Sunday 19 August 2012

ငါးပိကင် တဲ့နေ့




ကျွန်မတို့ အရှေ့တောင်အာရှမှ လူတွေ တော်တော်များများနှစ်သက်ကြတဲ့ ငါးပိ။ ငါးငါးပိ၊ ဂွေးငါးပိ၊ ပုဇွန်ငါးပိ ..။ ငါးပိမှန်သမျှ ကျွန်မ လွန်စွာနှစ်သက်၏။ ကင်လည်းကောင်း၏။ အချဉ်သီးတစ်မျိုးမျိုးနှင့် ငပိချက် ချက်လည်းကောင်း၏။ သုတ်စားလည်းကောင်း၏။ မကျီး၊ သံပုရာ နှင့်လည်းသုတ်စား၏။ ဆီစိမ်းလေးနှင့်လည်းသုတ်စား၏။ ငပိချက်နှင့် ထမင်းစားသောနေ့တွင် အခြားနေ့များထက်ပို၍ နှုတ်မြိန်၏။


ဖခင်ဖြစ်သူသည် တနင်္သာရီတိုင်းသား တစ်ဦးဖြစ်သော်လည်း ထိုကဲ့သို့ အရသာနှင့် ပြည့်စုံလှသော ငါးပိစိမ်းစားကို မည်သို့ မည်ပုံ ပြုလုပ်သည်ကိုမူ ညံ့ဖျင်းလှစွာပင် ကျွန်မ မသိပါ။ မွန်ပြည်နယ်ဘက်မှ မိခင်ဘက်လိုက်ကာ ငပိရည်ကျိုကိုသာ မည်သို့ပြုလုပ်ရသည် ကို နားလည်ခဲ့သည်။


စိမ်းစားငပိဟု ခေါ်သော ငါးပိ အမျိုးအစားသည် ငပိ ဆိုသည့်အတိုင်း ငါးများကို ပိပြားနေအောင်စီမံထားပြီး အစိမ်းစား၍ ရသောကြောင့် စိမ်းစားငပိရယ်လို့ခေါ်သလားဟု မကြာခဏ စဉ်းစားမိသည်။ ဟုတ်သည် မဟုတ်သည် အသာထား၍ ထိုကဲ့သို့ ပေါက်ပေါက်ရှာရှာ တွေးနေရသည်ကိုလည်း ကျွန်မ ကျေနပ်နေတတ်သေးသည်။ အိမ်ပြန်ရောက်တိုင်း သို့မဟုတ် ဖခင်ဖြစ်သူနှင့် စကားပြောဖြစ်တိုင်း စိမ်းစားငပိကို မည်သို့ပြုလုပ်ရသည်ကို မေးမည် မေးမည်နှင့် ဘယ်တော့ မှ မမေးဖြစ်ပေ။


ကျွန်မယခုရောက်ရှိနေသောမြို့တွင် ယိုးဒယားကုန်ခြောက်ဆိုင်များ၊ ဗီယက်နမ် ကုန်ခြောက်ဆိုင်များနှင့် တရုတ်ကုန်ခြောက်ဆိုင်များရှိသဖြင့် စိမ်းစားငပိကို လွယ်လင့်တကူ ဝယ်၍ရနေခြင်းကား ကျွန်မအတွက် ကံကောင်းလှပေသည်။


တစ်နေ့တွင် ငပိထောင်းစားမည်ဟု အာသီသပေါ်ပေါက်လာသဖြင့် ငပိကင်ရန် စီစဉ်ရသည်။ oven ထဲတွင်လည်းထည့်မကင်ချင်၊ အချိန်ကြာလှသည်။ ထို့ကြောင့် မိုက်ခရိုဝေ့ဖ်ထဲ ထည့်ကင်မည်ဟု အကြံရ၏။ ထို့ကြောင့် ငပိ ၂၀၀ ဂရမ်းလောက်ကို ဇွန်းနှုင့် အလွှာလိုက်ခပ်ကာ ပန်ကန်ပြားထဲတွင်ထည့်၍ မိုက်ခရိုဝေ့ဖ်ထဲတွင် ၂မိနစ်တစ်ခါ တစ်မိနစ်တစ်ခါ ထည့်လှည့်လိုက်သောအခါ လိုချင်သော အနေအထားကိုရသည်။ ထို့နောက် ကြက်သွန်ဖြူ၊ ပုဇွန်ခြောက်၊ ငရုပ်သီးစိမ်းတို့နှင့် သမနေအောင်ထောင်း၏။ ထိုနောက်တွင်မူ မွှေးပျံ့နေသော ငပိထောင်းကလေးက စားရန်အဆင်သင့်နေပြီဖြစ်သည်။


ထို့နောက် ပြတင်းပေါက်ဆီသို့ အကြည့်ရောက်သွားချိန်တွင်မူ အလွန်ပင် လန့်ရ၏။ မြောက်များလှစွာသော ယင်ကောင်တို့သည် မည်သို့မည်ပုံ ရောက်ရှိလာကြသည်မသိ၊ သူတို့၏ တဝီဝီ အတောင်ခတ်သံသည် ကျွန်မ၏အသည်းနှလုံးကို ကျလိကျလိ ဖြစ်စေသည်။ သြော်.. ဘိုတိုင်းပြည်က ယင်ကောင်တွေလည်း ဒိန်ခဲတွေကိုသာမက ငတို့ ငပိကိုလည်း ကြိုက်ကြသေးသည်ဟု ဘာမဆိုင် ညာမဆိုင်တွေးမိသေး၏။ ပြတင်းပေါက်တို့သည် Fly Screen များတပ်ထား၍သာ တော်တော့သည်။ သို့မဟုတ် ထိုယင်ကောင်အပေါင်းတို့အားမည်သို့ မည်ပုံ မောင်းထုတ်ရမည်ကို ကျွန်မ မစဉ်းစားတတ်ပါ။


ထမင်းစားသောက်ပြီး၍ စာကြည့်ခန်းထဲတွင် စာဖတ်နေသောအခါ အီလည်လည် အနံ့ အသက်သည် ကျွန်မကို စတင်ဒုက္ခပေးလေသည်။ စာလည်းဖတ်၍ မရ။ ငပိကင် အနံ့များသည် အိမ်ထဲရှိ အခန်းတိုင်းတွင် ဝင်ရောက်နားခိုနေသည်။ တံခါးများ ဖွင့်ထားသော်လည်း ပျောက်ပျက်မသွားပါ။ အဆိုးဆုံးကား ဝတ်ဆင်ထားသော အဝတ်အစားများတွင်ပါ စွဲထင်နေခြင်းဖြစ်သည်။ မည်သို့မျှ ထိုအနံ့ကို မခံနိုင်သည့်အဆုံး အဝတ်ပြေးလဲရ၏။ လဲလှယ်လိုက်သော အဝတ်တို့တွင် အနံ့မစွဲနေသောကြောင့် အနံ့များ မကြာမီတွင် ပျေက်ပျယ်သွားလိမ့်မည်ဟု ယူဆကာ အေးအေးဆေးဆေး စာဖတ်နေ၏။


နေ့လည်နှောင်းပိုင်းအချိန်တွင်မူ လက်ဖက်ရည်သောက်မည်ဟု နို့ဆီကို အနည်းငယ် မိုက်ခရိုဝေ့တွင်ထည့်၍ အပူပေးသောအခါတွင် ပြဿနာသည် ပြန်စလာ၏။ နို့ဆီတွင် ငပိနံ့ သင်းပျံ့နေ၏။ ဝတ်ထားသော အဝတ်များတွင်လည်း ထပ်မံစွဲကပ်ပြန်၏။ ထို့ကြောင့် တစ်ခုခု မလုပ်လျှင် မဖြစ်တော့ပြီကို နားလည်မိသည်။


ထို့ကြောင့် ဇီယာအနည်းငယ်ကို ဒယ်အိုးပေါက်စလေးထံတွင်ထည့်ကာ လျှပ်စစ်မီးဖိုပေါ်တွင် မီးအား အနည်းဆုံးနှင့်တင်၍ ထားလိုက်သည်။ ပြီးလျှင် မိုက်ခရိုဝေ့အတွင်းကို orange squash နှင့်ဆေးပြီး တံခါးကိုလည်းဖွင့်ထားလိုက်၏။ ပြီးလျှင် လက်ဖက်ရည်ဖျော်ခြင်းအမှုကိုပြု၏။ ထိုအချိန်တွင် ဒယ်အိုးသည် ကောင်းစွာပူပြီး ထည့်ထားသော ဇီယာများလည်း လှော်ပြီးဖြစ်နေသည်။ ထိုအခါ ဒယ်အိုးကို လက်ကိုင်မှ ကိုင်ကာ တစ်ခန်းဝင်တစ်ခန်းထွက် လုပ်ရ၏။  ပြီးလျှင်မီးဖိုပေါ်တွင် ပြန်တင်ထားလိုက်သည်။  ဇီယာလှော်ရာမှ ထွက်ရှိလာသောရနံ့သည် အိမ်အတွင်းတွင် စွဲထင်နေသော ငပိနံ့ကို ယူဆောင်သွားလေသည်။ ကျွန်မလည်း ငပိနံ့ထပ်မံစွဲထင်လာသော အဝတ်တို့ကို နောက်ထပ်တစ်ခါ လဲလှယ်ရပြန်၏။  မီးဖိုပေါ်မှ ဇီယာတို့ တူးစပြုလာသောအခါတွင် မီးဖိုကိုပိတ်၍ ဒယ်အိုကိုလည်း ဖယ်လိုက်သည်။ အိမ်တွင်း၌ကား ငပိနံ့တို့ စိုးစဉ်းမျှ မကျန်တော့ပေ။ ထိုအခါ Room Spray လိမ္မော်နံ့လေးကိုဖြန်းလိုက်သည်။


နောက်နောင်တွင် ကျွန်မ ဘယ်တော့မှ မိုက်ခရိုဝေ့ဖ်ဖြင့် ငပိမကင်တော့ပါ။ ယခင် ကင်နေကျ အတိုင်း oven ကိုသာသုံးပါတော့မည်။ သို့မဟုတ်ပါက အိမ်ထဲတွင် စွဲကျန်နေသော အနံ့ကိုဖျောက်ရန် နေ့ဝက်မျှအချိန်ထပ်မံကုန်ရဦးမည်းကို စိုးလှသည်။


မိတ်ဆွေ..။ သင်တို့၏အိမ်တွင် ဟင်းနံ့များ၊ ချက်ပြုတ်ရာမှ ရရှိသော အနံ့အသက်များ အိမ်တွင်းရှိ လိုက်ကာ နှုင့် နံရံတို့တွင် စွဲကျန်ဖူးပါသလား။ ဇီယာလှော်သည် အိမ်တွင်း၌ စွဲတင်နေသော ဟင်းနံ့ တို့အတွက် ကျွန်မတို့၏ အကောင်းမွန်ဆုံး မိတ်ဆွေပင်ဖြစ်ပါသည်။


မမဝသုန်
09-07-24PM
19-08-2012
Sunday (BNE)

3 comments:

Anonymous said...

thanks for the tip. It's really work :)

သက်ဝေ said...

Thanks for the tip... Two thumbs up....!!!!

လရိပ်အိမ် said...

မှတ်သားသွားပါတယ်။