Friday 19 April 2013

နောက်ကျောဘက်မှ လက်များ






စကားတစ်ခွန်းရဲ့အတိမ်အနက်ဟာ
အဓိပ္ဗါယ် ဘာဆိုတာ - သေချာ  ငါ နားမလည်ချင်ဘူး..
ကောင်းတာလား ၊ ဆိုးတာလား
အကြောင်းအရာက တမျိုးမျိုးမက ရှိနိုင်တယ်..
ဘဝဆိုတာ သတ်ကွင်းမဟုတ်သလို
နှလုံးသားဟာ ပြိုင်မြင်းမဟုတ်ဘူး..
ရင်ဘတ်က ဓားဒဏ်ရာ - ပျောက်မယ်ကြံကာရှိတုန်း
နောက်ကျောတစ်ခုလုံးကို - ဓားတုံးတုံးနဲ့ အဆုံးစီရင်သွားခဲ့တယ်..
ဓားကမ်းတဲ့ လက်ဆိုတာထက်
ကြေမွသွားရတဲ့ ယုံကြည်မှု - အတုအပဖြစ်တာပိုဆိုးတယ်..
ကျောဖွင့်ပေးခဲ့တဲ့ငါ
ကိုယ်ရေးတဲ့ဇတ် ကိုယ်ပြန်ကတဲ့အထိ
ဇတ်ပို့အဆင့်ပဲ ရှိသေးတယ်..
ဘာဆက်ဖြစ်မှာလဲ - ဘယ်သူမှမသိတဲ့ဇတ်လမ်း
တစ်ယောက်တည်းသော သိသူက ငါ
တကယ်တော့ ဒါ ဘာမှ မဆန်းပါဘူး..
တွန့်ကွေးသွားတဲ့ မျက်လုံး
ဟုတ်တယ်  ဒါ အပြုံးတစ်ခုပဲ
ရင်ဆိုင်နိုင်တယ်ဆိုလည်း ရင်ဆိုင်ပေါ့..
နောက်မဆုတ်ကြေးနော်
ထွက်ပြီးသားအစွယ်က ပြန်ဝင်တန်မကောင်းဘူး
အဆိပ်လူးတဲ့ အမဲတုံး - ပြုံးပြုံးကြီး စားသုံးပါ
ရသာတဏှာရဲ့နောက်ဆက်တွဲ လဲ- ပျော်ပျော်ပဲ လက်ခံပေါ့..
အကြောင်းပြချက်လား - တကယ်မလိုပါဘူး
လိပ်ပြာလုံလုံနဲ့ သိက္ခာအရေခြုံနိုင်စေ …
ကျွဲသေပုပ်ကို - ဆိတ်ရေနဲ့တော့မအုပ်နဲ့
လုပ်သမျှအရှုပ်ဆို  ပုပ်သမျှ ပေါ်မှာပဲ..
အကြောင်းဆက်ရဲ့ အကျိုး - လက်ညှိုးတော့ လာမထိုးနဲ့
ကိုယ်ဖြစ်ကိုယ်ခံ ကိုယ်စစ်ကိုယ်စံ - ခံလိုက်စံလိုက်ပါ..
ပြုသူအသစ် ဖြစ်သူမှာလဲ အသစ်ပဲ
မဟောင်းဖို့ သွေးသစ် ငါလဲမယ်…
ခံတွင်းပျက်နေတဲ့ကြောင် - ဇရက်ကလည်းတောင်ပံကျိုး
ဇတ်လမ်းက ရိုးတော့မရိုးလှပါဘူး..
“ဘာနဲ့ဘာ ဖလှယ်မှာလဲ” ပြောစရာမလိုအောင်
ဇတ်ဆောင်တွေကတော်ကြတယ်..
တကယ်က … … … …
စမ်းသပ်ချက်တစ်ခုမှာ
အောင်မြင်ချင်အောင်မြင်မယ် - မအောင်မြင်ရင် ပေါက်ကွဲမယ်
နောက်တစ်ကြိမ်ပြင်ခွင့်မရှိနိုင်တဲ့
တစ်ခါတည်းသောစမ်းသပ်မှုအပြီး
ငါ့ယုံကြည်မှုများ ပျက်စီးပြိုလဲသွားခဲ့ပြီ ..




ပျိုးယုဝသုန်
8:22:34 AM
19-04-2013
Friday (BNE)

2 comments:

Cameron said...

အဲလို ခံစားမှုမျိုးရဖူးတယ်....

သစ်နက်ဆူး said...

တကယ်ကောင်းတဲ့ စကားလုံးတွေနဲ့  ကဗျာဘဲ..။
ကိုယ်တိုင်လဲ ထပ်တူနီးပါး ခံစားဘူးပါတယ်..။
မ၀သုန်ကိုတော့ ချီးကျူးပါရစေ..
ပန်းချီလဲ ဆွဲတယ်နော်..