Saturday, 14 April 2012

မမ နှင့် မြက်ရိတ်ခြင်း




မြက်တွေ..မြက်တွေ
တော်တော်ကို သန်စွမ်းကြတာကိုး။
မိုးရွာတော့ ပိုတောင်မှသန်ကြသေး..၊ တစ်ပတ်တစ်ခါ ရိတ်နေတာကိုတောင်ဒင်းတို့က အတိုင်းမသိရှည်ချင်ကြသေး။ မိုးရွာလိုက်နေသာလို်က်နဲ့ သူတို့ကို ကျန်းမာ သန်စွမ်းအောင် သဘာဝတရားက စီမံပေးနေသလိုပါပဲ။

မြက်တွေရှည်လာပြီဆိုရင် ဘယ်လိုမှငြိမ်ငြိမ်မနေနိုင်တဲ့ သူတစ်ယောက်ကတော့ မြက်ရိတ်စက်ကို ဆီထည့်၊ အင်ဂျင်ဝိုင် စစ်ရင်းနဲ့ ညီညာတိကျတဲ့ မြက်ခင်းပြင်ကို ရရှိဖို့ကြံစီတော့တယ်။ သုံးနှစ်နီးပါးသက်တမ်းရှိတဲ့ မြက်ရိတ်စက်ကလေးကလည်း  တစ်ခါတစ်ရံမှာ ညစ်ကပ်စွာနဲ့ စက်နှိုးလိုက်ရင် မရချင်ဘူး..။

တစ်ချက်၊ နှစ်ချက်၊ သုံးလေးငါးချက်၊ ခြောက်ချက်၊ ခုနစ်ချက်..၊ ဒီလိုသာ အချက်ပေါင်းများစွာ ဆွဲပြီး ခဏတိုင်းသာနှိုးရရင်တော့ လက်မောင်းလည်း ကြွက်သားဗလပွ နဲ့ မယ်ဗလ ပြိုင်ပွဲ ဝင်လို့ရလောက်ပြီ..။ နောက်ဆုံးတော့ မနိုးမချင်း ဆွဲပြီးနှိုးနေမယ်ဆိုတာ သိတာကြောင့်လားမသိ၊ မနိုးချင်နိုးချင်နဲ့ နိုးလာရဲ့..။


သူများတွေမြက်ရိတ်ကြပြီဆိုရင် ဦးထုပ်နဲ့ဘောင်ဘီ နဲ့ ခြေအိပ်နဲ့ ကင်းဗတ်ဖိနပ်နဲ့ ..။ ဒီတစ်ယောက်ကတော့ဖြင့် အဲသလိုမဟုတ်ပေါင်၊ ထုံးစအတိုင်း လုံချည်ကို တိုတိုဝတ်ရင်း အနားပြားကြီးကြီး နဲ့ဦးထုတ်ကိုဆောင်းထားပြီး မန္တလေးကတ္တီပါဖိနပ်စီးထားတဲ့ မြက်ရိတ်နေသူကလေးရဲ့ပုံစံဟာ ဟောလိဝုဒ် က မင်းသမီးတွေ မြင်ရင်တောင် အတုခိုးနိုင်ရဲ့..။

စာတိုက်ပုံးနေရာတွေ၊ ပန်းပင်ဘောင်နေရာတွေကိုရောက်ရင်တော့ အနည်းငယ်စိတ်ပျက်ရတယ်။ စက်နဲ့မှရိတ်လို့မရတာကိုးလေ။ ဒီတော့လည်း မျက်နှာပြင်ညီနေတဲ့ နေရာတွေကို သီချင်းလေးညည်းရင်းနဲ့ အေးအေးဆေးဆေး မြက်ရိပ်စက်ကလေးကိုတွန်းရတဲ့ အချိန်ကလေးဟာ အခုနက စက်နှိုးတာနဲ့ ဘာမှ မဆိုင်အောင်ကို ငြိမ်းချမ်းလှတယ်၊ စက်သံညံတာကလွဲလို့ပေါ့လေ။ စက်နောက်ကပုံးလေးမှာ ရိတ်ပြီးသားမြက်တွေပြည့်သွားရင် စက်ကို အရှိန်နဲနဲလျော့ပြီး ပုံးကိုဖြုတ် အစိမ်းရောင် အမှိုက်ပုံးထဲသွန်ထည့်ပြီး ပြန်တပ်..၊ ဆက်ရိတ်..၊ ပျော်စရာအကောင်းသားပဲ..။

မြက်ရိတ်လို့ အပြီးမှာတော့ မလုပ်ချင်ဆုံးအရာက မြက်တွေကို အနားတွေတိကျနေအောင် ဝှစ်ပါဆလစ်ပါ နဲ့လိုက်ပြီးညှိရတဲ့ အလုပ်ပဲ၊ ဒီလိုမှ မညှိပြန်ရင်လည်း မြက်ခင်းက ဘေးစောင်းတွေ မလှမပနဲ့ ကြည့်လို့က မကောင်းသေးပြန်ဘူး၊ ဒီတော့လည်း မလုပ်ချင်ပေမယ့် လုပ်ရပြန်မယ်၊ ဒီဝှစ်ပါဆလစ်ပါဆိုတာကြီးကိုကတော့ အင်မတန်အမြင်ကတ်တာကလား၊ အခန့်မသင့်လို့ ကိုယ့်ခြေထောက်ကိုယ်ပြန်ရိုက်မိရင် ကြာပွတ်နဲ့ရိုက်တာထက်တောင်ဆိုးသေးတယ်၊ သွေးစိမ်းရှင်ရှင် ထွက်လိုထွက်၊ သွေးခြည်ဥရာတွေကျန်လိုကျန်နဲ့ တော်တော်ဆိုးတယ်..။ နှစ်ခါ သုံးခါလောက် ကိုယ့်ကိုယ်ကိုယ်လည်းရိုက်မိပါရဲ့၊ ခြေထောက်မှာ မလှမပ ဒဏ်ရာတွေနဲ့ ခြေကျင်းခတ်ခံရပြီးမှလွတ်လာတဲ့သူလိုလို  ဘာလိုလို၊ သူများတွေလိုလည်း လည်ရှည်ဖိနပ်ကို မြက်ရိတ်ဖို့တစ်ခုတည်းအတွက်နဲ့ သီးသန့်မဝယ်ချင်တော့လည်း သေချာဂရုစိုက်ပြီး ခြေထောက်နဲ့ဝေးဝေးမှာ ထားပြီးအနားသတ်ပြန်တော့ လက်တွေညောင်းပြီးနာလှတယ်။

စာတိုက်ပုံးတိုင်ပတ်လည်၊ ပန်းပင်ပေါင်တွေ ပတ်လည်ကို သေချာဂရုတစ်စိုက်နဲ့ညှိရင်း လှပညီညာတဲ့ မြက်ခင်းကလေး အကောင်အထည်ပေါ်လာတဲ့အခါမှာတော့ စက်နှိုးရလို့စိတ်တိုတာတွေ၊ဝှစ်ပါဆလစ်ပါထိမှာ ကြောက်တာတွေ လက်မောင်းအောင့်တာတွေ အကုန်ပျောက်ပြီး စိတ်ထဲမှာကျေနပ်ကြည်လင်တဲ့ ခံစားမှုကလေးကို ရရှိတယ်၊

မောပြီး ချွေးထွက်တယ်ဆိုပေမယ့်လည်း ကောင်းတဲ့ ကိုယ်လက်လှုပ်ရှာမှုတစ်ခု ရရှိတော့ Gym ဆိုတာလည်းသွားစရာ မလိုတော့ဘူးပေါ့၊

မိတ်ဆွေ၊ သင်ရော..၊ သင့်ရဲ့မြက်ခင်းတွေကို လူငှားနဲ့ရိတ်ခိုင်းပါသလား၊ ဒီလိုဆိုရင်တော့ ကိုယ်ကိုယ်တိုင်ရိတ်ကြည့်ပါ၊ လတ်ဆတ်တဲ့ မြက်နံ့ကလေးတွေနဲ့ ချွေးထွက်စေတဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုရပြီး ကျေနပ်စရာကောင်းလှတဲ့ အချိန်လေးတစ်ခဏကို သင်ပိုင်ဆိုင်ပါလိမ့်မယ်။

မြက်ရိတ်ခြင်းဖြင့် ပျော်ရွှင်မှုတစ်ခုကို ရရျိကြပါစေ။

မမဝသုန်
12-04-2012
3:56:18 PM
Thursday (BNE)

5 comments:

ဝေမိုးနိုင်(မုံရွာ) said...

စာလာဖတ်သွားပါတယ်မမ၀သုန်ရေ...............နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေနော်။

san htun said...

အခွင့်အရေးများ ရှိခဲ့ရင် မမဝသုန်လို တခါလောက် မြက်ရိတ်ချင်ပါတယ်..ခုတော့ အိမ်ငှားဆိုတော့ မြက်ရိတ်စရာ မလိုဘူး ခင်ည

ညီရဲ said...

တို့ အစ်မ မြက်ရိတ်နေတဲ့ပုံကို စာဖတ်ကြည့်ရင်း မြင်ယောင်ပြီး ပြုံးမိသွားတယ်... စက်အသစ်ဝယ်မနေပါနဲ့ အစ်မရယ်... မယ်ဗလပြိုင်ပွဲ ဝင်ဖို့ ကျင့်ပြီးသားဖြစ်တာပေါ့... ဟီ ဟိ...

စံပယ်ချို said...

အင်း---- အဲတာလဲ
လေ့ကျင့်ခန်းတစ်မျိုးပါပဲ
ပန်းလေးတွေလဲစိုက်ပါလား

မဒမ်ကိုး said...

မြက်တော့နှုတ်ဖူးပါတယ် ကျွတ်တော့ကြောက်တယ်မမ၀သုန်ရယ်

နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေနော်

ချစ်တဲ့

ဂျာရစ်