Sunday, 4 September 2011

အပြာရောင်တောင်တန်းများသို့ .. လွမ်းချင်း




၁။
ဇူလိုင်လရဲ့ ဒုတိယအပတ်အကျော်မှာ ရာသီဥတုဟာ တဖြည်းဖြည်း နွေးစပြုလာခဲ့တယ်၊ လေအေးအေးတွေ မတိုက်တော့သလို နေရောင်ခြည်တွေလည်း ပိုနွေးလာခဲ့တယ်၊ မှန်ပြူတင်းကနေ တစ်ဆင့် လှမ်းမြင်ရတဲ့ မြက်ခင်းစိမ်းစိမ်းတွေနှင့် ဟိုးဝေးဝေးနားက သစ်တောမှိုင်းမှိုင်းတွေ ၊ တစ်စုံတစ်ဦးရဲ့ ချစ်မြတ်နိုးခြင်းကို ကာလအတန်ကြာ ခံခဲ့ရတဲ့ အနက်ရောင်နှင်းဆီပန်းပင်တွေ၊ ပြီးတော့ ဒီတောင်ကုန်းအမြင့်လေးပေါ်မှာ တည်ရှိနေတဲ့ မှန်ပြူတင်းပေါက်တွေ ပတ်ပတ်လည်ရှိတဲ့ Cottage အိမ်ကလေး၊ မြက်ခင်းပြင်နဲ့ တောအုပ်ကလေးကို လှမ်းမြင်ရတဲ့ ပြူတင်းပေါက်နောက်ကွယ်မှာ ရှိနေတဲ့ ထိုင်ခုံနှစ်လုံးနဲ့ စားပွဲငယ်ကလေးတစ်လုံး၊ အရာရာဟာ ဝေေ၀ ၀ါးဝါးနဲ့ ပျောက်ကွယ်သွားရတော့မှာလား၊  တကယ်တော့ ဒါတွေအားလုံး အိပ်မက်မဟုတ်ခဲ့တာ မင်းလည်းအသိ၊ ကိုယ်လည်းအသိပါ မြတ်မင်းဧရာ ..၊


ပူနွေးတဲ့ ညချမ်းကာလတွေမှာ Cottage အိမ်လေးရဲ့အိမ်အပြင်မှာထွက်ပြီး ကြယ်တွေကို ညဥ့်နက်တဲ့အထိ ကိုယ်တို့ ကြည့်ခဲ့ဖူးကြပါတယ် ဧရာ၊ ကုန်းအမြင့်ပေါ်ကနေ ကောင်းကင်ကကြယ်တွေကို  Telescope တစ်ခု နဲ့ ကြည့်ရတာကို နှစ်သက်သဘောကျတဲ့ မင်းရဲ့အကျင့်တွေလည်း ကိုယ့်ကိုကူးခဲ့ပြီ..၊ ကော်ဖီနှစ်ခွက် ၊ Telescope နဲ့ Cottage အိမ်လေးထဲက ရှင်မင်းခ ဆိုတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်လိုများနေမလဲ ဆိုတာ မင်းနဲနဲလေးမှ တွေးတောမကြည့်မိဘူးလားဧရာ ..၊ ညဥ့်နက်သန်းခေါင်ထိ ကြယ်တွေကြည့်ရင်း၊ ကော်ဖီသောက်ရင်း Jazz ဂီတ အကြောင်းပြောရင်း၊ ကားမပါတဲ့ ညတွေမှာကိုယ့်ရဲ့ဟောင်းနွမ်းစပြုနေတဲ့ ဆိုင်ကယ်လေးနဲ့ မင်းနေတဲ့ လမ်းထိပ်အထိ လိုက်ပို့ခဲ့တာတွေ၊ မင်းမေ့လျော့သွားလိမ့်မယ်လို့ မထင်ပါဘူးဧရာ၊ ဒါပေမယ့် ရက်စက်တတ်တဲ့ ဒီနေ့ရက်တွေမှာတော့ မင်းရှိမနေတော့ဘူး၊ နေ့ရက်တွေက ရက်စက်တာလား၊ မင်းက ရက်စက်တာလားဆိုတာ ဝေခွဲလို့မရခဲ့ပါဘူးဧရာ၊ ဘာပဲဖြစ်ဖြစ် မင်းရဲ့စိတ်ကို မဖတ်တတ်ခဲ့တာကတော့ ကိုယ်ကညံ့ခဲ့လို့နေမှာပေါ့ ..၊



၂။
အချိန်အခါမဟုတ် ရွာချလာတဲ့ မိုးနေ့တစ်နေ့ဟာ ကိုယ့်ဘ၀ရဲ့ အမှတ်တရေ န့တစ်နေ့ပေါ့၊ မိန်းကလေး ဖြစ်ပြီး ဘယ်သောအခါမှ ထီးယူ ထီးဆောင်းလေ့မရှိတဲ့ ကိုယ်ဟာ ရုတ်တရက်များ မိုးရွာချလာပြီဟဲ့ဆိုရင် ဟိုနေရာဝင်ခိုရ ဒိနေရာဝင်ခိုရနဲ့ အင်မတန် အလုပ်ရှုပ်ခဲ့တယ်၊ သည်းသည်းမည်းမည်း ရွာချလာတဲ့ မိုးစက်တွေကိုကျိန်ဆဲရင်  အနက်ရောင်  လို့အမည်ရတဲ့ ကော်ဖီဆိုင်လေးထဲကို ပြေးဝင်မိခဲ့တယ်၊ ကိုယ်ရေစို တာအရေးမကြီးပေမယ့် ကိုယ်ဆွဲထားတဲ့ပန်းချီကားနှစ်ချပ် မိုးရေမစိုဖို့ ကိုယ် ပိုပြီး ဂရုစိုက်ရတယ်၊ ဒီပန်းချီ ကားနှစ်ချပ်ကို ဒီနေ့အရောင်းပြခန်းကိုပို့ရမှာ …၊ မန်နေဂျာ ကိုသြ  ရဲ့

“ ကောင်မလေး .. နင် ပန်းချီကားတွေကို ကာလနဂါး တစ်ခါနိုးမှ တစ်ကားများဆွဲသလား..” ဆိုတဲ့ခပ်ရွဲ့ရွဲ့ မေးခွန်းအသံကို ကြားယောင်ရင်း ပြုံးမိရသေးတယ်၊ မှန်တံခါးကို တွန်းအ၀င်မှာဘဲ တပြိုင်နက် ကိုယ့်လိုပြေးဝင်လာတဲ့ တစ်စုံတစ်ယောက်နဲ့ တိုက်မိတယ်၊ ဖြုတ်ကနဲ ပြုတ်ကျကုန်တဲ့ ပန်းချီကားနှစ်ချပ်ကို စိုးရိမ်တကြီးကြည့်မိတော့..။ တော်သေးတယ်၊ သေသေချာချာ ထုပ်ပိုးလာမိခဲ့လို့..၊ အပေါ်အကာ အနည်းငယ်ရေစိုသွားပေမယ့် ပန်း ချီကားတွေကတော့ဘာမှမဖြစ်လောက်ပါဘူးလေ..၊ စိုးရိမ်းတကြီးကောက်ယူရင်း ရပ်နေတဲ့ ခြေထောက်တစ်စုံကို သတိထားလိုက်မိတယ်၊ သန့်ရှင်းစင်ကြယ်ပြီး ချေးညော်ကင်းစင်နေတဲ့ ခြေထောက်တွေဟာ ရေအစိုဓါတ်ကြောင့် စိုလက်တောက်ပနေလေရဲ့..၊ ခြေထောက်ပိုင်ရှင်ကို ဖြည်းညင်းစွာမော့ကြည့်မိတော့ အားတုံ့အားနာ မျက်ဝန်းများနဲ့ ငုံ့ကြည့်နေတဲ့ အမျိုးသားတစ်ယောက် ..၊

“ဘာများဖြစ်သွားသေးလဲခင်ဗျာ..”  ဆိုတဲ့ အသံချိုသြသြမှာ ရုတ်တရက်နစ်ဝင်ပြီး ပြန်ပြောဖို့ စကား ရှာမရခဲ့ဘူး၊ ခဏကြာမှ
“ရပါတယ် .. ဘာမှမဖြစ်ပါဘူး.. ကာဗာလေး နဲနဲ စိုသွားရုံပါ ”

ပန်းချီကားတွေကို ကောက်ယူပြီး ကော်ဖီဆိုင်လေးရဲ့ အရောင်းကောင်တာဆီကို လျောက်လာခဲ့တယ်၊ ကောင်တာကကောင်လေးကို

” ကိုယ့်ကို နက်စ် ဘလက်ခ် တစ်ခွက်နဲ့ Tuna Sandwich တစ်ပွဲပေးပါ..”

ကိုယ့်ရဲ့အပြောကို ကောင်လေးက

“အစ်မ .. နက်စ်ဘလက်ခ် မရဘူးခင်ဗျ .. ဒီစာရင်းတွေထဲကအတိုင်းပဲ ရပါတယ်..” ဆိုပြီး Menu စာအုပ်လေး ထုတ်ပေးတယ်၊ ကောင်လေးပေးလာတဲ့ Menu စာအုပ်ကိုကြည့်ပြီး ဘာမှာရရင် ကောင်းမလဲစဉ်း စားနေတုန်း

“ခင်ဗျား Mocha coffee  လေးသောက်သင့်တယ်ဗျ..”

အသံကြားလို့စောင်းငဲ့ကြည့်လိုက်တော့ ခုနက ၀င်တိုက်မိတဲ့သူ ..  ပြုံုးပြခေါင်းညိတ်ရင်း

“သြော် .. ဟုတ်ကဲ့ ..”


“ညီရေ ..Mocha  ၂ခွက်နဲ့ Tuna Sandwich တစ်ပွဲပေးပါကွာ ..ပြီးတော့ carrot cake တစ်ပွဲ ပေးကွာ ..”


တစ်ဆက်တည်းမှာဘဲ ကိုယ့်ဘက်လှည့်ပြီး ပြောလာခဲ့တယ် ..၊


“စိတ်မဆိုးဘူးဆိုရင် ခင်ဗျားအတွက် ကျွန်တော်ပေးလိုက်မယ်ဗျ .. မိတ်ဖြစ်ဆွေဖြစ်ပေါ့ဗျာ ..နော..” 


အဲဒီနေ့က ကိုယ် မြတ်မင်းဧရာ ဆိုတဲ့ မိတ်ဆွေတစ်ယောက်ကို မိုးရေထဲမှာ ကောက်ရခဲ့တယ်၊ 
ဒီလိုနဲ့ ကိုယ့်ရဲ့နေရက်တွေထဲကို မင်း တိတ်တဆိတ် ချဉ်းနင်းဝင်ရောက်လာခဲ့တာပေါ့ ..ဧရာ..၊




၃။
ကော်ဖီယဉ်ကျေးမှုကို ကိုယ့်ဆီ သိမ်မွေ့ညင်သာစွာ သယ်ယူလာခဲ့သူကတော့ မင်းပဲဧရာ ..၊ အရင်က နက်စ်ဘလက်ခ်နဲ့ coffee mix တွေကလွဲရင် တခြားဘာမှမသောက်ဖြစ်ခဲ့ မသောက်တတ်ခဲ့တဲ့ ကိုယ်ဟာ မင်းနဲ့ခင်မင်ရင်းနှီးပြီးတဲ့နောက်ပိုင်း Mocha ဆိုတဲ့ ကော်ဖီတစ်မျိုးကို ကောင်းကောင်းဖျော်စပ် နေတတ်ခဲ့ပြီ..၊

“ ရှင်းမင်းခ  ကို ကြည့်ရတာ  Mocha coffee တစ်ခွက်ကို သောက်နေရသလို .. ကြည့်နေရသလိုဘဲ” လို့မကြာခဏ ပြောတတ်တာကတော့ မြတ်မင်းဧရာ ဆိုတဲ့ ရှင်ပဲပေါ့ လေ..၊

“ဘယ်လိုဖြစ်လို့လဲ ဧရာရယ် နေရင်းထိုင်ရင်း.. ” လို့မေးတော့

“ဟုတ်တယ် ရှင်မင်းခ ရဲ့.. Mocha Coffee မှာ နှပ်ထားတဲ့ coffee ရယ် chocolate မှုန့်ရယ် ၊ သကြားရယ် နို့ရယ်ပါတယ်၊ Mocha Coffee က ပျော့ပျောင်းနူးညံ့တဲ့ အရသာရှိတယ်ဗျ၊ chocolate နဲ့ရောဖျော်ထားတာမို့ သူ့ရဲ့ပင်ကို အခါးအရသာမှာ chocolate အရသာလေး ထပ်ပေါင်းထားတော့ ညင်သာတဲ့ အနံ့နဲ့ အရသာတစ်ခုကို ပေးတယ်၊ ပြီးတော့ အရောင် က အညိုရင့်ရောင်ရှိတယ်၊ အပေါ်က အမြှုတ်အဖြူလေးတွေနဲ့ ဆိုရင် ရှင်မင်းခရဲ့ မျက်လုံးတွေလိုဘဲဗျ၊ ခင်ဗျားမျက်လုံးတွေက အညိုရင့်နဲ့အဖြူ ပေါင်းထားသလိုမျိုးလေ၊ ပြီးတော့ Mocha Coffee ရဲ့ညံ့သက်တဲ့ အရသာက ခင်ဗျားလှုပ်ရှားမှုတွေိုပဲ.. စိတ်မဆိုးနဲ့ဗျာ .. ကျွန်တော်စိတ်ထဲ ဖြစ်လာတာကိုပြောပြတာပါ ..” လို့လည်းပြောတတ်သေးတယ်။

ဒီလိုနဲ့ ကိုယ့်ရဲ့ ပန်းချီအရောင်းပြခန်းကို မင်းမကြာခဏရောက်လာတတ်သလို မင်းရှိတဲ့ မင်းရဲ့ Souvenir ဆိုင်လေးကိုလည်း တခါတရံမှာ ကိုယ်ရောက်လာတတ်တယ်။ အရောင်တွေအကြောင်း၊ အလင်းအမှောင်အ ကြောင်း၊ အနီးအဝေးအကြောင်း၊ အရောင်ခွဲခြင်းတွေအကြောင်း မင်းကိုကိုယ်ပြောပြတော့ စိတ်ဝင်တစား နားထောင်နေတာကို တွေ့ရတော့ကိုယ်အံ့သြမိတယ်။ တော်ရုံလူစိတ် မ၀င်စားတဲ့အကြောင်းတွေကို မင်းစိတ်ဝင်စားလို့ပေါ့ဧရာ၊ မင်းရဲ့ကော်ဖီအမျိုးမျိုးအကြောင်းနဲ့ ကော်ဖီတွေရဲ့သမိုင်းကြောင်းတွေကိုလည်း မင်း ပြောပြလို့ ကိုယ်နားရည်ဝခဲ့ပြီ။ ကော်ဖီဆိုင်တစ်ဆိုင်ဖွင့်ချင်တဲ့မင်းဟာ ဘာဖြစ်လို့များ အမှတ်တရ လက် ဆောင်တွေရောင်းတဲ့ Souvenir ဆိုင်ကလေးကို ဖွင့်ဖြစ်ခဲ့သလဲဆိုတာကိုတော့ ကိုယ်မစဉ်းစားတတ်ခဲ့ဘူး။

“ဧရာ .. ရှင် ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်သင့်တယ်.. ” လို့ပြောတော့ ခေါင်းမော့ပြုံးနေတဲ့ မင်းမျက်နှာကို ကိုယ် မဖတ်တတ်တာ အမှန်ပါဘဲ ဧရာ။

တခါတစ်ရံမှာ

“ ခင်ဗျား . . ပုံတူမဆွဲဘူးလား ရှင်မင်းခ .. ခင်ဗျားတကယ်ဆွဲမယ်ဆိုရင် အလုပ်အပ်ချင်သူတွေ တကယ်ရှိတယ်ဗျ ..”  လို့လည်းစကားမစပ် ပြောတတ်သေးတယ်..၊

“ကိုယ် ပုံတူဆွဲတာ သိပ်အားမသန်ဘူးဧရာ..” လို့ပြန်ပြောတော့ ဘာမှမပြောတော့ဘဲ တိတ်တဆိတ် ပန်းချီ ကတ်တလောက်တွေကို လှန်ကြည့်နေခဲ့တယ်၊ ဒီလိုနဲ မင်းလည်း ပန်းချီအရောင်းပြခန်းက မန်နေဂျာ ကိုသြ နဲ့ တော်တော်ကလေးရင်းနှီးလာခဲ့တယ်။




၎။
တစ်ရက်သောဇူလိုင်လရဲ့ နောက်ဆုံးအပတ်မှာ မင်းကိုယ်ရှိရာ ပန်းချီအရောင်းပြခန်းကလေးကိုရောက် နေတုန်း ကိုယ့်ရဲ့ဆိုင်ကယ်ကလေးဟာ ဘယ်လိုမှစက်နှိုးမရအောင်ဖြစ်ခဲ့တယ်။ ဆိုင်ကယ်ပြင်တဲ့ဆိုင်ကို ဖုန်းဆက်ပြီးလာယူခိုင်းတော့ မင်းက..


“ အိမ်ကိုဘယ်လိုပြန်မှာလဲ ရှင်မင်းခ ..” လို့ ညင်သာစွာမေးလာခဲ့တယ်။


“ အငှားကား စီစဉ်ရမှာပေါ့ ဧရာ .. ဘာဖြစ်လို့လဲ..”


“မငှားနဲ့လေ၊ ကျွန်တော်လိုက်ပို့ပေးမယ် ..”


ဒီလိုနဲ့ တောင်ကုန်းပေါ်မှာ ရှိနေတဲ့ကိုယ့်ရဲ့ Cottage အိမ်ကလေးကို ပထမဆုံးအနေနဲ့ မင်းရောက်ရှိခဲ့တာ ပေါ့  ဧရာ ..


“ ခင်ဗျားအိမ်လေးက တော်တော်နှစ်သက်စရာကောင်းတာပဲ ရှင်မင်းခ၊ ကျွန်တော် လာလည်လို့ရမလား၊ ညနေပိုင်းခင်ဗျားရှိတဲ့အချိန်တွေ ..” လို့  မေးလာတဲ့ မင်းရဲ့မေးခွန်းကို


“ရတာပေါ့ဧရာ၊ ကိုယ်တို့ကမိတ်ဆွေတွေပဲ .. ကိုယ်မင်းကိုကော်ဖီဖျော်တိုက်ပါ့မယ် ..”  လို့ပြန်ဖြေခဲ့တယ်။


“ကျွန်တော် .. မလာခင် ဖုန်းအရင်ဆက်ပါ့မယ် .. ရှင်မင်းခ မရှိနေမှာစိုးလို့ ..”


တကယ်လက်တွေ့မှာတော့ ကော်ဖီဖျော်တိုက်ခဲ့တာက မင်းပဲပေါ့ဧရာ။ Mocha coffee ဖျော်ပုံဖျော်နည်း နဲ့ ပါဝင်ပစ္စည်းတွေကို အချိုးကျထည့်တတ်အောင်လည်းမင်းပဲ သင်ပေးခဲ့တာပေါ့ ။


နွေးထွေးသာယာတဲ့ ညနေချမ်းတစ်ခုမှာမင်းကိုယ့်အိမ်လေးကိုရောက်လာခဲ့တယ်။ ညနေစာကို ကိုယ်ချက် ထားတဲ့ ကြက်ဥဟင်းနဲ့အတူတူစားခဲ့ကြတယ်။ ဧရာ.. ကိုယ့်ဘ၀ရဲ့သက်တမ်း ၂၆ နှစ်တာကာလမှာဒါဟာ ပထမဆုံး ကိုယ့်အိမ်မှာ အမျိုးသားတစ်ယောက်နဲ့ ညနေစာ အတူတူစားဖူးခြင်းဖြစ်တယ်ဆိုရင် မင်းရယ်မော နေမှာလား။ ညချမ်းကာလရဲ့ ကောင်းကင်က မြင်စပြုနေပြီဖြစ်တဲ့ကြယ်တွေကို မင်းဖျော်တိုက်တဲ့ ကော်ဖီ အတူတူသောက်ပြီးကြည့်ခဲ့ကြတယ်။ တကယ်ပါဧရာ၊ အဲဒီညဟာ အင်မတန်လှပတဲ့ညတစ်ည ဖြစ်နေ ခဲ့လေရဲ့။  နက်ပြာမှောင်မှောင်ကောင်းကင်ရယ်၊ လမင်းဝါ၀ါရယ်၊ အရောင်မှိန်မှိန်တွေနဲ့ တဖျပ်ဖျပ်လက် နေတဲ့ကြယ်လေးတွေရယ်။  ထို့အတူပဲ မင်းရဲ့မျက်လုံးတွေ တဖျပ်ဖျပ်လက်နေတာကိုလည်း ကိုယ်မြင်တွေ့ ခဲ့ရတယ်။ ကိုယ့်အတွက်တော့ အလှပဆုံးကြယ်နှစ်ပွင့်ပါဘဲဧရာ။ ည တဖြည်းဖြည်းရင့်လာတော့ ကိုယ့်ကို နှုတ်ဆက်ပြီးမင်းပြန်သွားလေရဲ့။


“ အိပ်စက်ခြင်း စစ်စစ်ကို  ရရှိနိုင်ပါစေ ရှင်မင်းခ ..” တဲ့လား..


ကိုယ်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့ပါတယ် ဧရာ။ ပြီးတော့ကြယ်တွေထဲက အတောက်ပဆုံးကြယ်နှစ်ပွင့်ကို လည်းအိပ်မက်မြင်မက်ခဲ့သေးလေရဲ့။ တကယ်ပါ မြတ်မင်းဧရာ၊ မင်းဟာ ကိုယ့်ဘ၀ထဲကို မဖိတ်ခေါ်ဘဲ ရောက်လာခဲ့တဲ့သူပါ။ တဖြည်းဖြည်းနဲ့ နေရာယူမှန်းမသိယူလာတာကို မရိပ်မိ မသိရှိတာကတော့ ကိုယ့်ရဲ့ထုံအ မှုပေါ့။




၅။
“ရှင်မင်းခ ရေ..၊ ကျွန်တော် Telescope တစ်ခုဒီညနေယူခဲ့မယ်ဗျ၊ ညကျရင် ကျွန်တ်ာတို့ ကြယ်တွေကို သေချာကြည့်လို့ ရပြီ.. ” လို့ ဖုန်းဆက်လာတော့ ပျော်ရွှင်စွာဘဲ ညနေစာအတွက် ကိုယ်ပြင်ဆင်ထားခဲ့တယ်။ ညနေစောင်းပိုင်းရောက်တော့ မင်းစီးနေကျ ဖက်ဖူးစိမ်းရောင် Coupe ကားကလေးနဲ့ မင်းရောက်လာခဲ့တယ်၊ စိတ်လှုပ်ရှားမှုတွေနဲ့ေ တာက်ပနေတဲ့ မင်းမျက်လုံးတွေလောက်  ကြယ်တွေက လှနိုင်ဦးမှာလား ဧရာ။ ရိုးရှင်းလှတဲ့ ကိုယ့်ရဲ့ ညနေစာကို နှစ်သက်စွာစားပြီး ကိုယ်ကို ကော်ဖီဖျော်စေသူက မင်းပေါ့။


“ရှင်မင်းခ ..ကော်ဖီဖျော်ဗျာ .. ဧည့်သည်က အိမ်ရှင်ကို ကော်ဖီဖျော်တိုက်ရတယ် ဆိုတာ ကြားလို့မကောင်း ဘူဗျ..” ဆိုပြီးညစ်ကျယ်ကျယ် ရယ်သံနဲ့တဟိဟိ ရယ်နေလေရဲ့။ ကိုယ်ဖျော်တိုက်တဲ့ Mocha ကို အနည်းငယ် သောက်အပြီးမှာတော့ တအံ့တသြ နဲ့ ကိုယ့်ကိုကြည့်လာခဲ့တယ်။


“ အရမ်းကောင်တယ် ရှင်မင်းခ .. ဆောရီးဗျာ ..ကျွန်တော်အဲဒီလောက် ထင်မထားမိတာ .. ခင်ဗျားနေ့တိုင်း ဖျော်သောက်နေပုံပဲ .. ” ဆိုတဲ့ မင်းရဲ့အပြောကို ကိုယ်ဘာမှမပြောဘဲ ပြုံးနေခဲ့တယ် ..မင်းကတော့သဘော တကျနဲ့ ခေါင်းတညိတ်ညိတ်နဲ့လေ။

ကော်ဖီခွက်လေးကိုယူပြီး Telescope ဆင်ထားတဲ့ အုတ်အလှတွေစီခင်းထားတဲ့ ထမင်းစားခန်းရဲ့ဘေး အပြင်ဘက် ကိုထွက်လာခဲ့တယ်။

နဂါးငွေ့တန်းတွေ၊ ကြယ်အစုတွေ၊ ဘာဆိုဘာမှ ကိုယ်မသိပါဘူးဧရာ။ မင်းပြောတာကို နားထောင်ရင်း မြင်နေရတဲ့ လှပတဲ့ ညရဲ့ကောင်းကင်နဲ့ကြယ်တွေကို ကြည့်နေရတာကို ကိုယ်ကြည်နူးတာပါ။ ကော်ဖီကို အေးဆေးစွာသောက်ပြီး အဲဒီညက မင်းပြောတဲ့ အကြောင်းအရာက ကိုယ် ဘယ်တုန်းကမှ မရင်နှီးဖူးတဲ့ Jazz ဂီတ အကြောင်းပေါ့။ ဂီတနဲ့ပတ်သက်လာရင် သူငယ်တန်းအဆင့်တောင်မရှိတဲ့ ကိုယ်ဟာ မင်းပြောသမျှကို တအံ့တသြ နားထောင်တတ်တာကလွဲလို့ ဘာမှမဆွေးနွေနိုင်တာ စိတ်မကောင်းပါဘူး ဧရာ။


“ ရှင်မင်းခ ရဲ့ မျက်လုံးတွေလေ.. ဒီနေ့ ကျွန်တော်ပြတဲ့ ကြယ်လေးနဲ့ တူတယ် ..သိလား..” လို့ အိမ်အပြန်မှာ တိုးတိတ်စွာ မင်းဘာလို့ပြောသွားရတာလဲ ဧရာ။

ဘယ်လိုဖြစ်ဖြစ် ကိုယ့်ရဲ့နေ့ရက်တွေဟာ အရင်လို အထီးကျန်ဆန်မနေတော့ဘဲပျော်စရာကောင်းလာတာ တော့  ကိုယ်ဝန်ခံပါတယ်။ ပန်းချီကားတွေလည်း ပိုဆွဲဖြစ်လာတယ်။ မန်နေဂျာ ကိုသြ ရဲ့


“ကောင်မလေး ပန်းချီကားတွေ အလင်းရောင်တွေပိုမြင်နေရတယ်ဟေ့ ဟေးဟေးဟေး.. ” ကြည်စယ်သံကို ပြုံးရင်း


“ အလင်းအရောင်တွေလည်း တခါတလေသုံးမှာပေါ့ ကိုသြ ကြီးရဲ့.. ခု .. အလင်း ပိရိရက် (Period )  ..”  လို့ ပြန်စနောက်ခဲ့တယ်။ ဟုတ်တာပေါ့ဧရာ၊ ခုတလော ကိုယ့်ရဲ့ ပန်ချီကားတွေမှာ အလင်းရောင်တွေ ပါဝင်တာများနေတယ်။ ကိုယ့်စိတ်ထဲမှာကြည်လင်နေတာလည်းပါတာပေါ့၊ ဒီအတွက် မင်းကိုကျေးဇူးတင် ပါတယ်။


မိဘတွေကိုယ့် အသက် ၂၀ အရွယ်မှာ ဆုံးပါးသွားပြီးကတည်းက မောင်နှမ သားချင်းမရှိတဲ့ကိုယ်ဟာ မိဘတွေထားခဲ့တဲ့ ဒီတောင်ကုန်းလေးပေါ်က အိမ်လေးမှာ တစ်ယောက်တည်းကျန်နေခဲ့တာ ၆နှစ်ရှိခဲ့ပြီ ဧရာ.. ၊ ထားခဲ့တဲ့ အမွေအနှစ် အနည်းငယ်ထဲက ကိုယ်ဝါသနာပါတဲ့ ပန်းချီအရောင်းပြခန်းလေးဖွင့်ရင်း ကိုယ်ဝါသနာပါရာပန်းချီကားတွေကိုဖန်တီးရင်း အေးငြိမ်းစွာ၊ ပြီးတော့ အထီးကျန်ဆန်စွာ နေခဲ့တယ်.. မင်းနဲ့ မတွေ့ခင်အချိန်ထိ ပေါ့..၊ ကိုယ့်ဖေဖေ ဟာ အင်မတန်တော်တဲ့ အနုပညာဖန်တီးသူတစ်ယောက်မို့ တစ်ဦးတည်းသော သမီးဖြစ်တဲ့ကိုယ့်ကို ငယ်စဉ်ကတည်းက သူမြတ်နိုးရာ ပန်းချီ ပညာကိုလက်ထပ် သင်ကြားပေးခဲ့တယ်..၊ ကိုယ်ကလည်းဖေဖေ့သမီးပီသစွာ ပန်းချီပညာကိုရူးသွပ်ခဲ့တာပေါ့ .. ၊ 


အရင်က ကိုယ် ဟာပန်းချီသာဆွဲတတ်ပေမယ့် ခုတော့ Mocha ဆိုတဲ့ ကော်ဖီတစ်မျိုးကို ကောင်းကောင်းဖျော်တတ်နေသလို Jazz တေးဂီတ ဆိုတာကိုလည်းနားထောင်တတ်ခဲ့ပြီ ..ပြီးတော့ နွေးထွေးတဲ့ ညတွေမှာ ကြယ်တွေကိုလည်း ကြည့်တတ်ခဲ့ပြီပေါ့ ..၊ ဒါတွေကတော့ မင်းဆီကကူးစက်လာတဲ့ ၀ါသနာ တွေပေါ့ ဧရာ ..၊




၆။
ဒီနှစ်နိုဝင်ဘာလဟာ သိသိသာသာ ပြိုပီးအပူချိန်များနေတယ် ..၊ သစ်ပင်ရိပ်ကိုခိုရင်း အဝေးမှာမြင်နေရတဲ့ တောင်တန်းမှိုင်းမှိုင်းတွေကို ကင်းဗတ်စ် ပေါ်တင်ဖို့ ကြိုးစားနေတုန်း မင်းဆီက ခေါ်လာတဲ့ဖုန်းအ၀င် တစ်ခုကိုလက်ခံရရှိတယ် ..၊


“ ရှင်မင်ခ .. ခင်ဗျား အိမ်မှာရှိနေသလား.. ကျွန်တော်ခဏလောက်လာချင်လို့ ..ပြီးတော့ .. ခင်ဗျားကိုပေးချင်တာလည်းရှိနေလို့ ..” ဆိုတဲ့ မင်းရဲ့ စကားသံ ချိုသြသြ နောက်ကိုမြောပါရင် ဘာမှန်မသိ ပျော်ရွှင်နေခဲ့တယ် ..


မကြာမီ အချိန်မှာ မင်းရောက်လာပြီး ကိုယ့်ရှိရာကို တန်းတန်းမတ်မတ်လျောက်လာခဲ့တယ်.. လက်ထဲမှာ ဘာမှလည်းပါမလာခဲ့ဘူး ..  ဧရာကိုယ့်ကိုနောက်တယ်ပဲလို့ ထင်ပြီး ..


“ ဘယ်မလဲ ကိုယ့်ကိုပေးမယ်ဆိုတာ ..ဘာမှလဲ မပါပါလား ဧရာရဲ့ .. လက်ဗလာကိုပေးမလို့လား..”  ဆိုတဲ့ ကိုယ့်အမေးကို ဘာမှပြန်မပြောဘဲ ကိုယ့်လက်တဖက်ကိုဖြတ်ကနဲ လှမ်းကိုင်ပြီး သူ့ကားရှိရာကို ဆွဲခေါ် ခဲ့တယ်..၊  အိုး…  သူ့ကားနောက်ခန်းထဲမှာ မြင်ရတာက အဖူးအငုံ အစီအရီ ပါတဲ့ နှင်းဆီနက် အပင်တွေ .. အံ့သြမင်တက်ပြီး ဘာမှမပြောနိုင်ဖြစ်နေတဲ့ကိုယ့်ကို ပခုံးကို ခပ်ဖွဖွလှမ်းကို်င်ရင်း ..


“ Happy Bitrhday .. နော် ရှင်မင်းခ..  ခင်ဗျား အံ့သြနေလား .. ဒါ ခင်ဗျားမွေးနေ့အတွက်ရည်ရွယ်ပြီး ကျွန်တော်ကိုယ်တိုင်မျိုးစပ်ပြီးစိုက်ထားတာဗျ .. ကြိုက်တယ် မဟုတ်လားဟင် ..” .. မေးလာတဲ့အမေးစကားကိုမဖြေနိုင်ဘဲ ၀မ်းနည်းခြင်း.၊၀မ်းသာခြင်း.. ၊ ကြည်နူးမြတ်နိုးခြင်းတွေအတွက် မျက်ရည်ပေါက်ပေါက်ကျခဲ့ရတယ် .. တကယ်ပါ ဧရာရယ် .. ကိုယ့်မွေးနေ့ကို ကိုယ်မေ့နေခဲ့တာ ၆ နှစ်ရှိခဲ့ပြီ ၊ မင်းကတော့ နားလည်နိုင်စွာနဲ့ မင်းရင်ခွင်မှာ ကိုယ့်မျက်ရည်တွေကို ကျခွင့်ပေးခဲ့တယ် ..၊ ကိုယ့်မျက်ရည် တွေစွန်းထင်းကုန်တဲ့ မင်းရှပ်အင်္ကျီအပြာနုလေးကို ကိုယ်အားနာစွာကြည့်မိတော့ တဟားဟား ရယ်ရင်း ..


“ ရှင်မင်းခ က  ကလေးလိုပဲကွာ.. တဲ့ ..” 


အဲဒီနေ့က မင်းယူလာခဲ့တဲ့ နှင်းဆီနက်ပင်တွေကို ကိုယ်တို့ အိုးအကြီးလေးတွေထဲ ပြောင်းထည့်စိုက်ရင်း တညနေကုန်ဆုံးခဲ့တယ် ..၊ ညနေပိုင်ရောက်တော့ ကိုယ်တို့မြို့ရဲ့ နာမည်ကြီး စားသောက်ဆိုင်က ကားလေးရောက်လာပြီး မင်းမှာထားတဲ့ စားသောက်ဖွယ်ရာများကို လာပို့ခဲ့တယ်..။ ဧရာရေ ..ဒီနေ့ကလေး ဟာ ကိုယ့်ဘ၀မှာ အပျော်ရဆုံးသောနေ့ကလေးတစ်နေ့ကွယ့် .. အံ့သြစရာတွေယူဆောင်လာတဲ့ မင်းကို ဘယ်လိုစကားမျိုးပြောရမှန်းမသိအောင်ဖြစ်နေတဲ့ ကိုယ့်အဖြစ်ကိုရိပ်မိသိရှိစွာနဲ့ ဘာမှမပြောစေဘဲ စားစရာ တွေကိုသာ စားစေခဲ့တယ် ..၊


အနည်းငယ်ပူနွေးနေတဲ့ အိမ်ထဲမှာ ထိုင်မနေဘဲ ကြယ်တွေကြည့်ရအောင်ဆိုတဲ့ မင်းစကားအတိုင်းကိုယ်တို့ ကြယ်တွေကြည့်နေကြနေရာလေးကိုလျောက်လာခဲ့တယ်..


