Sunday, 6 May 2012

ငှက်ရုပ်ချိုးသူ






အလင်းရောင် မှိန်ဖျော့ဖျော့သာရှိတဲ့ အခန်းကျဉ်းလေးထဲ သူမထိုင်နေသည်မှာ အချိန်အတော်ကြာခဲ့ပြီ။ ငြိမ်သက်စွာထိုင်နေသောသူမ၏ ကိုယ်ခန္ဓာတစ်ခုလုံးတွင် လှုပ်ရှားနေသည့်အရာဟူ၍ လက်နှစ်ဖက်သာရှိသည်။


ဓါးများ၊ စာရွက်ရောင်စုံများ ကြားတွင် သူမထိုင်နေသည်မှာ အချိန်မည်မျှရှိပြီမှန်း သူမကိုယ်တိုင်ပင် မသိတော့ပေ။ ဆာလောင်မွတ်သိပ်လာလျှင် ရှိနေသော ပေါင်မုန့်ကြမ်းအချို့ကို ရေနှင့်မျှောချလိုက်သည်။ ငိုက်မြည်းလာလျှင် ဘေးတစ်ဖက်၌ ရှိနေသော ခေါင်းအုံးပေါ်တွင်ခေါင်းကိုချရင်း အိပ်စက်ရန်ကြိုးစားလိုက်သည်။ ယခင်က နွေးထွေးလှသည်ဟု ထင်ရသော သူမ၏စောင်ကလေးကိုပင် နွေးထွေးမှုအလုံအလောက် မပေးနိုင်ဟု သူမ ထင်မြင်နေတော့သည်။




၁။

အနွေးဓါတ်ကိုသယ်ဆောင်လာသော နွေဦးရာသီနှင့် နွေရာသီသည် သူမကို ကျောခိုင်ထွက်ခွါခဲ့သည်မှာ ရက်ပေါင်း အတော်ကြာခဲ့ပြီဖြစ်သည်။ နှင်းခါးရိုက်ခတ်မှုကြောင့် သူမစိုက်ပျိုးထားသော ပန်းပင်ကလေးများလည်း နှင်းစက်တွေအောက်တွင် လဲလျောင်းနေခဲ့ပြီ။ သူမစိုက်ထားသော ပန်းကလေးများနည်းတူ သူမလည်း အေးစက်သော ရာသီဥတုအောင်တွင် အလဲလဲ အပြိုပြိုဖြစ်ခဲ့သည်။ အရာရာသည် သူမကိုအေးစက်စွာ စောင့်ကြိုခဲ့သည်ဟုလည်း သူမ တစ်ခါတစ်ရံထင်မိသည်။


သူမနေထိုင်ရာအခန်းကလေး၏ တစ်ခုတည်းသောပြတင်းပေါက်မှ အပြင်ကို သူမ ငေးကြည့်နေမိသည်။ အိမ်အပြင်တွင် မှုန်မှိုင်းသော အရောင်တွေနှင့်သာ ခြုံလွှမ်းထားသည်။ “နေရောင်ခြည်တွေ မလာတော့ဘူးလား” ဟုသူမတစ်ယောက်တည်း ရေရွတ်လိုက်သည်။ နေရောင်ခြည်ကို သူမ မမြင်ရတာ လည်းအတော်ကြာခဲ့ပြီ။ ဝေ့ဝဲလာသောမျက်ရည်တို့သည် သူမ၏ပါးပြင်ပေါ်သို့ စီးကျမလာပေ။


“မျက်ရည်တွေဘယ်ရောက်သွားပြီလဲ” ဟု အသံထွက်ပြီးမေးလိုက်သည်။ အဖြေကို မည်သူတစ်ဦးကမျှ လာမပေးပေ။ နာကျင်စွာပြုံးလိုက်ရင်း စက္ကူများကို ဆက်ပြီးဖြတ်နေလိုက်သည်။ “ပူလောင်နေတဲ့ နှလုံးသားကြောင့် မျက်ရည်တွေလည်း အငွေ့ဖြစ်ပြီး စီးဆင်းမလာနိုင်တာထင်ပါရဲ့လေ”  စာရွက်များကိုကြည့်ရင်းသူမ ပြောလိုက်သည်။


အရာရာကိုချမ်းစိမ့်အေးခဲစေတဲ့ဆောင်းရာသီဟာ လောင်ကျွမ်းနေတဲ့ ရင်ဘတ်ထဲက အပူကို မအေးစေနိုင်ဘူးလား။


“အိုရီဂါမီ က စိတ်ကိုငြိမ်စေတယ် ပန်ဒိုရာ..၊ သာမန်အချိန်တွေထက် ၀မ်းနည်းအားငယ်နေတဲ့အချိန် တွေမှာ ချိုးတဲ့ အရုပ်တွေဟာ ပိုပြီး အသက်ဝင် လှပတယ်”


အရုပ်ချိုးနည်းကို သင်ပေးခဲ့တဲ့ ဆရာလည်းဆရာ၊ သူငယ်ချင်းလည်းသူငယ်ချင်းဖြစ်သူ တာကာ ရဲ့စကားသံအချို့ကို ပြန်လည်ကြားယောင်ရင်း သူမ နှုတ်ခမ်းတို့ ကွေးညွတ်သွားသည်။ သူမပြုံးလိုက်တာလား၊ ဒါမှမဟုတ် မဲ့လိုက်တာလား သူမကို်ယ် သူမပင် မသိလိုက်ပေ။


ဟုတ်တာပေါ့တာကာ၊ ငါ အရုပ်တွေပြန်ချိုးနေပြန်ပြီလေ။ ဒီတစ်ခါ ဒုတိယ အကြိမ်ပေါ့” တာကာ့ ကိုရည်ရွယ်ပြီး သူမ တီးတိုးလေးပြောလိုက်သည်။


“မနှစ်က ဒီလိုအချိန်မှာ ငါ အရုပ်တွေချိုးနေခဲ့တာပဲ တာကာ”



၂။

မနှစ်ရဲ့ဒီလိုအချိန် ဆောင်းတွင်းကာလတွေမှာ အရုပ်ပေါင်းများစွာကို ငါချိုးခဲ့တယ် တာကာ။ မိတ်ဆွေတွေ သူငယ်ချင်းတွေက ငါချိုးခဲ့တဲ့ အရုပ်တွေကိုမြင်တော့ လှလိုက်တာလို့ တအံ့တသြနဲ့ချီးမွမ်းကြတယ်။ နင်ကတော့ ငါ့ကို စိုးရိမ်တဲ့မျက်လုံးတွေနဲ့ကြည့်ပြီး “ အဆင်ပြေရဲ့လား၊ နေကောင်းရဲ့လား ပန်ဒိုရာ” လို့မေးခဲ့တယ်လေ။ သူငယ်ချင်းတွေ ကို အရုပ်လေးတွေလက်ဆောင်ပေးရင်း၊ ကလေးသူငယ်ကလေးတွေကို အပျော်တမ်း အရုပ်ချိုးတာ သင်ပေးရင်း အချိန်တွေအချို့ကို ငါ ကျော်ဖြတ်နိုင်ခဲ့တယ်။


ဒီလိုနဲ့ချမ်းအေးလွန်းတဲ့ ဆောင်းရာသီဟာ တစ်ရွေ့ရွေ့နဲ့ကုန်ဆုံးခဲ့တယ်။ ဆောင်းအကုန်၊ နွေဦးကို အကူး ဇွန်၊ ဇူလိုင် လတွေမှာတော့ ကောင်းကင်ဟာ တဖြည်းဖြည်းနဲ့ ပြန်လည် ကြည်လင်လာခဲ့တယ်။ ဇွန်၊ ဇူလိုင်ဟာ နွေးထွေးတဲ့နေရောင်ခြည်နဲ့အတူ ငါ့ရဲ့အေးစက်နေတဲ့ ဘဝကို နွေးထွေးမှုပေးမယ့် သူတစ်ယောက်ကိုလည်း ငါ့ဆီကိုခေါ်ခဲ့တယ် တာကာ။ အဲ့ဒီနောက်မှာတော့ ငါ အရုပ်တွေကို မချိုးဖြစ်တော့ဘူး။ နင်ကတော့ ငါ အရုပ်တွေ ချိုးမနေတာတော့ကို တွေ့ရလို့ ၀မ်းသာနေခဲ့တယ်နော်။



၃။

နွေးမြတဲ့ သူ့ရဲ့စကားသံတွေနဲ့ ငါ့ရဲ့နေ့ရက်တွေဟာ ပြန်ပြီးသက်ဝင်လှုပ်ရှားလာခဲ့တယ်။ အဓိပ္ဗါယ်ရှိတဲ့ မနက်တွေ ကို ငါပြန်ပြီးရခဲ့တယ် တာကာ။ ဒီလိုနဲ့ များမကြာမီမှာပဲ ငါဟာ ငါ့ကိုချစ်တဲ့ ချစ်သူတယ်ယောက်ကို ရခဲ့တယ်။ တွယ်တာရာမဲ့တဲ့ ငါ့ဘဝမှာ သူဟာ အိုအေစစ် တစ်ခုလည်းဖြစ်ခဲ့တယ်။


မြင်တွေ့ခွင့်ရတဲ့တစ်ခဏဟာ ငါ့အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ကာလတွေပေါ့၊ သူ့ရဲ့ဂရုတစ်စိုက်ရှိမှု နဲ့ နွေးထွေးတဲ့ စကားသံတွေကြား ငါ့ရဲ့မောပန်းခြင်းတွေ ပြေပျောက်ကာစမှာ ငါဟာ ငါ့ရဲ့ အလင်းရောင်ကို စတင်ပြီးဆုံးရှုံးရတော့တယ်။ တဖြည်းဖြည်း အေးစက်လာတဲ့ သူ့ရဲ့စကားသံတွေ၊ ဂရုတစ်စိုက်ရှိမှုနေရာတွေမှာ အစာထိုးဝင်ရောက်လာတဲ့ ဥပေက္ခာတရားတွေကို ငါ မသိဟန်ဆောင်ခဲ့ပေမယ့်  ဆောင်းဦးရာသီကုန်ဆုံးပြီးတဲ့တစ်ရက်မှာတော့ ငါ မလိုချင်ခဲ့တဲ့ နေ့ရက်တွေ ငါ့ဆီကို ရောက်ခဲ့တယ်။


“ရှေ့ဆက်ဖို့ ဘယ်လိုမှ အဆင်မပြေနိုင်တဲ့အတွက် ဟိုအရင်ကလို မိတ်ဆွေတွေလိုပဲ နေရအောင်” တဲ့


မမျှော်လင့်ခဲ့တဲ့ စကား၊ ငါ့နှလုံးသာကို ဓါးတုံးတုံးနဲ့ထိုးခွဲလိုက်သလိုပါပဲတာကာ၊ အဲ့ဒီနောက်ပိုင်းမှာတော့ ငါ့ရဲ့ နေ့ရက်တွေဟာ အေးခဲခြင်းတွေနဲ့ ပြန်လည်ပြည့်နှက်လာခဲ့တယ်။


အဆင်မပြေမှုဆိုတာ အဖော်အပေါင်းနဲ့လာတတ်တယ်” ဆိုတဲ့စကားကို ငါယုံကြည်ခဲ့ပြီ။ ချစ်သူရဲ့စွန့်ပယ်မှုကို ရရှိခဲ့သလို ငါလုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်မှာလည်း ဝန်ထမ်းတွေ လျော့ချတဲ့အထဲမှာ ငါပါခဲ့တယ်။ ငါငှားနေတဲ့ အတော်အသင့်ကျယ်ဝန်းတဲ့ အခန်းကလေးကိုလည်း ငါစွန့်လွှတ်ခဲ့ရတယ်တာကာ။ အခန်းခကို မပေးနိုင်တဲ့ အတွက် သေးငယ်ကျဉ်းမြောင်းတဲ့ အခန်းကလေးရှိရာကို ငါရွှေ့ပြောင်းခဲ့ရတယ်။ လက်ကျန်ငွေသားကလေးကို ကျစ်ကျစ်ပါအောင် ဆောင်ထားရင်း နောက် အလုပ်တစ်ခုကို ငါအသည်းအသန်ရှာခဲ့တယ်။



၎။

ကံတရားရဲ့ဖိနှိပ်မှုတွေဟာ ငါ့အပေါ်မှာမှ ပိုပြီးလေးလံနေသလိုပါပဲတာကာ။ ဒီလိုနဲ့ အထီးကျန်ဆန်တဲ့နေ့ရက်တွေ၊ ၀မ်းနည်းနာကျင်နေရတဲ့ နေ့ရက်တွေကိုကျော်ဖြတ်ဖို့ ငါ အရုပ်တွေလုပ်ဖို့ စက္ကူတွေ ပြန်ချိုးခေါက်ခဲ့တယ်။ ရောင်စုံစက္ကူတွေနဲ့လှပနေတဲ့ အရုပ်လေးတွေဟာ ငါ့ရဲ့သေးငယ်တဲ့ အခန်းလေးရဲ့ထောင့်ကလေးမှာ အစီအရီ ရှိနေကြပြန်တယ်လေ။


စိတ်ဓါတ်တွေ ကမ္ဘာ့အလည်ဗဟိုထိလုနီးပါး ကျဆင်းနေတဲ့အချိန်တွေမှာ ငါဟာ အပြင်ကိုလည်းမထွက်လိုတော့ဘူးတာကာ။ ချစ်သူကိုလည်း ဆက်သွယ်ဖို့ ငါ မကြိုးစားလိုတော့ဘူး၊ မနက်ဖြန်တွေဆိုတာ အဓိပ္ဗါယ်မရှိတော့သလို အနာဂတ်ဆိုတာလည်း ရှေ့မှာ မပီဝိုးတဝါးပါပဲ။ တစ်ခါတစ်လေ နင့်ဆီ ဆက်သွယ်ဖို့စိတ်ကူးရပေမယ့် နင်ရဲ့ဇာတိဖြစ်တဲ့တိုင်းပြည်ကို ခဏပြန်သွားတဲ့ နင့်ကို ငါ့ရဲ့အပူတွေ လိုက်မပေးချင်ပါဘူး တာကာ။


ဒီလိုနဲ့ ငါ နင် သင်ပေးခဲ့တဲ့ အိုရီဂါမီ နည်းနဲ့ပဲ ငှက်ရုပ်ကလေးတွေလုပ်နေခဲ့တယ်။ ဒီတခါလည်း ငါချိုးခဲ့တဲ့ အရုပ်တွေဟာ ကြိုးကြာရုပ်နဲ့ ငန်းရုပ်ကလေးတွေပဲပေါ့။ နင်ပြန်လာရင်တော့ ငါ့ဆီကို ဆက်သွယ်လာလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ် တာကာ။



၅။

မှိန်ဖျော့သော အလင်းရောင်အောက်တွင် သူမ စက္ကူစများကို ချိုးခေါက်ပြီး ငှက်ရုပ်ကလေးတွေကို ဖန်တီးနေသည်။ အရောင်စုံလင်စွာဖြင့် လှပနေသော ငှက်ရုပ်ကလေးများသည် သူမ၏ဘေးပတ်လည်တွင် လှပစွာရှိနေကြသည်။


ချိုးခေါက်ထားသော စက္ကူများကို တစ်ခုနှင့်တစ်ခု ဆက်ရင်း ရုပ်လုံးပေါ်လာသော ကြိုးကြာငှက်ကလေးကို သူမစေ့စေ့ကြည့်လိုက်သည်။ “မျက်လုံးထည့်ပြီးရင် ပြီးပြီပဲ” တီတိုးသူမရွတ်ဆိုလိုက်သည်။


ထို့နောက် ကြိုးကြာငှက်၏ မျက်လုံးနေရာကို ထည့်ရန် ဆေးဗူးကို သူမလိုက်ရှာသည်။ မတွေ့။ အခန်းထဲ ရှိသမျှနေရာတို့ကို မွှေနှောက်ရှာကြည့်သည်။ ထိုအခါ တံခါးထောင့်တွင်ရှိနေသော အမှိုက်ခြင်းထဲမှာ ဆေးဗူးအနီရောင်လေးကို သူမတွေ့လိုက်သည်။ အလျှင်အမြန်ဖွင့်ကြည့်လိုက်သောအခါ ဆေးဗူးထဲတွင် ဆေးတစ်စက်မျှပင် မကျန်တော့ပေ။


ကြိုးကြာငှက်၏ မျက်လုံးကလေးများသည် ပတ္တမြားရောင်ကဲ့သို့ ရဲရဲတောက်နီသော အဆင်းရှိကြောင်း သူမကောင်းကောင်းသိသည်။ ရုတ်တရက် သူမပြုံးလိုက်သည်။ ဆေးစက်ရနိုင်မည့်နေရာကို သူမကောင်းကောင်း သိသည်ပဲ။ ထို့နောက် စက္ကူဖြတ်သည့်ဓါးကိုယူရင်းသူမ၏ လက်ကောက်ဝတ်ကို အသာလှီးချလိုက်သည်။ ထက်ရှသော ဓါးပါး၏ အသွားကြောင့် နာကျင်မှုကို သူမ နည်းနည်းကလေးမျှပင် မခံစားရပေ။ စီးကျလာသော သွေးစက်များကို စုတ်တံဖြင့် အသာတို့ယူ၍ ကြိုးကြာငှက်၏ မျက်လုံးတွင် တန်ဆာဆင်လိုက်သည်။


သူမကျေနပ်နှစ်သက်စွာပြုံးရင်း သူမ၏ငှက်ကလေးကိုကြည့်လိုက်သည်။ သူမချိုးခဲ့သမျှ ငှက်တို့ထဲတွင် ဤငှက်လောက် အသက်ဝင်လှပသော ငှက် မရှိဟု သူမထင်မိသည်။


တဖြည်းဖြည်း သူမငိုက်မြည်းလာသည်။ ဘေးနားတွင် အဆင်သင့်ရှိနေသော ခေါင်းအုံးငယ်ထက်တွင် ဦးခေါင်းကို အသာချလိုက်သည်။


၆။

ပူခြင်း၊ အေးခြင်း ကင်းသော နေရာတစ်ခုတွင် သူမ၏ ပျောက်ဆုံးခဲ့ပြီးသော မိတ်ဆွေတို့သည် သူမကို ပြုံးရွှင်စွာ ကြိုဆိုနေကြသည်။




ပျိုးယုဝသုန်
11:25:10AM
06-05-2012
Sunday(BNE)

8 comments:

AH said...

အရမ်းဆွဲဆောင်မှု့ရှိတဲ့ ၀တ္တုလေးပါလား မ၀သုန်ခင်ဗျား။

Myat Pan Nwe (မြတ်ပန်းနွယ်) said...

ဝသုန်ရေ.. စာလေးလည်း ဖတ်လို့ သိပ်ကောင်းတယ်။
အထူးသဖြင့် ငှက်ရုပ်လေးကို လှလိုက်တာ ဝသုန်ရယ်

ခင်တဲ့
မြတ်

Myat Pan Nwe (မြတ်ပန်းနွယ်) said...

ငှက်ရုပ်လေးတွေလို့ ပြောချင်တာ ဝသုန်ရေ..
ပြောချင်စိတ်တွေကြီးပြီး ငှက်ရုပ်လေးကို ဖြစ်သွားတယ်။ :D

ကကလ said...

အားယား......... ဟီး မနက်ခပ်စောစော ဖတ်လိုက်တာ ရင်အတော်တုန်သွားတယ်။ ကောင်းတယ်အစ်မ။ ကြိုးကြာငှက်လေး အသက်ဝင်သွားတာပေါ့လေ။ ၀မ်းနည်းစရာ တာကာလည်း ရောက်မလာတော့ဘူး :(

လွင်ပြင်လှိုင်းငယ် said...

ဖတ်လို့ကောင်းလိုက်တာ မမ၀သုန်ရေ
ရင်ထဲရောက်အောင် စွဲဆောင်မှု့ရှိတယ်

ကိုရင် said...

ဖတ်ရတာ ရှတတနဲ့ လေးသလိုလို ပေါ့သလိုလိုနဲ့ :)
နာမည်တွေကြောင့် ဘာသာပြန်လေလားလို့ ထင်ခဲ့သေးတယ်..အောက်ရောက်မှ “ပိုးနှံကောင်” ဆိုတာတွေ့လို့ “သြော်..ဒင်းက ဒါလည်း လုပ်တတ်တာပဲ”ဆိုတာကို သိသွား၏ :D

ရင်ဆူး said...

မကြီးဝသုန်ရဲ့ ငှက်ရုပ်ကတော့ လုံးဝအသက်ဝင်နေမယ်ဆိုတာ ငြင်းစရာမရှိသလို ဒီစာလေးကလည်း အရမ်းခံစားလို့ကောင်းတယ်ဆိုတာ ငြင်းစရာမရှိပါဘူးဗျာ....အရမ်းကောင်းတယ်.....

ဖြိုးဇာနည် said...

ဒီတစ်ခါတော့ ပိုးနှံကောင် အတော်နံသဗျ
ဖတ်နေရင်းနဲ့ အပေါ်ကအအရုပ်ကလေးကို
၃ ခါလောက်ပြန်ပြန်ကြည့်မိသွားတယ့်
တကယ်ခံစားလို့ကောင်းတယ် အဲ့ကလေးမ
ကိုလဲနှမြောတယ် တကယ်ချစ်တတ်တဲ့နှလုံး
သားကို အခုန်ရပ်တန့်သွားအောင်လုပ် လိုက်
တာတွေ့ရပြန်တော့လဲ အတော်ကို နှမြောပြီ
ဂရုဏာဒေါသလဲ ထွက်မိပြန်တယ့်ရသ၂မျိုး
ခံစားလိုက်ရတယ်