Tuesday, 11 September 2012

ဆိတ်ငြိမ်သော ကမ္ဘာတစ်ခုမှ .. သည်




အရောင်တွေ.. အရောင်တွေ။ တကယ်တော့ သူမ၏ ဘဝတစ်လျောက်လုံး စိုးမိုးထားသော အရာများမှာ အရောင်များသာဖြစ်သည်။

                                             ၁။
လူ့လောကကို စရောက်ကတည်းက သူမ စတင်ရင်းနှီးခဲ့သော အရာသည်လည်း အရောင်များသာ ဖြစ်သည်။ တောက်ပ၍ လင်းလက်သောအရောင်တစ်ခုကို သူမ စတင်သိမြင်ခဲ့သည်။ အမည်နာမ ခွဲခြားမသိသော်လည်း သူမက ထိုအရောင်ကို နှစ်သက်ခဲ့သည်သာ။


ဆာလောင်မှုဖြင့် ငိုကြွေးမိသောအခါ မိခင်ဖြစ်သူ တိုက်ကျွေးလာသော နို့ရည်ချိုချို တို့မှာလည်း သူမ နှစ်သက်သော စတင်မြင်တွေ့ဖူးသော အရောင်တို့ကဲ့သို့ပင်။ သို့ရာတွင် နို့ရည်တို့မှာ တောက်ပမှုမရှိချေ။ ထိုအရောင်ကို အဖြူဟုခေါ်မှန်း နောင်သောအခါ သူမ သိရှိလာရသည်။


မိခင်၏ချိုမြသော အပြုံးများ၊ ဖခင်၏ နွေးထွေးသော အပြုံးများဖြင့် သူမသည် နွေးထွေးသောကမ္ဘာ တစ်ခုဆီသို့ စတင်လျောက်လှမ်းခဲ့ပြီ။ မိခင် အိမ်အလုပ်များ လုပ်နေချိန်တွင် သူမက ထောင့်တစ်နေရာရာတွင် ပေးထားသော ကစားစရာ ကလေးများနှင့် ပျော်ရွှင်နေခဲ့သည်။ နှစ်သက်စရာကောင်းသော တောက်ပသော အရောင်များနှင့် ကစားစရာများကို သူမ နှစ်သက်သည်။


“ကလေးက အငိုအရီ နည်းတယ်နော်၊ အေးချမ်းလိုက်တာ..၊ ခင်ခင်တို့များ သိပ်ကံကောင်းတာပဲ”    ဆိုသော အိမ်နီးချင်းတို့၏ ဝေဖန်မှုတွင် မိခင်ဖြစ်သူသည် ကျေနပ်နေခဲ့ပြီး သမီးကလေး၏ သိတတ်မှုနှင့် ကောင်းသော အကျင့်ကလေးကိုလည်း ဂုဏ်ယူ၍ မဆုံးနိုင်ပေ။


                                             ၂။
သူမအသက် နှစ်နှစ်ခန့်တွင် သူမကစားနေရာအနီးသို့ ဒန်အိုးကြီး ပြုတ်ကျလာသည်။ မိခင်သည် သူမရှိရာသို့ ပြေးလာခဲ့သည်။ သူမကမူ ထိခိုက်နာကျင်မှု မရှိသည့်အတွက် အနီးရောက်လာသော မိခင်ကို ပြုံးရယ်ပြလိုက်သည်။ ထို့နောက် ကစားစရာကလေးများနှင့် ဆက်၍ ဆော့ကစားနေသည်။ မိခင်သည် သူမကို ပွေ့ဖက်၍ မျက်ရည်တွေတွေ ကျနေသည်။ သူမ၏ နဘေးတွင်လည်း ကြီးမားသော အိုးကြီးတစ်လုံးက လဲလျောင်းနေသည်။ သူမသည် မျက်ရည်များကိုမူ သဘောမကျပေ။ သူမ၏ မိခင် မည်သို့သော အကြောင်းကြောင့် ငိုကြွေးနေသည်ကိုမူ သူမ ထိုစဉ်က မသိခဲ့ပါ။ သူမ၏ လက်ကလေးများဖြင့် မိခင်၏ မျက်ရည်များကို အသာ သုတ်ပေးနေမိသည်။ မိခင့်ဖြစ်သူကတော့ သူမကို ကျစ်ကျစ်ပါအောင်ဖက်ထားရင်း ဘာမှန်းမသိသည်များကို နှုတ်မှ တဖွဖွ ရွတ်နေလေသည်။


ညနေပိုင်း ဖခင်ဖြစ်သူ အလုပ်မှ ပြန်လာချိန်တွင် ဖခင်ဖြစ်သူကို တစ်စုံတရာ ပြောပြသည်။ ညိုမှိုင်း သွားသော အရောင်ကို ဖခင်ဖြစ်သူ၏ မျက်နှာတွင် သူမတွေ့ရှိလိုက်ရသည်။ ထိုအရောင်ကိုလည်း သူမ မနှစ်သက်ပါ။


                                             ၃။
ကောင်းကင်ဖြူဖြူကို သူမ ချစ်သည်။ အရောင်အသွေးစုံလှသော တိမ်များကိုလည်း သူမနှစ်သက်သည်။ ပျံဝဲနေသော ငှက်ကလေးများကိုလည်း သဘောကျသည်။ မေမေ ဆန်ပြာရာမှ ရရှိသော ဆန်ကွဲနှင့် စပါးလုံးကလေးများကို အိမ်ရှေ့တွက် ကြဲပက်သောအခါ ငှက်ကလေးများ အလုအယက် လာရောက်စားသောက်ကြသည်။ ထိုမြင်ကွင်းမျိုးကိုလည်း သူမ မြတ်နိုးသည်သာ။


မိုးရွာခါနီးတွင် တိုက်ခတ်လာသော လေအေးအေးကို သူမနှစ်သက်သည်။ သို့ရာတွင် အဖြူရောင်၊ အပြာရောင်တို့ကို ဖုံးအုပ်သွားသော မှုန်မှိုင်းမှိုင်း အရောင်များကိုမူ သူမ မကြိုက်ပေ။ သို့ရာတွင် သူမ မည်သို့မျှ မတတ်နိုင်ပါ။


မိုးရွာပြီးလျှင် ပွင့်လန်းလာကြသော လမ်းနဘေးမှ ပန်းကလေးများနှင့် မေမေ စိုက်ပျိုးထားသော ပန်းကလေးများ ပွင့်လာလျှင်မူ သူမ ပျော်ရွှင်သည်။ ထို့ကြောင့် အညိုရောင် တိမ်တိုက်များကိုလည်း နှစ်သက်နိုင်အောင် သူမ ကြိုးစားခဲ့သည်။


သူမ၏ကမ္ဘာသည် အမြဲလိုလို တိတ်ဆိတ်နေခဲ့သည်သာ။ သူမပြောချင်သည်များကို မေမေ နှင့် ဖေဖေမှ လွဲ၍ မည်သူမှနားမလည်ကြပါ။ ထို့ကြောင့် သူမတွင် သူငယ်ချင်းလည်း မရှိပါ။ သူမတို့ခြံရှေ့တွင် ရံဖန်ရံခါ ပြေးလွှားဆော့ကစားနေကြသော သူမနှင့် အရွယ်တူ ကောင်လေး ကောင်မလေးများကို သူမ အလွန်အားကျသည်။ သူတို့နှင့်အတူ ပြေးလွှားဆော့ကစားလိုလှသည်။ ခြံထဲမှ နေ၍ သူတို့ကို စကားလှမ်းပြောသော်လည်း သူတို့က သူမကို ဂရုမစိုက်ကြချေ။ တခါတရံ ပြေးလွှားဆော့ကစားရင်းမှ လှမ်းကြည့်ပြီး ပြုံးပြ၊ လက်လှမ်းပြရုံလောက်သာ လုပ်ကြသည်။


                                             ၄။
မေမေနှင့်ဖေဖေသည် သူမအတွက် စာရွက်များ၊ အရောင်စုံလင်လှသော ခဲတံများ။ ဆေးရောင် အခဲများကို ဝယ်ပေးလေသည်။ ထိုအချိန်မှစ၍ သူမသည် မေမေစိုက်ပျိုးထားသော ပန်းကလေးများ၏ ပုံများကို စာရွက်ပေါ်တွင် ရေးခြယ်ခဲ့သည်။ သူမနှစ်သက်သော ကောင်းကင်ပြာပြာများ၊ တိမ်ဖြူဖြူများ၊ လိမ္မော်ရောင် ညနေများ၊ ငှက်ကလေးများ ကိုလည်း စာရွက်ပေါ်တွင် ပုံရိပ်ထင်စေခဲ့သည်။ ထိုအချိန်မှ စ၍ သူမသည် ဆော့ကစားနေသော ရွယ်တူ ကလေးများကိုလည်း အားမကျတော့ပေ။ လှပ၍ အရောင်အသွေးစုံလှသော သူမ၏ ဖန်တီးမှုတို့၏ ပင်တိုင် ပရိတ်သတ်များမှာ ဖေဖေ နှင့် မေမေသာ ဖြစ်သည်။


တစ်နေ့တွင် ဖေဖေနှင့် မေမေသည် သူမကို နေရာတစ်နေရာသို့ ခေါ်ခဲ့သည်။ ထိုနေရာကို ကျောင်းဟု ခေါ်မှန်း နောင်အခါတွင် သိရသည်။ ထိုကျောင်းတွင် သူမ အလွန်ပျော်သည်။ သူမ ပြောချင်သည်များကို ဆရာ၊ ဆရာမတို့က နားလည်ကြသည်။ သူမနှင့် ရွယ်တူ ကောင်လေး ကောင်မလေးများ နှင့် သူမထက်ကြီးသော အစ်ကိုကြီး အစ်မကြီးများကလည်း နားလည်ကြသည်သာ။ သူမ ထိုနေရာကို နှစ်သက်လှသည်။ သူမ၏ ပန်ချီကားများကိုလည်း သူတို့က နှစ်သက်ကြသည်။


အစပိုင်းတွင် သူတို့ပြောဆိုနေသော အရာများကို သူမ သေချာမသိရှိသော်လည်း နောင်သောအခါတွင် သူမ တစ်ခုမကျန် သိခဲ့သည်။ သူမတွင် စကားပြောဖော်သူငယ်ချင်းများ ရှိလာပြီဖြစ်သည်။ ဖေဖေနှင့် မေမေသည် တက်ကြွလန်းဆန်းလာသော သူမကို ကြည့်ရင်း တပြုံးပြုံးနှင့် ကျေနပ်နေခဲ့ကြသည်။


                                                      ၅။
ဆယ်ကျော်သက် အရွယ်တွင် အနီရောင်ကို သူမ စတင်ရင်းနှီးခဲ့သည်။ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်းများဖြင့် မေမေ့ဆီသို့ ပြေးသွားခဲ့သည်။ မေမေက ပြုံရယ်ကာ စိုးရိမ်စရာ၊ ကြောက်လန့်စရာ မဟုတ်ကြောင်းကို သူမ နားလည်အောင် ရှင်းပြပေးခဲ့သည်။ မေမေသည် သူမ နားလည်သော စကားများကိုလည်း တတ်ကျွမ်း နားလည်နေခဲ့ပြီး ဖြစ်သည်။


ပွင့်စပန်းကလေး တစ်ပွင့်လို တဖြည်းဖြည်း လှပလာသော သူမကို မေမေက  မည်သို့ နေထိုင်ရမည်၊ မည်သို့ စားသောက်ရမည်ကို အမြဲသွန်သင်ခဲ့သည်။ သူမသည် ယခင်ကလို တောက်တောက်ပပ အရောင်များကို မနှစ်သက်တော့ပေ။ နုနုလွလွ အရောင်ကလေးများ၊ ဖျော့တော့သော အရောင်ကလေးများကိုသာ ပိုမိုနှစ်သက်လာခဲ့သည်။


ကျောင်းတွင် ခင်မင်းညို  ဆိုသောသူမ၏အမည်သည်လည်း လူသိများလာခဲ့သည်။ ချစ်ခင်သူများ ရှိသကဲ့သို့ ချစ်ခင်နှစ်လိုဖွယ် မကောင်းသော သူအချို့ကိုလည်း သူမ တွေ့ခဲ့ရသည်။ သို့ရာတွင် သူမ ထိုကဲ့သို့နှစ်သက်ဖွယ် မကောင်းသူတို့ကို ဥပေက္ခာပြုခဲ့သည်သာ။


