Monday 19 September 2011

ကောင်းကင်ထက်တွင် ဖွဲ့သောအိမ်

တကယ်တော့ မင်းဟာဖြူစင်တယ် ၊ သန့်ရှင်းတယ် ၊ တောက်ပတဲ့ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ပြည့်စုံတယ်၊ မြင်သူ တကာနှစ်သက်မက်မောစေတဲ့လှပတဲ့ ဆွဲဆောင်မှုတွေနဲ့ ညီညာတဲ့အဆင်းရှိတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ပုလဲလေးတစ်လုံး ပါ ဥတ္တရာ …၊

၁။
“ မမဥဂ္ဂါ ”
သည်အမည်နာမကို စတင်သယ်ဆောင်လာသူကတော့ကျွန်တော့်ရဲ့မွေးသဖခင် ဒယ်ဒီဖားသားဖြစ်ပါတယ် ၊ ကျွန်တော်တို့ဆောက်လုပ်ရေးကုမ္ဗဏီရှိ အဆင့်မြင့်ဝန်ထမ်းအချို့အတွက် Interior Decoration and Designing သင်တန်းကိုစာတွေ့လက်တွေ့လာရောက် သင်ကြားပို့ချပေးမယ့် အမျိုးသမီးတစ်ယောက်ရဲ့နာမည်ပေါ့ ..

“ မမဥဂ္ဂါ  က Interior Designing  နဲ့ပတ်သက်ပြီးEngland ကနေ Bachelor degree ပြီးပြီး Master degree ကို ပြင်သစ်ကနေ ရခဲ့တဲ့ မြန်မာအမျိုးသမီးတစ်ယောက်ပဲ .. အခုလောလောဆယ် Australia နိုင်ငံမှာရှိတဲ့ The Aces Group  Interior Deco ကုမ္မဏီမှာ CEO တာဝန်ကိုထမ်းဆောင်နေတယ် ..  တို့ကုမ္ဗဏီရဲ့ဝန်ထမ်းတွေအတွက် Interior Decoration နဲ့ Designing ကို သင်ကြားပေးဖို့ ကုမ္ဗဏီရဲ့ဒါရိုက်တာအဖွဲ့က အစည်းအဝေးထိုင်ပြီးဆုံးဖြတ်ပြီး ဖိတ်ကြားခဲ့တယ် .. သင်တန်းကာလ ကို ၃ လ လို့ သတ်မှတ်ထားတယ် .. သင်တန်းကာလမှာ ဘယ်လို ပြဿနာမျိုးမှ မဖြစ်အောင်နေပါ ပြီးတော့ ကြိုးစားပြီး လေ့လာသင်ယူပါလို့ မှာချင်တယ် .. ” 

ဆိုတဲ့ ဖေဖေ့ရဲ့ သင်တန်းတက်ရမယ့် သူတွေကို ခေါ်တဲ့အစည်းအဝေးမှာပြောသွားတဲ့ စကားကြောင့် ကျွန်တော်တို့ သင်တန်းတက်ရမယ့် ခုနစ်ယောက်ကြားမှာ ဒီနာမည် တစ်ခု ရေပန်းစားခဲ့တာလွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ပေါ့.. ဒေါ်မမဥဂ္ဂါ ဟာ ဘယ်လိုမျိုးလည်း .. ဘယ်လိုစိတ်မျိုးရှိမှာလဲ .. စသည်ဖြင့် တစ်ယောက်တစ်မျိုး မထပ်တဲ့မေး ခွန်းတွေနဲ့ကျွန်တော်တို့ ခန့်မှန်းနေခဲ့ကြတယ် .. ကျွန်တော်အပါအဝင် မိန်းကလေးနှစ်ယောက် ယောက်ျားလေးငါး ယောက်ပါဝင်တဲ့ဆောက်လုပ်ရေးအင်ဂျင်နီယာ ခုနစ်ယောက်က တော့ ဒီရက်ပိုင်းအတွင်းမှာ သင်ကြားရေးအတွက် ပြင်ဆင်စရာရှိတာတွေပြင်ဆင်ကြရင်း ပျော်ရွှင်ရင်ခုန်နေကြတယ် ၊ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ မင်းထင်  က

မင်းဖားသားကွာ .. ရှာရှာပေါက်ပေါက် .. .. တခြားကုမ္မဏီတွေဆို နိုင်ငံခြားကိုလွှတ် တာပဲကြားဖူးတယ်.. မင်းဖားသား မှပဲ ဆရာမ ကို ခေါ်သင်ရတယ်လို့  ..  တော်တော်ဦးနှောက်ကောင်းတဲ့ ဘိုးတော် …  ငါတို့လည်း လစ်လို့မရ ..အခြေ အနေတွေလည်း သူအကုန်သိရ .. ကုန်ကျစရိတ်လည်း ခေါက်ချိုးလောက် သက်သာ ..  တချက်နှိပ် အချက်ပေါင်းများ စွာမှန်စေတဲ့ ဘရင်းဂန်း ပရောဂျက်ပဲ … ခွိခွိ  ..  ”  ဆိုပြီး ကျွန်တော့်ရဲ့ ဒယ်ဒီဖားသားကို ကောင်းချီးပေးနေလေရဲ့ ..

လက်ဖက်ရည်သောက်ချိန်မှာ ပြောလာတဲ့ မင်းထင် ရဲ့ စကားကို ကန့်ကွက်သူ မရှိထောက်ခံရင်း  တဟားဟားရယ် မောကြရင်း ကျွန်တော် တို့ရဲ့ လုပ်ငန်းခွင်ဟာ စိတ်ညစ်စရာ ပျော်စရာ များ နဲ့ စည်ကားနေခဲ့တယ်။

“ လင်္ကျာ .. မမဥဂ္ဂါ စီးလာမယ့်လေယာဉ် မနက်ဖြန်မနက် ၉  နာရီ၂၀ မှာ ဆိုက်မယ် .. ဒီတော့ မင်းသွားကြိုလိုက် .. ပြီးတော့ သူနေမယ့် အိမ်ကို လိုက်ပို့ပေး.. လိုအပ်တာ ကိုလည်း ကူညီပေး.. မလွဲစေနဲ့ .. ”

ဆိုတဲ့ ဖေဖေ ဦးမိုးကောင်း ရဲ့ စကားကို ငြင်းဆန်စရာ အကြောင်မရှိဘဲ နောက်နေ့ရောက်လာမယ့် ဒေါ် မမဥဂ္ဂါ ကိုကြို ဖို့ ပြင်ဆင်စရာရှိတာကိုပြင်ဆင်ခဲ့တယ်.. ညနေရုံးဆင်းတော့  သင်တန်း အတူတူတက်ရမယ့်သူတွေထဲက  မင်းထင် ၊ ကောင်းမြတ်၊ စည်သူအေး တို့နဲ့လက်ဖက်ရည်ဆိုင် အတူတူထိုင်ရင် မကြာမီရက်အတွင်းမှာ ဆုံတွေ့ရတော့မယ့် ကွန် တော်တို့ ရဲ့ သင်တန်းအကြောင်းကို ကိုစိတ်လှုပ်ရှားမှုတွေနဲ့ ပြောမဆုံးဖြစ်နေခဲ့ကြတယ်..

အဲဒီလိုနဲ့ မင်းရောက်လာတဲ့နေ့ဟာ အောက်တိုဘာလ ဒုတိယအပတ်ရဲ့ကြာသပတေးနေ့ တစ်နေ့ဖြစ်နေခဲ့တယ်ဆိုတာ သေချာမှတ်ထားတာ မဟုတ်ပေမယ့် ကိုယ် မှတ်မိနေခဲ့တယ် ဥတ္တရာ …

၂။

မနက် ၉ နာရီခွဲမှာ ကျွန်တော်လေယာဉ်ကွင်းကိုရောက်ခဲ့တယ်၊ “ မမဥဂ္ဂါ ”ဆိုတဲ့နာမည်ရေးထာတဲ့ A4 size ကဒ်ပြား လေးကိုကို်င်ရင်း လူဝင်မှုကြီးကြပ်ရေးကောင်တာမှ ဖြတ်ထွက်လာတဲ့ လူမျိုးစုံကိုငေးကြည့်နေခဲ့တယ် .. မမဥဂ္ဂါ သူ့ရဲ့ နာမည်ကိုတွေ့ရင် ကျွန်တော်ရှိရာကို လျောက်လာမှာပဲဆိုတဲ့ အသိနဲ့စိတ်အေးအေးနဲ့နေခဲ့တယ် ၊

“ လက်ျာနော် .. ကိုယ် မမဥဂ္ဂါ ပါ ”

ရှေ့ကို အာရုံစိုက်နေတုန်းဘေးဘက်မှာရုတ်တရက်ပေါ်လာသံကြောင့် ဖျပ်ကနဲလှည့်ကြည့်လိုက်တော့ကျွန်တော်လို့ ထင်မှတ်ထားသလို ဖေဖေတို့လောက်အသက်အရွယ် ရှိတဲ့အမျိုးသမီးတစ်ယောက်မဟုတ်ပဲ ကျွန်တော်တို့နဲ့မတိမ်းမ ယိမ်းအသက်အရွယ်ရှိတဲ့ လှပခြင်းနဲ့ တောက်ပခြင်းတွေပေါင်းစပ်ထားတဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့တယ် ၊

“ လက်ျာရဲ့ ဓါတ်ပုံနဲ့ နာမည်ကို အန်ကယ်လ်ဦးမိုးကောင်းအီးမေးလ်နဲ့မနေ့က လှမ်းပို့ထားလို့ လက်ျာ ကို မြင်တော့ ကိုယ့်ကို လာကြိုတဲ့သူလို့ ကိုယ်သိနေတာပါ .. ”

ရုတ်တရက် ဘာမှပြန်မပြောဖြစ်တဲ့ကျွန်တော့်ကို ဖြည့်စွက်ဖြေကြားလာတဲ့ သူမကို

“ ဟုတ်ကဲ့ မမဥဂ္ဂါ .. ကျွန်တော်မမြင်လိုက်တာခွင့်လွှတ်ပါ.. ပစ္စည်းတွေရော .. ”

“ ကိုယ့်ဒီ Hand carry တစ်ခုပဲပါတယ် လက်ျာ .. တခြားဘာမှမပါဘူး .. ”

ပေါ့ပါးလွန်းတဲ့သူမကို တအံ့တသြကြည့်ရင်း သူမတည်းခိုနေထိုင်မည့် ရန်ကုန်မြို့လည် ဆိပ်ကမ်းသာလမ်းရှိ တိုက်ခန်း ကျယ်တစ်ခုဆီသို့ပို့ပေးခဲ့တယ် ..

“ ဘာမှာဦးမလဲ မမဥဂ္ဂါ .. ကျွန်တော်ရုံးကိုပြန်မှာ .. ”

“ မမှာတော့ဘူး လက်ျာ .. ကိုယ် အန်ကယ့်လ် ဆီဖုန်းဆက်လိုက်ပါ့မယ်.. ”

ကျွန်တော်ရုံးကိုပြန်ရောက်တော့ ဖေဖေ့ ရုံးခန်းရှိရာကို တိုက်ရိုက်သွားခဲ့တယ်၊ ကျွန်တော်ဖေဖေ့အခန်းထဲရောက်တော့ ဖေဖေက ဖုန်းပြောနေလေရဲ့ .. မမဥဂ္ဂါ နှင့်ပြောနေတယ်ဆိုတာတော့ ကြားရတဲ့ စကားများအရ သိခဲ့ရတယ် ၊ ပြန် ရောက်ပြီဖြစ်ကြောင်း အသိပေးပြီး အခန်းအပြင်ဘက်ကိုပြန်ထွက်လာခဲ့တယ်၊ ကျွန်တော်တို့ဆောက်လုပ်ရေး အင်ဂျင် နီယာတွေရဲ့ အလုပ်ခန်းများရှိရာ ဒုတိယထပ်ကိုတက်လာတော့ နေ့လည်စာစားချိန်မှာတောင် ထမင်းမစား သေးပဲစိတ် အားထက်သန်စွာ စောင့်နေတဲ့ ကျွန်တော့်ရဲ့ ချစ်ခင်လှစွာသောသူငယ်ချင်းများကိုတွေ့ရတယ်၊ မမဥဂ္ဂါ အကြောင်းတစ် ယောက်တစ်ပေါက်ဝိုင်းမေးကြတာကို ပြန်ဖြေရင် ကျွန်တော်တို့ရဲ့သင်တန်းကို စိတ်စောစွာနဲ့စောင့်မျှော် နေခဲ့ကြတယ်၊

နေ့လည် ထမင်းစားပြီချိန် မှာ ဖေဖေ ကကျွန်တော်တို့ ခုနစ်ယောက်ကို သူ့အခန်းကိုလာဖို့လှမ်းခေါ်တော့ ကျွန်တော်တို့ သွားခဲ့ကြတယ်၊

“ မင်းတို့ရဲ့ သင်တန်း လာမယ့် တနင်္လာနေ့မှာစမယ် .. အားလုံး အဆင်သင့်ဖြစ်ကြပါစေ .. မနက်ဖြန် မနက် ၉ နာရီခွဲ မှာ မမဥဂ္ဂါ ရုံးကို လာလိမ့်မယ် .. မင်းတို့အားလုံးနဲ့မိတ်ဆက်ပေးမယ် .. ဒီတော့ မနက်ဖြန် အလုပ်ကိစ္စ အပြင်ထွက် စရာ၇ှိရင် ၁၀ နာရီခွဲ နောက်ပိုင်းကို ချိန်းပါ .. ”

ဒယ်ဒီဖားသားစကားအဆုံးမှာ “ ဟုတ်ကဲ့ ” ဆိုတာကို ပြိုင်တူနီးနီးပြောကြပြီး အခန်းထဲကထွက်လာခဲ့ကြတယ်၊ အဲဒီ နောက် မှာတော့ အပြင်ထွက်စရာရှိသူကထွက် ဒီဇိုင်းဆွဲစရာရှိတဲ့သူက ဆွဲနဲ့ နေ့လည်ခင်းပိုင်းနဲ့ညနေပိုင်းတွေဟာ ပုံမှန်အတိုင် ပြန်လည် လည်ပတ်နေခဲ့တယ် ၊

၃။

“ မမဥဂ္ဂါ .. ဒီခုနစ်ယောက်က အန်ကယ်လ် ပြောထားတဲ့ ကလေးတွေပဲ ..ဒီတစ်ယောက်က အန်ကယ့်လ်သား လက်ျာ၊ ဒီဘက်က ကလေးတွေက မင်းထင်၊ စည်သူအေး၊ကောင်းမြတ်နဲ့ကျော်စွာလင်း .. ဟိုဘက်က မိန်းကလေး ၂ယောက် ကတော့ သိရိမြတ်နဲ့ ချိုကြည်သာ .. ”

“ ကဲ .. ကလေးတွေ .. ဒါက အန်ကယ်လ်ကြိုတင်ပြောပြထားတဲ့ မမဥဂ္ဂါ ပဲ .. မင်းတို့နဲ့အတူ လာမယ့်တနင်္လာနေ့က စပြီး  ၃ လ တိတိ အတူရှိပြီး interior Design နဲ့ Decoration ကို ဆွေးနွေးသင်ပြပေးမယ့်သူ ..”

“ ဟုတ်ကဲ့ .. ကိုယ် မမဥဂ္ဂါ ပါ.. ကိုယ့်ကို လုပ်ဖော်ကိုင်ဖက်တစ်ယောက်လို သဘောထားပြီး ဆွေနွေးစေချင်ပါတယ်.. ဒါမှလည်း ပိုရင်းနှီးပြီး တစ်ယောက် နဲ့တစ်ယောက် အမြင်ကို ဖလှယ်လို့ပိုကောင်းမယ်လေ..”

တစ်ဦးတစ်ယောက်ချင်းစီနှင့်မိတ်ဆက်ပေးအပြီးမှာ ကျွန်တော်တို့လည်း အသီးသီးလုပ်ငန်းခွင်ကို ပြန်ဝင်ခဲ့ကြတယ်၊ မမဥဂ္ဂါကတော့ ဘယ်အချိန်မှာ ဘယ်လိုပြန်သွားတယ်ဆိုတာကို ကျွန်တော်မသိခဲ့ပါဘူး၊ ညနေရုံးမှာပြန်စုမိကြတော့ ထုံးစံအတိုင်းကျွန်တော်တို့ ပြောဖြစ်တဲ့ အကြောင်း ကတော့မမဥဂ္ဂါ အကြောင်းပေါ့ ..  တကယ်ပါဥတ္တရာ .. မင်းဟာ မြင်တဲ့သူတိုင်းအသိအမှတ် မပြုဘဲမနေနိုင်အောင်လှပလွန်းတာတော့ ကိုယ်မငြင်းလိုပါဘူး ..၊

ဒီလိုနဲ့ တနင်္လာနေ့ဟာလျင်မြန်စွာရောက်လာခဲ့တယ်၊ ကျွန်တော်တို့ ခုနစ်ယောက်နဲ့ မမဥဂ္ဂါ ရဲ့ ညှိနှိုင်းဆွေးနွေးသင် ကြားမှုဟာ ပထမဆုံးရက်မှာတင် မျှော်လင့်ထားတာထက်ကို ပိုပြီး အဆင်ပြေချောမွေ့ခဲ့တယ် ၊ သင်ကြားပြသတဲ့နေရာ မှာ ဆရာတစ်ယောက်လိုသင်ကြားပုံမျိုး မဟုတ်ဘဲ လုပ်ဖော်ကိုင်ဖက် အချင်းချင်းဆွေးနွေးပုံမျိုးသင်ကြားတဲ့ အတွက် ကျွန်တော်တို့အားလုံး ပိုပြီး သင်ကြားသမျှကို ရရှိခဲ့တယ်၊ တိကျ ရှင်းလင်းတဲ့ သင်ကြားမှုတွေ သူမရဲ့ အမြင်တွေဟာ သာမန်ထက်ပိုပြီး စူးရျထက်မြက်တယကို တွေ့ရတော့ နိုင်ငံကြီး တစ်ခုရဲ့ ကုမ္မဏီကြီး တစ်ခု မှာ အသက်ငယ်ငယ်နဲ့ CEO ဖြစ်နေတာမဆန်းပါဘူးလို့ကျွန်တော်တို့ပြောဖြစ်ခဲ့ကြတယ်၊

