Tuesday 17 December 2013

သြော် .. မိန်းမ မိန်းမ (၁)


မှန်တင်ခုံရှေ့တွင် ထိုင်လိုက်တယ်ဆိုလျှင်ပဲ ပထမဆုံးသတိထားမိသည်မှာယခင်ကထက် ပို၍ ဝိုင်းလာသော မျက်နှာဖြစ်သည်။ ယခင်က အသည်းပုံသဏ္ဍန် မျက်နှာကျသည်ideal မျက်နှာကျမျိုးတွင် ပါဝင်သည်ဆိုကာ မိတ်ကပ်ဆံပင် သင်တန်း၌ ဆံပင်ထုံးဖွဲ့လျှင်သော်လည်းကောင်း၊ မိတ်ကပ်လိမ်းခြယ်လျှင်သော် လည်းကောင်း စံပြ မျက်နှာကျ အဖြစ် အသုံးပြုခံရသော ဤမျက်နှာသည် ယခုတွင် ပါးတစ်ဖက်တစ်ချက်ဆီ၌ အပိုအသားများ ခိုတွဲလာပြီ ဖြစ်သည်။သူမ၏ စိတ်သည်  လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်ကနုငယ်ပျိုမြစ် မှုတို့ ဆီသို့ ရောက်ရှိသွားသည်။


ထိုစဉ်က နက်မှောင်သော ဆံပင်ထူထူ တို့သည် သူတကာတို့ အားကျဖွယ် ဖြစ်ခဲ့သည်မဟုတ်ပါလား။ ခါးသေးရင်ချီ ပဒုမ္ဗနီဟု တင်စားခံရလောက်အောင် သူမတွင် သွယ်လျသော ခါးသိမ်သိမ်ကလေးလည်း ရှိသေးသည်။ အမျိုးသမီး၊ အမျိုးသား အားလုံးတို့၏ သမင်လည်ပြန် ပြန်ကြည့်ခြင်းကိုရရှိတိုင်း သူမက မိမိကိုယ်မိမိ ယုံကြည်မှုများ တိုးတိုးလာသည် မဟုတ်ပါလား။



“လှလိုက်တာကွယ်၊ သူ့အမေ ဘယ်လိုများ မွေးထားလဲ မသိဘူး” ဟူသော ချီးမွမ်းစကားများ“ဘယ်လိုလေ့ကျင့်ခန်းတွေများ လုပ်လို့ ဒီလို လှပနေတာလဲ..” ဟူသည့် မေးခွန်းများကိုအမေးခံရတိုင်း သူမက ကျေကျေနပ်နပ်နှုင့် ပြုံးနေတတ်သည်လေ။


မြန်မာမိန်းကလေးတစ်ယောက်အနေနှင့် မြင့်မားသည်ဟု ဆိုနိုင်သော အရပ်တွင် သူမက နှစ်လက်မထက် မနိမ့်သော ခုံမြင့်ဖိနပ်လှလှလေးများကိုခုံခုံမင်မင် နှစ်သက်စွာ စီးတတ်သေးသည်။ ထမီရှည်ရှည်၊ ခုံမြင့်ဖိနပ် နှင့် မြန်မာအင်္ကျီ လက်ပြတ်များသည် တစ်ခေတ်တစ်ခါကသူမ၏ မူပိုင်ပုံစံ အဖြစ် တည်ရှိခဲ့ဖူး သည်လေ။  တက္ကသိုလ်တက် နေစဉ်ကာလတစ်လျောက်တွင် သူမက အမြင်မရိုင်းသော ရိုးရှင်းသည့်ဝတ်စုံများကို ဖက်ရှင်ကျကျ ဖြစ်အောင် တီထွင်ချုပ်လုပ်ကာ ဝတ်ဆင်ခဲ့သည် မဟုတ်လား။ပြီးတော့ သူမသည် သူမ ဝါသနာနှင့် တစ်ထပ်တည်း ကျသော အလုပ်ကို လုပ်ခွင့်ရသည့် အတွက်သူမကို သူမ ကံကောင်းသူအဖြစ် ခံယူလိုက်သေးသည်။


သူမသည် သက်ပြင်းကို ဖြည်းညင်းစွာ ချလိုက်သည်။ မျက်မှောင်ကို မကုပ်မိအောင်တော့သူမ အမြဲသတိထားသည်လေ။ မျက်နှာတွင် အရေးအကြောင်းများ ထင်ပေါ်နေသည်ကို သူမက မနှစ်သက်ပါ။  မှန်ထဲတွင် မြင်ရသော ပကတိမျက်နှာသည် မိတ်ကပ်၊နှုတ်ခမ်းနီ နှုင့် အခြား အားဖြည့် အထောက်အကူ ပစ္စည်းများ မတင်ရသေးသဖြင့် ပြောင်တလင်းကြီးဖြစ်နေသည်။ ပြုံးကြည့်လိုက်လျှင် မျက်အိမ်ထောင့် တစ်ဖက်တစ်ချက်ဆီမှ ပေါ်လာသော မျဉ်းကြောင်းကလေးများက  သူမကို စိတ်အနှောက်အယှက် ဖြစ်စေသည်။ ယခင်ကညီညာသည့် မျက်ရစ်များဖြင့်တင့်တယ်ခဲ့သော မျက်လုံအိမ်သည် ယခုအခါတွင် သိသိသာသာ မို့ဖောင်းနေသည်။အချိုမှုန့်နှင့် ဆိုဒီယမ်ပါဝင်မှုများသော အစားအစာများကို လျော့ချရမယ်ဟုလည်း သူမကိုသူမ သတိပေးလိုက်သေးသည်။ ဒီဘက်နှစ်ပိုင်းတွင် သူမ၏ မျက်လုံအိမ်အောက်၌ အနည်းငယ်ဖောင်းနေသောအရာကလေးများ ပေါ်ပေါက်လာသည် မဟုတ်ပါလား။


မှန်ရှေ့တွင် သူမ ဘေးတစောင်း ထိုင်ကြည့်လိုက်သည်။ ယခင်က သွယ်သော မေး၏အောက်တွင် မလိုလားအပ်သော အရစ်တစ်ခုက ရောက်ရှိကာ မေးနှစ်ထပ် ဖြစ်နေသကဲ့သို့ ဖြစ်နေသည်ကို မနှစ်သက်ဖွယ် မြင်တွေ့လိုက်သည်။ သူမအတွက်၊ သူမ၏ အလုပ် အတွက် သူမ လှပနေရန် လိုအပ်သည်လေ။ ထို့အပြင် အဆီပြင်တို့သည် လက်မောင်း နေရာ၊ ဝမ်းဗိုက်နှင့် ခါးနေရာတို့တွင်သိသိသာသာ တွဲခိုလာခဲ့ပြီ။ ယခင်က ၂၂ လက်မမျှသာ ရှိသော သူမ၏ ခါးကလေးသည် ယခုတွင် ၂၇လက်မ ၂၈လက်မ ဖြစ်နေပြီ။ ယခင်က လက်ပြတ်အင်္ကျီကလေးများနှင့် တင့်တယ်သော လက်မောင်းသည်လည်းအဆီပြင်တခါခါ နှုင့် မတင့်တယ်နိုင်တော့ပါ။ သူမ သက်မတစ်ခုကို ဖြည်းဖြည်း ချလိုက်မိပြန်သည်။ဒီ အဆီပြင်တွေ ဘယ်လိုများ ရောက်လာပါလိမ့် ဟုလည်း မသက်မသာ ညည်းညူမိသေး သည်။


သူမ၏ အသက်မွေးဝမ်းကျောင်းမှုသည် အလှအပနှင့် သက်ဆိုင်နေသော အလုပ်မဟုတ်ပါလား။ ထိုကဲ့သို့အလုပ်ကို လုပ်ကိုင်နေပါလျက် မိမိကို် မိမိ ဂရုမစိုက် နိုင်လျှင်ဤအလုပ်ကို လုပ်ကိုင်ဖို့ရာ သူမသည် မထိုက်တန် ဟု သူမကို သူမ ပြစ်တင်ပြောဆိုလိုက်သည်။ ဘာဖြစ်ဖြစ် ၃၅ ကျော်လို့ ၄၀ ဘက်ကိုရောက်လာတဲ့မိန်းမ တစ်ယောက်ဟာ ဒီလောက် တော့လည်းရှိမှာပေါ့ဟု ဖြေတွေးကလေးလည်း တွေးလိုက်ကာ သူမကိုယ်သူမ အားပေး လိုက်သည်။ ကိုယ်အလေးချိန် ၁၁၈ ပေါင်လောက်သာရှိသည့်မိန်းမတစ်ယောက်သည် အနှစ်၂၀ အတွင်း ပေါင် ၂၀၊ ၂၅ ပေါင်လောက် တိုးလာခြင်းကို သူမ ထိတ်လန့်တကြီးဖြစ်နေသည်လေ။ ဘုရားရေ တစ်နှစ်ကို တစ်ပေါင်နှုန်းလောက် ကိုယ်အလေးချိန် တိုးနေရင် အသက် ၆၀ ကျော်ရင်မတွေးရဲစရာပဲ ဟု သူမကိုယ်သူမ ခြိမ်းခြောက်လိုက်သေးသည်။ ကိုယ်ခန္ဓာတွင် အဆီပြင် တွေများလာပြီး ကိုယ်အလေးချိန်တွေ တိုးလာလျှင် ရရှိလာမည့် နောက်ဆက်တွဲ ဆိုးကျိုးများကို သူမ ကြောက်ရွံ့လှသည်မဟုတ်ပါလား။ သွေးချို၊ ဆီးချို၊ နှလုံးအဆီဖုံးခြင်း၊ အသည်းအဆီဖုံးခြင်း စသော ရောဂါများသည်မိမိကိုယ်မိမိ မထိန်းသိမ်းမစောင့်ရှောက်၍ ဖြစ်လာသည့် ရောဂါများဖြစ်သည်ဟု သူမက မှတ်ယူထားသည်။