ကျောင်းတွင်ရှိသော ပန်ချီဆရာ၏ သင်ပြပေးမှုကြောင့် သူမ စုတ်တံများ၊ ဆေးများ၊ အရောင်အတောင့်များနှင့် ပိုမိုရင်နှီးကျွမ်းဝင်လာသည်။ သူမ၏ စိတ်တွင် ဖြစ်ပေါ်လာသော ပုံရိပ်များကို သူမ ကောင်းကောင်း အကောင်အထည်ဖော်လာနိုင်ပြီဖြစ်သည်။ သူမဖန်တီးထားသော ကားချပ်များကို ပန်ချီဆရာနှင့် ဆရာဆရာမတို့က အံ့သြတနန်းကြည့်ရှု ဝေဖန်ကြသည်။ ထိုကားချပ်ကလေးကို ကိုင်၍ သူငယ်ချင်းမျာကို ပြသသောအခါ သူမကို မနှစ်သက်သော သူမကလည်း မနှစ်သက်သော ကျောင်းသူတစ်ယောက်မှ ဆွဲယူကာ လုံးချေပစ်လိုက်သည်။ သူမသည် စိတ်လည်းဆိုး ဒေါသလည်းထွက်ကာ ထိုကျောင်းသူ၏ ရင်ဘတ်ကို တွန်းချလိုက်သည်။ လဲကျသွားသော ကျောင်းသူသည် လဲကျရာတွင် လက်ထောက်မိသဖြင့် လက်ကောက်ဝတ် အဆစ်လွဲသွားသည်ဟု သိရသည်။ ထို့နောက်တွင်တော့ သူမရော ထိုကျောင်းသူပါ ကျောင်းအုပ်ဆရာမကြီး ၏ ခေါ်ယူဆုံးမ အပြစ်ပေးခြင်းကို ခံခဲ့ရသည်။ ထိုကျောင်းသူ၏ အမည်မှာ လဲ့ရည်သွေး ဟူ၍ ဖြစ်သည်။ ထိုအမည်နာမကို သူမ ဘယ်တော့မှ မေ့တော့မည် မဟုတ်ပါ။


                                             ၆။
ဖေဖေနှင့် မေမေသည် နေသာသော နေ့တစ်နေ့တွင် သူမကို ဆရာဝန်ကြီးတစ်ဦးရှိရာသို့ ခေါ်ဆောင်ခဲ့သည်။ သူမမှာ မည်သို့သော ဝေဒနာမျှမရှိပါ။ ဆရာဝန်ကြီး၏ စမ်းသပ်စစ်ဆေးခြင်းကို ခံယူုပြီးနောက် သူမတို့ ပြန်ခဲ့ကြသည်။ ပြုံနေသော မေမေ့ မျက်နှာသည် ယခင်နေ့များထက်ပို၍ လှပကြည်လင်နေသည်။ ထိုအရောင်ကို သူမ ပန်းချီကားတစ်ချပ်အဖြစ် အသက်သွင်းဦးမည်ဟု တေးမှတ်လိုက်သည်။



ထိုသို့ဆရာဝန်ကြီးနှင့် ၆ကြိမ်တိုင်တိုင် တွေ့ဆုံပြီးနောက် အိမ်အပြန်လမ်းတွင် “မကြာခင်မှာ မေမေတို့ပြောသမျှကို ကြားခွင့်ရတော့မည်”ဟု မေမေက သူမနားလည်းသော ဘာသာစကားဖြင့် ပြောကြားလာသောအခါ သူမ စိတ်လှုပ်ရှားခြင်း ကြီးစွာဖြစ်ခဲ့ရသည်။ ၁၅နှစ်လုံးလုံး တိတ်ဆိတ်သော အသံမဲ့သော ကမ္ဘာတွင် ကျင်လည်ခဲ့ရသော သူမသည် အသံဆိုသည်မှာ မည်သို့များဖြစ်မည်နည်းဟု သိချင်စိတ်များလည်း ကြီးမားလာရသည်။ နောက်ထပ် နှစ်ပတ်တာကာလ ၁၄ရက်တာမျှကို သူမ အမြန်ကျော်လွန်စေချင်ပြီဖြစ်သည်။ ထိုကာလကို ကျော်လွန်ပြီးလျှင် သူမသည် တစ်သက်တာကာလပတ်လုံး မရင်းနှီးဖူးသော အသံ ဆိုသည်ကို ကြားရမည်မဟုတ်ပါလား။ အိပ်မက်များထဲတွင်ပင် သူမသည် ဆရာ၊ဆရာမများ၊ သူငယ်ချင်းများကို စကားတွေပြောနေသည်။ သီချင်းတွေဆိုနေသည်။ သူမ အကြားအာရုံကို မြန်မြန်ကလေးသာ ရချင်လှပါပြီ။