“ အဆောက်အဦး တစ်ခုကို အတွင်းပိုင်း ပြင်ဆင်ခြင်း စတော့မယ်ဆိုရင် ကိုယ်တို့ သမရိုးကျ အမြင်ကနေ ဖယ်ခွါပြီး ကြည့် တတ်ရမှာဖြစ်သလို သမရိုးကျ အမြင်ကိုလည်း ချန်ထားလို့ မရဘူး ၊ အလုပ်အပ်သူရဲ့ စိတ်နေစိတ်ထား နဲ့ သဘာဝ ကိုလည်း လျပ်တပြက်အတွင်းမှာ ခန့်မှန်းနိုင်ရမယ် ၊  ရုံးခန်း .. အရောင်းပြခန်းဖြစ်မယ်ဆိုရင် လုပ်ငန်းအပ်သူ ရဲ့ လုပ်ငန်းသဘော ဒါမှ မဟုတ် ရောင်းကုန်ပစ္စည်းရဲ့ သဘာဝ ကိုကြည့်ပြီး ပြင်ဆင်ရမယ်.. Customer ကိုဆွဲဆောင် နိုင်တဲ့ အပြင်အဆင်မျိုးဖြစ်ရမယ် ၊ အရောင်ဖွဲ့စည်းမှု နဲ့ အရောင် စပ်ဟပ်မှုဟာလည်း အဓိက အရေးပါတဲ့ အခန်ကဏ္ဍ မှာပါတယ်ဆိုတာ ကိုယ် တို့မေ့ထားလို့မရဘူး …”

သူမပြောသမျှကို အသံဖမ်းပြီး မှတ်တဲ့သူက မှတ်သလို မှတ်စုစာအုပ်နဲ့လိုက်မှတ်သူက လိုက်မှတ်ကြပါတယ် ၊ မနက် ၈နာရီခွဲ ကနေ ၁၂နာရီခွဲအထိ သင်တန်းချိန်အဖြစ်သတ်မှတ်ပြီး ကျန်တဲ့ အချိန်တွေမှာတော့ ကျွန်တော်တို့ ကိုယ်တာ ဝန်ရှိရာအလုပ်တွေကိုလုပ်ကြပါတယ်၊  မမဥဂ္ဂါ ကတော့ ကျွန်တော်တို့ ကို သင်ကြားပေးပြီးတာနဲ့ နောက်တစ်နေ့အ တွက် ဆွေးနွေးမယ့် Topic ကို စတင်ပြင်ဆင်ပါတယ်၊  ပြီးတော့ နေ့စဉ် ကျွန်တော်တို့နဲ့ပတ်သက်တဲ့ မှတ်ချက်တွေကို တင်ပြဖို့ပြင်ဆင်ပြီး ညနေ ၄နာရီလောက်မှာ ပုံမှန်ရုံးက ပြန်သွားတာတွေ့ရပြီး သူမ စီးတဲ့ကားကို မောင်းပေးသူကတော့ အမျိုးသမီးတစ်ဦးဖြစ်နေတာကို အံ့သြစွာ သိရှိရတယ်၊

တကယ်ပါဥတ္တရာ ..မင်းဟာစတွေ့ကတည်းက ကိုယ့်အတွက်တော့ ပဟေဠိဆန်တဲ့ နတ်သမီးတစ်ပါးပါ၊ မင်းအကြောင်း ကိုတဖြည်းဖြည်းနဲ့ သိချင်လာခဲ့တဲ့ ကိုယ့်မှာသာ စုံစမ်းမရတဲ့ဒုက္ခတွေနဲ့ မွန်းကျပ်နေခဲ့ရတယ်၊

၎။

အချစ်ဆိုတာ မျှော်လင့်မထားတဲ့အချိန်မှာ ရေမလောင်းပေါင်းမသင်လည်း ရှင်သန်လာတဲ့သစ်စေ့လေးတစ်စေ့လိုပါပဲ ဥတ္တရာ..၊  

တစ်လဆိုတဲ့အချိန် ကာလအတွင်းမှာ ကျွန်တော်တို့ ခုနစ်ယောက်နဲ့ မမဥဂ္ဂါ ရဲ့ခင်မင်မှုဟာ ထင်မှတ်မျှော်လင့်ထားတာ ထက်ပိုခဲ့တယ်၊ ကျွန်တော်တို့ရဲ့Porject အချို့ကို မမဥဂ္ဂါပေးတဲ့အကြံဥာဏ်အတိုင်းလုပ်ဆောင်ခဲ့ခြင်းဖြင့်အောင်မြင်မှု တွေပိုရရှိခဲ့တယ်၊ အိမ်ထောင်သည် ၃ဦးဖြစ်တဲ့ စည်သူအေး၊ ကောင်းမြတ်နဲ့ ချိုကြည်သာတို့ကလွဲပြီးကျန်တဲ့ကျွန်တော် တို့ ၄ ယောက်နဲ့ မမဥဂ္ဂါ စားအတူတူ သွားအတူတူနီးပါးဖြစ်လာခဲ့တယ်၊ ပွင့်လင်းတဲ့ ကုညီတတ်တဲ့သူမကို ကျွန်တော် တို့ ၄ ယောက်လုံးက ဆရာမတစ်ယောက် အဖြစ်ထက် မိတ်ဆွေသူငယ်ချင်း တစ်ယောက်လိုခံစားမိခဲ့ကြတယ်..၊ သူမ ကလည်း သင်တန်ချိန်ကလွဲရင် ကျန်အချိန်တွေမှာ အလုပ်အကြောင်းစာအကြာင်းကိုပြောခဲ ပါတယ်၊

“ မမဥဂ္ဂါ ညနေကျရင် ကျွန်မတို့ ဆူကီသွားစားရအောင် .. ကျွန်မဒကာ ခံမယ်လေ..ပြီးရင်ဘုရားဖူးကြတာပေါ့..  ”

ဆိုတဲ့သိရိမြတ်ရဲ့စကားကို ဘယ်သူမှ မပယ်ချပဲ အားလုံးသဘောတူစွာသွားကြဖို့ဆုံးဖြတ်ခဲ့ကြတယ် ၊ ထုံးစံအတိုင်းဟို အိမ်ထောင်သည် ၃ ယောက်ကတော့ မလိုက်နိုင်ကြဘူးပေါ့.၊ ညနေ ၆နာရီခွဲ မှာ Summit Park View Hotel မှာရှိတဲ့ Cocoa Suki ဆိုင်မှာဆုံကြဖို့ချိန်ဆိုခဲ့ကြတယ်၊

ခရမ်းရောင်ပေါ်မှာ ငွေမှုန်ပါးပါးကြဲထားတဲ့မြန်မာဝတ်စုံရှင်းရှင်း ကလေးနဲ့ အမြဲတမ်း ထုံးဖွဲ့ထားတတ်တဲ့ ဆံပင်တွေကို မထုံးဖွဲ့ပဲ ခွေလိပ်စွာကျနေတဲ့ဆံပင်တချို့ကို ခရမ်းစွဲကျောက်လေးတွေစီထားတဲ့ကလစ်နဲ့ တချို့ကိုခပ်ဖွဖွ စည်းနှောင် ထားတဲ့ မင်းလောက်ကြည့်ရတာ ကဗျာဆန်တဲ့သူ ဘယ်သူရှိမှာလဲဥတ္တရာ၊

လှပစွာလျှောက်လှမ်းဝင်လာတဲ့မမဥဂ္ဂါ ကိုသတိလက်လွတ် ငေးကြည့်နေမိတဲ့ ကျွန်တော့်ကို ကျော်စွာလင်းက စားပွဲ အောက်မှ ခြေထောက်ဖြင့်လှမ်းကန်ရင်းသတိပေးခဲ့တယ်၊ သိရိမြတ်ကတော့ ပြုံးစိစိနဲ့မျက်လုံးတစ်ဖက်မှိတ်ပြလာတယ်၊ မင်းထင်ကတော့ ထုံးစံအတိုင်း အစားအသောက်Menu စာအုပ်ကိုသည်းကြီးမည်းကြီးကြည့်နေလေရဲ့..

သူမစာပွဲမှာဝင်ထိုင်ပြီးမိမိနှစ်သက်ရာများကိုမှာယူရင်း အလုပ်နှင့်မသက်ဆိုင်သော ပြင်ပ ရယ်စရာမော စရာများကို ပြောရင်း စားသောက်ခြင်းကို စတင်ခဲ့ကြတယ်..၊ အများအားဖြင့် သူမ ကျောင်းတက်စဉ်က ကြုံတွေ့ခဲ့ရတဲ့ ရယ်စရာ များကိုပြန်ပြောပြရင်း ရယ်မောခဲ့ကြတယ် ၊ ဒီလိုပြောဆိုစားသောက်နေစဉ် ရုတ်တရက် နံဘေးကို ရောက်လာတဲ့ အမျိုးသမီးကြီးကြောင့် ကျွန်တော်အံ့သြစွာ ငဲ့ကြည့်မိစဉ်မှာ  စိတ်ညစ်ညူးတဲ့ အရိပ်အချို့ကို မမဥဂ္ဂါရဲ့ မျက်နှာမှာ ဖြတ်ကနဲတွေ့လိုက်ရတယ်.၊

“ ဥတ္တရာ .. ရန်ကုန်ရောက်နေတာ အံတီတို့ကိုတောင် လာနှုတ်မဆက်ဘူးနော် .. အလုပ်ကိစ္စပဲလား .. ဘယ်နေ့တွေ အားလဲ .. အံတီတို့ လာတွေ့ဦးမယ်လေ .. ”

“ ကျွန်မ အလုပ်ကိစ္စနဲ့လာတာပါ  အံတီ .. အလုပ်ကိစ္စက ၃ လကြာမယ် .. စုစုပေါင်း ၄လလောက်နေမယ် ဒီတခါ .. အလုပ်ကိစ္စတွေပြတ်ရင် အံတီတို့ကို လာတွေ့ပါ့မယ်.. အလုပ်ကိစ္စနဲ့ ဆိုတော့ ဘယ်သူကိုမှ မတွေ့ဖြစ်ဘူး .. ပြီးမှ အားလုံးကို ကျွန်မ လိုက်တွေ့မှာပါ.. ”

အမျိုးသမီးကြီးရဲ့ မမဥဂ္ဂါ ကို ဦးတည်ပြီးမေးတဲ့မေးခွန်းကို သူမက အေးဆေးနူးညံ့စွာ ..ပြီးတော့ ပြတ်သားစွာပြန်ဖြေခဲ့ တယ် ..

“ အေးအေး.. လာဖြစ်အောင် လာခဲ့နော် .. အံတီသွားလိုက်ဦးမယ် .. ”      ဆိုတဲ့ အမျိုးသမီးကြီးကို “ ဟုတ်ကဲ့ ” လို့ တိုးတိတ်စွာပြန်ပြောရင်း စားလက်စ ကို ဆက်စားနေခဲ့တယ် .. ခေတ္တခဏ တိုးတိတ်သွားတဲ့ ကျွန်တော်တို့ရဲ့စားဝိုင်း ဟာ မကြာခင်အချိန်မှာပဲ ပြန်လည် အသက်ဝင်စည်ကားလာခဲ့တယ်၊

စားသောက်ပြီးရွှေတိဂုံဘုရားကိုဝင်ဖူးကြတော့ ဒီတခါဘုရားလာရတာအရာရာဟာ ပိုပြီး သာယာလှပနေသလိုပဲဥတ္တရာ၊ ဘုရားပေါ်မှာလူတိုင်းကမင်းကို လှည့်ကြည့်ငေးမောနေတာတွေ့ရတော့ မဆီမဆိုင် ဝန်တိုစိတ်တွေက ကိုယ့်ရင်ထဲရုတ် တရက်ဝင်ရောက်လာခဲ့တယ် .. မင်း အဲဒီလောက် လှအောင်မနေပါနဲ့လားဥတ္တရာ .. အင်း.. ဒီလိုသာပြောမိမယ်ဆိုရင် တော့မင်းစိတ်ဆိုးမှာသေချာတယ်၊

မင်းရဲ့မွေးနံ ကြာသပတေးထောင့်မှာ ပါလာတဲ့ ပုဝါပိုင်းကလေးကိုထုတ်ခင်းပြီး ဘုရားရှိခိုးနေတဲ့ မင်းကို ကိုယ်ကြည့်လို့ မဝခဲ့ဘူး..၊ ဘုရားရှိခိုးပြီး ထိုင်စောင့်နေတဲ့ကိုယ့်ဘက်ကို လှည့်ကြည့်လာတဲ့မင်း က ငေးမောနေတဲ့ ကိုယ့်ကို ဖြတ်ကနဲ ပြုံးပြပြီး ဘုရားကိုေ၇သပ္ဗါယ်နေခဲ့တယ် . ဒီညနေပိုင်းကလေးဟာ ကိုယ့်အတွက်အင်မတန်သာဟာလှပတဲ့ ညနေလေး တစ်ခုဖြစ်ခဲ့တယ်ဆိုတာ မင်းသိနေမလားဥတ္တရာ ..

၅။

တစ်နေ့တော့ မမဥဂ္ဂါရဲ့ကားကိုမောင်းနေတဲ့ Driver အစ်မကြီး နေမကောင်းလို့သူမကိုရုံးက လာကြိုပေးရတယ် ဆိုတာသိ ရတယ်၊ သူမအပြန်ကို ကျွန်တော်လိုက်ပို့ပေးလိုက်မယ် လို့ဖေဖေ့ ကိုဝင်ပြောတော့ ကျွန်တော် ရုံးမှာ အစအနောက် သန်တာကိုသိနေတဲ့ဖေဖေက

“ အေး .. ကောင်းကောင်းပြန်လိုက်ပို့လိုက်.. မစမနောက်နဲ့ ” လို့ စိတ်မချစွာ မှာခဲ့တယ် ..

နိုဝင်ဘာလရဲ့တတိယအပတ်ဖြစ်နေပေမယ့် ရာသီဥတုဟာအေးမနေပဲ အနည်းငယ်အိုက်စပ်စပ်ဖြစ်နေခဲ့တယ်၊

“ အအေးတခုခု သောက်မလား မမဥဂ္ဂါ ..  ” လို့ ကျွန်တော့ရဲ့ အမေးကို သူမက

“ ကိုယ်တစ်ခါတည်း ညနေစာ စားမယ် လက်ျာ ..  အိမ်ပြန်ရောက်ပြီးမှ ပြန်မထွက်ချင်ဘူး.. အဆင်ပြေနိုင်မလား .. ” လို့ အေးဆေးစွာပြန်ပြေလာတယ် ..ဒီလိုနဲ့ကျွန်တော်တို့ ပန်ဆိုးတန်းလမ်းမှာရှိတဲ့ ဂျပန်ဆိုင်လေးကို ရောက်ရှိလာခဲ့ ကြတယ် ..၊

“ မမဥဂ္ဂါကို ဟိုတစ်နေ့က အံတီက ဥတ္တရာလို့ခေါ်တယ်နော် .. ”

အဆက်အစပ်မရှိဘဲ ပြောလိုက်မိတဲ့ကျွန်တော့်ရဲ့အမေးစကားကို သူမက အေးဆေးစွာဖြင့်ပြန်ပြောလာတယ်၊

“ ဟုတ်တယ် လက်ျာ .. အဲဒါ မေမေ ကိုယ့်ကို ခေါ်တဲ့ နာမည်လေ.. အဲဒီအံတီက မေမေ့ညီမ၀မ်းကွဲ..  မေမေ နဲ့ဖေဖေ က ကို်ယ်နဲ့အတူ သြစတြေးလျားမှာနေကြတယ်.. ကိုယ့်မှာ အကိုတစ်ယောက်ရှိသေးတယ် .. သူက Bangkok Assumption Uni မှာ Lecturer လုပ်နေတယ်.. သြဇီ မှာ အေးတဲ့ အချိန်တွေဆို ဖေဖေနဲ့ မေမေ က ရန်ကုန် ဒါမှမဟုတ် ဘန်ကောက် မှာလာနေကြတယ်လေ..  အထူးသဖြင့် ဇွန် ..ဇူလိုင် လမျိုးတွေမှာပေါ့ ..”

“ အဲဒီနာမည် လှတယ်ဗျ .. ကျွန်တော် အဲဒီလိုခေါ်ရင် မမဥဂ္ဂါ ကျွန်တော့်ကို စိတ်ဆိုးမှာလား .. ကျွန်တော့်ကို ခေါ်ခွင့်ပြု နိုင်မလား..”

“ ရပါတယ် လက်ျာ .. ခေါ်လို့ရပါတယ် .. ငယ်ငယ်က ကျောင်းမှာ အုတ်တရာ အုတ်နှစ်ရာ  လို့ အစခံရလို့ပါ .. ခုတော့ ဘယ်သူမှ အဲလိုလည်း မစကြတော့ပါဘူး.. ”

ဒီလိုနဲ့ဥတ္တရာ ဆိုတဲ့ နာမည်ကို ခေါ်ခွင့်ရရှိခဲ့တယ်၊ စားသောက်ပြီး အနီးမှာရှိတဲ့ သူမ အိမ်ခန်းကို လိုက်ပို့ခဲ့တယ်.. အိမ်ပေါ်တက်လည်ဖို့သူမက မဖိတ်ကြားခဲ့သလို ကျွန်တော်ကလည်းမတောင်းဆိုခဲ့ပါဘူး..

တကယ်ပါဥတ္တရာ ..တစ်ရက်ထက်တစ်ရက် မင်းကို ပိုပိုပြီး မြတ်နိုးမိလာတယ်လို့ပြောရင် ဒီလောက် အချိန်တိုလေးနဲ့ ဖြစ်နိုင်ပါ့မလားလို့မင်းကပြန်ပြောမှာသေချာပါတယ်.. ကိုယ့်စိတ်ထဲမှာ မင်းဟာကိုယ်နဲ့ ပိုပိုပြီးရင်နှီးလာခဲ့တယ် ဥတ္တရာ.၊

၆။

ဒီလိုနဲ့ကျွန်တော်တို့ရဲ့ သင်တန်ကာလဟာ ၂လကျော်လာခဲ့တယ် .. ဒီဇင်ဘာ ခရစ်စမတ်ပိတ်ရက်မတိုင်ခင်လက်စ သတ်စရာအလုပ်တချို့ကို လက်စသတ်နိုင်ဖို့ကျွန်တော်တို့ကြိုးစားခဲ့ကြတယ်..၊ တစ်ရက်မှာတော့ ကျွန်တော်တို့ကုမ္မဏီ ကို အလုပ်အပ်ထားတဲ့ ကွန်ဒိုတိုက်ခန်းရှိရာကို သင်တန်းချိန် အပြီးမှာ စည်သူအေး ၊ ကျွန်တော် တို့နဲ့အတူ မမဥဂ္ဂါ လိုက်ပြီးကြည့်ခဲ့တယ်၊ ၁၁ထပ်အမြင့်မှာရှိတဲ့ တိုက်ခန်းဟာ လေဝင်လေထွက်ကောင်းပြီးကျယ်ဝန်းတဲ့အိပ်ခန်းနဲ့ဧည့်ခန်း နေရာတွေရှိတာကြောင့်အခန်းတိုင်းကို အလှဆင်ဖို့ရာဓါတ်ပုံရိုက်ယူပြီး ကျွန်တော်တို့ပြန်ခဲ့ကြတယ် .. မပြန်ခင် စည်သူအေးက

“ လက်ျာ .. ငါ မီးလိုင်းတွေတချက်စစ်ချင်လို့ .. မင်းတို့အရင်၇ုံးပြန်လိုက်တော့လေ .. တကယ်လို့နောက်ကျရင် ငါ ရုံးကို ပြန်မလာတော့ဘူး .. အိမ်ပဲတန်းပြန်တော့မယ် .. ဂျာကြီး ကိုပြောလိုက်ဦး ”

“ အေးအေး.. ငါ ပြောလိုက်မယ် .. သွားပြီ .. ”

ကျွန်တော်နဲ့ မမဥဂ္ဂါတို့ အခန်းရှေ့ မှာရှိတဲ့ ဓါတ်လှေခါးထဲကိုဝင်လာခဲ့ကြတယ်.. မမဥဂ္ဂါကတော့ သူမအမြင်ကိုပြောရင် ကျွန်တော်ကတော့ သူမကိုငေးကြည့်နေရင်းပေါ့ .. ဒီအချိန်မှာဓါတ်လှေခါးဟာရုတ်တရက်မီးများမှိတ်ပြီးရပ်တန့်သွား ခဲ့တယ်.၊

“ ဟာ မီးပျက်ပြီထင်တယ်.. ”

အရေးပေါ်ခေါင်းလောင်းကိုတီးရင် ရုတ်တရက်အသံတိတ်သွားတဲ့ သူမကို ငဲ့ကြည့်တော့ နံရံကိုမှီရင်း အသက်ကိုပြင်း ပြင်းရှူနေတဲ့သူမကို ခေါင်မိုးပေါက်မှဝင်လာတဲ့ အလင်းရောင်မှိန်မှိန်အောက်မှာစိုးရိမ်စဖွယ်တွေ့ရှိရတယ် .. အရေးပေါ် ခလုပ်ကိုဆက်တိုက်နှိပ်ရင်း ပြန်ပြောလာတဲ့ စကားကိုနားထောင်ရင်း သူမလက်ကိုလှမ်းကိုင်လိုက်တဲ့အခါေ၇ခဲကဲ့သို့ အေးစက်နေပြီးတရွေ့ရွေ့နဲ့ကြမ်းပြင်ပေါ်ခွေကျလာခဲ့တယ် ..စိုးရိမ်စွာသူမကိုပွေ့ထူရင်း

“ ဥတ္တရာ.. သတိထားနော်..  ဥတ္တရာ.. ဘာမှဖြစ်တာမဟုတ်ဘူး.. ဥတ္တရာ..ဥတ္တရာ… ”

သူမကတော့ မကြားနိုင်စွာခွေခေါက်သတိလစ်နေခဲ့တယ်..၊ ခဏအကြာမှာ ဓါတ်လှေခါးတံခါးပွင့်လာတော့ သူမကို ပွေ့ချီပြီးနီးရာဆေးခန်းကိုပြေးခဲ့ရတယ် ..

ဆရာဝန်၊ ဆရာမတွေ သူမကိုကုသ နေချိန်မှာကျွန်တော်ကတော့ ရုံးကိုဖုန်းဆက်အကြောင်ကြားရင်း သူမရှိရာကုတင် ဘေးမှာရပ်ရင်း ဘာလုပ်လို့ဘာကိုင်၇မှန်းမသိအောင်ဖြစ်နေခဲ့တယ်၊ ဆရာဝန်ကြီးက

“ မစိုးရိမ်ရတော့ပါဘူးဗျာ ..အကြောက်လွန်သွားတာပါ .. သူ့မှာ Clostrophobia ကလိုစထရိုဖိုးဘီးယားလို့ခေါ်တဲ့ အကြောက်လွန် ရောဂါတစ်မျိုးရှိပုံရတယ် .. ခဏနေ သတိပြန်၇လာမှာပါ..ခင်ဗျားလည်း ထိုင်ပြီးနားနေပါ .. ”  လို့ပြောလာတယ်..

အေးစက်နေတဲ့သူမရဲ့လက်တွေကို နွေးထွေးလာအောင်ဆုပ်ကိုင်ထားရင်း သူမကို ငေးကြည့်နေခဲ့တယ်..၊

ဥတ္တရာ .. မင်းဘာဖြစ်လို့များဒီလိုဖြစ်ရတာလဲ.. တစ်ခုခုဖြစ်သွားမယ်ဆို ကိုယ်ဘယ်လိုနေမယ်ဆိုတာ စဉ်းစားတောင် မစဉ်းစားရဲဘူး .. မင်းဘာမှမဖြစ်ပါနဲ့နော် ..၊

မကြာမီ အချိန်မှာပဲ သူမသတိပြန်ရလာခဲ့တယ်.. မျက်ရည်ဝိုင်းနေတဲ့သူမရဲ့မျက်ဝန်းတွေမှာကျွန်တော်တစ်ခါမှ မမြင်ဖူး တဲ့အရိပ်တချို့ကိုတွေ့ရှိခဲ့ရတယ် .. ဘာသာပြန်ဖို့ခက်နေတဲ့ သူမမျက်ဝန်းတွေကို ရုပ်သိမ်းပြီး

“ ကျေးဇူးတင်ပါတယ် လက်ျာရယ် .. ”  လို့ဖျော့တော့အားငယ်စွာပြောလာခဲ့တယ် ..

ဥတ္တရာ .. ဒီအချိန်မှာ ကိုယ် အဖြစ်ချင်ဆုံးဆန္ဒက မင်းရှေ့မှာရဲရဲရပ်တည်ပြီးမင်းကို အကာအကွယ်ပေးချင်တာပဲဖြစ် တယ်.. ဘယ်လို အရာမျိုးမှ မင်းပေါ်ကို မသက်ေ၇ာက်စေချင်တာ ကိုယ့်စိတ် အစစ်ပါ ကွာ..

ရ။

ဒီလိုနဲ့ခရစ်စမတ်ကာလကိုရောက်ခဲ့တယ် ၊ ရုံးပိတ်ရက်ဆက်တိုက်ရတာမို့ကျွန်တော်တို့ရုံးကဝန်ထမ်းတွေကျိုက်ထီးရိုး ကို ဘုရားဖူးထွက် ခဲ့ကြတယ် .. ကျိုက်ထိုဟိုတယ်မှာ ကြိုတင် အခန်းယူထားကြတာဖြစ်လို့ နေရေးထိုင်ရေးအခက်အခဲ မရှိခဲ့ကြပါဘူး..၊ မမဥဂ္ဂါလည်း လိုက်လာခဲ့တာဖြစ်လို့ အပျော်ဆုံးသူကတော့ ကျွန်တော်ဖြစ်မယ်ဆိုတာ မပြောဘဲလည်း သိနိုင်ကြမှာပါ.. ပျော်ရွှင်တက်ကြွနေတဲ့ မမဥဂ္ဂါကိုကြည့်ပြီး ကျေနပ်နေတာကတော့ကျွန်တော်ပေါ့. ပြုံးနေတဲ့ကျွန်တော့် ကို ကြည့်မရစွာနဲ့နှိပ်ကွပ်သူကတော့ မင်းထင်ဖြစ်တယ်..

“ ဟေ့ကောင် လက်ျာ .. သတိလည်းထားဦးမှပေါ့.. ခြင်တွေယင်တွေဝင်ဥနေဦးမယ် ..ဟားဟား…”

တကယ်ပါဥတ္တရာ.. ကိုယ် စေတီတော်မှာရွှေသင်္ကန်းလှူရင်း မင်းနဲ့ ဖူးစာဆုံခွင့်ရပါစေလို့ဆုတောင်းမိခဲ့တယ် ၊ ဒါကို မင်းများသိရင်စိတ်ဆိုးမှာလား.. ကျီးကန်းပါစပ်ေ၇ာက်တော့လည်း ထားမိတဲ့ အဓိဌန်က ဒီအတိုင်းဖြစ်နေခဲ့တယ်၊ မင်း သိရဲ့လားဥတ္တရာ .. ကိုယ့်ရဲ့ဘ၀မှာသွားဖူးသမျှ ခရီးတွေထဲမှာဒီကျိုက်ထီးရိုးဘုရာဖူး ၃ရက်ခရီးလောက် ပျော်ရွှင်ဖူးတဲ့ ခရီးမရှိဖူးခဲ့ပါဘူး..၊

အပြန်ခရီးဟာလည်းပျော်စရာကောင်းလှတယ် ၊ ကိုယ်ချစ်သူပါရှိတဲ့ခရီးလမ်းဟာ အမြဲသာယာနေတယ်လို့ သူငယ်ချင်း တွေပြောတုန်းကတော့ သူတို့ကိုနောက်ပြောင်မိခဲ့တာခုတော့ ကိုယ်ကိုယ်တိုင် ဒီလိုဖြစ်နေခဲတယ် ဥတ္တရာ၊ ဖျပ်ကနဲ ရောက်ရောက်တာတတ်တဲ့ မင်းအကြည့်တွေနဲ့ဆုံတိုင်း ခပ်ဖွဖွလေးပြုံပြတတ်တဲ့ မင်းကို ပိုပိုပြီး မြတ်နိုးမိလာခဲ့တာ ကိုယ်တော့ခက်ပြီထင်ပါရဲ့ ဥတ္တရာ .. မကြာမီ အချိန်မှာ သင်တန်းကာလပြီးဆုံးလို့မင်းပြန်သွားခဲ့ရင် ဆိုတဲ့အတွေးကို တွေးမိတိုင်းမွန်းကျပ်မှုကို ကိုယ်ခံစားရတယ် .. ဖြစနိုင်ရင်သင်တန်းကာလကိုဆွဲဆန့်ထားချင်သလို မင်းကိုလည်းမပြန် စေချင်ဘူး.. အလွမ်းဆိုတာကို မခံစားချင်ဘူးဥတ္တရာ ..

ဒီလိုနဲ့ရန်ကုန်ကိုပြန်ရောက်လာခဲ့တယ် .. ကြားမှာတစ်ရက်နားပြီးနောက်တစ်နေ့မှာထုံးစံအတိုင်းလုပ်ငန်းခွင်ကိုပြန်ဝင်ခဲ့ ကြတယ် ..၊ မမဥဂ္ဂါနဲ့ကျွန်တော်တို့ရဲ့ခင်မင်မှုကလည်ပိုမိုရင်းနှီးလာခဲ့တယ်၊ ထို့အတူပဲကျွန်တော်တို့ရုံးမှာရှိသမျှသူအား လုံးနဲ့လည်း သူမခင်မင်ရင်းနှီးပြီးဖြစ်နေခဲ့တယ်..

သင်တန်းအချိန်တွေမှာတော့ မမဥဂ္ဂါကို ငေးရင်း ၊ သူမပြောသမျှကို အသံဖမ်းရင်း၊ သင်တန်းချိန်ပြီးချိန်တွေ သူမလိုက် ကြည့်တတ်တဲ့ လုပ်ငန်းခွင်တွေကို ကျွန်တော်ပါ လိုက်နိုင်အောင်ကြိုးစားရင်း အချိန်တွေဟာတဖြည်းဖြည်းကုန်ဆုံးလို့ လာခဲ့တယ်..၊

၈။

ဒီလိုနဲ့ဇန်န၀ါရီလဟာတဖြည်းဖြည်းကုန်လုနီးပါဖြစ်လာခဲ့တယ်.. ကျွန်တော်တို့ရဲ့သင်တန်းလည်းပြီးဆုံးခဲ့ပြီ .. နောက် ရက်တွေဆို မမဥဂ္ဂါရောက်လာတော့မှာမဟုတ်ဘူးဆိုတဲ့အသိဟာ ကျွန်တော့်စိတ်ကိုဖိစီးနှိပ်စက်နေခဲ့တယ်၊ ဖေဖေနဲ့ ဒါရိုက်တာ အဖွဲဝင်တွေကတော့ ရရှိခဲ့တဲ့အောင်မြင်မှုအတွက်ကျေနပ်နေခဲ့တယ်၊

နောက်တစ်နေ့မှာတော့ မြင်နေကျသူတစ်ဦးကို မမြင်ရတဲ့အခြေအနေကို မခံနိုင်စွာ ညနေရုံးဆင်းချိန်မှာ မမဥဂ္ဂါရှိရာကို ကျွန်တော်လာခဲ့တယ်၊ သူမနေထိုင်ရာတိုက်ရဲ့ဒုတိယထပ်ကိုရောက်တော့ လူခေါ်ခေါင်းလောင်းကိုနှိပ်ပြီး စိတ်လှုပ်ရှား စွာစောင့်နေခဲ့တယ်၊ ခဏကြာတော့တံခါးလာဖွင့်ပေးတဲ့သူမ ကျွန်တော့်ကိုမြင်တော့ တအံ့တသြနဲ့ကြည့်နေခဲ့တယ်၊ နွမ်းလျနေတဲ့သူ့ကိုကြည့်ပြီး ဧည့်ခန်းမှာဝင်ထိုင်ရင်း

“ နေမကောင်းဘူးလားဥတ္တရာ.”

“ ကောင်ပါတယ်လက်ျာ .. ခုဘယ်က၀င်လာတာလဲ..အလည်သက်သက်လား.. ကိစ္စရှိလား.. ”

သူမမေးတာကိုမဖြေပဲ သူမကိုငေးကြည့်နေတော့ သူမက မျက်လွှာကိုချထားပြီးသူမရှေ့မှာရှိနေတဲ့စားပွဲပေါ်ကတရုတ် စကားပန်းပွင့်လေးတွေထည့်ထားတဲ့ဖန်အိုးကြည်ပြာရောင်လေးကိုငေးကြည့်နေတယ်..

“ ခင်ဗျားတကယ်မသိတာလား ဥတ္တရာ .. ကျွန်တော်ခင်ဗျားကို မမြင်ရတဲ့ ဒီရက်တွေမှာ ဘယ်လိုမှ မနေနိုင်ဘူး .. ခင်ဗျားကိုမြင်ချင်တယ် .. ခင်ဗျားအသံကြားချင်တယ် .. ဖုန်းဆက်တော့ခင်ဗျားမကိုင်ဘူး.. ဒီနေ့တော့ ကျွန်တော်ဆက် ပြီးသည်းမခံနိုင်တော့ဘူး..ဒါကြောင့်ရုံးဆင်းတာနဲ့ခင်ဗျားဆီကို ရောက်လာတာပဲ.. ”

ကျွန်တော်သူမရှိရာကို လျောက်ခဲ့ရင်းသူမထိုင်နေရာခုံဘေးမှာဒူးထောက်ထိုင်လိုက်ပြီးသူမလက်နှစ်ဘက်ကိုဆွဲယူ လိုက်ရင်း ..

“ ဥတ္တရာ .. ခင်ဗျားဟာကျွန်တော့်အတွက်တန်ဖိုးမဖြတ်နိုင်တဲ့ပုလဲလုံးကလေးပါ.. ကျွန်တော်လေ မြတ်နိုးလွန်းလို့ ဘယ်နားထားရမှန်းကိုမသိအောင်ကိုဖြစ်နေခဲ့တာ.. ခင်ဗျားဒါတွေကို နည်းနည်းကလေးမှ မရိပ်မိတာလား ဥတ္တရာ..ဟမ် .. ခင်ဗျားကို ကျွန်တော်ချစ်နေတယ်ဆိုတာ ခင်ဗျားလုံးဝကို မသိတာလား .. မသိချင်ဟန်ဆောင်နေတာလား .. ”

မချင့်မရဲ့နဲ့ ပြောနေတဲ့ကျွန်တော်ရဲ့စကားတွေကို ဘာမှပြန်မပြောပဲ မျက်ရည်ဝိုင်းနေတဲ့မျက်ဝန်းတွေနဲ့ကျွန်တော့်ကိုစိုက် ကြည့်လာတယ်.. ပြီးတော့ .. ပင့်သက်တစ်ခုကိုရှိုက်သွင်းရင်း ..

