Friday, 10 August 2012

ထိုတစ်နေ့



အဲဒီနေ့က ကျွန်တော် သူ့ကို စတွေ့ခဲ့တယ်။


ရုပ်ရှင်နဲ့ ဗီဒီယို ကန်တော့ပွဲပေးပွဲမှာ မင်းသားတွေ၊ မင်းသမီးတွေ၊ ဒါရိုက်တာတွေနဲ့ စကားလက်ဆုံကျနေတဲ့ သူ့ကို ကြည့်ပြီး ရုပ်ရှင်၊ ဗီဒီယိုသရုပ်ဆောင် အနုပညာသည် တစ်ယောက်လို့ ထင်မိခဲ့တယ်။ ထူထဲဖြောင့်စင်းတဲ့ ပခုံးသာသာ ဆံပင်တွေကို အားလုံး နောက်လှန်ဖြီးထားပြီး သားရေကြိုး ပျော့ပျော့နဲ့ ခပ်လျော့လျော့ ချည်ထားတဲ့ပုံစံဟာ ဘာမှ ထူးထူးခြားခြား ပြင်ဆင်ထားတာမဟုတ်ပေမယ့် ထင်ထင်ရှားရှားရှိလှတယ်။ သက်သောင့်သက်သာ အေးအေးဆေးဆေး ထိုင်ခုံကိုမှီပြီးစကားပြောနေပုံက တဆိတ်တော့ ကိန်းကြီးခန်းကြီး နိုင်သလိုပါပဲ။


နိုင်ငံရပ်ခြားမှာ ခြောက်နှစ်တာ တိတိ ကျောင်းသွားတက်နေခဲ့တဲ့ကျွန်တော်ဟာ မြန်မာရုပ်ရှင်၊ ဗီဒီယိုတွေနဲ့လည်း အဆက်အသွယ်ပြတ်လှတယ်မရှိပါဘူး။ Burmese Classic ၊ Shwe Dream အစရှိတဲ့ Website တွေကနေ အသစ်ထွက်သမျှ မြန်မာရုပ်ရှင်တွေကို ကြည့်ရှုနေနိုင်ခဲ့တာပဲ၊ ဒါပေမယ့် သူ့ကိုတော့ မတွေ့ဖူးခဲ့တာသေချာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ထင်ထင်ရှားရှားဖြစ်နေတဲ့သူ့ကို ထောင့်နားက စားပွဲလေးမှာထိုင်ပြီး မြင်နေရတာကိုက စိတ်ဝင်စားစရာကောင်းတဲ့ ဝတ္ထုတစ်ပုဒ်ကို ဖတ်နေရသလိုပါပဲ။


ဒီလိုနဲ့ မကြာခင်မှာ အစ်မတစ်ဝမ်းကွဲဖြစ်တဲ့ ဒါရိုက်တာပေါက်စတစ်ယောက်လည်း ဖြစ်နေတဲ့ မဒီ ကျွန်တော်ရှိရာစားပွဲနားကိုရောက်လာပြန်တယ်။ ထုံစံအတိုင်း ဟိုလူနှုတ်ဆက်၊ ဒီလူနှုတ်ဆက်နဲ့ အငြိမ်ကလေးကို မနေနိုင်ရှာဘူး။ အင်းလေ ဘယ်နေနိုင်မှာလဲ၊ ဒါ သူတို့ကုမ္မဏီကထုတ်မယ့် ကားကို ကန်တော့ပွဲပေးတာကိုး။ ကျွန်တော့်ကိုလည်း စကားနှစ်ခွန်းသုံးခွန်းကို ခပ်မြန်မြန်လှမ်းပြောလိုက်တာ မြင်ပေမယ့်  မဒီ ဘာပြောမှန်း သေချာမသိလိုက်ပါဘူး။ ဒါပေမယ့် ပြဿနာတော့ မရှိပါဘူးလေ။ အိမ်ပြန်ရာက်မှ  ဒါမှမဟုတ်လည်း အိမ်ပြန်တဲ့လမ်းမှာ မေးလို့ရသားပဲ။ ဒီလိုနဲ့ အတွေးတွေ ဟိုရောက်ဒီရောက် ရောက်နေပြီး နောက်ဆုံးမှာတော့ ကျွန်တော့်ရဲ့ ဝတ္ထုလေးဆီ ပြန်ရောက်သွားတယ်။


ကျွန်တော်သူ့ကို ငေးကြည့်နေတာ ဘယ်သူတစ်ဦးတစ်ယောက်ကမှလည်း သတိထားမိကြမယ် မထင်ပါဘူး။ လာသမျှသူတွေအားလုံးကလည်း မင်းသားတွေ မင်းသမီးတွေကို အာရုံထားသူကထား ၊ အချင်းချင်း စကားလက်ဆုံကျသူကကျနဲ့ ကျွန်တော်နဲ့ ရင်းရင်းနှီးနှီးသိသူဆိုလို့ လေးငါယောက်လောက်ပဲ ရှိပါတယ်။ သူတို့အားလုံးကလည်း ကန်တော့ပွဲ အောင်မြင်စွာ ပြီးဆုံးရေးကိုသာ စိတ်တွေကဆောင်နေတော့ ကျွန်တော့်ကိုလည်း ရှိနေမှန်း တစ်ခါတစ်လေ မေ့လျော့နေပုံရကြတယ်။ ဒီအတွက် ကျွန်တော်လည်း ကျွန်တော်ရဲ့ ဝတ္ထုလေးကို ဆက်ပြီး ငေးကြည့်နေခဲ့တယ်။ မကြာခင်မှာပဲ သူ့ကိုပေးဖို့ အမည်နာမတစ်ခုကို ကျွန်တော်ရခဲ့တယ်။ နိုဗယ် ဆိုတဲ့ နာမည်လေးဟာ သူနဲ့ အလွန်လိုက်ဖက်တင့်တယ်တယ် လို့လည်း ကျွန်တော်ခံစားရတယ်။  ရုတ်တရက် မမျှော်လင့်ပဲ သူ့ရဲ့အကြည့်တွေ ကျွန်တော်ရှိရာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တယ်။ မျက်လုံးချင်းဆိုင်မိတဲ့ တစ်ခဏဟာ ဘာမှ မကြာလှပါဘူး၊ အလွန်ဆုံးရှိမှ သုံးစက္ကန့်လောက်သာပါပဲ။ ဒါပေမယ့် ကတုန်ကရင်ဖြစ်ပြီး ရေသောက်ရမလား၊ အအေးခွက်ကိုပဲ လှမ်းကိုင်ရမလား ဆိုပြီးဖြစ်ရတာကကျွန်တော်ပါ။ မျက်ခုံးတစ်ဖက် အသာမြင့်တက်ပြီးအံ့သြသလိုကြည့်ရင်း ဖြတ်ကနဲ့ပြုံုးပြပြီး ပြန်လှည့်သွားတဲ့ သူ့ကို ကျွန်တော် ပြုံးပြလိုက်မိသလား၊ ရယ်ပြလိုက်မိသလားဆိုတာ ကျွန်တော်မမှတ်မိခဲ့ပါဘူး။ သေချာတာက အဲ့ဒီ သုံးစက္ကန့်လောက် တစ်ခဏတာမှ ရုတ်တရက် သတိလစ်သလိုဖြစ်သွားတာတော့ ကျွန်တော် ဝန်ခံပါတယ်။ သည့်နောက်မှတော့ ကျွန်တော့်ကို သူ ထပ်မံလှည့်မကြည့်တော့ပါဘူး။


အအေးသောက်လိုက်၊ မုန့်စားလိုက်၊ ကျွန်တော့်ရဲ့နိုဗယ် ကိုငေးကြည့်လိုက်နဲ့ ကန်တော့ပွဲပေးတဲ့ ပွဲအချိန်ကာလလည်း တစ်ဖြည်းဖြည်းနဲ့ ကုန်ဆုံးလာခဲ့တယ်။ မကြာခင်မှာ မဒီကလည်း ကျွန်တော်ရှိရာစားပွဲမှာလာထိုင်လာတယ်။ ဒီအချိန်မှာ ဧည့်သည်တွေကလည်း တဖြည်းဖြည်းနဲ့ ပြန်နေပြီးဖြစ်တယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့နိုဗယ်ကတော့ မပြန်သေးပဲ သူ့စားပွဲဝိုင်းမှာ ရှိနေတဲ့သူတွေနဲ့ စကားပြောနေဆဲပါပဲ။  ဧည်သည်တွေတော်တော်ကုန်ခါနီး အချိန်ရောက်တော့ နိုဗယ်တို့ဝိုင်းက စကားလက်ဆုံကျနေသူတွေလည်း လှုပ်ရှားသမှု ပြုလာကြတယ်။ ပြန်ဖို့ပြင်ဆင်တဲ့သူကပြင်ဆင်နေကြတယ်။  ဒီအချိန်မှာ သူတို့ဝိုင်းရှိရာကို အလူမီနီယံ ချိုင်းထောက် ၂ဖက်ယူလာတဲ့ လူလတ်ပိုင်အရွယ် အမျိုးသားတစ်ယောက် ချဉ်းကပ်လာခဲ့တယ်။ ပြီးတော့ နိုဗယ့်ကိုစကားအနည်းငယ်ပြောလိုက်တယ်။ ခဏအကြာမှာ ထိုအမျိုးသားကိုင်ထားတဲ့ ချိုင်းထောက်ကို နိုဗယ်ကလှမ်းယူလိုက်တာ တွေ့ရတယ်။ ပြီးတော့ သူမတ်တပ်ထရပ်လိုက်တယ်။


ဘုရားသခင်..။ နိုဗယ်ရဲ့ခြေထောက်တွေဟာ သေးငယ်ကြုံလှီနေပါလား။ ထရပ်ရင်း ကျွန်တော့်ဆီကို ဖြတ်ကနဲ ရောက်လာတဲ့ သူ့အကြည့်ဟာ ကျွန်တော့်ရဲ့ အံ့အားသင့်နေမှုကို တွေ့ရှိသွားခဲ့တယ်။ သူပြုံးလိုက်ပါတယ်။ ဒီတခါ သူပြုံးလိုက်တဲ့အပြုံးက ပထမ တခါပြုံးပြတဲ့အပြုံးမျိုးမဟုတ်တော့ပဲ ဒီလိုအံ့အားသင့်မှုတွေကို မြင်တွေ့နေရခြင်းတွေအတွက် ပြုံးခြင်းတစ်ခုသာဖြစ်နေတာကို ကျွန်တော် ဖတ်ရှုမိခဲ့တယ်။ ဟင့်အင်းနိုဗယ် .. ၊ ကျွန်တော် အံ့အားသင့်ခြင်းမှာ မထင်မှတ်တာအတွက် အံ့သြခြင်းသက်သက်သာဖြစ်ပါတယ်။ နှိမ့်ချလိုခြင်း၊ စိတ်ပျက်ခြင်း ဘာဆိုဘာမှ မပါတာ နိုဗယ် မြင်မှာပါနော်..။ ဒါပေမယ့် ကျွန်တော်ရှိရာကိုနောက်တစ်ကြိမ် ထပ်မံပြီး သူ့ရဲ့အကြည့်တွေရောက်မလာခဲ့တော့ပါဘူး။


ဒီအချိန်မှာ မဒီ က သူ့ကိုသွားနှုတ်ဆက်နေခဲ့တယ်။ ကျွန်တော်လည်း စားပွဲက အမြန်ထပြီး မဒီရှိရာကို လှမ်းလာခဲ့ပေမယ့် ကျွန်တော် မဒီရဲ့အနားရောက်ချိန်မှာ နိုဗယ် က ကျွန်တော်တို့ရှေ့ ခပ်လှမ်းလှမ်း ဆယ်လှမ်း စာလောက်ကို ရောက်နေခဲ့ပြီ။ နိုဗယ်.. ကျွန်တော်ကိုအထင်လွဲမသွားပါနဲ့နော်။ နိုဗယ့် မျက်လုံးနဲ့ ဒုတိယ အပြုံးမှာ နာကျင်မှုတွေစွက်နေတာ ကျွန်တော်မြင်လိုက်ရပါတယ်။


