Friday 12 April 2013

အိမ်ပြန်ချိန်




ချစ်သူရေ…
မိုးတွေရွာနေတယ်ကွယ့်..။
မိုးစက် မှုန်မှုန်သည်းသည်းထဲမှာ ငှက်ကလေးတွေက ချမ်းနေတယ်တဲ့..။
ငှက်ပျောရွက်တွေကြား တိတ်တိတ်လေး ခိုနားနေတဲ့ Water Dragon  လေးကကြောက်နေပုံပဲ။
အဖြူရောင်မိုးသားတွေနဲ့ ကောင်းကင်က လင်းနေတယ်။ တစ်နေကုန်သည်းမယ့် မိုးထင်ပါရဲ့…။
သစ်ပင်လေးတွေကတော့ မော်လို့ကြွားလို့ တောက်ပတဲ့ ဝတ်ရုံရှည်တွေ ဆင်မြန်းလို့..။
ခေါင်မိုးပေါ်က ချိုးငှက်လေးတွေရဲ့  ကူသံ သာသာ မကြားရတာ နဲနဲကြာပြီ။
သစ်ခွတွေလည်း ဖူးနေပြီ။ ငရုပ်တွေလည်း သီးနေပြီ။ ပင်မှည့်သီးတော့ မင်းကကြိုက်တယ် မဟုတ်လား..။
မြက်တွေစိမ်းစိုနေတာကတော့ ဂန္ဓဝင်ဆန်လွန်းတယ်။ အနားသတ်ထားတဲ့ နူးညံ့တဲ့ အရွက်ချွန်ချွန်လေးတွေရှိတဲ့ edge plant လေးတွေက မင်းရဲ့ ဆံပင်တွေလို သိပ်နူးညံ့တာပဲ..။


နေမွန်းတိမ်းပြီကွယ့်..။
မိုးတစ်ဖျောက်ဖျောက်ကျဆဲပဲ။ ရေတွေရွှဲရွှဲစိုနေပြီလား။
အပြန်လမ်းက သာယာမှာပါ။ မှာလိုက်တာလေး ဝယ်ခဲ့ပါ။
မိုးစဲနေက လှနေတယ်။ နွေးထွေးမှုတွေ ယူခဲ့မှာလား။
ကြည့်စမ်း…  အဝေးကခွေးဟောင်သံ သဲ့သဲ့ကြားရတယ်။
အဆင်ပြေပါရဲ့လား..။ ရည်ရွယ်ရာကို ရောက်ခဲ့ရဲ့လား..။


နေရောင်တွေတောင်ပျောက်ခဲ့ပြီ။ အမှောင်ရိပ်လည်း ဝင်တော့မယ်။
ငှက်တွေအိပ်တန်းတက်တော့မယ်။ ထူးထူးဆန်းဆန်း သြဥသံကို ကြားရတယ်။
နှုတ်မဆက်ပါနဲ့ကွယ်။
ကြယ်တွေအိမ်ပြန်လာကြပြီ။ အလင်းမှိန်မှိန် မီးအိမ်လေးတွေယူခဲ့တယ်။
လမ်းများမှားနေသလား။ ရောက်ချိန်တန်လို့ ကျော်ခဲ့ပြီ။
မိုးမှုန်လေးတွေကျလားပြီ။ လေလည်း နဲနဲ ထန်လာပြီ။
နာရီစင်က ကိုးချက်မြည်တာ တော်တော်လေးကို ကြာနေပြီ။
ထီးရောပါရဲ့လား၊ ဗိုက်ဆာနေပြီလား။
ကြယ်တွေ အိပ်တန်းဝင်ကုန်ပြီ။ အလင်မှိန်လို့ မင်း အိမ်ပြန်ရခက်နေလား..။
အရိပ်မည်းရဲ့ လက်တံတွေက ရှည်လာပြီ။
နာရီသံတွေ ရေတွက်ဖို့အား ပျောက်နေပြီ..။
ဒီနေရာမှာ ထိုင်လို့နေမြဲ . .. စောင့်နေမြဲ…။
အပြန်လမ်းကို ငေးလို့နေမြဲ .. ကြည့်နေမြဲ ..။
လမ်းပျောက်သူက ပျောက်လို့နေဆဲ .. လျောက်နေဆဲ..။
အိမ်ဆိုတာကို မေ့လို့နေဆဲ .. ရွေ့နေဆဲ…။
အမှောင်ထဲက ရုတ်တရက် .. လက်ပြနှုတ်မဆက်ပါနဲ့ကွယ် ..။


ပျိုးယုဝသုန်
11:45:46am
12-04-2013
Friday (BNE)

1 comment:

Cameron said...

အိမ်ပြန်ချိန်အက်ဆေးလေးက လှလှပပနူးနူးညံ့ညံ့နဲ့ လင်းရာကမှောင်... ကြည်နူးစရာကနေ... ၀မ်းနည်းချင်လာတယ်...။