“ ရှင်မင်းခ ခင်ဗျားသိလား .. ခင်ဗျားနာမည်ကို အပြည့်အစုံခေါ်ရတာ ကျွန်တော် သဘောကျတယ်ဗျ.. ပြီးတော့ ခင်ဗျာကို စတွေ့ကတည်းက ခင်ဗျားနဲ့ အရမ်းရင်းနှီးချင်တယ် .. ခင်ဗျားကိုကျွန်တော်ပြောဖူးသလို ပေါ့ .. ခင်ဗျာကို ကြည့်ရတာ Mocha တစ်ခွက်သောက်နေရသလိုပဲ .. စတွေ့ကတည်းက အဲဒီလိုထင်ခဲ့တာ ဗျ .. ” အဆက်အစပ်မရှိပြောလာတဲ့ စကားကြောင့် မော့ကြည့်မိတော့ မင်းက ဟိုးဝေးဝေးက ကြယ်တွေဆီငေးကြည့် နေခဲ့တယ် .. ပြီးတော့ အရည်လဲ့နေတဲ့ မင်းမျက်လုံးတွေ ..  မင်းဘာကို ပြောချင်တာ လဲ ဧရာ .. ကိုယ့်ကို ကိုယ်နားမလည်တဲ့စကားတွေနဲ့ မနှိပ်စက်ပါနဲ့လား ..လို့ပြောချင်ပေမယ့် ကိုယ်ပြောမထွက်ခဲ့ဘူး  .. 


အိမ်အပြန် ကားနားထိ ကိုယ်လိုက်ပို့တော့ ကိုယ့်ပခုံးတွေကို ခပ်ဖွဖွ ကို်င်ရင်း


“ရှင်မင်းခ ……  ” 


အတန်ကြာဘာစကားမှမပြောဘဲကိုယ့်ကို ငေးကြည့်နေတဲ့မင်းကို ကိုယ်ပြန်ကြည့်နေဆဲမှာ သက်ပြင်ရှည် တစ်ခုကိုချရင်း “ ပန်းပင်လေးတွေကို ဂရုစိုက် .. ဟုတ်ပြီလား .. ကိုယ် ရှင်မင်းခ အတွက် သေချာစိုက်ထားတာ ..နော် ..” 


ကားပေါ်တက်မောင်ထွက်သွားတဲ့ မင်းကို ကိုယ် ဘယ်လိုနားလည်ရမှာလဲ ဧရာ .. မင်းဘာပြောချင်တာလဲ .. မင်းမျက်ဝန်းမှာမြင်တွေ့ရတဲ့စကားတွေ .. မင်းနှုတ်က ဘာလို့မပြောရတာလဲ ဧရာ .. ပြီးတော့ မင်းကိုယ်မင်း သုံးတဲ့နာမ်စား ..၊ ဒီညကိုတော့ ကိုယ် ကြည်နုးခြင်း..၊ပြီးတော့ ဘာမှန်းမသိသော ကြေကွဲခြင်းနဲ့ ဖြတ်ကျော်ခဲ့ရတယ် ..




ရ။
မိုးတွေတစိမ့်စိမ့်ရွာနေတဲ့ မတ်လ ရဲ့ ညနေလေးတစ်ခုမှာ မင်းရောက်လာခဲ့တယ် ..


“ရှင်းမင်းခ ရေ .. ကိုယ်တို့ ကော်ဖီ အသစ်လေးတစ်မျိုးသောက်ကြည့်ရအောင် ..”တဲ့ .. ယူလာတဲ့ကော်ဖီကို ဖတ်ကြည့်တော့ 100% JAMAICAN BLUE MOUNTAIN COFFEE တဲ့ .. ဖျော်ပုံဖျော်နည်းကိုပြသူကတော့ ထုံးစံအတိုင် ဧရာပေါ့ ..၊


“ ကော်ဖီမိတ်ကာထဲကို  BLUE MOUNTAIN ကော်ဖီမှုန့်ကို တစ်ဇွန်းထည့် ..ပြီးရင် ရေက နှစ်ခွက်.. ဟော ရလာတဲ့ ကော်ဖီကိုအအေးခံထား ..ပြီးရင် Blander ထဲကို ဗနီလာ ရေခဲမုန့် ၃ခွက် ရယ် ရေခဲ ရယ် သကြားနဲနဲရယ်ထည့် .. ပြီးတော့ အအေးခံထားတဲ့ ကော်ဖီကို Blander ထဲကိုထည့်ပြီးမွှေ ..  ဟော ရပါပြီဗျာ ..ဟောဒီမှာအနံ့အရသာနဲ့ ပြည့်စုံတဲ့ တောင်တန်းပြာကော်ဖီ ..”  ရယ်မောပြီး ရွှင်ပြစွာ ကမ်းပေးလာတဲ့ ကော်ဖီအေးဖန်ခွက် ကလေးကိုလှမ်းယူပြီး အနည်းငယ်သောက်ကြည့်တော့ ထူးကဲတဲ့ အနံ့နဲ့ ထူးခြားတဲ့ အရသာ တစ်ခုကို ရရှိခဲ့တယ် ..


Blue Mountain အပူကို သောက်ရင် ကိုယ်က နို့ထည့်သောက်တာ မကြိုက်ဘူး  ရှင်မင်းခ ရဲ့ .. သကြား နှစ်ခဲ သုံးခဲထည့်ရုံနဲ့ ပြီးပြည့်စုံတဲ့ အရသာ ကိုရတယ် .. ဘယ်လိုလဲ .. ကြိုက်ရဲ့လားရှင်မင်းခ ..” ဆိုတဲ့အမေးကိုခေါင်းညိတ်ပြုံးပြရင်း တောင်တန်းပြာ မှာ ကိုယ့်ရဲ့အာရုံ တွေနစ်ဝင်နေခဲ့တယ် ..
ညဘက်မင်းပြန်သွားပြီး မကြာခင် မှာဘဲ လေကြီးမိုးကြီးကျလာခဲ့တယ် .. လျပ်စီးတွေလက် ..မိုးကြိုးတွေပြစ် ပြီးမကြာခင်မှာ ကိုယ်နေတဲ့ ရပ်ကွက်ကလေးဟာ အမှောင်အတိကျသွားခဲ့တယ် .၊ ကြောက်ရွံ့ထိတ်လန့်ခြင်း တွေနဲ့အတူဝမ်းနည်းအားငယ်ခြင်းတွေနဲ့ ထိုင်နေတဲ့အခန်းထောင့်လေးမှာဘဲထိုင်နေရင် ငိုကြွေးနေမိတယ် .. မီးခြစ် နဲ့ဖယောင်းတိုင်ကို ယူဖို့ ဘုရားခန်းထဲကို မသွားရဲလောက်အောင်ကို မိုးသံလေသံတွေကို ကြောက်ရွံ့နေခဲ့တယ် .. အဲဒီအချိန်မှာဘဲ တံခါးကိုထုသံ တဒုန်းဒုန်းကိုကြားရတယ် .. သွေးပျက်မတတ် ကြောက်ရွံ့မိတာကြောင့်ခြေဖျားလက်ဖျားတွေအေးခဲလာပြီး လူကလည်းနေရာက မရွေ့နိုင်တော့ဘူး ..၊ ဒီအချိန်မှာကိုယ်တမ်းတမိတာကတော့ မင်းပါ ဧရာ..


“ ရှင်မင်းခ .. ရှင်မင်း ..  ရှိနေရင် တံခါးလာဖွင့်ပါ .. ကိုယ် .. မြတ်မင်းဧရာ ပါ ..”


ကြားရတဲ့ တခဏမှာ မယုံကြည်နိုင်အောင် ပျော်ရွှင်ခြင်းနဲ့ ရရှိလာတဲ့အားအင်တွေနဲ့အတူ တံခါးရှိရာကို တဟုန်ထိုးပြေးလာခဲ့တယ်.. တံခါးဝမှာပေါ်လာတဲ့ ဧရာ့ ကို ပြေးဝင်ဖက်တွယ်မိတယ် .. တကယ်ပါဧရာ .. ကိုယ့်ဘ၀မှာ အားကိုးရာမဲ့ပြီး မင်းကို တမ်းတနေတုန်းမင်းရောက်လာတာကျေးဇူးတင်ပါတယ် .. ကိုယ့်လက်ကိုတင်းတင်းဆွဲပြီးဘုရားခန်းထံမှာရှိတဲ့ဖယောင်းတိုင်နဲ့မီးခြစ်ကိုယူပြီး ဘုရားမီးပူဇော် .. ပြီးတော့ ဖယောင်းတိုင်အကြီးတစ်တိုင်ကို ထွန်းညှိုပြီး ဧည့်ခန်းကိုပြန်လာခဲ့ကြတယ် .. မိုးတွေလေတွေကတော့ သည်းတုန်းပဲပေါ့ ..
ကတုန်ကရင်ဖြစ်နေတဲ့ကိုယ့်ကိုညင်သာစွာထွေးပွေ့ရင်း မင်းရဲ့ရင်ခွင်မှာခိုလှုံခွင့်ပြုတာကျေးဇူးပါ ဧရာ..၊ ကိုယ်ဦးခေါင်းပေါ်မှာမျက်နှာတစ်ခြမ်းစောင်းတင်ရင်းမင်းပြောခဲ့တာတွေကို ကိုယ် ဘယ်တော့မှ မမေ့ခဲ့ပါဘူး.


