Monday 5 December 2011

မျဉ်းပြိုင်များရဲ့ဆုံမှတ် ..ဘယ်မှာ

မမျှော်လင့်မထင်မှတ်ဘဲ တိုက်မိခဲ့ကြတဲ့ ကိုယ်တို့နှစ်ယောက် .. မင်းလည်းဘာမှ မဖြစ်ဘူး.. ကိုယ် လည်းဘာမှမဖြစ်ဘူး..ဒါပေမယ့် ရင်ဘတ်တွေတော့ ကွဲသွားတယ် ..


၁။
ဆောင်းတွင်းကာလရဲ့သဘာဝအတိုင်းဆောင်းမနက်ခင်းဟာအေးမြနေတာပေါ့ မြကနုတ်၊ဒါပေ မယ့် ဆောင်းမနက်တွေလိုအေးမြမနေနိုင်တာကတော့ ကိုယ့်ရဲ့စိတ်တွေပဲပေါ့၊ မင်းလည်းကိုယ် နဲ့အတူ ထပ်တူထပ်မျှ ရှိနေလိမ့်မယ်ဆိုတာကိုယ်ယုံကြည်ပါတယ်၊ တစ်ယောက်နဲ့တစ်ယောက် စကားမဆိုဖြစ်ကြပဲငြိမ်သက်စွာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ရပ်နေကြတာ ကတော့ ဘယ်လိုမှကဗျာမဆန်လှဘူး၊ မျက်ရည်ကြည်ဝေ့၀ိုင်းနေတဲ့မင်းမျက်ဝန်းတွေကို ကာကွယ်ဖို့ မျက် လွှာကိုချထားပေမယ့် တစ်ယောက်စိတ်ထဲမှာ ဘယ်လိုရှိကြမယ်ဆိုတာတစ်ယောက်ကနားလည် နေပြီးသားပဲလေ၊

ပြည်ပထွက်ခွါဆိုတဲ့ ဆိုင်ဘုတ်ဟာဒီတစ်ကြိမ်မှာကိုယ့်ကိုကောင်းကောင်းနှိပ်စက်ကလူပြုနေလေရဲ့၊ ပေါ့ပေါ့ပါးပါး ဘီးပါတဲ့လက်ဆွဲအိတ်ကလေးကိုဘေးမှာချပြီး ဘာစကားမှမပြောပဲငြိမ်သက်စွာရပ်နေ တဲ့ မင်းရဲ့စိတ်ထဲက စကားသံတွေကို ကိုယ် ကောင်းကောင်းကြားရပါတယ်၊ လူဝင်မှုကြီးကြပ်ရေး ကောင်တာရဲ့ တစ်ဖက်ကို ဖြတ်သန်းပြီးတာနဲ့ ကိုယ်တို့နှစ်ယောက်ခုလိုနီးနီးကပ်ကပ်ရပ်နေခွင့်မရ ကြတော့မှာ မင်းသိသလို ကိုယ်လည်းသိခဲ့တယ်မြကနုတ် ၊ ဒီကောင်တာကို မင်းအလျင်စလိုမဖြတ် ချင် သလို ကိုယ်ကလည်း မဖြတ်စေချင်ခဲ့ဘူး ၊ ဒါပေမယ့် မင်းမကြာခင် အချိန်ကလေးမှာဒီလူဝင်မှု ကြီးကြပ်ရေးကောင်တာကိုဖြတ်ကျော်ပြီးကိုယ့်ကို ကျောခိုင်းထွက်ခွါသွားရတော့မယ်ဆိုတာကိုယ် သိပါတယ် ပြီးတော့နောက်ဆုံးအချိန်အထိမင်းကိုယ့်အနားမှာရပ်နေမယ်ဆိုတာလည်းကိုယ်သိပါ တယ်၊

ကွေးညွတ်ထားတဲ့ မင်းနှုတ်ခမ်းတွေဟာပြုံးနေတာမဟုတ်ဘူးဆိုတာ ကိုယ် ကောင်းကောင်းသိပါ တယ် မြကနုတ်ရယ် ၊ နီပြေပြေ အရောင်ကိုပြောင်းစပြုနေတဲ့ မင်းရဲ့နှာသီးဖျားကလေးကိုငေးကြည့် ရင်း နာကျင်လာရတာကကိုယ်ပါ ၊ ကျေးဇူးပြုပြီး မျက်ရည် မကျလိုက်ပါနဲ့နော် ၊ ကိုယ် ခံနိုင်ရည် မရှိလို့ပါ၊ ကိုယ့်ရဲ့စိတ်ကို နားလည်စွာနဲ့ ပြုံးပြဖို့ကြိုးစားနေတဲ့ မင်းကိုလည်းကိုယ်မကြည့်ရက်ဘူး၊ ဖြစ်နိုင်မယ်ဆိုရင် ချက်ချင်းအငွေ့အဖြစ် လွင့်ပျယ်ပြီးအဝေးတစ်နေရာကို ရောက်သွားချင်ပါရဲ့၊ ဒါ ပေမယ့် မင်းကိုတစ်ယောက်ထဲလည်းချန်မထားခဲ့နိုင်တဲ့ကိုယ့်ရဲ့ ဒွိဟစိတ်တွေကကိုယ့်ကိုနှိပ်စက် နေလေရဲ့ မြကနုတ်ရေ၊ တစ်ခုခုပြောဖို့ကြိုးစားနေတဲ့ မင်းနှုတ်ခမ်းတွေကိုမြင်ရတော့ ဘာများပြော လေမလဲလို့ သိချင်နေခဲ့သလို ဘာကို မှလည်း မကြားလိုခဲ့ဘူး၊ ဖြစ်နိုင်ရင် တိတ်တဆိတ်နဲ့ပဲ ကျော ခိုင်းသွားပေးပါ မြကနူတ် ၊ အသံချဲ့စက်ကနေ နောက်ဆုံးကျန်နေတဲ့သူအမည်တွေကိုခေါ်နေချိန်မှာ တော့ မင်းရဲ့လက်ဆွဲ အိတ်လေးကိုညင်သာစွာဆွဲယူရင်း ကိုယ့်ကို မော့ကြည့်လာတယ်၊နောက်ဆုံး တော့လည်း မင်း ကိုယ့်ကို ထားခဲ့ရမှာပဲ မဟုတ်လားမြကနုတ် ..၊

“ အဲမွန်.. ကိုယ်သွားတော့မယ် .. မကြာခင်အချိန်လေးအတွင်းမှာ ကိုယ် ရှင့်ဆီရောက်အောင် ပြန်လာခဲ့မယ်.. ခု လောလောဆယ်ကိုယ်ပြောနိုင်တဲ့ စကားက ဒီတစ်ခွန်းပဲရှိတယ် .. ကိုယ်ပြန် လာတဲ့ အချိန်မှာ အဲမွန် ကိုယ့်အနားမှာ မရှိနေနိုင်တော့ရင်လည်း ကိုယ် အဲမွန် ကို အပြစ်မပြော ဘူးနော် .. အားလုံးကို ကိုယ် နားလည်တယ် ..”

ပြောပြီးဖျတ်ကနဲ လှည့်ထွက်အသွားမှ ကိုယ့်ရဲ့ဘယ်ဘက်လက်ဖမိုးအပေါ်ကို စင်ကျကျန်ခဲ့တဲ့ မင်းရဲ့ မျက်ရည်စက် ကို ငေးကြည့်ရင်း သုတ်ပေးခွင့်မရခဲ့တဲ့အတွက် ကိုယ် နာကျင်ရတယ် မြကနုတ် ။ အင်္ကျီအိတ်ကပ်ထဲမှာရှိနေတဲ့ တစ်ရှူးစက္ကူစလေးနဲ့အသာတို့ယူရင်း မင်းရဲ့မျက်ရည် တစ်စက်ကို ကိုယ် သိမ်းထားဖို့ဆုံးဖြတ်ခဲ့တယ်၊ တစ်စုံတရာကိုပြောဖို့ကြိုးစားရင်း ဘာမှမပြောဖြစ်ပဲ လှည့်ထွက်သွားတဲ့ မင်းကို ငေးကြည့်နေမိတဲ့ကိုယ် ၊ တကယ်တော့ အနည်းဆုံးစကားလေးတစ်ခွန်း ဖြစ်ဖြစ် ကိုယ်ပြောသင့်တာပေါ့ ၊ မင်းကတော့ ကိုယ့်ဘက်ကို ပြန်လှည့်လို့ကို ကြည့်မလာခဲ့ဘူး၊ ကောင်းပါတယ် မြကနုတ် ရယ် ၊ မျက်ရည်ဝေ့နေတဲ့မင်းကိုမြင်ရရင် ကိုယ့် ကိုယ် ကိုယ်ထိန်းချုပ်ဖို့ တော်တော် ခက်လိမ့်မယ်၊

ဝေဒနာဆိုတာတကယ်တော့မင်းကပေးခဲ့တာမဟုတ်ပါဘူးလေ၊ ကိုယ်က ခေါ်ယူလို့ရောက်လာတာ ပါ၊ မလွမ်းချင်ဘူးလို့ အခါခါ ပြောဖူးတဲ့ကိုယ်ဟာ မင်းကိုတသသလွမ်းရင်း ကျေနပ်နေမယ့်အဖြစ်ကို တော့မင်းသိချင်မှ သိနိုင်ပါလိမ့်မယ်၊

၂။
ထုံးစံအတိုင်း တ၀ုန်းဝုန်းတဒိုင်းဒိုင်းရွာလိုက်၊ တဖွဲဖွဲနဲ့စွေရွာလိုက်နဲ့ ရွာချင်သလိုရွာနေတဲ့ ဇွန်လရဲ့ မိုးရေစက်တွေကို ငေးကြည့်ရင်း မနက်စောစောပိုင်းမှာမှ အလုပ်ကိစ္စပြောချင်တဲ့ သူငယ်ချင်းဖြစ်သူ ကို စိတ်ထဲကကျိတ်ပြီးကျိန်ဆဲရင်း ကွန်ပျူတာနှင့် အပိုပစ္စည်းအရောင်းဆိုင်ခန်းလေးရှိရာ မြို့ထဲကို ထွက် လာခဲ့တယ်၊ မိုးအေးအေးမှာစောင်ခြုံပြီး မိုးသံတွေကို နားထောင်ရင်း ဂီတသံတချို့ကို ဖန်တီး ဖို့စိတ် ကူးမယ်ဆိုတဲ့ အတွေးလည်း  ဒိကောင် တင်မိုးရဲ့ဖုန်းသံ ကြောင့် အဝေးကိုရောက်သွားခဲ့ပြီ၊ ဆိုင်ကို ရောက်တော့ မနက် ၈နာရီ ၁၅မိနစ် ၊ အရောင်း ၀န်ထမ်းညီငယ် ၂ယောက်လည်းရောက် မလာကြ သေးဘူး၊ မိုးတွေကလည်း ဘယ်အညှိုနဲ့မှန်း မသိရွာကောင်းနေတုန်း၊ ဆိုင် တံခါးကို ဖွင့်ဝင်ရင်း လက်ဖက်ရည် ကျစိမ့်တစ်ခွက်နဲ့ ထမင်းကြော် ကို စားရင် ကောင်းမယ်လို့စဉ်းစားမိပြီး ဆိုင်ရှေ့ မျက်နှာချင်းဆိုင် မှာဖွင့်ထားတဲ့ ကိုကျော်ကြီး လက်ဖက်ရည် ဆိုင်ထဲကို ခြေလမ်းကိုဦး တည်လိုက် တယ်။

ကျွန်တော့်ရဲ့ကွန်ပျူတာနှင့်အပိုပစ္စည်းအရောင်းဆိုင်ကလေးဟာဝန်ထမ်းညီငယ် ၂ယောက်နဲ့ကျွန် တော် အပါအ၀င်မှ စုစုပေါင်း ၃ယောက်သာရှိတဲ့ ဆိုင်ကလေးပါ၊ ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှု ကိုလည်းပေးတာကြောင့် မှန်မှန်လည်းပတ်နေတဲ့ လုပ်ငန်းလေးတစ်ခုပေါ့၊ ခင်မင်ရင်းနှီးတဲ့မိတ်ဆွေ သူငယ်ချင်းတွေရဲ့ အားပေးမှုကြောင့် ပုံမှန်လည်ပတ်နေတယ်ဆိုရင်လည်းမမှားဘူးပေါ့၊ လက်ဖက် ရည်နဲ့ထမင်းကြော် ကို စားရင်း ရောက်မလာသေးတဲ့  တင်မိုးကို စောင့်နေစဉ်းမှာပဲ ၀န်ထမ်းညီငယ် ၂ယောက် ရောက်လာခဲ့တယ်၊

“ဟာ .. ကိုအဲမွန် .. အစောကြီး .. ကျွန်တော်တို့နောက်ကျ နေတာလား..  အာ .. ဟုတ်ဘူး .. နဲနဲတောင် စောသေးတယ် .. ဟီးဟီး .. ” ဆိုပြီး သူ့ဘာသာမေး သူ့ဘာသာဖြေနေတဲ့ ညီငယ် ၂ ယောက်ကို လက်ဖက်ရည်သောက်ဖို့ခေါ်လိုက်တယ်၊

အေးကွာ ..ကိုယ့်သူငယ်ချင်း ကွန်ပျူတာတွေလိုချင်တဲ့သူတစ်ယောက် ခေါ်လာမယ်ဆိုလို့လာ စောင့်နေတာ .. ဒီကောင် ခုထိရောက် မလာသေးဘူး၊ အလုပ်အဆင်ပြေရင် တော့ ညီတို့ ၂ယောက် ဒီရက်အတွင်းမှာ အလုပ်များမယ်ကွ .. နော် ..”

ပျော်ရွှင်တက်ကြွနေတဲ့ ညီငယ် ၂ယောက်နဲ့ရောက်တတ်ရာရာပြောရင်းတင်မိုးဆိုတဲ့သကောင့်သား ကို ဆိုင်မှာပြန်စောင့်နေခဲ့တယ်၊ ပြောထားချိန်ထက် တစ်နာရီကျော်နောက်ကျပြီးမှရောက်လာတဲ့ တင်မိုးကို တခုခုလှမ်းစမယ်ကြံပြီးကာမှ သူ့နောက်က ပါလာတဲ့ ဧည့်သည်ကြောင့် ဘာမှမပြောဖြစ် ခဲ့ဘူး၊

“ မြကနုတ် .. ဒါ ငါ့ သူငယ်ချင်း မင်းအဲမွန် .. ဒီဆိုင်ပိုင်ရှင်ပေါ့.. Technician လည်း Technician .. ၀န်ဆောင်မှု တွေလည်းပေးတယ် .. ပစ္စည်းတွေလည်း စိတ်ချရတယ်..”

“ ဟေ့ရောင်  အဲမွန် .. ဒါ မြကနုတ် တဲ့ .. ဒီရန်ကုန်မှာ လေယာဉ်လက်မှတ် အရောင်ဌာနတစ်ခုနဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတစ်ခုကို ဖွင့်မလို့ ရုံးအတွက် လိုအပ်တဲ့ ကွန်ပျူတာနဲ့ပစ္စည်းတွေ ပြီးတော့ အင်တာနက်တပ်ဆင်ဖို့ အကုန် မင်းတာဝန်ယူပေးနိုင် မလား၊ ငါကမင်းရော မြကနုတ်နဲ့ ရော ခင်နေတော့ နှစ်ဘက်လုံး အဆင်ပြေအောင် တွေ့ပေးတာ .. ”

“ ဟုတ်ကဲ့ မမြကနုတ် .. လိုချင်တာကိုပြောပါ ဗျာ .. ကျွန်တော်အကြံပေးချင်တာကတော့ ကျွန်တော် တို့ဆီက ပစ္စည်းလည်း ၀ယ်မယ် ၀န်ဆောင်မှုကိုလည်း တာဝန်ယူရမယ်ဆိုရင် မမြကနုတ်ရဲ့ရုံးခန်း ဖွဲ့စည်းပုံကို အရင်ကြည့်ပါရစေ.. ”

“ဟုတ်ကဲ့ ..ရတယ်ရှင့် .. ကိုအဲမွန် အဆင်ပြေမယ့် တစ်ရက်ပြောလေ .. ကိုယ်စောင့်နေမယ် .. ပြီးတော့ ကိုယ့် နာမည် က  မ  ထည့်ခေါ်လို့ အဆင်မပြေဘူး .. ဒီအတိုင်းခေါ်လို့ရတယ် ..အားနာစရာမလိုဘူး .. ”

“ ကဲ ..လုပ်ငန်အကြောင်းပြောရင်တော့ မင်းတို့ပြောကြ .. ငါကိုကျော်ကြီးဆိုင်မှာ ပေါ့ဆိမ့်လေး တစ်ခွက်လောက် အားပေးလိုက်ဦးမယ် ..”
ပြောပြောဆိုဆိုထွက်သွားတဲ့ တင်မိုးကို စိတ်ထဲကကျိတ် ကျိန်ဆဲရင်း အလုပ်အကြောင်း ဆက်ပြီးဆွေးနွေးဖြစ်ခဲ့တယ်၊

“ ကဲ ..တွေ့ရတာ ၀မ်းသာတယ် ရှင်.. ကိုအဲမွန် လာမကြည့်ခင်တစ်ရက် ကိုယ့်ကို ဖုန်းကြိုဆက်ပေးနော် .. ကိုယ် သွားလိုက်ဦးမယ် .. တင်မိုး ကတော့ နေခဲ့မယ် ပြောတယ် ..”
ထွက်သွားတဲ့ မြကနုတ်ကို ကြည့်ရင်းတီးတိုးတီးတိုး လုပ်နေတဲ့ ညီ ၂ကောင်က ကျွန်တော့် ကို တွေ့တော့

“အစ်ကို .. အဲဒီအမ လှတယ်ဗျနော .. ဟိဟိ”

အဲဒါ မင်းတို့ အလုပ်လား .. သူ့ဘာသာ သူ လှတာ ဘာဖြစ်လဲ .. သွား ကိုယ့် အလုပ် ကိုယ်လုပ် ..”