“ ကောင်ပြီးလက်ျာ .. ဒါဆို ရှင်သိအောင်ကိုယ်ပြောစရာတွေရှိတယ် .. ခုံမှာထိုင်လေ.. အစကတော့ကိုယ်မပြောဘူးလို့ ပဲနေမလို့.. ဘာပဲဖြစ်ဖြစ် ရှင်သိသင့်တယ်လို့ ထင်လာတယ်.. ပြီးတော့ ကို်ယ့်စကားကို သေချာနားထောင်ပါ..

 ရှင်ပြောသလို ပုလဲတစ်လုံးလို ကိုယ့်ဘဝက မဖြူစင် မသန့်ရှင်းခဲ့ဘူး လက်ျာ ..

၉ ။

ကိုယ်အသက်၂၂ နှစ်မှာအင်္ဂလန်ကိုရောက်တယ်.. ငယ်ငယ်ကတည်းက မြို့ပြအင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ကို်ယ်ဟာ အမှတ်မမီလို့တက်ခွင့်မ၇ခဲ့ဘူး.. ဒီတော့ အင်္ဂလိပ်မေဂျာယူပြီး အင်္ဂလိပ်စာကိုလေ့လာခဲ့တယ်..ကျောင်းပြီး တော့IELTS ဖြေပြီး အင်္ဂလန်က တက္ကသိုလ်တစ်ခုမှာ ဆောက်လုပ်ရေးအင်ဂျင်နီယာဘာသာရပ်ကိုတက်ခဲ့တယ်..ဒုတိ ယနှစ်မှာ Interior Decoration နဲ့ပတ်သက်တဲ့ဘာသာရပ်ကို အထူးပြုယူခဲ့တယ်..

ကျောင်းပြီးခါစမှာ ကိုယ်ကျောင်းပြီးတဲ့ ဘာသာရပ်နဲ့ပတ်သက်တဲ့အလုပ်ကိုမရခဲ့ဘူး .. ဒီတော့ရရာအလုပ်ကိုဝင်ပြီးလုပ် ခဲ့တယ်.. တဖက်ကလည်း ကိုယ်လုပ်ချင်တဲ့ အလုပ်ကိုရှာခဲ့တယ် ..

ဒီလိုနဲ့ ၁နှစ် လောက် အကြာမှာ ကိုယ် ဆောက်လုပ်ရေးကုမ္မဏီတစ်ခုမှာအလုပ်ရခဲ့တယ် .. Junior staff engineer အဖြစ် ဝင်လုပ်ခဲ့တယ် ..  အဲဒီကုမ္မဏီမှာ မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့ ဦးရဲကျော်သူ ဆိုတာနဲ့တွေ့ခဲ့တယ် .. အဲဒီ ဦး က ကိုယ်အလုပ်ဝင်လုပ်နေတဲ့ကုမ္မဏီရဲ့ Share Partner တစ်ယောက်ဖြစ်သလို ကျော်ကြားတဲ့ Interior Designer တစ်ယောက်လည်းဖြစ်တယ်.. မြန်မာလူမျိုးအချင်းချင်းဆိုတော့ ကိုယ့်ကို အလုပ်နဲ့ ပတ်သက်တာတွေကို သင်ပြပေးသ လို Master ဆက်တက်ဖို့လည်း အားပေးခဲ့တယ် ..၊

အဲဒါနဲ့ ကိုယ်ပြင်သစ်မှာ Master ၂ နှစ်ဆက်တက်ဖို့် ပြင်သစ်ကိုသွားခဲ့တယ်၊ Master ပြီးတော့ ကိုယ်လန်ဒန်ကိုပြန်လာ ခဲ့တယ်.. အရင်လုပ်ခဲ့တဲ့ကုမ္မဏီမှာပဲအလုပ်ဆက်ဝင်ခဲ့တယ်၊ Junior Designer အနေနဲ့ ဦးရဲကျော်သူ ရဲ့လက်အောက် မှာအလုပ်လုပ်ခဲ့တယ် .. အဲဒီဦးရဲကျော်သူက အိမ်ထောင်နဲ့ကွဲနေတဲ့ သူတစ်ယောက်ပေါ့ လက်ျာ .. သိပ်မကြာမီ အချိန် မှာပဲ သူက ကို်ယ့်ကို လက်ထပ်ခွင့်တောင်ခဲ့တယ် ..၊ ကိုယ်ငြင်းခဲ့တယ်.. ဒါပေမယ့်ကြုံလာတဲ့ကံတရားကိုတော့ ကိုယ် ဘယ်လိုမှရှောင်လွှဲလို့မရနိုင်ခဲ့ဘူး လက်ျာ ..

Staff Party တစ်ခုမှာ  ရာသီဥတုကလည်း အေးအေးနဲ့ ကို်ယ် ရှန်ပိန် ဆိုတာကို သောက်ခဲ့တယ် .. သောက်နေမကျတဲ့ အတွက်တော်တော်လည်းမူးခဲ့တယ် လက်ျာ.. မြတ်စွာဘုရားတားမြစ်တော်မူခဲ့တဲ့ ဒီသေရည်ဆိုတဲ့အရာကို မြည်းစမ်း ကြည့်မိတဲ့ကိုယ်ဟာ  အမှားတစ်ခုကို လက်ခံရရှိခဲ့တယ် .. ဘယ်လိုမှ ပြန်ပြင်လို့မရတဲ့အမှားအတွက် ကိုယ် ဦးရဲကျော် သူကို လက်ထပ်ခဲ့ရတယ် .. ဒီအတွက်ကိုယ့်မိဘနဲ့ကို်ယ့်အစ်ကိုရဲ့ကျောခိုင်းခြင်းကို ကိုယ်ခံခဲ့ရတယ်.. အဲဒီကတည်းက ကိုယ့်ဘဝကိုပြောင်းလဲစေခဲ့တဲ့ ဒီ မူးယစ်စေတဲ့အရည် ကို ကိုယ်တစ် သက်လုံးရှောင်ကျဉ်ခဲ့တယ် ..

လက်ထပ်ပြီးနောက်မှာ ကိုယ်တို့ London ကနေ Sydney ကိုပြောင်းခဲ့တယ်.. အိမ်ထောင်ရေးကတော့ အဆင်မပြေခဲ့ ဘူး .. အသက်အရွယ်ကွာဟမှုဟာ နဲ့အမြင်မတူမှုဟာ ကိုယ်တို့ကြားမှာရှိတဲ့ကြီးမားတဲ့ကွာဟမှုပဲ.. သူ က ကိုယ့်ကို အလုပ် က ထွက်စေခဲ့ပြီး အိမ်မှာ နေစေခဲ့တယ်.. လှပတဲ့အကြောင်းပြချက်တွေနဲ့သူရဲ့ဝန်တိုမှုတွေကိုဖုံး ကွယ်ခဲ့ တယ်.. ကိုယ် ကလည်း ကိုယ်ဘာမှအမှားမလုပ်ပဲ ဒီလိုတဖက်သတ်အနိုင်ယူတာကို ဘယ်လိုမှလက်မခံနိုင်ခဲ့ ဘူး .. ဒီတော့ ကိုယ် အခုလုပ်နေတဲ့ The Aces Group  Interior Deco ကုမ္မဏီမှာ အလုပ်ဝင်လျောက်ခဲ့တယ်..

ဒီအကြောင်းကို သူသိ တော့ ပေါက်ကွဲခဲ့တယ် .. ကိုယ်တို့ စကားအကြီးအကျယ်များခဲ့တယ် .. အဲဒါသူ့ရုံးခန်းမှာပေါ့.. ကိုယ်လည်း စကား ဆက်မပြောချင်တော့တာနဲ့ ကိုယ် အိမ်ပြန်ဖို့သူ့ရုံးခန်းထဲက ထွက်လာတယ် ..သူကလည်း မကျေ မနပ်နဲ့ ကိုယ့်နောက်ကလိုက်လာပြီး ကိုယ့်ကားထဲကို လိုက်လာတယ်.. ကိုယ်ကသူ့ကိုနေခဲ့ဖို့ပြောတယ်.. သူကအတင်း လိုက်လာတယ်..ဒီလိုနဲ့ကားပေါ်မှာစကားဆက်များကြတာပေါ့.. အဲဒီလို ဒေါသတွေကို မထိန်းနိုင်ခဲ့တာက ကို်ယ့်ဘဝ မှာအမှားကိုထပ်ဖြစ်စေခဲ့တာပေါ့ လက်ျာ  .. ဒါပေမယ့် ဒီအမှားဟာကိုယ် ဘယ်လိုမှ မရည်ရွယ်ပဲဖြစ်ခဲ့တာပါ..

