Thursday 8 December 2011

မိဘ၊ လူငယ်နှင့် ယဉ်ကျေးမှု




ညီမလေးရေ ..
မကြာသေးခင်ကမှအမိမြန်မာပြည်ကနိုင်ငံခြားတိုင်းပြည်ကိုထွက်လာခဲ့တဲ့ညီမလေးကိုပြောချင်တာလေးတွေနဲနဲတော့ရှိတယ် ကွယ့်၊ ဆောင်ရန်ရှောင်ရန်ဆိုပြီး သင်ကြားပြသတာမဟုတ်ပေမယ့်ညီမလေးလည်းသိသင့်သိထိုက်တာလေးတွေကိုပြောချင် တာပါ၊

မနေ့ကတော့ မြန်မာပြည် နယ်မြို့လေးတွေက အိမ်တွေလို ၀ရံတာ ကြီးကြီး နဲ့ ရေနံဝ နေတဲ့အိမ်တွေနဲ့တူတဲ့ အိမ်တွေ Wavell Heights ဆိုတဲ့ ရပ်ကွက်ထဲမှာတွေ့ခဲ့တယ် ၊ သစ်ပင်ကြီးတွေ ၀ိုင်းနေတဲ့ အဲဒီအိမ်ကြီးကိုကြည့် ပြီးမြန်မာပြည်ကို အရမ်းသတိရ မိတယ် ၊ စိန်ပန်းနီပင်တွေနဲ့ ပြည့် နေတဲ့လမ်းဟာ မြန်မာပြည်လိုပါဘဲညီမရေ ။

ဒီနေ့ပြောချင်တာကတော့ သြစတြေးလျားရောက်နေ တဲ့ မြန်မာကလေးတွေ အကြောင်းပေါ့ ၊ အစ်မတို့နေတဲ့ Brisbane ဆိုတဲ့ မြို့မှာ မြန်မာ စုစုပေါင်း ၅၀၀ ကျော်လောက်ရှိတယ် ၊ Brisbane City ဆိုတာ Queensland State ရဲ့မြို့တော်ပေါ့ ၊ လှပပြီး မြန်မာပြည်ရာသီဥတုနဲ့ တူတဲ့ရာသီဥတုရှိတယ် ၊ လှပသစ်လွင်တဲ့ မိုးမျှော်တိုက်ကြီးတွေ ရှိသလို အစ်မတို့ မြန်မာပြည်မှာ တွေ့နေရတဲ့ပျဉ်ထောင် အိမ်တွေကိုလည်း အများအပြားတွေ့ရတယ်။ ခြုံပြောရမယ်ဆိုရင်တော့ မြန်မာပြည်နဲ့ အင်မတန်ဆင်တဲ့ မြို့တစ်မြို့ပေါ့ ၊ တောတွေတောင်တွေ ချောင်းလေးမြောင်းလေးတွေ နဲ့သာယာလှပပါတယ် ။

ညီမရေ အစ်မတို့ မြန်မာပြည်မှာဆိုရင် မိဘ တွေကို အနန္တေအနန္တ ငါးပါးဝင် အဖြစ်နဲ့ ဘုရားတစ်ဆူလို ကိုးကွယ်ကြတယ်နော် ၊ ပြည့်စုံတဲ့သူကလည်းပြည့်စုံတဲ့ အလျောက်  မပြည့်စုံတဲ့သူကလည်း မပြည့်စုံတဲ့ အလျောက်ပေါ့ ၊  ဒီနိုင်ငံကိုေ၇ာက်ပြီး သိပ်မကြာ တဲ့ ကာလတို အတွင်းမှာ အချို့ ကလေးတွေ ဟာ ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုမှာ နစ်မြောပျော်ဝင်သွားတာတွေ့ ရတယ် မိဘတွေကို စကားလုံးရိုင်းရိုင်းတွေသုံးပြီးပြန်ပြောတာ  မိဘတွေက အိမ်အလုပ် အပြင်အလုပ်တွေနဲ့ မအားလပ်တာကို မြင်နေရဲ့သားနဲ့ စားပွဲပေါ် ခြေတင်ပြီး Laptop တစ်လုံးနဲ့ အင်တာနက် သုံးနေတာ ၊ အဆိုးဆုံးကတော့ တစ်ခုခုညွှန်ပြတာကို ခြေထောက်နဲ့ပြတာ.. လက်ထဲကိုင်ထားတဲ့ ဖိနပ်နဲ့ မိဘကို လှမ်းပြီးထိုးပြတာတို့ပါဘဲ ၊ ဘယ်လိုရည်ရွယ်ချက်ရှိတယ် မရှိတယ်ဆိုတာ မသိရပေမယ့် မြန်မာလူမျိုးတစ်ယောက် အတွက်တော့ အင်မတန်မှ မြင်လို့အဆင်မပြေတဲ့မြင်ကွင်းမျိုးဖြစ်တယ် ။ မိဘဆိုတာ မြတ်နိုးတန်ဖိုးထားသင့်တဲ့ သူတွေ ဆိုတာ မသိတာလား ၊ သိပ်ပြီး အနောက်တိုင်းဆန်သွားတာလားဆိုတာ နားမလည်နိုင်တော့ဘူး ၊

 ပြီးတော့ အ၀တ်အစားကိုသူ့နေရာနဲ့သူဝတ်တာစားတာကို အစ်မသဘောကျပါတယ်၊လက်လည်းလက် ခံပါတယ်၊ ကမ်းခြေတို့ ပန်းခြံတို့ကိုပျော်ပွဲစားသွားတဲ့အချိန်တွေမှာလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးဝတ်စားဆင်ယင်တာဟာကြည့်ရတာမျက်စိပသာဒ ဖြစ်ပေမယ့်မြန်မာဘုန်းတော်ကြီးကျောင်းကိုလာတဲ့အခါမှာပေါင်တိုစကတ်နဲ့ပခုံးမပါတဲ့အင်္ကျီဝတ်တာတွေ၊အသားကပ်ဘောင်းဘီ အဖြူနဲ့ပခုံးကြိုးသေးသေးလေးပါတဲ့အင်္ကျီဝတ်တာတွေဟာဘယ်လိုမှမသင့်လျော်ဘူးဆိုတာကလေးတွေမစဉ်းစားခဲ့တာလား၊မ စဉ်းစားချင်တာလား၊မစဉ်းစားတတ်တာလားဆိုတာအစ်မဝေခွဲမရဖြစ်ခဲ့တယ်၊ ရှက်တတ်ခြင်း၊ကြောက်တတ်ခြင်း နဲ့ ဆင်ခြင်တုံ တရားကို ဘယ်မှာများ ထားခဲ့လဲဆိုတာ အစ်မတော့ မစဉ်းစားတတ်တော့ဘူး၊ မြန်မာမလေးတွေလှကြပါတယ်၊ဒီလို နေရာမရွေး ဝတ်စားဆင်ယင်တာဟာလှတာထက်ယဉ်ကျေးမှုမဲ့သွားတယ်ဆိုတာကိုမိဘတွေရဲ့သွန်သင်မှုအားနည်းတာလားသွန်သင်ပြမှုကိုလက်မခံတာလား ဆိုတာအစ်မတော့နားမလည်နိုင်ခဲ့ဘူး၊

မြန်မာပြည်မှာ မွေးလာတဲ့ ကလေးတွေ ၊ မြန်မာ မိဘ နှစ်ပါး က မွေးလာတဲ့ကလေးတွေဟာ မြန်မာစကား မတတ်ဘူး မြန်မာစာ မဖတ်တတ်ဘူးဆိုတာ ကတော့ တော်တော် ကို ၀မ်းနည်းစရာကောင်းတဲ့ အကြောင်းတွေပေါ့ ၊ ဒီနေရာမှာ တရုတ် လူမျိုးတွေ ကုလားလူမျိုးတွေကို အင်မတန်ချီးကျူးမိတယ်၊ ဘယ်နိုင်ငံ ဘယ်တိုင်းပြည်ရောက်ရောက် မွေးလာတဲ့ကလေးကို ရောက်တဲ့ နိုင်ငံရဲ့ ဘာသာစကားနဲ့ မိခင် ဘာသာစကားကို တတ်အောင် သင်ပေးနိုင်ကြတယ်၊ အစ်မ တို့ မြန်မာ အမျိုးသမီး အမျိုးသား တွေ မညံ့ဘူးဆိုတာ အစ်မသိပါတယ် ၊ ဒါပေမယ့် ဒီအပိုင်းမှာတော့ အားနည်းနေတာ တွေ့ခဲ့ရတယ် ၊ တချို့မိဘတွေကတော့ ကလေးတွေ မြန်မာစကားမပြောတတ် တာကို `သမီးက မြန်မာစကားတောင် ကောင်းကောင်း မပြောတတ်ဘူး၊ သားက မြန်မာလိုတောင် သိပ်နားမလည်ဘူး´ဆိုပြီးဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောနေကြတာတွေ့ရတော့ ကလေးတွေ လမ်းလွဲနေတာ မိဘ တွေကြောင့်ဘဲလို့ မြင်ခဲ့ရတယ်၊ တကယ်တော့ ဘာသာစကားဆိုတာ များများတတ်လေ ကလေးတွေအတွက် ပိုအကျိုးရှိတယ် ဆိုတာ မိဘတွေမေ့နေကြတာလား၊ မြန်မာလူမျိုးတစ်ယောက် မြန်မာစကားပြောတာ မြန်မာလူမျိုးဖြစ်တယ်လို့ ပြောရမှာရှက် စရာမှမဟုတ်တာပဲလေ၊

ထမင်းစားတဲ့ အခါမှာ ကြီးသူတွေ ၊ လူကြီးမိဘတွေကို ဦးချပြီးမှ စားတတ်ကြတဲ့ အစ်မတို့ရဲ့ ချစ်စရာ ယဉ်ကျေးမှုဟာ မတွေ့ရ သလောက်ဖြစ်နေပြီ ၊ မိဘနဲ့အိမ်ခွဲနေချင်လို့ ၁၈ နှစ်ပြည့်အောင်လက်ချိုးရေတွက်ပြီးစောင့်နေတဲ့ ကလေးတွေကို မြင်ရတော့ စိတ်ပူမိတယ် ၊ ဘ၀အတွက်ဘယ်လို ရပ်တည်ကြမှာလဲ ဆိုပြီးတော့ပေါ့ ၊ အတန်းပညာအရည်အချင်းလည်း မပြည့်စုံ အသက် မွေးဝမ်းကြောင်း ပညာလည်း မပြည့်စုံ ဘဲနဲ့လွတ်လပ်မှုအတွက် အိမ်ကထွက်တဲ့ ကလေးတွေ အတွက် ရင်လေးမိတာပါ။

ငါတို့မှာ မရှိရင် အစိုးရ ကပေးထားလိမ့်မယ် ကျွေးထားလိမ့်မယ် ဆိုတဲ့ အတွေးတွေကို သူတို့ခေါင်းထဲ ဘယ်သူကများ ရိုက်သွင်း ပေးထားခဲ့တာလဲဆိုတာစဉ်းစားလို့မရဘူး ၊ မိဘကဆိုဆုံးမရင် ရိုသေသမှုနဲ့နားထောင်ခြင်းအလျဉ်းမရှိဘဲ လာရိုက်ရင် ရဲခေါ် လိုက်မယ် ဆိုပြီး မိဘကို ပြန်ခြိမ်းခြောက်တဲ့ကလေးတွေကိုမြင်ရတော့ ဘာသာတရားရဲ့ဆုံးမမှုနဲ့ ယဉ်ကျေးမှုတော်တော် ကလေး ကင်းဝေးနေတာပါလားဆိုတာ သိခဲ့ရတယ်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ချင်တဲ့ စိတ်ထားလေးတွေကို သဘောကျ ပေမယ့် အကွပ်မဲ့သူလေးတွေ ဖြစ်မှာကိုတော့ စိုးရိမ် မိတယ် ၊ ပြောရဲ ဆိုရဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာကိုတော့ တော်တော်ကလေး သဘောကျလှတယ်  ဒါပေမယ့် ရဲရင့်တဲ့အဆင့် ကနေ ရဲတင်းတဲ့ အဆင့်ကို တော့ ရောက်မသွားစေချင်ဘူး ၊  လောဘကြီးတယ်ဘဲပြောပြော အစ်မကတော့မြန်မာကလေးတွေကို ရဲရဲရင့်ရင့်နဲ့ ယဉ်ယဉ်ကျေးကျေး ဖြစ်စေချင်တယ် ၊  မြန်မာ့ယဉ်ကျေးမှုနဲ့ အနောက်တိုင်း ရဲ့လွတ်လပ်ထက်မြက်တဲ့ အတွေးအခေါ်တွေနဲ့ ပေါင်းစပ်ထားတဲ့ သူလေးတွေ အဖြစ် မြင်ချင်တာလေ ။

လူငယ်တွေရဲ့ လွတ်လပ်တဲ့ ၀တ်စားဆင်ယင် မှုနဲ့သွားလာမှုကို လက်ခံပေမယ့် လွန်ကျူးတဲ့ ၀တ်ဆင်ပြောဆိုမှုကိုတော့ မြန်မာ တစ်ယောက်အနေနဲ့ လက်မခံချင်ခဲ့ဘူး ၊  အကြောင်း အမျိုးမျိုးတွေကြောင့် အမိနိုင်ငံက ထွက်ခွါပြီး အခြားတပါး နေရာဒေသတွေမှာ နေရပေမယ့် အစ်မတို့ဟာ မြန်မာလူမျိုးတွေပါ ၊ ကိုယ့်လူမျိုးရဲ့ယဉ်ကျေးမှုကို ကိုယ်မှ မထိမ်းသိမ်းရင် အစ်မတို့ နိုင်ငံနဲ့လူမျိုး ယဉ်ကျေးမှုဟာ တဖြည်းဖြည်းနဲ့ မှေးမှိန်လာမှာ စိုးရိမ်ရတယ် ညီမရေ ၊  နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှု ဟာ  အဲဒီနိုင်ငံရဲ့ အဆင့်အတန်း နဲ့လူနေမှုကို ညွှန်ပြနေတာမို့  ကိုယ့်နိုင်ငံနဲ့လူမျိုးရဲ့ တိုးတက်မှုဟာ အစ်မတို့ နိုင်ငံသား တိုင်းမှာ တာဝန်ရှိပါ တယ် ..

ဒီတော့ညီမရေ၊ရောက်လေရာနိုင်ငံတိုင်း၊တိုင်းပြည်တိုင်းမှာမြန်မာဆိုတာကိုအထင်မသေးစေဖို့အစ်မတို့ညီမတို့ကစပြီးကိုယ့်တိုင်း ပြည်နဲ့လူမျိုးရဲ့ယဉ်ကျေးမှုကိုစပြီးစောင့်စည်းထိန်းသိမ်းမယ်ဆိုရင်နောင်မကြာတော့မယ့်အချိန်ကာလမှာမြန်မာတွေရဲ့မြင့်မားတဲ့လူမျိုးနဲ့ယဉ်ကျေးမှုကိုနိုင်ငံတကာက အသိအမှတ်ပြုလာကြမှာပါ၊

ပျိုးယုဝသုန်
1-04-2011( Friday )



No comments: