Saturday, 28 January 2012

တောင်ခြေရွာ .. ဒဏ္ဍာရီ





၁။
ပဲခူးရိုးမတောင်ခြေနားက၇ွာလေးတစ်ရွာ…

အိမ်ခြေ၄၀လောက်ရှိတဲ့ရွာကလေးမှာရွာသူရွာသားအများစုကစီးပွားရေးအဖြစ်သစ်ခုတ်ခြင်း..မီးသွေးဖုတ်ခြင်းနှုင့်အမဲလိုက်ခြင်းကိုလုပ်ကြတယ်…ရွာသူအချို့ကတော့အငှားကောက်စိုက်လိုက်ကြတယ်..

ဒီရွာကလေးကိုကောင်လေးရောက်နေတာ၂ရက်ရှိခဲ့ပြီ…အေးချမ်းလှတဲ့တောရိပ်တောင်ရိပ်တွေကိုနှစ်သက်တဲ့ကောင်လေးဟာဒီတခါမှာတော့အချိန်နဲနဲကြာကြာနေမယ်လို့စိတ်ကူးခဲ့တယ်..ကောင်လေးရဲ့ဖခင်ကမီးသွေးကုန်သည်သစ်ကုန်သည်မို့ကောင်လေးဒီရွာကိုမကြာခဏရောက်ဖူးခဲ့တယ်..ဒါပေမယ့်တစ်ညအိပ်၂ရက်ခရီးလောက်သာနေဖူးခဲ့တယ်…ဒီတစ်ခါတော့ကောင်လေးကျောင်းပိတ်ရက်တွေနဲ့လည်းကြုံတဲ့အတွက်ဖခင်ဖြစ်သူကိုတစ်ပတ်ဆယ်ရက်လောက်နေခွင့်ပြုဖို့ခွင့်တောင်းခဲ့တယ်…ဖခင်ရဲ့လုပ်ငန်းတွေကိုလေ့လာချင်သလိုတောတောင်သဘာဝတွေကိုလည်းကောင်လေးကလေ့လာချင်ခဲ့တယ်…ဖခင်ရဲ့စီးပွားရေးကိုတစ်ဖက်တစ်လမ်းကကျောင်းတက်ရင်းကူညီနေနိုင်ပြီဖြစ်တဲ့ကောင်လေးရဲ့တောင်းဆိုမှုကိုလည်းဖခင်ဖြစ်သူကခွင့်ပြုခဲ့တယ်…

ကောင်လေးဟာနောက်၎လဆိုရင်အသက်၂၀ပြည့်တော့မယ်…တတိယနှစ်စီးပွားရေးတက္ကသိုလ်ကျောင်းသားလည်းဖြစ်တယ်…ကောင်လေးမှာစူးစမ်းတတ်တဲ့ညဉ်ကလေးလည်းရှိတယ်…ကောင်လေးမှာသူအင်မတန်နှစ်သက်တဲ့ NikonအမျိုးအစားSLR camera တစ်လုံး လည်းရှိတယ်..ဒီကင်မရာလေးကိုကောင်လေးဆယ်တန်းအောင်တုန်းကကောင်လေးရဲ့ဖေဖေကလက်ဆောင်အဖြစ်ဝယ်ပေးထားခဲ့တယ်…ကောင်လေးဟာကင်မရာလေးကိုသွားလေရာယူသွားတတ်ပြီးသူ့နှစ်သက်တဲ့မြင်ကွင်းတွေဆိုရင်ရိုက်ယူထားလေ့ရှိတယ်…ကောင်လေးရဲ့ကွန်ပျူတာထဲမှာကောင်လေးရိုက်ယူခဲ့တဲ့ပုံပေါင်းမြောက်များစွာကိုသိမ်းဆည်းထားခဲ့တယ်..

ရွာကလေးမှာရှိတဲ့ကာလသားတွေနဲ့မိန်းမပျိုလေးတွေဟာကောင်လေးသူတို့ရွာမှာရက်ရှည်နေမယ်ဆိုတာသိကြတော့ပျော်ကြတယ်..ကောင်လေးဆီကကြားရမယ့်တက္ကသိုလ်ရဲ့ပုံပြင်တွေ..မြို့ပြရဲ့ပုံပြင်တွေကိုသူတို့ကြားလိုနားထောင်လိုကြတယ်…ပြီးတော့သူတို့သိရှိတဲ့အကြောင်းအရာလေးတွေကိုလည်းကောင်လေးကိုပြောပြချင်ကြတယ်…မိန်းကလေးတွေကတော့အထူးသဖြင့်ကောင်လေးရဲ့ကင်မရာကိုနှစ်သက်ကြပြီးဓါတ်ပုံအရိုက်ခံလိုကြတယ်…ရိုက်ပြီးပြီးချင်းကောင်လေးကကွန်ပျူတာထဲမှာထည့်ပြီးပြတဲ့သူတို့ရဲ့ပုံရိပ်တွေကိုကြည့်ရတာကိုသူတို့အင်မတန်နှစ်သက်ကြတယ်…ကာလသားတွေကတော့ကောင်လေးရဲ့ကွန်ပျူတာကိုပိုမိုစိတ်ဝင်စားကြတယ်…