လမ်းမှာစကားများရင် တွန်းတိုက်ရင် ကိုယ်တို့ Accident ဖြစ်ခဲ့တယ်.. အဆိုးဆုံးကတော့ သူက Intensive Care Unit  ကိုရောက်ပြီး ၄ရက်အကြာမှာ သေဆုံးသွားခဲ့တယ်.. ကိုယ်ကတော့ လက်ပဲကျိုးသွားခဲ့တယ် .. အဲဒီရဲ့အကျိုးဆက်က တော့ ကိုယ်ကသူ့ကို သေကြောင်းကြံတာပါလို့ သံသယ အဖြစ်ခံခဲ့ရတယ် .. တရားရုံးကို အကြိမ်ပေါင်းများစွာ တက်ခဲ့ ရတယ်..၊ နောက်ဆုံးကိုယ့်မှာ အပြစ်မရှိဘူးဆိုတာ သူ့ကို ကိုယ် သေကြောင်းကြံခဲ့တာ မဟုတ်ဘူးဆိုတာပေါ်ပေါက်ခဲ့ တယ်.. ဒါပေမယ့်လက်ျာ.. သူ့ ရဲ့မိဘဆွေမျိုး အာလုံးက ကိုယ်က သူ့ကို သေကြောင်းကြံခဲ့တာပါလို့ ဒီနေ့အထိစွပ်စွဲ နေဆဲပဲ..

ဒီကိစ္စတွေအပြီးမှာ ကို်ယ့်မိဘတွေက ကိုယ့်ဆီလိုက်လာခဲ့တယ်.. ကိုယ်လည်း အလုပ်ထဲမှာစိတ်ကိုနှစ်ထားခဲ့တယ် လက်ျာ..
ဖြည်းဖြည်းချင်းပြောပြနေတဲ့သူမကိုငေးကြည့်ရင်း သူမ နာကျင်ခံစားခဲ့ရမှာပဲ ဆိုပြီး သနားကြင်နာမှုတစိမ့်စိမ့်ဖြစ်ပေါ် လာခဲ့ရတယ်..

“ ဒီတော့ .. ကိုယ်နဲ့လက်ျာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး .. ကိုယ့်အတွက် လက်ျာကို ဘယ်လိုသက်ရောက်မှုမျိုးမှမဖြစ် စေချင်ဘူး..  ကဲ.. ခုတော့ပြန်လိုက်ဦးနော်လက်ျာ .. နောက်ရက်မှလာ လည်လေ.. ပြီးတော့..သေချာလည်းစဉ်းစား.. ခုတော့ ကိုယ်လည်းနားချင်တယ် .. ကိုယ့်ကို နားလည်ပါနော် ..

တိုးတိတ်စွာပြောလာတဲ့သူမရဲ့နောက်ဆက်တွဲစကားအရသူမ စိတ်ပင်ပန်းနေမယ်ဆိုတာကိုကျွန်တော်နားလည်းနိုင်ခဲ့ တယ်..
မင်းစိတ်မကျဉ်းကျပ်နေအောင်ကိုယ်ထွက်လာခဲ့တာပါ ဥတ္တရာ.. မင်းဘယ်လိုဖြစ်ပါစေ မင်းပေါ်မှာထားမိတဲ့ကိုယ့်စိတ် ကမပြောင်းလဲနိုင်ဘူးဆိုတာ မနက်ဖြန်တော့မင်းသိအောင်ကိုယ်ပြောပြရမယ် ..

၁၀။

ခွင့်လွှတ်ပါလက်ျာ..

တကယ်လို့ကိုယ်ဟာ နောက်တစ်နေ့မနက်မှာပြန်သွားပြီဆိုတာသိရင် ရှင်စိတ်ဆိုးကောင်းဆိုးမယ်.. ဒါမှမဟုတ် စိတ်နာ ကောင်းနာမယ်.. ဒါပေမယ့် ဒီနည်းလမ်းက ကိုယ်တို့ ၂ ယောက်လုံးအတွက် အကောင်းဆုံးနည်းလမ်းပါလက်ျာ..၊ အ ရောင်တွေစွန်းထင်းနေတဲ့ကိုယ့်ရဲ့ဘဝထဲကို ရှင့်ကို မခေါ်ရက်ဘူး..  စောင့်စည်းထိမ်းသိမ်းရမယ့်အကြောင်းအရာတွေ ကိုယ့်နဲ့ ရှင့်ရဲ့ ကြားမှာ အများကြီးရှိခဲ့တယ် ၊ တကယ်တော့ လောကမှာ အချစ်ထက် အင်အားကြီးမားတာတွေ ၊အချစ် ထက်ပိုအရေးကြီးတာတွေ ရှိနေခဲ့တယ်ဆိုတာ ကိုယ်ဒီတစ်ခါမှာတော့ပိုပြီးထင်ထင်ရှားရှားသိခဲ့ရပြီ ..

ဘ၀ဆိုတာဘာလဲလို့ နားလည်ဖို့ကြိုးစားရတာ Formula ပေးမထားပဲ အဖြေမှန်ရအောင်တွက်ခိုင်းထားတဲ့ အဆင့်မြင့် ရုပဗေဒ ပုစ္ဆာတစ်ပုဒ်ကို တွက်နေရသလိုပါပဲ  လက်ျာ..

အချစ်ဆိုတာကိုယ်နဲ့မထိုက်တဲ့ေ၇တစ်ခွက်လို့ကိုယ်ကယူဆခဲ့တယ်..  သန့်ရှင်းကြည်လင်နေတဲ့ရေကိုခပ်ယူဖို့ ကိုယ့်မှာ သန့်စင်နေတဲ့ခွက်တစ်ခွက် ရှိမနေခဲ့ဘူး.. ဒီတော့ဒီေ၇ကို ကိုယ်မခပ်ယူတော့တာဟာ ပိုပြီးတရာမျှတမယ်လို့ ကိုယ်ထင် ပါတယ်..

ပြီးတော့သေဆုံးသွားတဲ့ကိုယ့်ရဲ့ခင်ပွန်းဦးရဲကျော်သူဟာ ရှင့်ဖေဖေ အန်ကယ်လ် ဦးမိုးကောင်းရဲ့ အခင်မင်အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဖြစ်နေခဲ့တယ် ဆိုတာ ရှင်သိခဲ့မယ်ဆိုရင် …. … …

၁၁။

မနက်ဖြန်ကို ကိုယ်မြန်မြန်ရောက်ချင်ခဲ့ပြီ ဥတ္တရာ .. မင်းဆီကပြန်လာကတည်းက ကိုယ့်ဆီမှာခိုင်မာတဲ့ အဖြေတစ်ခုက ရှိနေခဲ့ပြီးသားလေ .. နာကျင်ခဲ့ရတဲ့ အတိတ်ရဲ့နေ့ဟောင်းတွေကို မေ့ပစ်ပြီး ကိုယ့်လက်ကိုတွဲပြီး ရဲရဲရှေ့ဆက်လျောက် ပါ.. ကိုယ့်အတွက်ကြောင့် မင်းဘယ်လိုနာကျင်မှုမျိုးမှ မရစေရဘူးဆိုတာကိုယ်ယောက်ျားတစ်ယောက်ရဲ့သိက္ခာကို လောင်းကြေးထပ်ပြီးကတိပေးတယ်..

မနက်ဖြန် အလုပ်ကအပြန်  ကိုယ်မင်းဆီကို လာပြီး ဒီအကြောင်းတွေကိုပြောခဲ့ မယ်ဆို မင်းဝမ်းနည်းကောင်းဝမ်းနည်း မယ် .. စိတ်လှုပ်ရှားမှုကြောင့် ကိုယ့်ကို ထုရိုက်ကောင်းထုရိုက်မယ်.. ဘယ်လိုဖြစ်ဖြစ် နောက်ဆုံးမှာ မင်းလက်ကလေး ကို ကိုယ် မြဲမြဲဆုပ်ကိုင်ခွင့်တော့ပေးရမယ် .. ကိုယ့်အတွက် မင်း ဘယ်တော့မှ မျက်ရည်မကျစေရဘူးဥတ္တရာ ..

၁၂။

ကျွန်မဟာ တကယ်တော့မုတ်ကောင်တစ်ကောင်ပါ လင်္ကျာ ၊ လှပတဲ့ပုလဲတစ်လုံးဖြစ်လာဖို့ ၀တ်ဆံအခတ်ခံရတဲ့သူပေါ့၊ ရရှိလာတဲ့ နာကျင်မှုတွေကို သက်သာစေဖို့ မျက်ရည်ကို အဖန်ဖန်ထုတ်ရာက နေ ကာလရှည်ကြာတော့ ဒီမျက်ရည် အစိုင်အခဲဟာ လှပတဲ့ အရည်အသွေးနဲ့ပြည့်စုံတဲ့ ပုလဲတစ်လုံးဖြစ်လာခဲ့တာပါ၊ အများအမြင်မှာတင့်တယ်ကောင်းတင့် တယ်ပေမယ့် ကျွန်မ အတွက်ကတော့ ဒါဟာ နာကျင်ခြင်းတွေကရဲ့ပြယုဂ် အမြုတေတစ်ခုပါ ..။  ။

ပျိုးယုဝသုန်
4:27:52 Am
15-09-2011
Thursday ( BNE )

No comments: