Wednesday 1 August 2012

အငယ်ကောင် (သို့မဟုတ်) ချိဖ်ကွတ် ဂျာဂျာဘီ


ကျွန်မတွင် အလွန်ချစ်ရသော မောင်လေးတစ်ယောက် ရှိသည်။ နပန်းလုံးဘက်၊ မုန့်လုစားဘက်၊ ရန်ဖြစ်ဘက်လည်းဖြစ်သည်။ ငယ်စဉ်က လွန်ပိန်ညောင်သောကြောင့် သူအား ဂျာဂျာဘီ စက်ရုပ်၏အမည်ကို ယူ၍ ဂျာဂျာဘီဟု အမည်ပေးထားသည်။


ထိုမောင်ကလေးသည် အမေနှင့် အစ်မ လုပ်သမျှကို စိတ်ဝင်စားလေ့ရှိသည်။ ပြီးတော့ မေမေ့အသည်းကျော်ကလေးလည်းဖြစ်သည်။


ကျွန်မတို့မောင်နှမသည် မေမေချက်ကျွေးသမျှကို ခေါင်းမဖော်တမ်း စားသောက်တတ်ကြသူမျာလည်းးဖြစ်သည်။ ကျွန်မမိသားစု၏ အဝေးတစ်နေရာကို ရောက်နေချိန်တွင်မူ ယင်းဂျာဂျာဘီသည် မေမေ၏တိုးတိုးဖော် ဖြစ်သကဲ့သို့ ဖေဖေ၏ လက်ကသုံးတောင်ဝှေး လည်းဖြစ်သည်။ ထို့နောက်တွင်မူ မေမေ့ကို ချက်ပြုတ်ရာတွင် ကူညီရင်း ဟင်းချက်နည်းအသစ်များ မုန့်လုပ်နည်းများကိုလည်း အလုပ်မှဖြစ်စေ၊ အပြင်မှဖြစ်စေ သယ်ယူလာပြီး အိမ်တွင် မေမေနှင့်အတူ စမ်းသပ်ချက်ပြုတ် စားသောက်လေသည်။


တစ်နေ့တွင် ကန်စွန်းဥပူတင်း ဆိုလား ကန်စွန်းဥကိတ်ဆိုလား ကန်စွန်းဥနှင့် ပြုလုပ်ရသော စာဖွယ်ရာ မုန့်အချိုပြုလုပ်နည်းတစ်ခုကို ယူလာလေသည်။  မေမေသည်လည်းသူ၏သားငယ်ကလေးအား ယုံကြည်စွာဖြင့် လိုအပ်သည်များကို ဝယ်ပေးလေသည်။


ထို့နောက် အလုပ်ပိတ်ရက်တစ်ရက်တွင် အနှီချိဖ်ကွတ်သည် သူ၏မုန့်ဖုတ်ခြင်းကို စတင်လေသည်။ ကန်စွန်းဥကိုပြုတ်သည်။ နူးအိသွားလျှင် ချေသည်။ ထို့နောက် ဂျုံမှုန့်၊ ထောပတ်၊ သကြား၊ ကြက်ဥနှင့် သူ၏စာရင်းထဲတွင် ပါသမျှသော ပါဝင်ပစ္စည်းများကို ထည့်၍ မုန့်ဖုတ်လေသည်။ ထို့နောက် ကျက်လာသောအခါ မေမေ့အား ဦးစွာကျွေးလေသည်။ မေမေသည် သူ၏ ချိုအီစိမ့်၍ အနံ့အရသာထူးလှသော မုန့်ကို များစွာမစားနိုင်ပေ။


သူကား သူပြုလုပ်သော မုန့်တစ်ဗန်းကို ကုန်အောင် တစ်ယောက်တည်း တဖြည်းဖြည်းချင်း စားလေ၏။ ရက်အနည်းငယ်ကြာသောအခါတွင်မူ ထိုဂျာဂျာဘီ၏ မုန့်များသည် ကုန်စင်သွားလေသည်။