၂။
ညနေစာစားပြီးချိန်လောက်မှာကောင်လေးတည်းခိုနေတဲ့အိမ်ကိုကာလသားတွေအလျိုအလျိုရောက်လာတယ်…ရေနွေးသောက်ရင်းကွမ်းဝါးရင်း..အသားခြောက်အကြော်..အကင်တို့ကိုဝါးရင်းကောင်လေးပြောပြမယ့်မြို့ပြရဲ့ပုံပြင်တွေကိုနားထောင်ဖို့သူတို့အဆင်သင့်ဖြစ်နေကြတယ်..အဲဒီအချိန်မှာပဲရွာရဲ့အချောအလှဆုံးဖြစ်တဲ့မိန်းကလေးကလည်းလက်ဖက်အုပ်ကလေးယူရင်းအဖော်မိန်းကလေးနှစ်ယောက်နှင့်အတူရောက်လာခဲ့တယ်…မိန်းကလေးဟာချောမောလှပရုံတင်မဟုတ်ပဲပညာလည်းတော်တယ်…သူမကလေးကလည်းကကျောင်းပိတ်ချိန်မို့ရွာကိုပြန်လာခဲ့တယ်…

ကောင်လေးနဲ့ကောင်မလေးဟာမြို့မှာတက္ကသိုလ်တက်နေတာချင်းတူပေမယ့်ကျောင်းချင်း..သင်ကြားနေတဲ့ဘာသာရပ်ခြင်းကမတူပါဘူး…ကောင်မလေးကသူနာပြုတက္ကသိုလ်မှာပညာသင်ယူနေတာဖြစ်ပြီးသူမကသူမရဲ့မွေးရပ်တောင်ခြေကကျေးရွာလေးမှာပြန်ပြီးသူနာပြုဆရာမကလေးလုပ်ချင်တဲ့သူဖြစ်တယ်…ကောင်လေးနဲ့ကောင်မလေးဟာတစ်ဦးနှင့်တစ်ဦးမျက်မှန်းတန်းမိယုံမကတော့ပဲမြို့ရောက်ရင်ကောင်လေးကကောင်မလေးရှိရာကျောင်းကိုလည်းတစ်ခါတရံမှာသွားရောက်လည်ပတ်လေ့ရှိတယ်..

ရွာကိုကောင်လေးရောက်လို့ကောင်မလေးရှိနေချိန်ဆိုရင်ညနေပိုင်းတွေမှာကောင်လေးနဲ့ရွာကကာလသားသမီးတွေစုဝေးရာကိုကောင်မလေးကလည်းအမြဲလာတတ်တယ်..လာတိုင်လည်းပဲလက်ဖက်ကလေးတစ်အုပ်ကိုကောင်လေးအတွက်ယူလာလေ့ရှိတယ်…ပြီးတော့ကောင်လေးပြောပြတဲ့မြို့ပြပုံပြင်တွေကိုအခြားကာလသားသမီးတွေနည်းတူငြိမ်သက်စိတ်ဝင်စားစွာနားထောင်လေ့ရှိတယ်…ကာလသားတွေပြန်ပြောပြတဲ့တောအကြောင်းတောင်အကြောင်းတွေ..မိန်းကလေးတွေပြောပြကြတဲ့သူမတို့ရဲ့အတွေ့အကြုံတွေကိုကောင်လေးကကြားဖြတ်ပြီးမမေးမပြောပဲစိတ်ဝင်စားစွာနားထောင်နေချိန်ဆိုကောင်မလေးကလည်းသူမရဲ့သူငယ်ချင်းမတွေပြောတာကိုသေချာနားထောင်နေလေ့ရှိတယ်..ကောင်မလေးဟာစကားနည်းပေမယ့်ကောင်လေးကိုအင်မတန်ခင်မင်လှတယ်ဆိုတာကိုကောင်လေးကလည်းသိရှိခဲ့တယ်..