နောက်တစ်နေ့ ကျောင်းရောက်သောအခါ သူငယ်ချင်းမျာကို ထိုထိုသော အကြောင်းအရာများ ပြောပြသည်။ သူတို့လည်း စိတ်လှုပ်ရှားနေကြသည်။ နောက်နှစ်ပတ် အကြာတွင် တွေ့ကြုံရမည့်အတွေ့အကြုံသစ်သည် မည်သို့ဖြစ်မည်ကို အားလုံး စိတ်ဝင်တစား ရှိနေကြသည်။


                                             ၇။
ရက်တို့သည် တဖြည်းဖြည်းကုန်လွန်ခဲ့သည်။ သူမသည် နောက်နှစ်ရက် အကြာတွင် အသံ ဆိုသည်ကို စတင်သိရှိရတော့မည်။ ကျောင်းမှသူငယ်ချင်းများကလည်း သူမနှင့် ထပ်တူ ဝမ်းသာပျော်ရွှင်နေခဲ့ကြသည်။  သူတို့လည်း ထိုကဲ့သို့ အခွင့်အရေးရှိစေရန် သူတို့၏ မိဘများကို ပြောပြပြီး ထိုဆရာဝန်ကြီး ဆီကို ပို့ပေးရန်ပြောမည်ဟု ဆိုသည့်သူက ဆိုသည်။ မည်သို့ပင်ဖြစ်စေ ထိုအသံ ဆိုသော အရာသည် သူမတို့အထဲတွင် လတ်တလော၌ စိတ်ဝင်စားစရာ အကောင်းဆုံး အကြောင်းအရာ ခေါင်းစဉ် တစ်ခုဖြစ်နေသည်မှာ အမှန်ပင်ဖြစ်သည်။


ကျောင်းလှေခါးတစ်လျောက် သူမတို့ တွန်းထိုးဆင်းလာကြရာ သူမနောက်မှ ကျော်ဆင်းလာသူတစ်ယောက်ကို သူမလက်နှင့် မတော်တဆ ရိုက်ခတ်မိသည်။ တောင်းပန်ရန် လှည့်ကြည့် လိုက်သောအခါ သူမ၏ရန်သူတော် လဲ့ရည်သွေး ဖြစ်နေသည်။ မီးတောက်မတတ်သော မျက်လုံးများဖြင့် ကြည့်နေသော လဲ့ရည်သွေးကို သူမ မုန်းလွန်းလှသည်။ ထို့ကြောင့် တောင်းပန်မည်ဟူသော စိတ်ကို ဖျောက်လိုက်သည်။ ထို့နောက် သူမကိုကြည့်သော အကြည့်မျိုးဖြင့် လဲ့ရည်သွေးကို ပြန်ကြည့်ရင်း မျက်နှာလွှဲကာ လဲ့ရည်သွေးကို ကျော်၍ ဆင်းလိုက်သည်။ လဲ့ရည်သွေးကလည်း သူမကို ပြန်၍ ကျော်တက်ကာဆင်းလိုက်နှင့် ဖြစ်နေစဉ် သူမ၏ သူငယ်ချင်းများကလည်း သူမကို လှမ်းဆွဲကြသည်။ သို့ရာတွင် သူမက အဆွဲမခံပဲ လဲ့ရည်သွေးကို ရအောင်ကျော်တက် ခဲ့သည်။ လဲ့ရည်သွေးရှေ့သို့ လှေခါးတစ်ထစ်စာမျှ အကျော်တွင် မထင်မှတ်သော အပြုအမူကို လဲ့ရည်သွေး ပြုမူခဲ့သည်။ ထိုအချင်းအရာကား သူမ၏ နောက်ကျောမှ အရှိန်နှင့် တွန်းလိုက်ခြင်း ဖြစ်သည်။