ထို့နောက်တွင်မူကား မောင်ကလေးသည် ထိုအနံ့ အရသာထူးလှသောမုန့်ကို နောက်ထပ် တစ်ကြိမ် ထပ်မံစီရင်စားသောက်မည်ဟု ဘယ်သောအခါမျှ မပြောတော့ပေ။ ထို့ပြင် မုန့်ဖုတ်ခြင်းကိုလည်း ကျောခိုင်းလိုက်လေသည်။ ထို့အပြင် ကန်ဇွန်းဥ ဆိုလျှင် အနှီသားအမိမှာ အသံမျှပင် မကြားလိုတော့ပေ။


သူ၏ ကန်ဇွန်းဥမုန့်ကို မိတ်ဆွေတို့များ စမ်းသပ် စားသုံးကြည့်ချင်ပါသလားရှင်..။


အကြောင်းရင်မှာ  သူ၏ ကန်ဇွန်းဥမုန့်သည် အီလည်းအီ၏။ ချိုလည်းချို၏။ အီလည်သောအနံ့လည်းရှိ၏။ ရှတသော အရသာအချို့လည်းပါဝင်၏။ ဖေဖေ နှင့်မေမေသည် သူ၏ မုန့်ကို အနည်းငယ်မြည်းကြည့်ရုံမျှဖြင့် နောက်ထပ် ထပ်မစားတော့သောအခါ ကော်တရာ ဂျာဂျာဘီသည် သူ၏ မုန့်များကို လွှင့်ပစ်ရန် နှမြောလှသည်ဖြစ်၍ ကုန်အောင်စားလိုက်ခြင်းသာတည်း။



ပျိုးယုဝသုန်
11:38:37AM
1-08-2012
Wednesday (BNE)

9 comments:

မြတ် said...

ကိုယ့်အပြစ်နဲ့ကိုယ်သာ ရှိပါစေတော့ ဆိုတာ ဒါပဲပေါ့ ဂျာဂျာဘီလေးရေ..

မြတ်တော့ ကိုယ်တိုင်ချက်ပြီး ကိုယ်တိုင်မြိုမကျတာတွေ များလာပြီးနောက် ချက်ဖို့ပြုတ်ဖို့ဆို စိတ်ကို မဝင်စားချင်တော့ဘူး။

NSA said...

ဂျာဂျာဘီအကြောင်း တစ်ခါ ဖတ်ဖူးသေးတယ်.... ရယ်ရတာပဲ ..။
မောင်လေးတစ်ယောက် ချက်ချင်ပြုတ်ချင်စိတ်ရှိတာ တော်တော်သက်သာမှာပဲ ...သူ့ မြှောက်..ပင့်ပြီး... ချက်ခိုင်း.. ကိုယ်က ထိုင်စားရုံပ..... :D

စံပယ်ချို said...

ဂျာဂျာဘီနဲ့တူတဲ့အချက်ပေါင်းများစွာကို
jas ကတွေ့လိုက်ရပါတယ်
ကိုယ်လုပ်သမျှ ကောင်း-မကောင်း ပြောဆိုခြင်းမရှိတဲ့
မေမေနဲ့ အိမ်ကလူကိုလဲ ကိုယ်ချင်းစာမိပါရဲ့ပျိုးရေ

လွင်ပြင်လှိုင်းငယ် said...

ဂျာဂျာဘီလေးအကြောင်း အားပေးသွားပါတယ်

ဖြိုးဇာနည် said...

ဂျာဂျာဘီပိုင်သကွာ နောက်မလုပ်ခိုင်းတော့အောင်အကြံပိုင်သဟ

mstint said...

ချိဖ်ကွတ် ဂျာဂျာဘီ အကြောင်းလေး ကြည်နူးစွာ ဖတ်သွားပါတယ် ဝသုန်ရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးသူ(တောင်ကြီး) said...

ဂျာဂျာဘီရဲ့ ပညာပေးခန်းပေါ့နော်

နွေတေးရှင် (မင်းဧရာ) said...

ပိုစ့်ကို ဖတ်ပြီး တအားကို ရယ်နေမိတယ် မ၀သုန်..။

Cameron said...

အဲဒီဂျာဂျာဘီလေးတောင် တွေ့ရင်မမှတ်မိတော့ဘူး...။