Tuesday 15 May 2012

အိပ်မက်တော့လည်းမဟုတ်ခဲ့ပါ





မေလ ၁၅ ရက်နေ့ရဲ့အဦးဆုံးပိုင်းအချိန်


နံနက်စောစော ၁ နာရီ နဲ့ ၄၅ မိနစ်


အေးချမ်းလှတဲ့ရာသီဥတုရဲ့အောက်မှာ တစ်ရပ်ကွက်လုံးအိပ်မောကျနေတယ်..။


ဆူညံတဲ့ တံခါးထုသံ တစ်ဒုံးဒုံးကြောင့် အိပ်ပျော်နေရာကနေရုတ်တရက် လန့်နိုးလာခဲ့တယ်။ ရုတ်တရက်ဆိုတော့ အိပ်မက်များလားလို့ထင်မိပေမယ့် နောက်ထပ်အဆက်မပြတ် မြည်လာတဲ့ ဘဲလ်သံကြောင့်အိပ်မက်မဟုတ်မှန်းသိခဲ့ရတယ်။ သန်းခေါင်ကျော်အချိန်မှာ အလည်လာမယ့်သူဆိုလို့ တစ်ဦးတစ်ယောက်မှ ရှိမနေတဲ့အတွက် ခေါင်းထဲမှာ အန္တရာယ် အချက်ပေးခေါင်းလောင်းသံတွေ မြည်လာခဲ့တယ်။ ဘယ်လို ဖြေရှင်းတာ အကောင်းဆုံဖြစ်မလဲဆိုတာကိုစဉ်းစားနေရင်း နောက်ထပ် ဆယ်မိနစ်လောက်ငြိမ်ငြိမ်သက်သက် စောင့်နေလိုက်တယ်..။


ဒါပေမယ့် မြည်နေတဲ့ လျှပ်စစ်ခေါင်းလောင်းသံဟာရပ်တန့်မသွားခဲ့ဘူး။ ဒီတော့ အနားမှာအမြဲထားထားတဲ့ ကင်ဒိုဓါးကို ကျောအနောက်မှာကပ်ကိုင်ထားရင်း အိမ်ရဲ့အဝင်တံခါးရှိရာကို အသာလျှောက်လာခဲ့တယ်။ တံခါးကိုဖွင့်ရင်ကောင်းမလား၊ မဖွင့်ရဘူးလားဆိုတာကို ရုတ်တရက် ဆုံးဖြတ်လို့မရခဲ့ဘူး။ နောက်တော့ သေချာပြန်စဉ်းစားကြည့်တယ်..။တကယ်လို့ တံခါးလာခေါက်တဲ့သူဟာ တစ်ယောက်နှစ်ယောက်မကပဲ အုပ်စုနဲ့ဖြစ်နေရင် ကျွန်မအတွက်အန္တရာယ် ရှိနိုင်တယ်။ ဒီတော့ အကောင်းဆုံးအနေနဲ့ အရေးပေါ် နံပါတ်ကိုကောက်နှိပ်လိုက်တယ်..။


ပြန်ဖြေတဲ့အမျိုးသမီးက “  ရဲလား၊ လူနာတင်ယာဉ်လား” တဲ့


“Police Please ” လို့ပြန်ပြောတော့ အနီးဆုံးရဲဌာနကိုလွှဲပေးတယ်.. အဲ့ဒီအချိန်အထိ လျှပ်စစ်ခေါင်းလောင်သံဟာ မြည်နေဆဲပဲ။ ရဲအရာရှိကိုအကျိုးအကြောင်းရှင်းပြနေစဉ်မှာပဲ မြည်နေတဲ့ လျှပ်စစ်ခေါင်းလောင်းသံကို သူတို့လည်းကြားပုံရပါရဲ့။ “ အခုပဲလာခဲ့မယ်၊ တံခါးကိုလုံးဝမဖွင့်ပါနဲ့” တဲ့ ။ ဒါနဲ့နေရပ်လိပ်စာ အပြည့်အစုံနဲ့ နာမည်ကိုပြောပြပြီး ရောက်ရှိလာမယ့် ရဲအရာရှိတွေကို စောင့်နေလိုက်တယ်။


ဆယ်မိနစ်လောက်အကြာမှာ ရဲကားအိမ်ရှေ့ကိုရောက်လာခဲ့တယ်။ သူတို့ရောက်လာတာမြင်တော့ တံခါးဖွင့်ပေးလိုက်တဲ့အချိန်မှာ လျှပ်စစ်လူခေါ်ခေါင်းလောင်းခလုပ်ကို စစ်ဆေးနေကြတယ်။ ထင်မှတ်ထားတဲ့အတိုင်းပဲ တစ်စုံတစ်ယောက်က လျှပ်စစ်လူခေါ်ခေါင်းလောင်းခလုပ်ကိုကျွံဝင်တဲ့အထိ နှိပ်ထားခဲ့တာ။ ရဲတွေလည်း တစ်စုံတစ်ဦးက ပြုလုပ်ထားတယ်ဆိုတာ မြင်တော့ အိမ်ရှေ့တစ်လျှောက်ကို သေချာလိုက်ပြီးစစ်ဆေးပေးတယ်။ ပြီးတော့ အိမ်ဘေး ခြံဝင်းပတ်လည်ကိုလည်း သေချာလိုက်စစ်ကြတယ်။ ပြီးတော့ အိမ်နောက်ဘက် ရေကူးကန်ပတ်လည်နဲ့ ခြံဝင်းနံရံပတ်လည်ကို လိုက်ပြီးစစ်ဆေးကြတယ်။ တစ်ဖက်ခြံထဲမှာများ ခိုဝင်ပုန်းခိုနေမလားဆိုပြီးတော့ပေါ့။ မသင်္ကာစရာကတော့ အိမ်ရှေ့မှာပဲ တွေ့ပါတယ်တဲ့။


အဲ့ဒီနောက် မှတ်ချက်အချို့ကိုရေးပြီး တံခါးတွေကိုလုံခြုံရေးကောင်းမကောင်း စစ်ဆေးပေးသွားကြတယ်။ ပြီးတော့ နောက်ထပ် ထပ်ဖြစ်ရင် ချက်ချင်းဆက်ဖို့ မှာပြီး ပြန်ထွက်သွားကြတယ်။ သူတို့ ပြန်သွားတော့ ၃နာရီနီးပါးရှိနေခဲ့ပြီ။


ဒီလိုနဲ့ ကျွန်မလည်း စဉ်းစားမိခဲ့တယ်.. အကယ်၍များ တံခါးကို ဖွင့်လိုက်ရင် ဘာဖြစ်နိုင်မလဲပေါ့။ ဒီအကြောင်းနဲ့ပတ်သက်တဲ့အကြောင်းတွေကို ထုတ်လွှင့်ပေးတဲ့ Today Tonight ဆိုတဲ့ အစီအစဉ်ကိုလည်း ကျေးဇူးတင်ရတယ်။ ဆယ်ကျော်သက်ကလေးတွေဟာ အုပ်စုဖွဲ့ပြီး တစ်ဦးတစ်ယောက်ထဲ နေတဲ့အိမ်တွေကို ညဘက်တွေမှာ တံခါးခေါက်၊ ဖွင့်လာရင် အတင်းတွန်းထိုးဝင်ရောက်ပြီး အနုကြမ်းစီးတဲ့အကြောင်းတွေလည်း မကြာခဏ ကြားနေရတယ်..


ကျွန်မအိမ်ကို လာနှောက်ယှက်တဲ့သူတွေကတော့ ဆယ်ကျော်သက်လား၊ လူကြီးလားဆိုတာကိုတော့ မစဉ်းစားတတ်တော့ပါဘူး။ အရင်ကတော့ ညဦးပိုင်းတွေမှာတံခါးလာခေါက်တာ ကြုံဖူးပေမယ့် အခုလို ညကြီးသန်းခေါင်မှာလာခေါက်တာကတော့ ဒါဟာ ပထမဆုံးအကြိမ်ပါပဲ။


အကယ်၍များ သင်ဟာ နိုင်ငံရပ်ခြားမှာ တစ်ဦးတစ်ယောက်ထဲ နေဖြစ်ခဲ့ရင် အချိန်အခါမဟုတ် တံခါးခေါက်ခြင်းကို မဖွင့်သင့်ပါဘူး..တစ်စုံတစ်ယောက်က လာရောက်လည်ပတ်ဖို့ ကြိုတင်ဖုန်းဆက် ချိန်းဆိုမထားဘူးဆိုရင်ပေါ့..။ အကယ်၍ချိန်းဆိုထားတယ်ဆိုရင်လည်း တံခါးခေါက်သူဟာ သင်ချိန်ဆိုထားသူ ဟုတ်မဟုတ် အရင်ဦးဆုံးတံခါးမဖွင့်ခင်မှာ ဖုန်းဆက်ပြီးတော့ဖြစ်ဖြစ် မေးသင့်ပါတယ်။ မိမိကိုယ်ကို အန္တရာယ်မကျရောက်အောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ပေါ့..




ပျိုးယုဝသုန်
7:06:20 PM
15-05-2012
Tuesday (BNE)

6 comments:

မြတ်ပန်းနွယ် said...

ဒီလိုကြီး ဖတ်လိုက်ရတော့ တစ်မျိုးပဲ။ အစစ အရာရာ ဂရုစိုက်ပါ ဝသုန်ရေ..။
ပြီးတော့ သတ္တိကောင်းတဲ့ ဝသုန်ကိုလည်း ချီးကျူးတယ်။ မြတ်ဆို ကြောက်လို့ မေ့လဲပြီ။ ဟီးး :D

ချစ်တဲ့
မြတ်

စံပယ်ချို said...

ဖတ်ပြီးရင်တောင်တုန်တယ် အရင်ဆုံးရဲကိုခေါ်လိုက်တာမှန်သွားတယ်

ညီရဲ said...

တို့ အစ်မ သတ္တိတော့ ကောင်းတယ်နော်... ကင်ဒိုဓားနဲ့ တို့ အစ်မရဲ့ ပုံကို မြင်ယောင်မိတယ်... ဖတ်ရတာ ရင်တုန်စရာဘဲ... ရေခြားမြေခြားမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ အစ်မရေ...

လွင်ပြင်လှိုင်းငယ် said...

မမ၀သုန်ရေ ဖတ်ရတာရင်တုန်စရာပဲ။
နောက်ထပ်မလာဘူးလို့လဲ ပြောမရဘူး
ဂရုတစိုက်နေပါနော်။

Cameron said...

စိတ်ပူုလိုက်တာ သူငယ်ချင်းရယ်... တစ်ယောက်ယောက်ကိုခေါ်အိပ်ပါလား နင်တစ်ယောက်တည်းဖြစ်ပါ့မလား...။ သတိဝရိယနဲ့နေဦးနော်...။

San San Htun said...

မမဝသုန် သတ္တိကောင်းတယ်..