၃။
ကောင်လေးတည်းခိုတဲ့အိမ်ကလူကြီးတွေကတော့လူငယ်တွေစကားပြောဆိုနေကြချိန်မှာသူတို့ကလည်းသူတို့ပြောဆိုရတာသင့်တင့်လျောက်ပတ်တဲ့အိမ်တစ်အိမ်အိမ်မှာလူကြီးတစ်ဝိုင်းအဖြစ်ဆုံတွေ့ကြပြီးစကားစမြည်ပြောလေ့ရှိကြတယ်..
ကောင်လေးနေတဲ့အိမ်ရဲ့အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာမိန်းကလေးယောက်ျားလေးရှစ်ယောက်လာက်စုမိပြီဆိုတာနဲ့ကာလသားထဲကတစ်ယောက်က
“ဒီနေ့ထုူဆန်းတာလေးတစ်ခု  ကိုဖုန်း ကိုပြောပြမလို့ဗျ”

“ဟုတ်လား..ဘာအကြောင်းလဲဗျ..ပြောပါဦး”

“ဒီလိုဗျ..ဒီရွာကနေရိုးမကိုတက်တဲ့လမ်း…ခရီး၅တိုင်လောက်အကွာမှာတစ်ဧကလောက်ရှိတဲ့မြက်ခင်ပြင်ကြီးကိုပြန်တွေ့တွေ့နေရတယ်လို့ပြောနေကြတယ်…အဲဒီမြက်ခင်းပြင်ကြီးပျောက်နေခဲ့တာနှစ်ပေါင်းတော်တော်ကြာပြီလို့ကြားတာ..အခုမှပြန်တွေ့လို့အနီးအနားကရွာတွေကလည်းတခုခုဖြစ်မှာကိုစိုးရိမ်နေကြတယ်…”

“ဟုတ်လားကိုဖိုးမောင်..ဘာဖြစ်လို့လဲဗျ..  ”

 ကောင်လေးရဲ့အမေးကိုပြောနေသူကာလသားကိုဖိုးမောင်ကဆက်၍ပြောပြသည်..

၎။
လွန်ခဲ့တဲ့အနှစ်လေးဆယ်လောက်ကပေါ့ဗျာ…အဲဒီအချိန်တုန်းကကျွန်တော်တို့ကမမွေးသေးတော့အဖြစ်အပျက်ကိုတော့သေချာမသိခဲ့ပါဘူး…လုကြီးတွေပြောပြတာကိုသာပုံပြင်တစ်ပုဒ်လိုကြားဖူးခဲ့ရတာ..ခုမြက်ခင်းဖြစ်နေတဲ့နေရာမှာမြက်ခင်းကျယ်ကြီးတစ်ခုရှိနေခဲ့တယ်တဲ့..အဲဒီကမြက်တွေဟာထက်ရှတဲ့အစောင်းတွေပါရှိတဲ့အတွက်ကျွဲနွားတွေကိုကျွေးရင်လည်းကျွဲနွားတွေကမစားကြဘူးလေ..မြက်ခင်းဘေးမှာကလည်း၃ပေသာသာကျယ်တဲ့ချောင်းကလေးကစီးနေတော့အင်မတန်သာယာလှပသတဲ့…အဲဒီမြက်တွေဟာတစ်ပေသာသာထက်ကိုပိုရှည်မလာဘူးတဲ့…ထူးဆန်းတာကလကွယ်ညတွေမှာမြက်ခင်းဟာထင်ထင်ရှားရှားစိမ်းဖန့်နေသတဲ့..

တစ်ရက်မှာတောင်ခြေရွာလေးတစ်ရွာကမုဆိုးတစ်ယောက်ဟာလကွယ်ညနေစောင်းမှအဲဒီမြက်ခင်းနားကဖြတ်လာခဲ့တယ်…အမဲမရလို့လည်းစိတ်ပျက်နေတာပေါ့..အဲဒီအချိန်မှာသူ့စိတ်ထဲမှာမြက်ခင်းတွေဟာအရမ်းကိုလှပပြီးမွှေးပျံ့နေသတဲ့…ဒါနဲ့မြက်တစ်ပင်ကိုဆွဲနုတ်ပြီးဝါးကြည့်သတဲ့…အဲသည်လိုဝါးကြည့်တဲ့အခါမှာမြက်ပင်ဟာမြက်အရသာနဲ့မတူပဲအင်မတန်မှအရသာနဲ့ပြည့်စုံတယ်ဆိုပဲ…ဒါနဲ့မုဆိုးလည်းနောက်ထပ်မြက်ပင်၎ပင်၅ပင်ကိုထပ်နုတ်ယူပြီးဝါးစားခဲ့တယ်..မကြာခင်မှာပဲသူဟာအားအင်တွေပြည့်ဖြိုးလာသလိုခံစားရပြီးအိပ်ပျော်သွားသတဲ့…