ထိုတစ်ခဏတွင်ပင် သူမသည် လှေခါးပေါ်မှ အထိန်အကွပ်မဲ့စွာ ပြုတ်ကျခဲ့သည်။ လှေကားအောက်ခြေသို့ရောက်ချိန်တွင် သူမ၏ တစ်ကိုယ်လုံးသည် နာကျင်ခြင်းကြီးစွာ ခံစားခဲ့ရသည်။ အထူးသဖြင့် ဦးခေါင်းနှင့် ပခုံးနေရာသည် အဆိုးဆုံးဖြစ်သည်။ သူ၏ သူငယ်ချင်းများ ပြေးဆင်းလာသည်ကိုတွေ့ရသလို  လဲ့ရည်သွေးလည်း ပြေးဆင်းလာတာကို သူမ တွေ့လိုက်သည်။ နာကျင်နေသော နေရာကို စမ်းကြည့်လိုက်သောအခါ စိုစွတ်သော အတွေ့ကို သူမ ရရှိခဲ့သည်။ ထို စိုစွတ်သော အရာကိုကြည့်လိုက်သောအခါ သူမ မနှစ်သက်သော အနီရောင်များ ဖြစ်နေသည်။ ထို့နောက်တွင်မူ သူမ၏ အမြင်များတွင် အဖြူရောင် အပြင်ကြီး ကာဆီးလာခဲ့သည်။ သူမ၏ သူငယ်ချင်းများ နှင့် အရာဝတ္ထုများကို မမြင်ရတော့ပေ။


ထိုမှ အဖြူရောင်သည် အပြာရင့်ရောင်အဖြစ်သို့ ပြောင်လဲသွားရင်း တဖြည်းဖြည်း အရောင်များသည် ရင့်သထက် ရင့်လာကြသည်။ ဟင့်အင်း… အနက်ရောင်ကို သူမ အလိုမရှိပါ။ အမှောင်ထဲကိုလည်း သူမ မသွားချင်ပါ။


                                             ၈။
အလင်းရောင်၊ အဖြူရောင်ရှိရာသို့ သူမ ပြန်ရောက်လာလျှင် အသံ ဟူသော သူမတစ်ခါမျှ မသိရှိရသေးသော အသိတစ်ခုကို သူမရရှိစေကြောင်း  အနက်ရောင်ကြီး မဖုံးလွှမ်းခင် သူမ ဆန္ဒပြုလိုက်သည်။



ပျိုးယုဝသုန်
11:28:13 AM
11-09-2012
Tuesday (BNE)

7 comments:

လရိပ်အိမ် said...

ရေးထားတာလေးအရမ်းကောင်းတယ်။
ကလေးလေးက မွေးကတည်းက နားမကြားရဘူးပေါ့။
ဒါပေမဲ့နောက်ဆုံးမှာဘာဖြစ်သွားတာလဲ။
မမျှော်လင့်လိုက်တာ။

မိုးသူ(တောင်ကြီး) said...

စို့ နင့်ကျေကွဲဖွယ်လေးပါ

မမ၀သုန်ရေ

ကျွန်တော်လေ

လဲ့ရည်သွေးကိုမုန်းလိုက်တာဗျာ....

လွင်ပြင်လှိုင်းငယ် said...

ကြေကွဲစရာလေးပဲ မမ၀သုန်ရယ်

စံပယ်ချို said...

မိုးရွာခါနီးတွင် တိုက်ခတ်လာသော လေအေးအေးကို
jas လဲကြိုက်တယ်
အရေးအသားလေးနုနေတာပဲ
စိတ်ဝင်စားဖို့လဲကောင်းတယ်
အနက်ရောင်ကို အလိုမရှိဘူး တခါတလေ ၀တ်လေ့တော့ရှိတယ်
အဖြူကိုတော့ အကြိုက်ဆုံးပဲ

Cameron said...

နားမကြားသူတစ်ယောက်ရဲ့ ခံစားချက်ကို ပီပီပြင်ပြင်လေး ရေးပြသွားတယ် ...ကြိုက်တယ်..။

မိုးနတ်ကြယ်စင် said...

အမှန်ပြောရရင် အဆုံးမှာညစ်သွားမိတယ်မရယ်..
ဘယ်လိုကြီးလဲ...happy ending ဟုတ်ဘူးလား...
လဲ့ရည်သွေး ကိုလဲမုန်းတယ်....သူ့ကြောင့်....
အရေးအသားလေးကောင်းတယ်မရေ..
အားပေးသွားတယ်နော်
ခင်မင်နေတဲ့...မိုးနတ်

ဖြိုးဇာနည် said...

ငြိမ့်ငြိမ့်လေးဆွဲခေါ်သွားတယ်ဗျာ
အရမ်းဖတ်လို့ကောင်းတယ်