Wednesday 26 December 2012

နောက်ကျောဘက်မှ မျက်နှာများ






ကျောခိုင်းထွက်ခွါသွားသူများကို မျက်လုံးတစ်ဆုံးငေးကြည့်ဖူးပါသလား။


***
ကျွန်မအား ကျောခိုင်းထွက်ခွါသွားသူများတွင် ကျွန်မကိုချစ်သောသူများ၊ ကျွန်မက ချစ်သောသူများ၊ ကျွန်မကို မချစ်မနှစ်သက်သူများ၊ ကျွန်မက မချစ်မနှစ်သက်သူများ၊ ခင်မင်ရင်းနှီးသူများ၊ မရင်းနှီး မကျွမ်းဝင်သူများ အားလုံးပါဝင်သည်။ ထိုသူတို့၏ နောက်ကျောတွင် မတူညီသော မျက်နှာများ အသီးသီးလည်း ရှိကြသည်။

ခေတ္တခဏခွဲခွါခြင်းဖြင့် ခဏခဏကျောခိုင်းသွားသူများ၊ မမြင်မတွေ့လိုတော့သဖြင့် ထာဝရ ကျောခိုင်းသွားသူများ၊ ဝမ်းနည်းခြင်းများဖြင့် ကျောခိုင်းသွားသူများ၊ နှုတ်ဆက်၍ ကျောခိုင်း သွားသူများ၊ နှုတ်မဆက်ဘဲ ကျောခိုင်းသွားသူများ၊ အချိန်တန်၍ ကျောခိုင်းသွားသူများ၊ အချိန်မတန်သေးဘဲ ကျောခိုင်းသွားသူများ အစရှိသော ခေါင်းစဉ်အမျိုးမျိုးတို့ဖြင့် ကျောခိုင်း ထွက်ခွါသွားသူတို့၏ နောက်ကျောကို အခါတော်တော်များများ  မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေခဲ့ဖူးသည်။

ထိုကဲ့သို့ ငေးကြည့်နေခဲ့သော်လည်း တစ်ကြိမ်နှင့် တစ်ကြိမ်တွင် ဖြစ်ပေါ်လာသော ခံစားချက်များသည် မတူညီကြပါ။ ဝမ်းနည်းခြင်း၊ စိတ်မကောင်းဖြစ်ခြင်း၊ မည်သို့သော ခံစားမှုမျိုးမှ မရှိခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်သက်သာရာရခြင်း၊ ကြေကွဲခြင်း၊ ဆုံးရှုံးခြင်း၊ နာကျင်ခြင်း ဟူသော စိတ်၏ခံစားမှုများသည် ကျွန်မငေးကြည့်ခဲ့ဖူးသော နောက်ကျော များတွင် တွယ်ညိကပ်ပါသွားသည်သာ။

ထို့အတူပင်  ကျောခိုင်းထွက်သွားသူများတွင်လည်း ကျွန်မကို ထားရစ်ခဲ့ခြင်းအပေါ်တွင် ခံစားချက်မျိုးစုံဖြင့် ဖွဲ့တည်ကောင်း ဖွဲ့တည်နေနိုင်ပေမည်။ ထိုခံစားချက်တို့ စွန်းထင်းနေသော မျက်နှာ သို့မဟုတ် စိတ်မျက်နှာသည် ကျောခိုင်းသွားရာ ကျောပြင်တို့၏ ဆန့်ကျင်ဘက်တွင်ရှိနေပေမည်။

ကျွန်မသည်လည်း ကျောခိုင်းခဲ့ဖူးသည်။ သို့သော် ကျွန်မ၏ ကျောခိုင်းခြင်းများမှာ ခေတ္တ ခဏ အတွက် ကျောခိုင်းခြင်းများသာဖြစ်သည်။ ကျွန်မ၏ ကျောခိုင်းထွက်ခွါခဲ့ခြင်းကို မျက်လုံးတစ်ဆုံး လိုက်လံကြည့်ရှုနေသူကိုမူ မတွေ့မကြုံခဲ့ဖူးပါ။ ကျွန်မ မသိသောကြောင့် လည်း ဖြစ်နေနိုင်ပါသည်။

ရံဖန်ရံခါတွင် လူ့လောကကြီးအား ထာဝရ ကျောခိုင်းသွားသော သူများသည် ကျောခိုင်းထွက်ခွါ မသွားခင်တွင် မည်ကဲ့သို့သော ဆန္ဒ သို့မဟုတ် စိတ်ခံစားမှုများနှင့် ထွက်ခွာသွားသနည်းဟု စဉ်းစားမိသည်။ သူတို့တွင်လည်း အနည်းဆုံး ဆန္ဒလေးတစ်ခုတော့ ပါသွားလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။

အကယ်၍များ ကျွန်မသည် လောကကြီးကို၊ ကျွန်မချစ်သူခင်သူများ၊ အလေးထားမြတ်နိုး ရသူများကို ထာဝရ ကျောခိုင်းထွက်ခွါသွားရမည်ဆိုလျှင် မည်သို့သော မျက်နှာဖြင့် ထွက်ခွါသွားမည်ကို ကျွန်မ ကြိုတင် မသိရှိနိုင်ပါ။ ကျွန်မ မချစ်မနှစ်သက်သူများနှင့် ပတ်သက်၍ ထူးထူးကဲကဲ ခံစားမှုများရှိမည်မဟုတ်သော်လည်း ချစ်ခင်တွယ်တာ မြတ်နိုးရသော သူများအတွက်မူ နှစ်သက်စရာ မဟုတ်သော ခံစားချက်ဖြင့် ဖွဲ့တည်နေမည်မှာ အမှန်ပင်ဖြစ်ပေမည်။ ကျွန်မသည် လူသာမန် ပုထုဇဉ်တစ်ဦးမျှသာ မဟုတ်ပါလား။


***
ကျွန်မသည် ကျောပြင်များကို ငေးမောကြည့်နေခဲ့ဖူးသည်။ နောင်တွင်လည်း ငေးမော ကြည့်ရှုဖြစ်နေဦးမည်ဖြစ်၏။ နောက်ကျောများမှ မျက်နှာများကို ကျွန်မစိတ်ဝင်စားသည်။ ထိုနောက်ကျောများတွင် ကျွန်မကို ပြောချင်သော စကားများ ရှိကောင်းရှိနေနိုင်သည်။ အထူးသဖြင့် နောက်ကျောများမှ ပြောသောစကားများကို ကြားသိလိုသည်။ ထိုနောက်ကျောဘက်တွင် ရှိနေသော မျက်နှာများကိုလည်း သိမြင်လိုခဲ့သည်။ ဖြစ်လိုမှု ဆန္ဒများထဲမှ အနည်းဆုံး တစ်ခုလောက်ကိုလည်း တတ်နိုင်သမျှ ဖြည့်ဆည်းပေးလိုသည်။ သို့ရာတွင် ထိုစကားသံတို့ကို ကျွန်မ မကြားသိခဲ့ရသလို မျက်နှာများကိုလည်း မမြင်တွေ့ခဲ့ရပါ။


***
တကယ်တော့ နောက်ကျောများတွင်လည်း မျက်နှာများရှိကြသည်။




ပျိုးယုဝသုန်
10:00:00 PM
26-12-2012
Wednesday (BNE)

3 comments:

mstint said...

ထူးထူးခြားခြား ဆောင်းပါးလေး ဖတ်သွားတယ် ဝသုန်ရေ။ အတွေးလေးနဲ့ အရေးလေးကောင်းပါ့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လရိပ်အိမ် said...

စိတ်ဝင်စားဖို့ကောင်းတယ် Post လေးက။ တရားသဘောတွေ။

မိုးနတ်ကြယ်စင် said...

အတွေးလေးကောင်းသလို အရေးလေးလဲ ကောင်းတယ်မ
မိုးနတ်မတွေးမိခဲ့ဖူးတာကို ခု..တွေးမိသွားတယ်..
စဉ်းစားစရာတွေလဲ အပြည့်ပဲမ...မမလရိပ်ပြောသလို
တရားသဘောလေးလဲ အတော်ပါနေတယ်...
တန်ဖိုးရှိတဲ့ ပို့စ်ကောင်းလေးအတွက် ကျေးဇူးပါမရေ..
ချစ်တဲ့...မိုးနတ်