Thursday, 1 March 2012

မတ္လ တေစ ၦ



မတ်လ(၁)ရက်… Autumn ရာသီ တစ်ဖြစ်လဲဆောင်ဦးရာသီရဲ့ပထမဆုံးသောနေ့…

နွေရာသီရဲ့နှုတ်ဆက်ခြင်းတေးသွားတွေကိုသစ်ရွက်ကလေးတွေကပြောကြတယ်..

ဆောင်းနှင်းတွေလည်းမလာသေးပါဘူး..မိုးနှင်းတွေလည်းမကြွေသေးပါဘူး..အေးမြတဲ့မြောက်လေတွေလည်းမတိုက်သေးပါဘူး…


ဒါပေမယ့်နှုတ်ဆက်သွားတဲ့နွေရာသီလိုဒီလိုဆောင်းဦးရာသီရဲ့ပထမဆုံးနေ့မှာနင်..ငါ့အနားကထွက်သွားတာဒီနေ့ဆိုရင်နှစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ…အချိန်တွေရာသီတွေပြောင်းလဲလာပေမယ့်နာကျင်နေရဆဲငါ့ရင်ဘတ်ထဲကဒဏ်ရာဟာသွေစိမ်းရှင်ရှင်ထွက်နေဆဲပါရာရာ..မမျှော်လင့်မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေဟာဆောင်းဦးကာလမှာတောင်ငါ့ရင်ကိုကျွမ်းမြိုက်စေခဲ့တယ်…ရာရာ..ဖြစ်နိုင်မယ်ဆိုရင်တစ်ခေါက်လောက်ဖြစ်ဖြစ်နင်နဲ့ပြန်တွေ့ဖို့အခွင့်အရေးလေးရချင်ပါတယ်….



၁။
ရဲရင့်ခြင်း..သွက်လက်ခြင်းတွေဟာမိန်းကလေးတစ်ယောက်အတွက်နေရာတိုင်းမှာမကောင်းဘူးဆိုတဲ့ငါ့ရဲ့စကားကိုဘာမှတော့ပြန်မပြောပဲမကျေနပ်သလိုနဲ့နှုတ်ခမ်းတွေကိုတွန့်ကွေးပြီးပြုံးနေတတ်တဲ့နင့်ကိုဒီနေ့ပိုသတိရမိတယ်ရာရာ..မတရားတာမြင်ရင်မနေတတ်တဲ့…လှသလောက်စိတ်မြန်လက်မြန်ရှိတဲ့နင့်ကိုလိုက်ပြီးသတိပေးထိန်းမတ်ပေးရင်းအမှားအယွင်းတွေကြုံရမှာကိုနေ့စဉ်နဲ့အမျှစိုးရိမ်နေရတဲ့ငါဟာအပိုအလုပ်တွေလုပ်နေခဲ့တာမဟုတ်ပါဘူး…


“လောကကိုမစောင့်ရှောက်နိုင်ပေမယ့်အားနည်းတဲ့သူ..မတရာခံရတဲ့သူတွေကိုတော့တတ်နိုင်သလောက်တစ်ဖက်တစ်လမ်းကငါတို့စောင့်ရှောက်ရမယ်မောင်ရဲ့…မောင်လည်းငါ့ကိုချစ်တယ်ဆိုရင်အားနည်းတဲ့သူကိုတတ်နိုင်သလောက်ကူညီနော်..”ဆိုတဲ့နင့်ရဲ့စကား.ငါ့နားထဲမှရှိနေဆဲပါရာရာ…ကံကြမ္မာကိုအပြစ်တင်ရမလား…နေရာတကာမှကူညီချင်တတ်တဲ့နင့်ရဲ့စိတ်ကိုပဲအပြစ်ပုံရမလားဆိုတာငါမစဉ်းစားနိုင်တော့ပါဘူး..ဘယ်လိုပဲဖြစ်ဖြစ်နင်ကတော့နင့်ရဲ့ကူညီချင်တတ်တဲ့စိတ်ကြောင့်ပဲငါနဲ့အဝေးကြီးကိုထွက်သွားခဲ့ပြီ…ရာရာ..နင့်ကိုငါသိပ်လွမ်းတယ်…


“မောင့်ကိုငါအရမ်းချစ်တယ်..သိလား”..ဆိုတဲ့နင့်စကားသံဟာငါ့ရင်ထဲမှာပဲ့တင်အခါခါထပ်နေခဲ့တယ်.ရာရာ..စဉ်းစားမိတိုင်းယောက်ျားတန်ပေမယ့်မျက်ရည်ကျခဲ့ရတာကိုလည်းငါမကွယ်ဝှက်ပါဘူး..ငါလည်းနင့်ကိုဘယ်လောက်ချစ်ခဲ့တယ်ဆိုတာပြောမပြခဲ့ပေမယ့်နင်သိမှာပါရာရာ…နင်ထွက်သွားပြီးချိန်ကနေစပြီးငါ့ရင်ထဲမှာဘယ်သူတစ်ဦးတစ်ယောက်အတွက်မှနေရာရှိမနေခဲ့တာဒီနေ့အထိပါ…မည်သူတစ်ဦးတစ်ယောက်ကမှလည်းနင့်လိုငါ့ရင်ထဲကိုမရောက်လာနိုင်ကြပါဘူး…ကြည်လင်တဲ့မျက်ဝန်းလှလှလေးတွေရှိသလိုစိတ်ထားလှလှလေးလည်းရှိတဲ့နင့်လိုချစ်သူတစ်ယောက်ကိုရရှိပြီးတဲ့နောက်မှာနင်ငါ့ဆီပြန်မလာနိုင်တော့ပေမယ့်လည်းငါ့ရင်ထဲမှာနင့်ကိုမြတ်နိုးတွယ်တာနေဆဲပါ….ရာရာ..နင့်ကိုငါအရမ်းချစ်တယ်…


နူးညံ့တဲ့နင့်လက်ဖ၀ါးတွေကိုဆုတ်ကိုင်ရင်းပင်လယ်ပြင်ဘက်ကိုမျက်နှာမူရင်းနေ၀င်ချိန်တွေကိုအတူတူကြည့်ခဲ့ကြတဲ့နေ့ရက်တွေဟာငါ့ကိုနှိပ်စက်ကလူပြုနေခဲ့တယ်ရာရာ…ခုတော့လည်းငါနေ၀င်ချိန်ကိုမကြည့်တာကြာပြီဖြစ်သလိုပင်လယ်ဘက်ကိုလည်းမရောက်ဖြစ်ခဲ့တာနင်ငါ့ကိုထားသွားပြီးကတည်းကပေါ့…အဲဒီနေ့ကိုငါ့ရဲ့ဘဝထဲကနေအပြီးအပိုင်ထုတ်ပစ်လိုက်ချင်ခဲ့တယ်ရာရာ…ဒါဆိုနင်လည်းငါ့ကိုခွဲသွားမှာမဟုတ်တော့ဘူးပေါ့…ဒါပေမယ့်ဒါတွေဟာငါ့ရဲ့မဖြစ်နိုင်တဲ့စိတ်ကူးတွေသာဖြစ်ပါတယ်…အဲသည်နေ့ဟာတစ်ကယ်ပဲရှိနေခဲ့သလိုအဲသည်နေ့မှာပဲငါ့ရဲ့နှလုံးသားတစ်ခုကြေမွပျက်စီးခဲ့ရတယ်…ရာရာရယ်..နင်သိပ်ရက်စက်ခဲ့တယ်..


၂။
မှတ်မိသေးရဲ့လားရာရာ…လွန်ခဲ့တဲ့နှစ်နှစ်ဒီလိုနေ့မှာပေါ့…မတ်လတစ်ရက်နေ့..ဆောင်းဦးကာလရဲ့ပထမဆုံးနေ့မှာနင့်ကိုလက်ထပ်ခွင့်တောင်းဖို့ငါစိတ်ကူးလှလှလေးတစ်ခုရခဲ့တယ်…လှပတဲ့နင့်လက်ချောင်းကလေးနဲ့လိုက်ဖက်ညီမယ့်လက်စွပ်လေးကိုဝယ်ရင်းစိတ်လှုပ်ရှားသွားမယ့်နင့်ရဲ့မျက်နှာလေးကိုလည်းငါကမြင်ချင်လှတယ်…ဒါကြောင့်ညနေစာအတူတူစားရအောင်ဆိုပြီးနင့်ဆီကိုဖုန်းဆက်ပြီးပြောခဲ့တယ်..ပြီးတော့လည်းကိုယ့်ဘာသာကိုယ်လာခဲ့ဖို့မှာတော့ဘာမှထွေထွေထူးထူးမမေးပေမယ့်နင့်အသံမှာအံ့သြမှုတွေပါနေတာငါကြားခဲ့ရတယ်..ဟုတ်တယ်လေ..ငါတို့အရင်ကဆိုအမြဲအတူတူသွားကြတာကိုးနော်…နာမည်ကြီးစားဖိုမှူးတစ်ယောက်ရဲ့စားသောက်ဆိုင်ရဲ့နာမည်ကိုငါရွတ်ပြတော့အံ့သြပြီးရင်းအံ့သြနေတဲ့နင့်ကိုငါချစ်လိုက်တာ…


ညနေ၆နာရီရောက်ဖို့ကကြာလိုက်တာလို့ငါထင်ခဲ့တယ်ရာရာ…အရင်နေ့တွေတုန်းကဆိုအချိန်တွေဟာကုန်တာမြန်သလောက်ဒီနေ့မှာတော့ကြာလှချည်ရဲ့…အလုပ်ကိုလည်းနေ့တစ်ဝက်ခွင့်တင်ထားပြီးစိတ်ကူးတွေနဲ့ငါပျော်ရွှင်နေခဲ့တယ်…ညနေ၅နာရီခွဲလောက်မှာတော့စောင့်မနေနိုင်တော့ပဲငါစားသောက်ဆိုင်ရှိရာကိုထွက်လာခဲ့တယ်…လက်စွပ်ဗူးလေးထဲကလက်စွပ်လေးကိုမကြာခဏဖွင့်ကြည့်ရင်းပြုံးနေတဲ့ငါ့ကိုစားပွဲထိုးကောင်လေးတွေကနားလည်းသလိုပြုံးကြတယ်ရာရာ…ငါ့ရဲ့အစီအစဉ်ကိုဆိုင်မန်နေဂျာကိုပြောပြရင်းနင်ရောက်လာမယ့်အချိန်ကိုစိတ်လှုပ်ရှားစွာနဲ့အအေးတစ်ခွက်သောက်ရင်းငါစောင့်နေခဲ့တယ်..


ရုတ်တရက်မြည်လာတဲ့ဖုန်းမှာမြင်ရတဲ့နင့်ရဲ့လက်ကိုင်ဖုန်းနံပါတ်ကိုမြင်တော့တချက်ပြုံးလိုက်ပြီးထူးလိုက်တယ်…တကယ်တော့အဲဒီဖုန်းသံဟာမရဏမင်းရဲ့ခေါ်သံလိုပါပဲရာရာ…ပြီးတော့ဒီဖုန်းသံရဲ့နောက်မှာငါဟာနင့်အသံကိုထပ်ကြားခွင့်မရတော့ဘူးလေ…“မောင်..ငါဓါးထိုးခံရလို့..နာဂျီဘိခ်ျ(NudgeeBeach)နားကနာဂျီလမ်းကိုလာခဲ့နော်..”..ဆိုတဲ့နာကျင်မှုကြောင့်အားတင်ပြောနေတဲ့အသံကြောင့်ငါတစ်ကိုယ်လုံးလေထဲလွင့်သွားသလိုထင်ခဲ့ရတယ်..မန်နေဂျာကိုတောင်းပန်ရင်းနင်ပြောတဲ့နေရာကိုအမြန်ဆုံးရောက်အောင်လာခဲ့တယ်…


၃။
ငါရောက်တော့လူနာတင်ယာဉ်နဲ့ရဲကားကရောက်နေပြီဖြစ်သလိုအရေးပေါ်သူနာပြုစုမှုတွေကိုဆေးဝါးကျွမ်းကျင်သူတွေကဆောင်ရွက်နေကြတယ်…ပြီးတော့နင့်ဘေးမှာလည်းဒဏ်ရာအနည်းငယ်ရရှိထားတဲ့အဘွားအိုတစ်ယောက်ငိုရှိုက်ရင်းရပ်နေတယ်…နင့်အနားကိုငါရောက်တော့ငါ့လက်ကိုဆုတ်ကိုင်ရင်းနင်တိုးတိုးလေးပြောခဲ့တယ်နော်….“မောင့်ကိုငါအရမ်းချစ်တယ်..မခွဲနိုင်ဘူး..”လို့..ပြီးတော့နာကျင်မှုကြောင့်ထင်ပါရဲ့နင်မျက်လုံးတွေကိုမှိတ်ထားခဲ့တယ်..
အနီးမှာရှိတဲ့အဘွားအိုကိုအကျိုးအကြောင်းများသိရမလားလိုမေးကြည့်တော့


“အဖွားလမ်းလျောက်ထွက်လာတာ…ဒီအနားကိုရောက်တော့လူငယ်လေးနှစ်ယောက်ကအဖွားဆီကပိုက်ဆံအိတ်ကိုလုကြတယ်…ပြီးတော့အဖွားကိုလည်းတွန်းထိုးရိုက်ပုတ်ကြတယ်..အဖွားလည်းလဲကျသွားတယ်…အဲဒီဆေးသမားကောင်လေးနှစ်ယောက်ကအဖွားဝတ်ထားတဲ့လက်ဝတ်ရတနာတွေကိုအတင်းချွတ်ယူကြတယ်..ဆေးလည်းမူးနေကြတယ်ထင်ပါတယ်..ဒီအချိန်မှာဒီကလေးမလေးကရောက်လာပြီးကောင်လေးတွေကိုမောင်းထုတ်တယ်လေ…ကောင်လေးတစ်ယောက်ကလည်းကောင်မလေးကိုတွန်းပြီးတစ်ယောက်ကတော့အဖွားဆီကလက်ဝတ်ရတနာကိုအတင်းချွတ်ယူတာပေါ့..ကောင်မလေးကသူ့ကားထဲကဘေ့စ်ဘောလ်တုတ်ကိုပြေးယူပြီးကောင်လေးတွေကိုရိုက်တယ်…အဲဒီမှာအဖွားဆီကလက်ဝတ်ရတနာတွေကိုအတင်းချွတ်ယူနေတဲ့ကောင်လေးကပါလာတဲ့ဓါးနဲ့ကောင်မလေးကိုထိုးလိုက်တာထိသွားပုံရတယ်…သွေးတွေလည်းထွက်လာရောဟိုကောင်လေးတွေလည်းထွက်ပြေးသွားတော့တာပဲလေ…ကူညီတတ်တဲ့ကလေးမလေးကိုဘုရားသခင်ကောင်းချီးပေးပါစေကွယ်..”  လို့မျက်ရည်တွေတွေကျရင်းပြောပြတယ်..


အဲဒီနောက်မှာတော့နင့်ကိုလူနာတင်ယာဉ်နဲ့အနီးဆုံးဖြစ်တဲ့Prince Charle’s Hospital ကိုခေါ်သွားကြတယ်..ငါလည်းနောက်ကလိုက်ခဲ့တာပေါ့…အရေးပေါ်ခွဲစိတ်ရမယ့်အတွက်သူတို့အလုပ်ရှုပ်နေချိန်မှာငါလည်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိပဲနင်ဘာမှမဖြစ်ဖို့ပဲဆုကိုအကြိမ်ကြိမ်တောင်းနေမိခဲ့တယ်…
ဒါပေမယ့်ရာရာ..ကံတရားဟာငါ့ကိုမျက်နှာသာမပေးခဲ့ဘူး..ဆီးအိမ်နဲ့ဝမ်းဗိုက်အောက်ပိုင်းမှာရခဲ့တဲ့ပြင်းထန်တဲ့ဓါးချက်၂ချက်ကြောင့်နင်ဟာနင်ချစ်ပါတယ်ဆိုတဲ့ငါ့ကိုရော..နင်ကူညီချင်တဲ့သူတွေကိုရောကျောခိုင်းထွက်ခွါသွားခဲ့တယ်…အဲဒီနေ့ကစလို့နင့်ရဲ့အသံလေးကိုလည်းငါကြားခွင့်မရတော့ဘူးပေါ့ရာရာ…


၎။
အချိန်တွေဘယ်လောက်ပဲကြာကြာ..မတ်လတစ်ရက်နေ့ရောက်တိုင်းငါရင်တွေပိုပိုပြီးနာကျင်နေရဆဲပါရာရာ…နင့်အတွက်ငါဝယ်ထားခဲ့တဲ့လက်စွပ်ကလေးဟာလည်းနင့်ဓါတ်ပုံလေးနဲ့အတူငါ့အိပ်ရာဘေးနားကစားပွဲလေးပေါ်မှာဒီနေ့ထိတိုင်အောင်ရှိနေဆဲပါ…


အလွမ်းဆိုတာတမင်စိုက်ပျိုးထားတဲ့အရာမဟုတ်ပေမယ့်ခုထိငါ့ရင်ထဲမှာရှင်သန်နေဆဲပါရာရာ…အထူးသဖြင့်ဆောင်းဦးကာလရဲ့ပထမဆုံးနေ့တွေမှာပေါ့…


ရာရာ….နင့်ကိုငါအရမ်းလွမ်းတယ်…



ပျိုးယုဝသုန်
12:53:32PM
01-03-2012
Thursday (BNE)

6 comments:

ညီရဲ said...

ဖတ်ရင်း စိတ်မကောင်း ဖြစ်မိတယ်... လောကမှာ ချစ်ကြသူတိုင်းကို ညားစေချင်ပါတယ်... ချစ်သူတွေ ကွေကွင်းကြတာကို မြင်ရကြားရတိုင်း စိတ်မကောင်း ဖြစ်ရလွန်းလို့ ပါ... ကျန်နေခဲ့သူ ရင်ထဲက ခံစားချက်ကို ထွက်သွားသူကတော့ သိနိုင်မှာ မဟုတ်တော့ပါဘူးလေ...

လွင်ပြင်လှိုင်းငယ် said...

ညီရဲ ပြောသလိုပဲ ချစ်သူတိုင်းကို ပေါင်းစေချင်ပါတယ်

san htun said...

ပို့ စ်လေး ဖတ်ပြီး စိတ်မကောင်းဘူး..ချစ်သူတိုင်း ဆုံဆည်းကြပါစေ...

ကြယ်ပြာ said...

ဝတ္ထုလေးက သနားစရာလေး။ ဖတ်ရင်း စိတ်မကောင်းဖြစ်သွားတယ်။

စာလုံးပေါင်းမှားတားလေးတချို့သာမပါရင် ဖတ်ရတာ ပိုအရသာရှိမယ်လို့ထင်မိပါတယ်။ စိတ်မရှိပါနဲ့နော်။ ပိုကောင်းစေချင်တဲ့ ရည်၇ွယ်ချက်နဲ့ မှတ်ချက်ပေးတာပါ။

ပျိုးယုဝသုန် said...

ကျေးဇူးတင်ပါတယ်ကြယ်ပြာရေ..
သေချာပြန်စစ်ပါ့မယ်..
ခင်မင်လျက်
ဝသုန်

မဒမ်ကိုး said...

ချစ်ကြသူတိုင်း အတူမကွဲမကွာနေရပါစေ
သိပ်ချစ်တတ်တဲ့
ဂျာရစ်