယ်မှကြံ
ခွင့်မသန်ခဲ့
နုံနဲ့ကြမ္မာ
ဘယ်အရာကြောင့်
ဝဋ်မှာအမြဲ
ငါ့တွင်စွဲသည်။

ပဲ့တင်အသံ
ရောင်ပြန်အလင်း
ရင်တွင်းဆန္ဒ
မညီမျှလည်း
လောကလူ့ဘောင်
ဤခန်းဆောင်မှာ
ကျရာသရုပ် ဆောင်ရသည်။




ပျိုးယုဝသုန်
7:15AM
17-09-2012
Monday (BNE)

Sunday, 16 September 2012

လျောက်ခဲ့ဖူးသော စာမျက်နှာ အချို့ ဆီသို့

ငယ်ငယ်တုန်းက ရေးခဲ့ဖူးတဲ့ ကဗျာလေး တချို့ထဲက ၂ပုဒ်ကို ဒေါ်မိုးငွေ့လေး မိုးငွေ့ ကျေးဇူးနဲ့  ပြန်ရလိုက်တယ်။

ကလေးဆန်တဲ့ အရေးလေးတွေကို ပြန်ကြည့်ရင်း ပြုံးမိရသေးတယ်။

ပြီးတော့ လွန်ခဲ့တဲ့ ၁၈နှစ်လောက်  ကျွန်မ အထက်တန်းကျောင်းသူဘဝ ၉၄ ကနေ ၉၆-၉၇  ခုနှစ် ရဲ့ FMA  က သူငယ်ချင်းတွေရော ၊ မကြာသေးခင် အချိန်က ဘဝတပါးကို ကူးပြောင်းသွားတဲ့ ဆရာကြီး လူထုဦးစိန်ဝင်းကိုရော အားလုံကို ရုပ်ရှင်အနှေးပြကွက်တွေလို ပြန်မြင်လာမိတယ်။

ဝမ်းနည်းစရာတွေ၊ ပျော်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေ နဲ့ ပြည့်နေပြီး ပေါက်ကရတွေ လုပ်ခဲ့တဲ့ ဆယ်ကျော်သက် တို့ရဲ့ အချိန်ကာလလေးဟာ တွေးကြည့်ရုံ အပြင် ဘယ်လိုမှ ပြန်မရနိုင်တော့ပါဘူး။

Tuesday, 11 September 2012

ဆိတ်ငြိမ်သော ကမ္ဘာတစ်ခုမှ .. သည်




အရောင်တွေ.. အရောင်တွေ။ တကယ်တော့ သူမ၏ ဘဝတစ်လျောက်လုံး စိုးမိုးထားသော အရာများမှာ အရောင်များသာဖြစ်သည်။

                                             ၁။
လူ့လောကကို စရောက်ကတည်းက သူမ စတင်ရင်းနှီးခဲ့သော အရာသည်လည်း အရောင်များသာ ဖြစ်သည်။ တောက်ပ၍ လင်းလက်သောအရောင်တစ်ခုကို သူမ စတင်သိမြင်ခဲ့သည်။ အမည်နာမ ခွဲခြားမသိသော်လည်း သူမက ထိုအရောင်ကို နှစ်သက်ခဲ့သည်သာ။


ဆာလောင်မှုဖြင့် ငိုကြွေးမိသောအခါ မိခင်ဖြစ်သူ တိုက်ကျွေးလာသော နို့ရည်ချိုချို တို့မှာလည်း သူမ နှစ်သက်သော စတင်မြင်တွေ့ဖူးသော အရောင်တို့ကဲ့သို့ပင်။ သို့ရာတွင် နို့ရည်တို့မှာ တောက်ပမှုမရှိချေ။ ထိုအရောင်ကို အဖြူဟုခေါ်မှန်း နောင်သောအခါ သူမ သိရှိလာရသည်။

Thursday, 6 September 2012

လမင်း ရင်ခုန်သံ


လှပတဲ့ ညတလင်း
လမင်းရဲ့ ရင်ခုန်သံ
မိုးတိမ်ယံ  ဟိုကမ်းပါး
ပါးလွှလွှ ညံ။

ညအသံ
လပြာစံမိန့်မူး
စုန်းကြူးပျို အရောင်လက်တိုင်
ပြိုးပြက်နိုင်ဘူး။



ပျိုးယုဝသုန်
2:28:25 PM
06-08-2012
Thursday (BNE)