ညီငယ် ၂ကောင် ကို ငေါက်ရင်း တင်မိုးရှိရာ ကိုကြီးကျော်ရဲ့ လကဖက်ရည်ဆိုင် ကို ဒုတိယအကြိမ် လှမ်းဝင်ခဲ့တယ် .. မိုးကတော့ ခုနက အရှိန်အဟုတ်နဲ့ရွာနေတာ သူ မဟုတ်တဲ့အတိုင်း နေကလေး တောင် ပွင့်လို့ ၊

မှန်ပါတယ် မြကနုတ် .. မင်ဟာ မြင်သူတိုင်းသတိထားမိအောင် လှတယ်ဆိုတာ ကိုယ်ဝန်ခံပါတယ်၊ အထူးသဖြင့် ကြည်လင်နေတဲ့ မင်းမျက်နှာဟာ မင်းနာမည်လိုပဲ မှဲ့ အမှတ်ကင်းစင်တဲ့ မြကျောက် စိမ်းစိမ်း ကိုကြည့်ရသလိုပါပဲ .. အေးငြိမ်းမှုတစ်ခုကိုပေးနိုင်စွမ်းတယ်၊

၃။
ရင်းနှီးခင်မင်မှုဆိုတဲ့နှောင်တွယ်ခြင်းတစ်ခုရဲ့အစတစ်စဟာကိုယ်တို့ကြားမှာတစ်ဖြည်းဖြည်းနဲ့ချည် နှောင်ခဲ့တယ်ဆိုတယ်ဆိုတာမင်းမငြင်းဘူးလို့ကိုယ်ထင်ပါတယ်မြကနုတ် .. အလုပ်ကိစ္စနဲ့ပတ်သက် ပြီးမှကိုယ်တို့သိကျွမ်းခင်မင်ကြတယ်ဆိုပေမယ့် မကြာခင်အချိန်ကာလတစ်ခုမှာပဲကိုယ်တို့ရဲ့ခင်မင် မှုကအချိန်ကာလနဲ့နှိုင်းယှဉ်လို့မရအောင်ကိုပိုသာခဲ့တယ်.. မကြာခဏမင်းရှိတဲ့မင်းရဲ့ရုံးခန်းကို ကိုယ်ရောက်လာခဲ့သလိုမင်းကလည်းအချိန်နည်းနည်းရတာနဲ့ကိုယ့်ဆီကိုဖုန်းဆက်ပြီးကြုံတွေ့ခဲ့ရတဲ့ ရယ်စရာ စိတ်ရှုပ်စရာတွေကိုပြောတတ်လာခဲ့တယ် .. မင်းနဲ့စကားပြောနေရတဲ့အချိန်တွေ မင်းကို မြင်တွေ့နေရတဲ့အချိန်တွေမှာရရှိလာတဲ့ အေးငြိမ်းကြည်နူးမှုဆိုတာကိုလည်း ကိုယ်မက်မောစပြု လာခဲ့တယ် ..

မတွေ့ရတဲ့နေ့ရက်တွေ မင်းမဆက်သွယ်လာတဲ့နေ့ရက်တွေမှာတစ်ခုခု လစ်ဟာနေသလိုခံစားလာရ တဲ့အချိန်.. ကိုယ့်ကိုယ်ကိုယ်ထိပ်လန့်စွာနဲ့သိရှိခဲ့တဲ့အဖြေတစ်ခုဟာကိုယ်ကိုယ်တိုင်မျှော်လင့်မထား တဲ့ အဖြေမထုတ်ရဲတဲ့ရလဒ်တစ်ခုဖြစ်နေခဲ့တယ် မြကနုတ်..

၎။
နည်းပညာတစ်ခုနောက်ကိုတစ်စိုက်စိုက်နဲ့ကိုယ်ရောစိတ်ပါနှစ်မြှုတ်ပြီးလိုက်နေတဲ့ကိုယ်နဲ့စီးပွားရေး နယ်ပယ်တစ်ခုမှာနေရာတစ်ခုရဖို့စိတ်အားထက်သန်စွာကြိုးစားနေတဲ့မင်းရဲ့အမြင်ဟာတထပ် တည်းဘယ်နေရာမှာမကျမနေခဲ့ဘူး.. ငြင်းခုန်တာဝါသနာပါတာမဟုတ်ပေမယ့်ကိုယ့်ရဲ့အမြင်နဲ့ယုံ ကြည်မှုကိုလွယ်လွယ်ကူကူအလျော့မပေးတတ်တဲ့စိတ်ကလေးက မင်းဆီမှာရောကိုယ့်ဆီမှာပါရှိနေ ခဲ့တယ်..

“ကျွန်တော်ကတော့သိချင်တဲ့အကြောင်းအရာတစ်ခုနောက်ကိုစိတ်ကျေနပ်လောက်တဲ့အဖြေတစ်ခုမရမချင်းလိုက်တယ်မြကနုတ်..ဒီအတွက်ကျွန်တော်ဘာကိုမှဂရုမစိုက်ခဲ့ဘူး..ငွေကိုလည်းအလောတကြီးမရှာခဲ့ဘူး.. ပြီးတော့ကျွန်တော်စိတ်ဝင်စားရူးသွပ်တဲ့နည်းပညာနဲ့ပတ်သက်တာနဲ့ပဲအသက် မွေးချင်တယ်..ဒါကကျွန်တော့်ရဲ့ခံယူချက်ပဲ .. ”

“လူတိုင်းကကိုယ်စိတ်ဝင်စားတာဝါသနာပါတာကိုပဲလုပ်ချင်ကြတာပဲ အဲမွန်..လုပ်သင့်တာကို အရင် လုပ်ပြီးမှ လုပ်ချင်တာကိုလုပ်လို့ရမှာပေါ့ .. လုပ်ချင်တဲ့အလုပ်တစ်ခုကိုလုပ်ခွင့်ရဖို့လုံလောက် တဲ့ငွေ ကြေးပြည့်စုံမှုဆိုတာလိုအပ်တယ်.. အရာရာတိုင်းမှာငွေကြေးဟာအဓိကကျတယ်လို့ ကိုယ်မ ဆိုလို ချင်ပေမယ့် လုပ်ချင်တဲ့အရာရာတိုင်းနီးနီးကိုတော့အဆင်ပြေလွယ် ကူချောမွေ့စေတာအမှန်ပါ ပဲ.. ဒါကို ရှင်ငြင်းချင်သလား .. တစ်ဖက်စွန်းရောက်တဲ့စကားတွေနဲ့ကိုယ့် ကိုမငြင်းပါနဲ့ .. ”

ဘယ်လိုပဲအမြင်မတူပါစေမင်းအပေါ်မှာကိုယ်ထားတဲ့စေတနာကတော့ဘယ်တော့မှမပြောင်းလဲပါဘူးမြကနုတ်..ကိုယ်နဲ့မင်းဟာကြီးပြင်းခဲ့ရတဲ့ပတ်ဝန်းကျင်မတူသလို အယူအဆ၀ါဒတွေကလည်းကွဲလွဲနေခဲ့တယ်..ဒါပေမယ့်တစ်နေ့ထက်တစ်နေ့မင်းကိုပိုပိုပြီးမြတ်နိုးတွယ်တာလာမိတာကတော့ရင်ဘတ်တစ်ခုရဲ့အောက်မှာတည်ရှိနေတဲ့နှလုံးသားတစ်ခုရဲ့အလိုအရပဲပေါ့..
မင်းရဲ့ကိုယ့်အပေါ်မှာထားရှိတဲ့ဖြစ်ထွန်းအောင်မြင်စေလိုတဲ့စိတ်စေတနာတစ်ခုကိုမြင်ရတဲ့အခါမှာ ညီမျှတဲ့စိတ်ထားတစ်ခုကိုယ် တို့မှာရှိတယ်ဆိုပြီးကိုယ်ကြည်နူးရတယ် ..

၅။
“အဲမွန် .. ကိုယ်လုပ်ငန်းကိစ္စတွေအတွက်နယူးဇီလန် နိုင်ငံမှာရုံးထိုင်ဖို့သွားရမယ်”

တစ်နေ့နေ့မှာဒီလိုသတင်းစကားမျိုးကြားရမယ်ဆိုတာသိပြီးဖြစ်နေပေမယ့်တကယ်ကြားရတဲ့အခါ မှာတုန်လှုပ်မိတာကိုယ်ဝန်ခံပါတယ်မြကနုတ် ..မသွားပါနဲ့လားဆိုတဲ့တားမြစ်ပိုင်ခွင့်ကိုယ့်မှာမရှိတာ လည်းကိုယ်သိပါတယ်..မတူညီတဲ့ဘဝနှစ်ခုဟာနီးစပ်နိုင်ပါ့မလားဆိုတဲ့အတွေးမျိုးတွေမကြာခဏ ဝင်လာတဲ့အခါမှာနာကျင်မှုဆိုတာကို စတင်ခံစားရတာကလည်းကိုယ်ပါပဲလေ.. တစ်နှစ်တာနီးနီး အချိန်တစ်ခုမှာမကြာခဏမြင်တွေ့ နေခဲ့ရတဲ့ကိုယ်မြတ်နိုးတဲ့ပုံရိပ်တစ်ခုဟာမကြာခင်အချိန်အတွင်း မှာကိုယ့်အနားကပျောက်ကွယ်သွားတော့မယ်ဆိုတဲ့အသိဟာကိုယ့်ကိုနှိပ်စက်စပြုနေခဲ့ပြီ..အရင်ကလိုလန်းဆန်းမှုလျော့နည်းနေတဲ့မင်းမျက်နှာကိုတစိမ့်စိမ့်ကြည့်ရင်းမင်းလည်းကိုယ့်လိုပဲနေလေမှာလားဆိုတဲ့မျှော်လင့်ချက်ရောင်ခြည် တန်းကလေး ကိုယ့်ရင်မှာလင်းလက်လာခဲ့တယ်..

လင်းလက်လာတဲ့မျှော်လင့်ချက်ရောင်ခြည်ဟာလည်းယုံကြည်မှုဘာသာဗေဒမတူညီကြတဲ့ကိုယ်တို့ရဲ့အခြေအနေကိုစဉ်းစားမိတိုင်းမှိန်ဖျော့ခဲ့တယ် မြကနုတ် .. တူညီအောင်ညှိကြမလား..ကိုယ်ယုံ ကြည်ရာကိုဆက်လက်ဆုတ်ကိုင်ထားမလားဆိုတဲ့မေးခွန်းဟာ ကိုယ့်အတွက်အခက်ခဲဆုံးမေးခွန်း ဖြစ်နေခဲ့တယ် ..

တကယ်ဆိုစကတည်းကပင်ကိုယ်ဟာမင်းကို မညိတွယ်သင့်ခဲ့ပါဘူး..ဒါပေမယ့် မလွန်ဆန်နိုင်တဲ့ နှလုံးသားတစ်ခုရဲ့ဆန္ဒနောက်ကို ကိုယ်နှစ်လိုစွာ ပြီးတော့ မက်မောစွာလိုက်ခဲ့တယ်လေ.. ဒီအ တွက်ကိုယ်ရလာခဲ့တဲ့အကျိုးအမြတ်ကတော့နာကျင်မှုများဖြစ်နေလေမလားပဲ ..

၆။
ဗိုလ်တစ်ထောင်ဘုရားအနီးမှာရှိတဲ့ဗိုလ်တစ်ထောင်ကမ်းနားရဲ့အေးမြတဲ့ညနေခင်းမှာဆော့ကစားနေတဲ့ကလေးငယ်တွေကိုငေးကြည့်နေတဲ့မင်းရဲ့ဆံနွယ်တွေဟာမြစ်ဘက်ကတိုက်ခတ်လာတဲ့လေ ပြေလေညင်းတွေကြောင့်လွင့်မြောနေတာကိုမြင်ရတာ ကဗျာတစ်ပုဒ်ကိုဖတ်နေရသလိုပါပဲမြကနုတ်စကားတစ်ခွန်းမှမပြောပဲငေးနေတဲ့ မင်းရဲ့စိတ်ထဲမှာဘာတွေရှိနေမလဲဆိုတာကိုယ်သိချင်ခဲ့တယ်..

ညနေခင်းရဲ့အေးမြတဲ့လေပြည်လေညင်းဟာကိုယ့်ရဲ့ပူလောင်နေတဲ့စိတ်နဲ့ရင်ဘတ်ထဲကနှလုံးသားကိုမအေးမြစေနိုင်ခဲ့ဘူး..ဘာစကားမှမပြောဖြစ်ကြတဲ့ကိုယ်တို့ရဲ့နောက်ဆုံးတွေ့ခဲ့တဲ့ညနေစောင်းကလေးဟာလှပပေမယ့် မသာယာခဲ့ပါဘူးမြကနုတ် ..

နောက်တစ်နေ့မနက်မှာကိုယ့်အနားကထွက်ခွါသွားတော့မယ့်မင်းကိုဘယ်လိုစကားမျိုးတွေပြောရမယ်ဆိုတာကိုယ်ရွေးချယ်လို့မရခဲ့ဘူး..အိမ်ပြန်ခါနီးအချိန်မှာ

“မနက်ကျရင် ကိုယ်လေဆိပ်ကိုလာခဲ့မယ်နော် ..”  ဆိုတဲ့စကားကိုညင်သာစွာခေါင်းညိတ်ပြတာကလွဲလို့ဘာစကားမှမင်းပြန်မပြောခဲ့တာ ဘာကြောင့်လဲမြကနုတ် .. အနည်းဆုံးတော့ မင်းရဲ့စကားသံကိုကိုယ်ကြားချင်နေမယ်ဆိုတာမင်းမသိတာလား..ပြောစရာစကား မရှိတာလား.. မပြောချင်တာလားဆိုတာ ကိုယ်ဝေခွဲမရခဲ့နိုင်ဘူး..

“သွားတော့မယ်နော် အဲမွန် .. ” ဆိုတဲ့ တိုးတိတ်တဲ့စကားတိုတိုလေးတစ်ခုဟာကိုယ်မင်းဆီက ကြားရတဲ့ တစ်ခွန်းတည်းသော စကားပေါ့ .. မနက်ဖြန် ဆိုတာကိုမရောက်အောင်တားနိုင်တဲ့တန်ခိုးသာကိုယ့်မှာရှိမယ်ဆိုရင်မနက်ဖြန်ကိုမရောက်အောင်ကိုယ်ဒီညနေခင်းကို ရှည်လျားအောင်ဖန်တီးထားမိမှာပါ .. ဒီအချိန်မှာကိုယ့်စိတ်ထဲမှာကိုယ်ရူးသွပ်လှပါတယ်ဆိုတဲ့နည်းပညာနဲ့ပတ်သက်တာတွေလည်းမရှိ တော့တာကိုမင်းသိအောင်ကိုယ်ပြောပြသင့်တယ်လို့မင်းထင်သလားမြကနုတ်ရေ ..ဘယ်လိုပဲဖြစ်ဖြစ် နောင်ဆုံးမှာတော့ဒီညနေခင်း ဟာကုန်ဆုံးသွားခဲ့သလိုကိုယ်မလိုချင် မကြုံချင်တဲ့ မနက်ဖြန်ဆိုတာကလည်းရောက်ရှိလာခဲ့တာပဲလေ ..

၇။
တဖြည်းဖြည်းမြင့်တက်သွားတဲ့လေယာဉ်ကြီးကိုငေးကြည့်ရင်းရင်ဘတ်ထဲကတစ်ခုခုကိုနုတ်ယူသွားသလိုခံစားခဲ့ရတယ်.. ဖွင့်မပြော ဖြစ်ခဲ့တဲ့ချစ်ခြင်းတစ်ခုအတွက်သူမမှာနာကျင်မှုမရရှိခဲ့ဘူးလို့ကျွန် တော်ထင်ပါတယ်..သံယောဇဉ်တစ်ခုရဲ့ချည်နှောင်မှုကိုတော့သူမ လည်းခံစားရမှာပါ.. ကျွန်တော်က တော့သူမထက်ပိုတဲ့ချစ်ခြင်းတွေနဲ့သူမကိုလွမ်းဆွတ်ရင်းကျွန်တော်ရူးသွပ်တဲ့နည်းပညာတွေကြား မှာကိုယ့်ကိုယ်ကိုနှစ်ရင်းသူမရဲ့ပြန်လာမယ်ဆိုတဲ့နေ့တစ်နေ့ကိုရေတွက်ရင်းစောင့်စားနေမှာပါ..

မြကနုတ်ကိုပြောပေးပါဗျာ

ကျွန်တော်သူ့ကိုအရမ်းချစ်တယ်ဆိုတဲ့ အကြောင်း ကိုပေါ့ …

၈။
ပြိုင်လျက်ပြေးနေတဲ့ရထားလမ်းနှစ်ကြောင်းဟာ နီးနီးလေးပါ ..လားရာလမ်းလည်းတူကြပါတယ် .. ဒါပေမယ့် လမ်းလွှဲချိန်ကလေးမှာပဲ သူတို့တွေ့ကြတယ် ..  မြကနုတ်   ရေ  ကိုယ်တို့ရော လမ်းလွှဲချိန်မှာ ဆုံဖို့ခဏလေးအတွက် အချိန်ကိုစောင့်နေကြမှာ လား ..

ပျိုးယုဝသုန်
Oct & Nov
(BNE & YGN)

No comments: