Saturday 7 April 2012

တံခါးခေါက်တာ ဘယ်သူလဲ



၂၀၀၉  ခုနှစ်လောက်ကပေါ့..။

ယခုလက်ရှိအိမ်ကို မရောက်ခင်တုန်းက Stafford Hights  လို့ခေါ်တဲ့ တောင်ကုန်းပေါ်မှာ တည်ဆောက်ထားတဲ့ ရပ်ကွက်လေး တစ်ခုမှာနေခဲ့ဖူးပါတယ်။ မမနေတဲ့အိမ်ကလည်း တောင်ကုန်းလေးပေါ်မှာ၊ ညနေဆို မြို့ကိုအပေါ်စီးက မြင်ရတဲ့ နေရာလေး၊ နှစ်သက်စရာ ကောင်းလှတယ်။ အိမ်ကတော့ Post War  အိမ်ပဲ၊ အုတ်ခံပျဉ်ထောင်အိမ်၊ မှန်တွေပတ်ပတ်လည်ကာထားတဲ့ ထမင်းစားခန်းနဲ့ ဧည့်ခန်းရှိတယ်၊

စရောက်လာကတည်းက အိမ်ကတော့ သိပ်ပြီး သန့်တယ်မထင်ဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ အနောက်မှာ တစ်ယောက်ယောက်က အမြဲကြည့်နေသလိုပဲ ခံစားရတယ်၊ ဒါပေမယ့် အမျှအတန်း ပုံမှန်ဝေပြီးနေခဲ့တယ်။

တစ်နေ့မှာပေါ့၊ မိတ်ဆွေမိသားစုနှစ်စုနဲ့ အိမ်မှာ ညစာအတူတူစားဖို့ ချိန်းထားတယ်၊ ညဦးပိုင်းအချိန်ကလေးမှာ မိုးတွေသည်းသည်းမည်းမည်းရွာလာခဲ့တယ်။ မိသားစုတစ်စုက ရောက်လာပြီး နောက်တစ်စုအလာကို ဧည့်ခန်းထဲမှာ စကားပြောရင်းစောင့်နေကြတယ်။ ဒီအချိန်မှာ ဘဲလ် တီးသံနဲ့အတူ မမရဲ့နာမည်ကိုခေါ်သံကြားလိုက်ကြတယ်။ မမရော၊ သူငယ်ချင်းဇနီးမောင်နှံရော၊ သူတို့ရဲ့အမေကြီးရော ကြားလိုက်တာပေါ့၊ ဒီတော့ ထင်တာက နောက်သူငယ်ချင်း မိသားစုရောက်လာပြီလို့ထင်ပြီး မမက အိမ်တံခါးမကို သွားဖွင့်လိုက်တယ်။ အဲဒီမှာ တစ်ဦးတစ်ယောက်မျှ ရှိမနေဘူး၊ လမ်းပေါ်မှာလည်း ကားတွေက ရှင်းလျက်ပဲ၊ မိုးတွေကလည်းသည်းသည်းမည်းမည်းရွာစဲ ..၊

သူငယ်ချင်းမိသားစုကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မျက်စိမျက်နှာတွေ ပျက်နေကြတယ်၊ သူငယ်ချင်းရော၊ အမေကြီးရောက မမြင်ရတဲ့ လောကသားတွေကို အရမ်းကြောက်တတ်တယ်လေ။ အဲ့ဒီမှာပဲ တစ်ဦးနဲ့တစ်ဦး ဘာစကားမှမပြောမိပဲ အချိန်အတော်လေးကြာသွားတယ်၊ ဒီမှာ အမေကြီးက ဆက်မနေရဲတော့ပဲ ထမင်းမစားတော့ဘူး၊ ပြန်တော့မယ်ဆိုပြီး လုပ်ပါလေရော၊ ဒါနဲ့အမေကြီးကို နားကြားမှားတာနေမှာပါ၊ ဘဲလ်မြည်တာကလည်း ရှော့ခ် ဖြစ်တာနေမှာပါလို့ပြောရပေမယ့် ဒါတကယ် မဟုတ်ဘူးဆိုတာလည်း သိနေကြပါတယ်။

နောက် နာရီဝက်လောက်နေတော့ နောက်သူငယ်ချင်းဇနီးမောင်နှံရောက်လာတယ်..။ မိုးတွေသည်းနေလို့ နောက်ကျသွားတယ်ဆိုတဲ့အကြောင်း ပြောရင်း ထမင်းစားကြတာပေါ့။ အမေကြီးကတော့ ထမင်းတောင်ကျွေးလို့ မရတော့ပါဘူး..၊ ပြန်ဖို့ကိုပဲ တစ်ပြင်ပြင်လုပ်နေတယ်။ နောက် ထမင်းစားပြီးတော့ အဲ့ဒီအကြောင်းကို နောက်သူငယ်ချင်းကို ပြောပြတော့ သူကလည်း လန့်နေတယ်၊ နင်နေရဲ ရဲ့လား..ဘာညာနဲ့ စိုးရိမ်ကြတာပေါ့။ နေရဲရဲ မနေရဲရဲ နေရမှာပဲလေ၊ ဒီလိုနဲ့ ထမင်းစားပြီးလို့ ကော်ဖီသောက်ပြီးတော့ သူတို့လည်းပြန်သွားကြတယ်၊ မမလည်း အဲ့ဒီညကတော့ စောစောပဲ အိပ်ရာ ဝင်ခဲ့တာပေါ့။ အမေကြီးကတော့ အဲဒီအိမ်ကနေပြောင်းခဲ့တဲ့ အထိ နောက်ကို ဘယ်တော့မှ မလာလည်တော့ပါဘူး..။

နောက်တစ်ခါကတော့ သူငယ်ချင်းတစ်ယောက်ပါပဲ။ အဲ့ဒီအိမ်မှာပါပဲ။ ညဘက်စကားပြောရင်း၊ ရုပ်ရှင်ကြည့်ရင်းနဲ့ နဲနဲညဥ့်နက်သွားတယ်။ သူကလည်း သူ့အတွက် ပြင်ပေးထားတဲ့အခန်းထဲမှာ ၀င်အိပ်တာပေါ့။ နောက်တစ်နေ့ မနက်မှာတော့ သူ့ကို အစောကြီးပဲ ထမင်းစားခန်းထဲမှာထိုင်နေတာတွေ့လိုက်တယ်။ “အမ..အိပ်မပျော်ဘူးလား” လို့မေးတော့ “တစ်ညလုံးကောင်းကောင်းမအိပ်ရဘူး”တဲ့..။ သူအိပ်ပျော်သလိုလိုရှိရင် ကုတင်ကို တစ်ယောက်ယောက်က လာလှုပ်ရင်း၊ မျက်နှာကို တစ်ယောက်ယောက်ကလာထိသလိုနဲ့ ဖြစ်နေတာဆိုပဲ။ နောက်တော့ သူလည်း အမျှအတန်းဝေပြီးစည်းချပြီးအိပ်မှာပဲ အိပ်လို့ရတော့တယ်တဲ့။

အဲ့ဒီအမ ကတော့ သိပ်ပြီးမကြောက်တတ်လို့တော်ပါသေးရဲ့၊ သူကတော့ မမ အဲ့ဒီအိမ်ကနေ မပြောင်းခင် အထိ မကြာခဏလာလည်တတ်ပြီး ရက်ရှည်နေထိုင်လေ့ရှိပါတယ်။

ကဲ..။ တံခါးလာခေါက်ပြီ ခေါ်တဲ့သူနဲ့ အိပ်ရာက လာနှိုးတဲ့သူဟာ ဘယ်သူလို့များ ထင်ပါသလဲရှင်..။


ပျိုးယုဝသုန်
8:46:40PM
07-04-2012
Saturday (BNE)

11 comments:

လွင်ပြင်လှိုင်းငယ် said...

ဘယ်သူများလဲ မမ၀သုန်ရယ်
သိချင်လိုက်တာ

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဘယ်သူလေးလဲ။ :D

ခင်တဲ့
မြတ်

ရင်ဆူး said...

သားလည်းသိဘူး.......မကြီးဝသုန်ပြောပြ.......

စံပယ်ချို said...

သရဲ

မိုးသူ(တောင်ကြီး) said...

ဘူလေးလဲ အဲဒါ ဘူလေးလဲ

ခင်တဲ့
မိုးသူ(တောင်ကြီး)

ညီရဲ said...

အစ်မ သတ္တိကောင်းတယ်နော်... ကျွန်တော်ဆိုရင် မနေရဲတော့ဘူး...

Anonymous said...

ကျွန်တော်တော့ အဲလိုကြီးဆို နေရဲပါဘူး မမ၀သုန်ရယ်။ ကြောက်စရာကြီးနေမှာ။ ဟီး......သတ္တိက အဲလိုကောင်းတာ။ ဗန္ဓုလနဲ့ ဆွေမျိုးတော်တယ်လေ။

Unknown said...

ဖတ်ရင်းနဲ့ ကျွန်တော်အနောက်မှာလည်း တစ်ယောက်ယောက်များ ရှိနေမလားလို့ ကြည့်ဖြစ်သွားတယ်ဗျ...:)

Cameron said...

အဲလိုအိမ်မျိုးမှာ နေဖူးတယ်...။ ခုလက်ရှိလဲ အလုပ်လုပ်နေတဲ့နေရာလေ မမ၀သုန်ရောက်ဖူးပါတယ်..။

Anonymous said...

Good Writing because you can create your story that was really happen as per their comment. Ha Ha ---- Good creation. I believe if this was really happen --------

Badarlearn

San San Htun said...

မမဝသုန်တို့ များ သတ္တိကောင်းပါ့..တို့ များဆို အန်တီကြီးလို တခါတည်း ပြေးမှာ သေချာတယ်