Tuesday 3 January 2012

ရောက်ရာအရပ်က ပြန်လာပါ


နေလည်းညိုခဲ့ပြီ …
အဝေးက သားပြန်အလာကိုစောင့်မျှော်နေတဲ့ အဖေလည်းအိုခဲ့ပြီ …
သားဝယ်ပေးတဲ့ အင်္ကျီဖြူလေးလည်း ယိုယွင်းရိနွမ်းနေခဲ့ပြီ …
ဘဝရဲ့ဘယ်မှတ်တိုင်မှာ ကားကျပ်နေလဲ
ဘဝရဲ့ဘယ်မှတ်တိုင်မှာကားရပ်နေလဲ
အပြန်မိုးချုပ်တဲ့ရက်ပေါင်းများခဲ့ပြီ …
အဖေအိပ်တော့မှ ပြန်လာလား
အဖေမနိုးခင်ပြန်သွားလား …
ရောက်ကိုမလာသေးတော့
စောင့်နေ၇တာမောလှပြီ …
ဘဝအလှတောမှာမင်းပျော်နေသလား…
ဘဝရဲ့ညအမောမှာမင်းရော်နေမလား …
အဖေတွေးရင်းမျှော်ခဲ့ပြီ …
ဖျတ်ခနဲအသံကြား ..ငါ့သားလေလားကြည့်မိတယ် …
တရပ်တကျေးမှာများ… ငါ့သားနေပြီလားတွေးမိတယ် …
ခေါင်မိုးလုံအကာစုံပေမယ့် မလုံခြုံတဲ့အတွေးငါ့သားငယ်အတွက်တွေးမိတယ် …
အခါခါတည်ရတဲ့ထမင်းအိုးမှာ တယောက်စာလျော့နေခဲ့တာကြာခဲ့ပြီ…
မင်းကြိုက်တဲ့ချဉ်ပေါင်ဟင်းနဲ့ ၀က်သားနီလက်သီးဆုပ်
ဖက်သမ်းသီးအတို့အမြှုတ်လည်း
ဆွမ်းပွဲဖြစ်ပေါင်းများခဲ့ပြီ …
အဖေချက်တဲ့ဝက်သား ..ညနေစာစားမတဲ့ ..
ဒီလိုပြောခဲ့ပြီးတဲ့နောက်
မင်းဘယ်ရောက်သွားလဲ ငါ့သားရယ်..
တစ်ရက်ပြီးတစ်ရက်  ..ဆက်ဆက်ပြီးစောင့်နေဆဲ
အိမ်ရှေ့ကပြင်ကခြေဆေးအိုးလည်း
ေ၇အပြည့်ရှိဆဲပဲမောင် ….
ခြင်းခတ်ဖက်မင်းအဖော်တွေနဲ့ ခြင်းဝိုင်းထဲများရောက်နေလား…
ဒီလိုအတွေးများတွေးမိရင်း
ညနေတိုင်းရှိတဲ့ခြင်းဝိုင်း .. အဖေအချိန်တိုင်းရောက်မိတယ် …
လမ်းမီးတွေလည်းမှိန်ခဲ့ပြီ ..
အိမ်ပြန်ချိန်လည်းလွန်ခဲ့ပြီ …
အရှေ့မှာ ရောင်နီပေါ်လို့ မိုးဦးသောက်လည်းရောက်ခဲ့ပြီ …
အဖေလည်းမေတ္တာပို့ပြီးပြီ…ဆီမီးတော်လည်းငြိမ်းခဲ့ပြီ …
စားချင်တဲ့အစား ..တစ်ခေါက်လောက်ထပ်ပြောပါငါ့သား ..
အဖေကြားချင်လွန်းလို့ပါ ….

ပျိုးယုဝသုန်
09:45:00 AM
01-01-2012
Sunday


No comments: