Saturday 5 January 2013

အုတ်ကြားမြက် နှင့် မြက်ခင်းပြင်





မြက်ခင်းပြင် စိမ်းမြမြတို့ကို မနှစ်သက် မမြတ်နိုးသူ ရှိကြမည်မဟုတ်ပါ။ စိတ်ကို လန်းဆန်းစေခြင်း၊ စက္ခုအမြင်ကို အေးမြစေခြင်း စသော အခြေခံ အကြောင်းအရာများ မှတစ်ဆင့် လတ်ဆတ်သော မြက်တို့၏ရနံ့၊ နူးညံ့ အေးမြသော အထိ တို့ကြောင့် ကလေးသူငယ်များမှ အစ သက်ကြီးရွယ်အိုများ၊ တိရိစ္ဆာန်ကလေးများပါမကျန် မြင်ခင်းပြင်ပေါ်တွင် ထိုင်ခြင်း၊ ပြေးလွှားဆော့ကစားခြင်းတို့ကို နှစ်သက်ကြသည်။


ထို့ကြောင့် အားကစားကွင်းများ၊ ပန်းခြံများ၊ အပန်းဖြေအနားယူစခန်းများနှင့် အချို့သော မြေနေရာရှိသည့် လူနေအိမ်တို့၏ ရှေ့၊ နောက်၊ ဝဲ၊ ယာ ပတ်လည်တွင် မြင်ခင်းသည် မပါမဖြစ်သော ပြယုဂ် တစ်ခုအဖြစ်လည်းကောင်း၊ အဆင်တန်ဆာတစ်ခုအဖြစ် လည်းကောင်း စိုက်ပျိုးပြုစုထားကြသည်။


သို့ရာတွင် အုတ်ခင်းထားသော လမ်းများတွင်လည်းကောင်း၊ ကျောက်စရစ်ခင်းထားသော လမ်းများတွင်လည်းကောင်း၊ ကွန်ခရိလမ်းများတွင် လည်းကောင်း၊ မြက်ပင်များ ပေါက်ရောက် ရှင်သန်နေသည်ကို မြင်တွေ့ရလျှင်မူ ပယ်ရှားပစ်ခြင်း၊ အမြစ်ပါသေအောင် ဆေးဖြန်၍ သတ်ခြင်းများကို ခံကြရသည်။



မြက်တို့သည် အမျိုးအစားအားဖြင့် ကွဲပြားသည်ရှိသော်လည်း အသုံးပြုရာ နေရာများ တွင်မူ အတူတူပင်။ မြက်သည် မြက်များနှုင့်သာ အတူတကွ နေလျှင် သို့တည်းမဟုတ် သဟဇာတ ဖြစ်ရာနေရာ အရပ်တွင် နေလျှင် မြတ်နိုး တန်ဖိုးထားခြင်း ခံရမည်သာ။ အတတ်ကြူး၍သော်လည်းကောင်း၊ သန်မာသော အရင်းအမြစ်ရှိသည်ဟူကာ အုတ်ကြား သို့မဟုတ် မနေသင့် မရှိသင့်သော နေရာဒေသတွင် ရှင်သန်နေထိုင်ရန် အားထုတ်သောအခါ နှုတ်ပယ် ဖယ်ရှားခြင်း ခံရမည်။ အုတ်ကြားတွင် ရှင်သန်ရန် ကြိုးစားနေစဉ် ပယ်နှုတ် ဖျက်စီးခြင်းခံရသော မြက်ပင်တို့ကို ကြည့်ကြည့်ပါ။ စဉ်းစားတွေးတောစရာများ သည် အစီအရီ ပေါ်ပေါက်လာပေမည်။


ကျွန်မတို့သည် လူသားများ ဖြစ်သည့်အားလျော်စွာ လူ့အဖွဲ့အစည်းအတွင်းတွင် ကျင်လည်းလှုပ်ရှားနေကြသည်။ မိမိသည် မည်ကဲ့သို့သော အနေအထားတွင် ရှိနေသည်ကို ရိုးသားစွာသိရှိ၍ မိမိကိုယ်ကို မိမိ ဝန်ခံနိုင်ရမည်။ လူတိုင်းသည် တူညီသော ဦးနှောက်ကို ပိုင်ဆိုင်ကြသည်။ ကွဲပြားခြားနာခြင်းမှာ စဉ်းစားတွေးခေါ်ပုံနှင့် စီမံခန့်ခွဲနိုင်မှုသာဖြစ်သည်။ နိုင်ငံရေးတွင်ဖြစ်စေ၊ စီးပွားရေးတွင် ဖြစ်စေ၊ လူမှုရေးတွင် ဖြစ်စေ မိမိ၏ အခြေအနေမှန်ကို သုံးသပ်နိုင်ရမည်။ မနိုင်ဝန်ကို ထမ်းခြင်းသည် ဝန်ပိကာ ကျရှုံးမှုဆီသို့ ဦးတည်နေမည်မှာ အမှန်ပင်ဖြစ်သည်။ ပုဂ္ဂလိကဆန်သော မာန်မာနသည် ကျွန်မတို့ကို ပျက်ဆီးရာဆီသို့ တွန်းပို့နေသည်။ သို့ရာတွင် အချိန်တော်တော်များများ၌ ကျွန်မတို့သည် ထို မာန်မာနများဖြင့် မွေ့လျော်နေကြသည်သာ။ ခါချဉ်ကောင်သည် တစ်ရက်တည်း၊ တစ်ကြိမ်တည်းအားဖြင့် တောင်ကို မဖြိုနိုင်ပေ။


တစ်ဆင့်ခြင်း တက်ခြင်း၊ တစ်လှမ်းချင်း လှမ်းခြင်းသည် အန္တရာယ်ကင်းကာ တစ်နေ့တွင် ရည်ရွယ်ရာ ပန်းတိုင်ကို ရောက်ရှိမည်ဟူသော အသိသည် ကျွန်မတို့ အသိတွင် ငယ်ကတည်းက ရှိထားပြီး ဖြစ်သည်။ သို့ရာတွင် ထိုအချက်ကို လိုက်နာနိုင်ရန်မှာမူ ခက်ခဲလှသည်။ အဆင့်ကျော်တက်၍ အမြင့်ရောက်သွားသူများ၊ အပြေးလှမ်း၍ ပန်းတိုင်ရောက်သွားသူများ ရှိကြပါသည်။ ကျွန်မတို့သည် ထိုသူတို့ကို အားကျ အတုယူချင်ကြသည်။ သို့ရာတွင် ထိုကဲ့သို့သော အောင်မြင်မှု ပန်းတိုင်ဆီသို့ ရောက်ရှိသူများမှာ အနည်းစုသာဖြစ်သည်ကို သိရှိသော်လည်း မေ့လျော့ထားချင်ကြသည်။ ထိုသူတို့ထက်စာလျှင် အဆင့်ကျော်တက်၍ ချော်ကျသူများ၊ အပြေးလှမ်း၍ လဲကျကာ ပန်းတိုင်သို့ မရောက်နိုင်သောသူများက ပို၍များသည်။ သို့သော် ပန်းတိုင် မရောက်နိုင်သူတို့ကိုမူ မြင်တွေ့နေရသော်လည်း ကျွန်မတို့ လက်မခံနိုင်ကာ မမြင်ဟန် ပြုကြသည်။ ငါ ဆိုသော စိတ်ဖြင့် မျက်စိမှိတ်ကာ နေတတ်ကြသည်။ ဤသည်မှာ ကျွန်မတို့၏ အတ္တ နှုင့် မာန်မာနပင်ဖြစ်သည်။


အမှန်တွင် ကျွန်မတို့သည် ကျဆုံးခြင်းကို သေချာ ကြည့်နိုင်ရမည်။ လက်ခံနိုင်ရမည်။ သင်ခန်းစာယူနိုင်ရမည်။ ဆုံးရှုံးခြင်း အကြောင်းရင်းကို လက်မခံနိုင်လျှင် ကျရှုံးခြင်းနွံတွင်းမှ ထူထနိုင်ရန် လမ်းမမြင်နိုင်ပါ။ မအောင်မြင်ခြင်း၏ အရင်းအမြစ်ကိုလည်း ကျွန်မတို့ ရှာဖွေနိုင်ရမည်။ မအောင်မြင်ခြင်း၏ အရင်းမြစ်ကို သိရှိရှောင်ရှားနိုင်လျှင် အောင်မြင်ခြင်းသည် မဝေးတော့သော လက်တစ်ကမ်းတွင်သာ ရှိနေပေမည်။ 


မြက်ပင်ဥပမာအားဖြင့် ဆိုရလျှင် အုတ်ကြားမြက်ကဲ့သို့ တဒင်္ဂ တစ်ခဏ အင်အားကြီး သူတို့ကြားတွင် ရပ်တည်နိုင်ရန် ကြိုးစားမည်လား၊ သို့တည်းမဟုတ်  မြက်ပင်များ ပွားများသကဲ့သို့ တဖြည်းဖြည်းချင်းအားဖြင့် မိမိတို့၏ အဝန်းအဝိုင်းကို ချဲ့ထွင်ကာ အင်အားကြီးသည်ဟု သတ်မှတ်ထားသော နေရာဒေသ၊ အသိုင်းအဝိုင်းတို့ကို ချယ်လှယ် လွှမ်းမိုးနိုင်ရန် ကြိုးစားကြမည်လား ဆိုသည်မှာ ကျွန်မတို့၏ ပုဂ္ဂလိက ရွေးချယ်မှုများသာ ဖြစ်တော့သည်။


 မည်သို့ပင်ဖြစ်စေ ကျွန်မတို့၏ အနာဂတ်စာမျက်နှာများကို ရေးသားခွင့် ရှိသူမှာ ကျွန်မတို့ကိုယ်တိုင်မှတပါး အခြားသောသူများ မဖြစ်နိုင်ပါ။



ပျိုးယုဝသုန်
05-01-2013
1:41:35 AM
Saturday (BNE)


2 comments:

စံပယ်ချို said...

ဆုံးရှုံးခြင်း အကြောင်းရင်းကို လက်မခံနိုင်လျှင် ကျရှုံးခြင်းနွံတွင်းမှ ထူထနိုင်ရန် လမ်းမမြင်နိုင်ပါ။ မအောင်မြင်ခြင်း၏ အရင်းအမြစ်ကိုလည်း ကျွန်မတို့ ရှာဖွေနိုင်ရမည်--------
အနာဂတ်စာမျက်နှာများကို ရေးသားခွင့် ရှိသူမှာ ကျွန်မတို့ကိုယ်တိုင်မှတပါး အခြားသောသူများ မဖြစ်နိုင်ပါ
ဟုတ်တယ်ပျိုးရေ.....ဒီပိုစ့်လေးကိုတကယ်ကြိုက်တယ်

မိုးနတ်ကြယ်စင် said...

မရေ..တကယ်ကို တန်ဖိုးရှိတဲ့ ပို့စ်လေးပဲ...
အရမ်းကောင်းတယ်မ....:)