နောက်ညသန်းခေါင်လောက်ရောက်ခါနီးတော့မှသူပြန်နိုးလာခဲ့တယ်..အဲဒီအချိန်မှာသူ့တစ်ကိုယ်လုံးဟာနာကျင်နေသတဲ့…ဒါပေမယ့်ပင်ပန်းမောလျတာတော့မရှိဘူးဆိုပဲ..ဒါနဲ့သူလည်းဘေးဘက်ကိုကြည့်လိုက်တော့အချိန်၈၀လောက်ရှိတဲ့လည်ပင်းမှာပေါက်ပြဲပြီးသေနေတဲ့ဆတ်တစ်ကောင်ကိုတွေ့ရတယ်..သားကောင်ကြီးတစ်ကောင်ကောင်ကကိုက်လို့သေနေတဲ့ပုံမျိုးပေါ့..အဲဒီမှာမုဆိုးဟာအ၇မ်းလန့်သွားတယ်..သူ့နားမှာများသားကောင်ကြီးတစ်ကောင်ကောင်များရှိမလားဆိုပြီးတော့ပေါ့..ဒါပေမယ့်ဘာကောင်ကိုမှမတွေ့တာနဲ့သူလည်းအဲဒီဆတ်သေကိုသူနေတဲ့ရွာကိုသယ်ယူဖို့စီစဉ်တော့တာပေါ့..

ဒီလိုအဖြစ်မျိုးကိုနောက်ထပ်၃ခါလောက်ကြုံလာရတဲ့အခါမှာမုဆိုးဟာမြက်ခင်းတွေအပေါ်ကိုသံသယ၀င်လာတယ်…ဒါဟာသူတို့ငယ်ငယ်တုန်းကကြားဖူးတဲ့သမန်မြက်ဆိုတဲ့မြက်မျိုးများလာဆိုပြီးတော့ပေါ့..ပြီးတော့မုဆိုးကလည်းသမန်းမြက်ကိုမမြင်ဖူးတာကြောင့်ဘယ်လိုဘယ်ပုံရှိမယ်ဆိုတာကိုမခန့်မှန်းတတ်ဘူး…ဒါပေမယ့်မုဆိုးဟာတဖြည်းဖြည်းနဲ့လကွယ်ညနေတိုင်းအဲဒီမြက်ခင်းပြင်ရှိရာကိုမသွားပဲမနေနိုင်ခဲ့ဘူး…ပြီးတော့သူဟာဒီအကြောင်းတွေကိုဘယ်သူ့ကိုမှလည်းအသိမပေးခဲ့သလို..သူ့ရဲ့ချစ်လှစွာသောဇနီးနဲ့သားကိုတောင်မှအသိမပေးခဲ့ဘူး…မုဆိုးဟာတဖြည်းဖြည်းနဲ့မြက်ပင်တွေရဲ့အစွမ်းသတ္တိကိုသိလာတဲ့အခါမှာသူအမဲသားကောင်ရှာမရတိုင်းမြက်ခင်းပြင်ဆီကိုသွားပြီးမြက်ပင်၅ပင်၆ပင်လောက်ကိုစားလိုက်သတဲ့..သူပြန်နိုးလာရင်ထုံးစံအတိုင်းသားကောင်တစ်ကောင်ကောင်ကသူ့အနားကိုရောက်နေတာပေါ့..တစ်ခုထူးတာကလကွယ်ညမဟုတ်ရင်ရတဲ့သားကောင်ဟာသားကောင်ငယ်လေးတွေဖြစ်နေတာကိုလည်းမုဆိုးကသတိထားမိတာတယ်…ဒီလိုနဲ့နေလာတာတစ်နှစ်ကျော်ကြာတဲ့အထိဘယ်သူမှဒီအဖြစ်အပျက်ကိုမသိကြသလိုမုဆိုးကလည်းပြောမပြဘူး…

တစ်ညနေမှာပေါ့…မုဆိုးဟာထုံးစံအတိုင်းသားကောင်မရလို့မြက်ပင်တွေကိုနုတ်ပြီးစားလိုက်တယ်…မကြာမီမှာပဲသူအိပ်ပျော်သွားခဲ့တယ်…ခုနှစိစဉ်ကြယ်အမြီးထောင်တဲ့အချိန်မှာသုပြန်နိုးလာခဲ့တယ်…နိုးလာလို့နဘေးကိုကြည့်လိုက်တော့သူအရင်ကမြင်နေကြသားကောင်မဟုတ်ပဲသူ့ဇနီးနဲ့သူ့သားဖြစ်နေတာတွေ့ရတယ်..မုဆိုးလည်းအော်ဟစ်ငိုယိုပြီးဇနီးနဲ့သားကိုပြေးပွေ့တာပေါ့..ဒါပေမယ့်နှစ်ယောက်လုံးကအသက်မရှိတော့ဘူး…နှစ်ယောက်လုံးရဲ့လည်ပင်းတွေဟာလည်းအရင်မြင်နေခဲ့ရတဲ့သားကောင်တွေအတိုင်းပေါက်ပြဲနေတာပေါ့…

အဲဒီမှာမုဆိုးဟာအင်မတန်မှထိခိုင်နာကျင်ကြေကွဲသွားခဲ့တယ်…ဇနီးနဲ့သားကိုလည်းကောင်းမွန်စွာမြေမြှုတ်ခဲ့တယ်…အဲဒီနောက်မှာသူဟာသူလိုနောက်ထပ်ဘယ်သူမှမဖြစ်ရလေအောင်တစ်ခုခုလုပ်တော့မယ်ဆိုပြီးသူ့ရဲ့ခင်မင်ရင်နှီးရဆုံးဖြစ်တဲ့သစ်ခုတ်သမားမိတ်ဆွေကိုတိုင်ပင်ခဲ့တယ်..သူ့ရဲ့အဖြစ်မှန်ကိုပြောပြခဲ့တယ်..အကူအညီတောင်းခဲ့တယ်..သစ်ခုတ်သမားကလည်းမယုံကြည်နိုင်တဲ့အဖြစ်အပျက်ပေမယ့်သူ့ရဲ့မိတ်ဆွေကိုခင်မင်တဲ့တဲ့စိတ်..စိတ်ချမ်းသာစေချင်တဲ့စိတ်နဲ့ကူညီခဲ့တယ်…

အဲဒီနောက်မှာတော့သူတို့နှစ်ဦးဟာမြက်ပင်တွေကိုပေါက်ထုတ်ပြီးမြက်ခင်းတစ်ခင်းစာလုံးနေရာကိုနေရာလပ်မကျန်အောင်မီးရှို့ခဲ့တယ်…အဲဒီအချိန်ကတည်းကအဲဒီနေရာမှာမြက်တွေပြန်မပေါက်တော့တာအနှစ်လေးဆယ်ကြာခဲ့တယ်…အခုမြက်တွေပြန်ပေါက်နေတယ်ဆိုတော့အနီးအနားရွာတွေကလူတွေတခုခုဖြစ်မှာစိုးရမ်နေကြတာပေါ့…

၅။
ကိုဖိုးမောင်ရဲ့ပြောပြချက်အဆုံးမှာတိတ်ဆိတ်စွာစိတ်ဝင်စားစွာနားထောင်နေကြတဲ့ကောင်လေး..ကောင်မလေးနဲ့ကာလသားတွေမိန်မပျိုးလေးတွေဟာထိတ်လန့်စွာနဲ့တစ်ယောက်နားတစ်ယောက်တိုးကပ်လာခဲ့ကြတယ်..အဲဒီမှာကောင်လေးက

“တကယ်တော့ဒါတွေဟာစိတ်နယ်လွန်ဖြစ်ရပ်တွေပါကိုဖိုးမောင်…မုဆိုးဟာစိတ်ရောဂါတစ်ခုခုရှိနေလို့လည်းဖြစ်ကောင်းဖြစ်မယ်…ဒါမှမဟုတ်သူ့ကိုယ့်သူတိရိစ္ဆာန်တစ်ကောင်ကောင်ဖြစ်သွားတယ်လို့တွေးထင်ပြီးသတ်လိုက်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်…”

“ဘယ်လိုပဲဖြစ်ဖြစ်ပါကိုဖုန်းရယ်..ခင်ဗျားကထူးထူးဆန်းဆန်းဆိုရင်စိတ်ဝင်စားပြီးသွားတတ်လွန်းလို့တစ်ယောက်ယောက်ကပြောလာခဲ့ရင်ခင်ဗျားသွားနေမှာစိုးလို့ပါ..ခင်ဗျားကိုကျွန်တော်တို့ဘယ်လိုထိခိုက်မှုမျိုးကိုမှမရစေချင်ဘူးလေ..အဲီးနေရာကိုတော့ခင်ဗျားမသွားပါနဲ့နော်….တကယ်လို့သွားကြည့်ချင်ရင်လည်းနေ့ဘက်တွေသွားပြီးအဖော်ကိုလည်း၃ယောက်လောက်ခေါ်သွားပါ..ကျွန်တော့ကိုလည်းခေါ်ပါ…ကျွန်တော်စိတ်မချလို့ပါ”

ကိုဖိုးမောင်စကားအဆုံးမှာစကားဝိုင်းမှာရှိနေတဲ့သူများနဲ့ကောင်မလေးကမသွားဖို့တာဝိုင်းဝန်းတားမြစ်ကြတယ်….ကောင်လေးကတော့ဘယ်လိုကတိကိုမှမပေးပဲမဖြစ်နိုင်တဲ့အကြောင်းအရာတစ်ခုအဖြစ်သာမှတ်ဟူထားလိုက်တယ်..ကောင်မလေးကတော့ကောင်လေးငြိမ်သက်ပြီးဘာမှတုံ့ပြန်မပြောတာကိုရိပ်မိသိရှိစွာနဲ့ကောင်လေးကိုစိုက်ကြည့်နေခဲ့တယ်..ကောင်လေးသာကောင်မလေးရဲ့မျက်ဝန်းထဲကစကားတွေကိုဖတ်တတ်မယ်ဆိုစိုးရိမ်ခြင်းတွေနဲ့တားမြစ်နေသံကိုမြင်ရကြားရမှာပါ…

၆။
ဒီလိုနဲ့ကောင်လေးရွာကလေးကိုရောက်တာ၇ရက်ကျော်ခဲ့ပြီ..ဖခင်ရဲ့အလုပ်တွေကိုသွားကြည့်ရင်း..ညနေပိုင်းစကားဝိုင်းလေးမှာရောက်တတ်ရာရာစကားပြောကြရင်း..သူရိုက်ချင်တဲ့ပုံတွေကိုရိုက်ယူရင်းအချိန်တွေတရွေ့ရွေ့ကုန်ဆုံးခဲတယ်…နောက်တစ်ရက်နှစ်ရက်နေပြီးရင်ကောင်လေးဟာသူ့အမ်ရှိရာမြို့ကိုပြန်ရတော့မယ်..

၇။
နေ့လည်ပိုင်းထမင်းစားပြီးတခဏကောင်လေးအိပ်ပျော်သွားတယ်..ဖျတ်ကနဲသူနိုးလာတော့နေ့လည်၃နာရီခွဲတော့မယ်…ဒီနေ့ဟာလကွယ်နေ့တစ်နေ့ဖြစ်မှန်းကောင်လေးသေချာမှတ်မိနေခဲ့တယ်..အိပ်ရာကဖြတ်ကနဲထပြီးသူဆုံးဖြတ်ချက်အတိုင်းလက်ဆွဲကင်မရာလေးကိုဆွဲပြီးမြက်ခင်းပြင်ရှိရာနေရာကိုထွက်လာခဲ့တယ်..လွန်ခဲ့တဲ့လေးရက်လောက်ကအဖော်အပေါင်းတွေနဲ့ရောက်ဖူးထားတာကြောင့်ကောင်လေးအတွက်အခက်အခဲမရှိလှဘူး…ကောင်လေးဟာရွာသူရွာသားတွေရဲ့အထင်တွေအမြင်တွေဟာမဟုတ်ပါဘူးဆိုတာကိုသက်သေပြနေချင်ခဲ့တယ်..

သူဟာစိတ်နယ်လွန်ဖြစ်ရပ်တွေကိုမယုံကြည်သူဖြစ်တဲ့အတွက်တစ်ခုခုမှားယွင်ခြင်းဒါမှမဟုတ်စိတ်ကူးယဉ်ပြီးပြောတဲ့ပုံပြင်တစ်ပုဒ်အဖြစ်သာသူကသတ်မှတ်ခဲ့တယ်…လွန်ခဲ့တဲ့အနှစ်လေးဆယ်ကျော်ကကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်ဆိုတဲ့မုဆိုးအလုပ်ကိုလုပ်မစားတော့ပဲစားပင်သီးပင်လေးတွေကိုသာစိုက်ပျိုးပြီးရောင်းချနေတော့တယ်ဆိုတဲ့မုဆိုးကြီးကိုလည်းသွားရောက်တွေ့ဆုံဖို့သူအစီအစဉ်ဆွဲပြီးဖြစ်နေခဲ့တယ်..

တဖြည်ဖြည်းနဲ့ကောင်လေးဟာမြက်ခင်းပြင်ရှိရာနေရာကိုတရွေ့ရွေ့နဲ့ရောက်လာခဲ့တယ်..ရိုးမတောင်ခြေရဲ့ထုံးစံအတိုင်နေရောင်ပျောက်တာနဲ့အမှောင်ရိပ်ကကဲလာပြီးအအေးဓါတ်က၀င်လာတယ်…ကောင်လေးဟာသူ့ရဲ့ကင်မရာလေးကိုတင်းတင်းဆွဲထားရင်းမြက်ခင်းပြင်ကြီးရှိရာကိုချဉ်းကပ်လာခဲ့တယ်…မြက်ခင်ပြင်ကြီးကိုလည်းသူကလှမ်းမြင်နေရပြီလေ…

ကောင်လေးမြက်ခင်းနားကိုရောက်တော့အမှောင်ဟာတော်တော်ကိုကဲနေပြီ..ဖြိုးဖြိုးဖျောက်ဖျောက်မြင်နေရတဲ့ကြယ်တွေရဲ့အလင်းရောင်ဟာလည်းမြင်ကွင်းကိုကြည်လင်စွာမြင်ရအောင်အထောက်အကူမပေးနိုင်ခဲ့ဘူး…ကောင်လေးလည်းမြက်ခင်းအစပ်နားမှာရှိတဲ့ပိတောက်ပင်ကြီးအောက်မှာခေတ္တခဏနားနေရင်းကွင်းစပ်နားကမြက်တွေကိုနုတ်ပြီးကိုဖိုးမောင်ပြောတဲ့မြက်တွေနဲ့တူရဲ့လားလို့စမ်းကြည့်နေခဲ့တယ်…

အဲဒီအချိန်မှာပဲကောင်လေးဟာသားရိုင်းသတ္တ၀ါတစ်ကောင်ရဲ့အသံကိုကြားလိုက်တယ်..ဆတ်ကနဲ့လှမ်းကြည့်လိုက်တော့ကျောပေနေရာကနေလှည့်ကြည့်လာတာကိုတွေ့လိုက်ရတယ်..ဒါနဲ့လက်ထဲမှာရှိနေတဲ့ကင်မရာနဲ့မြင်ရတဲ့ပုံရိပ်ကိုလှမ်းရိုက်လိုက်တယ်..ဒီအချိန်မှာမြင်ရတဲ့သတ္တ၀ါဟာကောင်လေးရှိရာကိုလျင်မြန်တဲ့အဟုန်နဲ့ပြေးလာတာတွေ့လိုက်ရတယ်..ကောင်လေးလည်းဘာမှစဉ်းစားမနေတော့ပဲလက်ထဲမှာရှိနေတဲ့နှုတ်ထားတဲ့မြက်တွေကိုပါးစပ်ထဲအမြန်ထည့်ရင်းဝါးစားလိုက်တယ်…

မကြာခင်မှာပဲကောင်လေးလည်းအိပ်ပျော်သွားခဲ့တယ်…

၈။
နောက်တနေ့မနက်မှာတော့တောင်ခြေရွာကလေးမှာအုံးအုံးကြွက်ကြွက်ညံနေတော့တယ်..ညကကောင်လေးပျောက်နေလို့လိုက်ရှာကြတာဘယ်မှာမှရှာမတွေ့ခဲ့ကြဘူး..နောက်ဆုံးလူဖြန့်ရှာတော့မှကောင်လေးရဲ့ကင်မရာလေးကိုမြက်ခင်းပြင်ရဲ့အစပ်နားကပိတောက်ပင်ကြီးအောက်မှာတွေ့ခဲ့တယ်…ကင်မရာလေးကလွဲလို့ကောင်လေးနဲ့ပတ်သက်တာဘာမှမကျန်ခဲ့ဘူး…

ရွာသားတွေလည်းကောင်လေးရဲ့ဖခင်ရှိရာကိုအကြောင်းကြားပြီးကောင်လေးရဲ့ကင်မရာလေးကိုပြန်ပေးလိုက်တယ်…သားပျောက်လို့အရူးမီးဝိုင်းသလိုဖြစ်နေရှာတဲ့ကောင်လေးရဲ့အဖေဟာသူ့သားလေးကိုပြန်တွေ့ရနိုးနဲ့ရဲတပ်ဖွဲ့ဝင်တွေအဖွဲ့အစည်းတွေကိုအကူအညီတောင်းပြီးရှာပေမယ့်လည်းကောင်လေးကိုရှာလို့မတွေ့ခဲ့ဘူး…

ကောင်လေးရဲ့ဖခင်ဟာဖွင့်မကြည့်ဖြစ်ခဲ့တဲ့ကောင်လေးရဲ့ကင်မရာလေးကိုနောက်တစ်ရက်မှာဖွင့်ကြည့်လိုက်တယ်…နောက်ဆုံးရိုက်ထားတဲ့ပုံဟာနီရဲတောက်ပနေတဲ့မျက်လုံးတစ်စုံဖြစ်နေခဲ့တယ်…သက်ဆိုင်ရာကိုပြကြည့်တော့လည်းဘယ်လိုသတ္တ၀ါတစ်ကောင်ကောင်ရဲ့မျက်လုံးဖြစ်မယ်ဆိုတာကိုဝေခွဲမရခဲ့ကြဘူး…

၉ ။
တောင်ခြေရွာကလေးကကောင်လေးရဲ့မိတ်ဆွေကောင်မလေးဟာလည်းနောက်တစ်နေ့မှာပဲရွာကနေထွက်သွားခဲ့တယ်…သူမကျောင်းပြန်တက်တယ်လို့ရွာကထင်ကြပေမယ့်သူမကျောင်းကိုရောက်မလာဘူးဆိုတာကျောင်းကအကြောင်းကြားစာရောက်လာမှပဲသိရတော့တယ်….


၁၀။
တောင်ခြေရွာကလေးမှာနေထိုင်ကြသူတွေကတော့သိရခက်တဲ့မြက်ခင်းပြင်ကြီးနားမှာပျောက်သွားတဲ့ကောင်လေးနဲ့ကျောင်းသွားတက်ရင်းလမ်းမှာပျောက်သွားတဲ့ကောင်မလေးအကြောင်းကိုအချိန်ကာလတော်တော်ကြာသည်အထိပုံပြင် ဒဏ္ဍာရီပမာလက်ဆင့်ကမ်းပြောပြသွားခဲ့ကြတယ်...




ပျိုးယုဝသုန်
01:11:11 AM
29-01-2012
Sunday(BNE)

8 comments:

ညီရဲ said...

တကယ်စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်လမ်းလေးဘဲ... တကယ့်အဖြစ်အပျက်လား လို့ လဲ တွေးနေမိတယ်... ကောင်လေး ဘယ်ရောက်သွားလဲ... ကောင်မလေး ဘယ်ရောက်သွားလဲလို့ လဲ တွေးကြည့်မိတယ်... ဝူး... တွေးစရာတွေ များသွားပြီ...

လွင်ပြင်လှိုင်းငယ် said...

အရေးအသားထဲမှာ စီးမျှောသွားတာပဲ

ကိုကိုလတ် said...

မိုက်တယ် အစ်မ။ အရင်ပိုစ့်လေးလိုပဲ ဆွဲခေါ်သွားတယ်။ ဘယ်လိုသိမ်းမလဲ စောင့်ကြည့်ရမယ်ဗျ။ ကျနော်လိုတော့ ပိုစ့်တွေ ဆက်ရအောင် မကြပ်တော့ပါဘူး။ ဟီးဟီး

ပျိုးယုဝသုန် said...

အယ်..ဇတ်လမ်းကပြီးသွားပြီလေမောင်လတ်ရဲ့..ဆက်စရာရှိတော့ဘူးရယ် ...

ko latt said...

ဆောဒီးအစ်မရေ..... ဘာ့ကြောင့်ဖြစ်လဲ ဆိုတာတော့ အကြောင်းစုံ ပိုစ့်တစ်ခုနဲ့  ရှင်းပြမည် ဖြစ်ပါကြောင်း။ ဟီးဟီး ကြိုစရံသတ်ထားတာ မဟုတ်ဘူးနော်။ :D

mstint said...

ဓာတ်ပုံထဲထူးဆန်းသတ္တဝါရဲ့လက်ချက်ဆိုရင်
သဲလွန်စတော့ကျန်ခဲ့မှာပေါ့နော်။
စိတ်ဝင်စားစရာဒဏ္ဍာရီလေးပါလား ဝသုန်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးငွေ့...... said...

ဖတ်ရင်းမျောသွားတယ် မမ၀သုန်ရယ်...။ ဇာတ်သိမ်းကတော ဟောလီးဝုဒ်ကအတိုင်းပဲ..။

Myat Pan Nwe (မြတ်ပန်းနွယ်) said...

သည်းထိတ်ရင်ဖိုဆန်ဆန်လေးမို့ ဇာတ်လမ်းလေးကိုလည်း နှစ်သက်တယ်။

ဆွဲခေါ်သွားတဲ့ အရေးအသားနောက် မျောသွားခဲ့ပါတယ် ဝသုန်။

ခင်မင်စွာဖြင့်
မြတ်