မဒီ ကို “သူက ဘယ်သူလဲ” လို့ မေးကြည့်တော့မှ “ သူက အခုဒီဘက်လေးငါးနှစ်မှာ အရမ်းနာမည်ကြီးလာတဲ့ စာရေးဆရာ လင်းဒီပါ  လေ သိရိ ရဲ့..၊ သိရိဒီမှာရှိတုန်းကတော့ သူ့စာအုပ်တွေက မထွက်သေးတော့ သိရိက သူ့ကို သိမယ်မထင်ဘူး” လို့ ပြန်ပြောလာတယ်..။ နိုဗယ်ဟာ ကျွန်တော်ပေးထားတဲ့ အမည်နာမအတိုင်း လူကြိုက်များတဲ့ ဘက်စ်ဆဲလား စာရေးသူတစ်ယောက်ဖြစ်နေပြီးသူ့ရဲ့ ထူးခြားတဲ့ အတွေးတွေအရေးတွေကြောင့် သူရဲ့စာအုပ်တွေဟာ မထွက်ခင်ကတည်းကပင် ရုပ်ရှင် ဗီဒီယိုရိုက်ဖို့ ကမ်းလှမ်း ခံရသတဲ့။


တကယ်ပါနိုဗယ်။ ခင်ဗျားကိုကျွန်တော် စာရေးဆရာ လင်းဒီပါမှန်းလည်း မသိပါဘူး။ ပြီးတော့ နိုဗယ်ဟာ ကျွန်တော် နှစ်သက်ရတဲ့ စာရေးသူတစ်ယောက်ဖြစ်နေမှန်လည်း ကျွန်တော်မသိပါဘူး။  ကျွန်တော်စိတ်ထဲကို နိုဗယ်ရုတ်တရက်ရောက်လာတာ ဒီနေ့ဒီအချိန်လေးအတွင်းမှပါ..။ ကျွန်တော် ခင်ဗျားနဲ့ စကားတွေလည်း ပြောချင်ပါသေးတယ် နိုဗယ်။ ပြီးတော့ ဒုတိယအကြိမ်မှာ ကျွန်တော်ရရှိခဲ့တဲ့ အပြုံးမျိုး ကျွန်တော်မရချင်တော့ဘူး။


နိုဗယ်…။ ကျွန်တော်ခင်ဗျားကို တွေ့ချင်ပါသေးတယ်။



ပျိုးယုဝသုန်
12:28:55 AM
11-08-2012
Saturday (BNE)

8 comments:

နေမင်း said...

ခံစားလို့ကောင်းပါတယ် အမရေ...
ထိုတစ်နေ့ဆိုတဲ့အတိုင်းလေးပါပဲ...

mstint said...

တစ်နေ့တာ အမှတ်တရလေးဖတ်သွားတယ် ဝသုန်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွင်ပြင်လှိုင်းငယ် said...

တစ်နေ့တာ အမှတ်တရလေးအားပေးသွားပါတယ် ။စကားမစပ်ပျောက်နေသလိုပဲ နေရာကောင်းရဲ့လား ။

စံပယ်ချို said...

ပျိုး------ ကျွန်မ တစ်နေ့တော့ ပျိုးကို တွေ့ချင်ပါသေးတယ်
ချစ်တဲ့ ဂျက်

မိုးသူ(တောင်ကြီး) said...

ထိုတစ်နေ့ 

စိတ်ကလေးနစ်ပြီးဖတ်သွားပါတယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

သိင်္ဂါကျော် said...

မပြီးသေးသော ဇာတ်လမ်းပါလား.. :)

မိုးငွေ့........ said...

အဲလိုအတိုလေးဖြတ်ရေးတာကိုကြိုက်တယ်... မမ၀သုန်အရေးအသားလေးလဲသိပ်ကောင်းနေတော့ အားပိုသွားတာပေါ့...။

ဝိ၀ိ said...

တစ်နေ့ တော့သူနဲ့ ပြန်တွေ့ နိုင်ပါစေလို့ 
ဆုတောင်းပေးလိုက်ပါတယ်