ထို့နောက် သူမ မတ်တပ်ရပ်လိုက်သည်။ ဝမ်းဗိုက် နှင့် ခါးနေရာမှာ လှုပ်ခါသွားသောအဆီပြင်များကို မသက်မသာ မြင်တွေ့လိုက်ရသည်။ ထို့နောက် သူမဆုံဖြတ်ချက်တစ်ခုကိုချုလိုက်သည်။ တစ်သက်တွင် မလုပ်ခဲ့ဖူးသော လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ရန်ဖြစ်သည်။


မိန်းမ ပီသစွာပင် သူမသည် အချိန်တိုင်း အရွယ်အလိုက် တင့်တယ်ချင်သူမဟုတ်လား။ မျက်နှာကို တိုနာ နှုင် ခပ်ဖွဖွ တို့လိုက်သည်။ ထို့နောက် moisturizer ကို မျက်နှာနှင့်လည်ပင်းတစ်ဝိုက် နှံ့စပ်အောင် လိမ်းလိုက်သည်။ ထို့နောက် နေရောင်ဒဏ်မှ ကာကွယ်နိုင်စေရန်SPF30 ရှိသည့် sunscreen ကို လိမ်းလိုက်ကာ brush ဖြင့် ပေါင်ဒါမှုန့် အနည်းငယ်ကိုယူ၍ မျက်နှာနှင့်လည်ပင်းတစ်ဝိုက်တွင် အပိုအလိုမရှိ အောင်ညှိလိုက် သည်။ မျက်ခုံးကိုခဲတံဖြင့် ခပ်ဖွဖွလေးဆွဲလိုက်သည်။ ထင်ထင်ရှားရှား သိသိသာသာကြီး ဖြစ်မနေစေရန် သေချာဂရုတစိုက်ကြည့်လိုက်သေးသည်။ ပြီးနောက် မျက်တောင်ကော့ ဆေးရည်ဖြင့် မျက်တောင်များကို ကော့မတင်ဘဲအလျားလိုက် အောက်သို့ ဆွဲချကာ မျက်တောင်များကို အရောင်တင်လိုက်သည်။ ထို့နောက်တွင်နှုတ်ခမ်းကို ချယ်ရီရောင်ဖျော့ဖျော့လေး ခပ်ပါးပါးတင်ကာ Lip Liner နှင့် အနားသတ်လိုက်သည်။


ပြင်ဆင်မှု ပြီးသွားချိန်တွင် မြင်ရသော သူမ၏ မျက်နှာသည် ပြုပြင်ထားသည်ဟုမထင်ရဘဲ လတ်ဆတ်နေသည့် မျက်နှာတစ်ခုအဖြစ် ကျေနပ်စရာ တွေ့လိုက်ရသည်။  ပြီးနောက် T shirt လက်တိုကလေးနှုင့် 4quarter အားကစားဘောင်းဘီကို ဝတ်ကာ Canvas ဖိနပ်ကို စီးလိုက်သည်။ သူမသည် လမ်းလျောက်ရန်နှုင့်ခပ်ရွရွပြေးရန် အဆင်သင့် ဖြစ်နေပြီ မဟုတ်ပါလား။


မှန်ထဲတွင် နောက်ဆုံးအကြိမ်းအဖြစ် သူမကိုယ်သူမ ကြည့်လိုက်ချိန်တွင်ရှိရင်းစွဲအသက်ထက် ၆နှစ် ၇နှစ်ခန့် ပိုမိုနုပျိုနေသည်ကို ကျေကျေနပ်နပ်ကြီး မြင်တွေ့လိုက်သည်။ 


ပြီးနောက် သူမသည် လမ်းလျောက်ခြင်း၊ ခက်ရွရွပြေးခြင်းနှင့် အပေါ့စား ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရန်အိမ်မှ ထွက်ခွါသွားတော့သည်။




ပျိုးယုဝသုန်
24-11-2013
Sunday (YGN)

3 comments:

NSA said...

မိန်းကလေးချောချောလေးတေ သိပ် သဘောကျတယ်
ဖဘ ကတည်းက ချောမန်းသြိးသား

Hmone အမေ

မြန်မာဖောင့်မစု
သည်းခ့ပါ

NSA said...

မိန်းကလေးချောချောလေးတေ သိပ် သဘောကျတယ်
ဖဘ ကတည်းက ချောမန်းသြိးသား

Hmone အမေ

မြန်မာဖောင့်မစု
သည်းခ့ပါ

Cameron said...

ဒါပေါ့ ဒါပေါ့ လုပ်ရတော့မယ်လေ