“ မင်းကို ဒီလိုအခြေအနေ မှာတစ်ယောက်ထဲ ကိုယ်ဘယ်လိုမှ မထားနိုင်ဘူး ရှင်မင်းခ .. ကိုယ်ဘယ်လိုမှ မင်းကို ခုချိန်မှာတစ်ယောက်ထဲထားပြီးမနေနိုင်ဘူး ရှင်မင်းခရယ် ..  ”   တဲ့လား .. ၊

မိုးတွေစဲလို့ မီးပြန်လာတဲ့ အချိန်မှာတော့ ညဟာတော်တော်ကိုအိုမင်းနေခဲ့ပြီ.. ကိုယ့်ကို တစ်ယောက်ထဲထား ပြီးသွားရမှာ စိတ်မချနိုင်စွာ မင်းအမှာစကားတွေကို အထပ်ထပ်မှာကြားခဲ့တယ် ..

“ ကိုယ် မင်းကို ထားမသွားချင်ဘူး ရှင်မင်းခ .. တခုခု ဆို ကိုယ့်ဆီချက်ချင်းဖုန်းဆက်ဖို့ မမေ့ပါနဲ့.. ကြားတယ်နော် ..ကိုယ်မှာတာတွေကို .. ”


ပြောရင်းလှည့်ထွက်သွားတဲ့ မင်းကျောပြင်ကိုငေးကြည့်ရင်း ဒီလို ကျန်နေခဲ့ရတာကို ကိုယ်မနှစ်သက်နိုင်ခဲ့ ဘူး ဧရာ ..၊




၈။
ဒီလိုနဲ့အေးချမ်းလှတဲ့ဆောင်းတွင်းကာလတွေကို သံစဉ်ညီညီ ဟန်ချက်ကျကျ နဲ့ ကိုယ်ဖြတ်သန်းနိုင်ခဲ့တယ် ..၊ ဒါတွေဟာမင်းဆီက ရရှိတဲ့ခွန်အားတွေဆိုတာ မပြောပြဘဲလည်း မင်းသိနိုင်မှာပါ ဧရာ..၊


မေလဟာ ထင်ထားမှန်းထားတာထက်ကိုပိုပြီး အေးမြနေခဲ့တယ် ..၊ မင်းပေးထားတဲ့ နှင်းဆီပင်လေးတွေကို အပြင်ထုတ်လိုက် အထဲသွင်းလိုက် နဲ့ ကိုယ်ကတော့ အလုပ်တွေပိုနေခဲ့တာပေါ့..ုပြီးတော့ နောက်ပိုင်းကိုယ် တို့သောက်ဖြစ်ကြတဲ့ BlueMountain coffee  မှုန့်ကိုလည်း ကိုယ့်မှာ မပြတ်အောင်မှာရသေးတယ် ..၊ ကုန်ခါနီးရင် မင်းကို ပြောရင် မင်းယူလာမယ်မှန်းသိပေမယ့် ကိုယ်ကလည်း မင်းကြိုက်တတ်တာလေးတွေကို ကိုယ့်နားမှာရှိနေစေချင်သေးတယ်လေ ..၊  မှာယူမှရတဲ့ ကော်ဖီမှုန့်အမျိုးအစားဖြစ်နေတော့ ကြိုတင်မှာရ တာအလုပ်တစ်ခုပေါ့လေ..၊ဒါကိုကိုယ်ကကျေနပ်နေသေးတယ် ဧရာ..။


“ရှင်မင်းခ ရေ .. ကိုယ်တို့ ကြယ်တွေမကြည့်ဖြစ်တာတောင်ကြာပြီနော် .. ညဘက်အပြင်ထွက်ဖို့ မကြိုးစားနဲ့ .. အေးတယ်ကွ ..ကြားလား.. ဒီနေ့ ကိုယ် ကားမယူ လာဘူး.. ခေါင်းလည်းနဲနဲကိုက်နေလို့ .. အပြန်တော့ မင်း အရင်လို လိုက်ပို့ရတော့မှာပဲ .. ” ..


အဲဒီနေ့ကတော့ မင်းခေါင်းတော်တော်ကိုက်နေပုံရတယ် ..၊ စကားလည်းများများမပြောနိုင်သလို ငြိမ်သက် စွာကိုယ့်လက်ကိုကို်င်ပြီးမျက်စိမှိတ်ပြီးခပ်လျောလျောထိုင်နေခဲ့တယ် ..


“ မင်းလိုက်ပို့ရမှာဆိုတော့ ကိုယ် နောက်ကျတဲ့အထိ မနေတော့ဘူးရှင်မင်းခ ..နော် .. အပြန်ကိုယ်စိတ်မချဘူး ..  စောစောပြန်တော့မယ် .. ကိုယ့်ကိုယ် ကိုယ် ဂရုစိုက် ..ကြားလား .. ”  လို့ မျက်လုံးစင်းစင်းတွေ နဲ့ မင်းမှာခဲ့တယ် ..


ကိုယ်မောင်းနေတဲ့ ကို်ယ့်ရဲ့ ဆိုင်ကယ်လေးနောက်မှာ တိတ်ဆိတ်စွာထိုင်လိုက်လာရင်း မင်း ခေါင်းတော် တော်ကိုယ်နေခဲ့တယ်ဆိုတာ ကိုယ် နားလည်ခဲ့တယ် ..၊ ဘာဖြစ်လို့ မင်းခေါင်း မကြာခဏ ကိုက်ရတာလဲ ဧရာ ..၊ မင်းအိမ်ရှေ့ကိုရောက်တော့ .. “ ဂရုစိုက်ပြီး မောင်း ”  ဆိုတဲ့စကားတစ်ခွန်းကို အနိုင်နိုင်ပြောပြီး မင်းအိမ်ထဲကို ယိမ်းယိုင်စွာဝင်သွားခဲ့တယ် ..  ကိုယ် အရမ်းစိုးရိမ်မိတယ် ဧရာ .. ဒီတခါ မြင်ရတဲ့ မင်းရဲ့ ခေါင်းကိုက်ခြင်း က သိပ်ပြင်းထန်နေသလိုဘဲ .. ရသီဥတု သိပ်အေးလွန်းလို့လား ..  မင်းမြန်မြန် သက်သာပါ စေ ..ဧရာ .. ။ ကိုယ် တစ်ညလုံးဘုရားမှာ ဆုတောင်းနေခဲ့တယ်ဆိုတာ သိရင် .. ရှင်မင်းခ က ကလေးလိုဘဲကွာလို့ မင်းပြောဦးမှာလား ..၊


နောက်တစ်နေ့မနက် မင်းကို ဖုန်းဆက်ကြည့်တော့ ဖုန်းကပိတ်ထားခဲ့တယ်..၊ ဒီလိုနဲ့ .. တစ်ရက် ..နှစ်ရက် .. လေးရက် ..ငါးရက် .. ၊ ကိုယ့်ရဲ့ စိုးရိမ်မှုတွေအထွတ်အထိပ်ရောက်ခဲ့ပြီ.. မင်းရဲ့ ဆိုင်လေးကိုသွားပြီးမင်း အခြေအနေ ကို မေးတော့ နေကောင်းသွားပါပြီ တဲ့ .. ခရီးထွက်သွားပါတယ်တဲ့ .. ဘာဖြစ်လို့ ကိုယ့်ဆီကို ဖုန်းလေးတစ်ချက်လောက်တောင် မဆက်ရတာလဲ ဧရာ ..၊ ကိုယ် ဘယ်လောက် မင်းကိုစိုးရိမ်နေမယ်ဆိုတာ မင်းလုံးလုံး မသိဘူးလား ..၊ ဒီရက်တွေ အတွင်းမှာကိုယ် ပူလောင်ခြင်းတွေနဲ့ နေခဲ့ရတယ် .. ကိုယ်မင်းကို ဘယ်လောက်သတိရနေမလဲဆိုတာ မင်သိရှိနိုင်မှာပါ..၊ ဘယ်လိုဆက်သွယ်ရမှန်းမသိတဲ့ သူတစ်ယောက်ကို ဘယ်မှာလိုက်ရှာရမှန်းမသိဖြစ်နေတဲ့ကိုယ့်အဖြစ်ဟာ တကယ့်ကို ဦးတည်ရာမရှိတဲ့မရှိတဲ့လမ်းကို လှမ်းနေ သလိုပါဘဲ ဧရာ ..၊




၉ ။
ချမ်းအေးလှတဲ့ ရာသီဥတု နဲ့ မင်းမရှိတဲ့ရက်တွေမှာ ကိုယ်မင်းကြိုက်တယ်ဆိုတဲ့ တောင်တန်းပြာ ကော်ဖီ ပူပူလေး ၂ ခွက်နဲ့ မင်းကို နေ့စဉ် စောင့်နေခဲ့တယ်… မင်းများရောက်လာခဲ့ရင် ဆိုတဲ့ မ၀ံ့မရဲ မျှော်လင့်ချက် ကလေးနဲ့လေ..၊ ပန်းချီကားတွေဖန်တီးရင်းနဲ့ပေါ့..၊ ဧရာရေ .. အလင်း ရောင်တွေ များနေတယ် ဆိုတဲ့ ကိုယ့်ရဲ့ ပန်းချီကားတွေဟာ မှိုင်ညို့တဲ့ အရောင်တွေနဲ့ နေရာယူနေခဲ့ပြီ ..  ရက်ရှည်လများ မင်းဘယ် ကိုများသွားနေခဲ့တာလဲ ဧရာ..၊ ဘယ်လိုအကြောင်းပြချက်မှ မရှိဘဲ ကိုယ်အနားကနေ မင်းရုပ်တရက် ပျောက်ကွယ်သွားတာကတော့ ရက်စက်လွန်းလှပါတယ် ..၊


ဟုတ်ပါတယ်ဧရာ .. ကိုယ်တို့ နှစ်ယောက်ဟာ ချစ်သူတွေမှ မဟုတ်ကြတာနော် .. မင်းကလည်းကိုယ့်ကိုချစ် ပါတယ်လို့ မပြောခဲ့သလို ချစ်သလားလို့လည်းမမေးခဲ့ပါဘူး.. ဒါပေမယ့် ဧရာ.. ချစ်တယ်ဆိုတဲ့ စကားထက်နက်ရှိုင်းတဲ့စကားလုံးတွေ ခံစားချက်တွေ ကိုယ်တို့နှစ်ယောက်ကြားမှာ ရှိခဲတယ်ဆိုတာ မင်းလည်းအသိ ကိုယ်လည်းအသိပါ ..၊ ကိုယ့်ကို မိုးအမှောင်ထဲမှာ တစ်ယောက်ထဲ မထားရက်တဲ့ မင်းက ရက်ပေါင်းများစွာ ကျောခိုင်းထားခဲ့တာ ဘယ်လိုအကြောင်းတွေကြောင့်များလဲ ဧရာ..၊ နာကျင်ကြေကွဲခြင်းဆို တဲ့ ဝေဒနာကို ကိုယ်ကောင်းကောင်းကြီးသိနေခဲ့ပြီ ..
ရက်စက်တဲ့နေ့ရက်တွေနဲ့ ကိုယ့်အတွက်လှပ မနေတဲ့ နေ့တွေကို ကုန်ဆုံးဖို့ ကိုယ် ပန်းချီကားတွေကို ဖန်တီးရင်း ကြိုးစားခဲ့တယ် ..


“ကောင်မလေး.. ဆွဲပြီးသားပန်ချီကားတွေ လာပို့ဦးလေ.. ညည်း လာမပို့ရင် .. ငါလာယူရမလား ..” ဆိုတဲ့ မန်နေဂျာ ကိုသြ ရဲ့ ဖုန်း ကို  “ မနက်ဖြန် မနက် လာပေးမယ်” လို့ ပြန်ဖြေရင်း ဖုန်းကိုပိတ်လိုက်တယ်..၊ ဧရာရေ  .. ကိုယ် ဘယ်သူနဲ့မှစကားမပြောချင်သလို ဘာအသံကိုမှလည်း ကိုယ်မကြားချင်ဘူး.. မှန်ပြတင်း ပေါက်တွေဘေးက စားပွဲလေးမှာ တောင်တန်းပြာ နှစ်ခွက်ဖျော်ရင်း မင်းနဲ့ကို်ယ် ပြောဆိုခဲ့တဲ့ စကားတွေကို ပြန်ကြားယောင်ရင်း ဟိုးဝေးဝေးမှာမြင်နေရတဲ့ မှိုင်းညို့ညို့ တောအုပ်ကလေးနဲ့ မြက်ခင်းကလေးကို ငေးကြည့်နေရတာ လောက် ကိုယ် ဘယ်အရာကိုမှ မမက်မောဘူးကွယ်.၊




၁၀။
မနက်ပို်င်း ပန်းချီအရောင်းပြခန်းကိုရောက်တော့ ယူလာတဲ့ပန်းချီကားတွေကို ချိတ်ပြီး ကိုသြ ပေးလာတဲ့ စာရင်းတွေကို စစ်ရင်း ရုံးခန်းလေးထဲမှာ တိတ်တဆိတ် ထိုင်နေခဲ့တယ် ..၊


“ ကိုသြရေ .. ကျွန်မ စာရင်းတွေကြည့်လိုက်ဦးမယ် .. ဘယ်သူမေးမေး မလာဘူးပြောပေးပါနော် ..”


ဆိုတဲ့ ကျွန်မရဲ့စကားကို “ အေးအေး ” လို့ပြန်ပြောရင်း ကိုသြကတော့ ထုံးစံအတိုင်း ဘာမှန်းမသိသော အရာများနဲ့ အလုပ်ရှုပ်လို့ပေါ့..၊

“တင်း..တောင်”  ဆိုတဲ့ ဧည့်သည်လာရင်မြည်တဲ့ အသံလေးကြောင့် ဘာရယ် မဟုတ်ဆိုင်ထဲကိုလှမ်းကြည့် လိုက်တယ် ..၊  နှလုံးသွေးတွေ ရုတ်တရက်ရပ်တန့်သွားရတော့မလိုပါဘဲ..၊  ဘုရားရေ .. ဧရာ ပါလား.. အနည်းငယ် ပိန်သွယ်သွားတာကလွဲရင် အရင်အတိုင်း ရှင်းသန့်ချောမော နေဆဲပါ .. ပြီးတော့ သူ့နဘေးမှာ အင်မတန် လှပတဲ့ ဆွဲဆောင်အားကောင်းတဲ့ မိန်းမတစ်ယောက်လည်းပါရဲ့ ..


“ ကိုသြရေ .. ကျွန်တော်တို့ ပန်းပု နဲ့ ပန်းချီကားတစ်ချို့လိုချင်လို့ဗျ .. ”


“ အေးအေး .. ကြည့်လေကွာ .. လိုတာကိုပြော ..” ကိုသြနဲ့မင်းတို့ရဲ့ အပြန်အလှန်ပြောဆိုအပြီးမှာ မင်းတို့နှစ်ယောက် ပန်းချီကားတွေကို လိုက်ကြည့်နေတာကို မြင်လိုက်ရတယ် ..၊ ကိုယ် မင်းကို ထွက်ပြီး နှုတ်ဆက်ရမလား .. မနှုတ်ဆက်ရဘူးလားဆိုတာဝေခွဲမရဘဲ ရုံးခန်းလေးထဲကနေ ကိုယ့်ခြေထောက်တွေ ရွှေ့လို့မရခဲ့ဘူး..၊


“မြတ်မင်း ရေ..ကြည့်စမ်း.. ဒီပန်းချီတွေ .. ကြိုက်လိုက်တာ .. ရောင်းရန်မဟုတ်တဲ့.. ” ချိုလွင်သာယာတဲ့ အသံနဲ့ မိန်းကလေးက မင်းကိုပြောတော့ လှမ်းကြည့်ပြီးပျက်သွားတဲ့ မင်းမျက်နှာကို ကိုယ် တွေ့လိုက်ရတယ် .. ၊ မှိုင်းညို့သွားတဲ့ မင်းမျက်နှာဟာ ချက်ခြင်းပြိုကျတော့မယ့် ကောင်းကင်လိုပဲ.. ဒီလိုဖြစ်ဖို့ လိုအပ်လို့လား ဧရာ..၊ ကိုယ့်ရဲ့ ရောင်းရန် မဟုတ်ဆိုတဲ့ “ရင်တွင်းခြေရာ ” နဲ့ “ ကြယ်စင်ဧကရာဇ် ” ဆိုတဲ့ပန်းချီကားတွေကို မင်းမြင်သွားပြီပေါ့ ..၊


“ ကြည့်စမ်းပါဦး.. ဒီ ရင်တွင်းခြေရာမှာ.. လူတစ်ယောက်ရဲ့ ရေစိုနေတဲ့ ခြေထောက် တစ်စုံကို အသေးစိတ်ဆွဲထားတာ .. ရေကြောင့်စိုလက်နေတဲ့ အသားရောင်နဲ့ ဖိနပ် .. ရေမှုန်လေးတွေ.. အို..အရမ်းကဗျာဆန်တာပဲ မြတ်မင်းရဲ့ ..ပြီးတော့ ဒီ ကြယ်စင်ဧကရာဇ် ဆိုတာကိုကြည့်စမ်း .. လူတစ်ယောက်ရဲ့ မျက်လုံးတွေကိုဦးစားပေးပြီး မျက်နှာကို ကောင်းကင်နောက်ခံမှာ ရေးရေးကလေး ဆွဲထားတာ .. ကြယ်တွေနဲ့ အတူလေ.. စိတ်ကူးလေးက လှလိုက်တာ ..  မရောင်းတာခက်တယ် ..”


အဆက်မပြတ် ပြောနေတဲ့ အမျိုးသမီးရဲ့ စကားကို မင်းကဘာမှပြန်မပြောဘဲ မျက်နှာကျက်ကို အဓိပ္ဗါယ်မဲ့ ငေးမောနေတယ်..၊ ဧရာရေ..၊ အရာရာဆုံးရှုံးသွားရသလို ဗလာကျင်းနေတဲ့ ကို်ယ့်ရင်ထဲမှာ နာကျင်နေခြင်းတစ်ခုသာကျန်နေတာကခက်လှတယ်..၊ မင်းကို ကိုယ် မစွပ်စွဲရက်ပါဘူးဧရာ..မင်းဟာ မင်းနာမည်လို နေရာတစ်ခုမှာ အတည်တကျ ရှိမနေနိုင်ဘဲ စီးဆင်းနေတတ်သူလို့လေ..၊ ပြီးတော့ မင်းသိထားတဲ့ ကော်ဖီအမျိုးအစားတွေကို တစ်ခုပြီးတစ်ခုပြောင်းသောက်သလို မိန်းကလေးတွေကိုလည်း တစ်ယောက်ပြီးတစ်ယောက် ပြောင်းပြီးချဉ်းကပ်တတ်မယ့်သူရယ်လို့ ကိုယ် တကယ်ကို မထင်ပါဘူးဧရာ ..၊


ဘယ်လိုဘဲဖြစ်ဖြစ် မင်း ကိုယ့်အနားမှာရှိနေစဉ်တုန်းက ကိုယ်ရခဲ့တဲ့မင်းဆီက ကြင်နာခြင်းနဲ့ မင်းမျက်ဝန်း မှာမြင်တွေ့ခဲ့ရတဲ့ တစ်စုံတစ်ရာဟာ မင်းရဲ့ ဟန်ဆောင်ထားခြင်းမဟုတ်ဘူးဆိုတာကိုတော့ ကိုယ် နားလည်ခံ စားလို့ရခဲ့ပါတယ်..၊ ဧရာရေ..၊ ကိုယ် ကတော့ မင်းပေးခဲ့တဲ့ နှင်းဆီနက်ပင်လေးတွေရယ် .. မင်းချန်ထားခဲ့တဲ့ Telescope လေးရယ် ..၊ မင်းသင်ကြားခဲ့ပေးခဲ့တဲ့ ကော်ဖီယဉ်ကျေးမှု ကြားကနေ ရုန်းမထွက်နိုင်ခဲ့သေး သလို ဆန္ဒလည်းမရှိခဲ့ဘူးလေ ..  အရာရာ အားလုံးဟာ လှလှပပ ပြီးဆုံးသွားပေမယ့် နာကျင်မှုတွေနဲ့ ကျန်နေခဲ့ရတာကတော့ ကိုယ်ပေါ့လေ ..၊




၁၁။
ခုဒီရက်တွေမှာ ရာသီဥတုဟာ ပူနွေးလာခဲ့တယ် ဧရာ..၊  ကောင်းကင်ကကြယ်လေးတွေကို ငေးကြည့်ရင်း မင်းကို ပြင်းပြင်ပျပျ သတိရနေခဲ့တယ်.. အကျင့်ပါပြီး ဖျော်ဖြစ်ခဲ့တဲ့ ကိုယ့်ရဲ့ တောင်တန်းပြာ ကော်ဖီနှစ်ခွက် ထဲက တစ်ခွက်ဟာ ပိုင်ရှင်ကို မျှော်လင့်နေလေရဲ့..၊ တစ်နေ့နေ့မှာများ လမ်းကြုံလို့ဖြစ်စေ .. သတိရလို့ဖြစ်စေ တောင်ကုန်းကလေးပေါ်မှာ ရှိနေတဲ့ကိုယ့်ရဲ့အိမ်လေးကို မင်းများရောက်လာခဲ့ရင် …….




၁၂။
ပန်းချီကားတွေကိုလာယူရင်း ပြတင်းပေါက်နဘေးမှာ ကော်ဖီနှစ်ခွက်ကို ရှေ့ချပြီး အဝေးကိုငေးနေတဲ့ မိန်းကလေးကိုကြည့်ရင်း ကျွန်တော်ရင်ဘတ်တွေနာလာခဲ့ရတယ်..၊  ကတိ စကားတစ်ခွန်းကို ချိုးဖောက်ပြီး သူမလေးကို ပြောပြချင်ပေမယ့် ကျွန်တော့်ရဲ့ စကားကြောင့် မိန်းကလေးပိုပြီးနာကျင် ကြေကွဲရမှာကိုလည်း ကျွန်တော်စိုးရိမ်ပါတယ်..၊ တစ်ဦးနှင့်တစ်ဦး သိပ်ချစ်ကြတဲ့သူတို့ နှစ်ဦးမှ ဘာဖြစ်လို့များခုလို အဖြစ်ဆိုးမျိုး ကြုံခဲ့ရတာလဲဆိုပြီး ကံတရားကိုလည်း ကျွန်တော် အပြစ်ပြောချင်ပါတယ်..၊  မိန်းကလေး အပေါ်မှာ အင်မတန်ချစ်မြတ်နိုးတဲ့ ကောင်လေး.. မိန်းကလေးအတွက် အရာရာကို ဦးစားပေးပြီးစဉ်းစားခဲ့တဲ့ ကောင်လေး.. ငါ့ရင်တွေ မချိတော့ပါဘူးကွာ..၊


“ ကိုသြ .. ကတိပေးဗျာ .. ကျွန်တော့မှာ ဒီရောဂါဖြစ်နေတာ ..ရှင်မင်းခ ကိုလုံးဝမပြောပါဘူးလို့.. ပြီးတော့ သူ့ကို စောင့်ရှောက်ပေးပါ..၊ ကျွန်တော်စိတ်မချဘူးဗျ .. သူက မြုံစိစိ ကလေး.. ၀မ်းနည်းအားငယ် တတ်တယ် .. ကျွန်တော့်ရောဂါ က မသေချာဘူးဗျ .. တကယ်လို့ သေဆုံးသွားခဲ့ရင်တောင်  ရှင်မင်းခ ကို ဘာမှ မပြောပါဘူးလို့ ကတိပေး.. သူကျွန်တော့်ကိုစိတ်နာနေတာက ကြေကွဲ နေတာထက်စာရင်ပိုကောင်း မယ်.. ” ဆိုတဲ့ ခွဲစိတ်ခန်းဝင်ဖို့ ဆေးရုံမတက်မီ ကျွန်တော်ရှိရာ ပန်းချီအရာင်းပြခန်းလေးရှိရာကို လာပြောသွားတဲ့ ကောင်လေး မြတ်မင်းဧရာ ရဲ့စကားကို  
“ကောင်မလေးကို ဘာမှ ပြန်မပြောပါဘူး” လို့  ပြောရင်းဆေးရုံတက်ပြီး ခွဲစိတ်ခံတော့မယ့်ကောင်လေးကို ကတိပေးခဲ့တယ်..၊


မိန်ကလေးရေ.. မင်းချစ်တဲ့ကောင်လေးဟာ မင်းထင်နေသလို တခြားကောင်မလေး နောက်ကို ပါသွားတာ မဟုတ်ဘဲ မကြာခင် အချိန်ကာလလေးကမှ ဦးနှောက်ကင်ဆာ ရောဂါ နဲ့ ခွဲစိတ်ခြင်းမအောင်မြင်ဘဲ ခွဲစိတ်ခန်းအတွင်မှာ သေဆုံးသွားခဲ့တယ်ဆိုတာ မင်းသိရမယ်ဆိုရင် .. .. …..။  ။



ပျိုးယုဝသုန်
(၂၁၊၀၇၊၂၀၁၁)








6 comments:

မိုးငွေ့...... said...

ဇာတ်လမ်းလေးကလဲ ကြေကွဲစရာလေးဟာ...။

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ် ကြေကွဲစ၇ာ....

ညီရဲ said...

အစ်မမိုးငွေ့ ညွှန်းလို့ လာဖတ်တယ် အစ်မ... ညွှန်းသလောက်လဲ ကောင်းပါပေတယ်... သိပ်ချစ်ကြတဲ့ ချစ်သူတွေ ဆုံစည်းခွင့်မရရင် စိတ်မကောင်း ဖြစ်မိတယ်... ဖတ်လို့ တကယ်ကောင်းတယ်...

mstint said...

မနေ့က မိုးငွေ့ဆီက လက်ဆောင်ရလို့ ဝသုန်ရဲ့ ကြေကွဲစရာ ဝတ္ထုလေး စာအုပ်ကနေ ဖတ်သွားပြီ။
အရေးအသားတွေကောင်းတယ် အားပေးနေတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Naysi Linn said...

အမ အရမ်းကောင်းတယ်။

Naysi Linn said...

အမ အရမ်းကောင်းတယ်။