Thursday, 15 March 2012

မမနှင့် ခြေဗလာဖြစ်သောနေ့




တစ်နေ့မှာပေါ့၊ အလုပ်ကိစ္စတစ်ခုအတွက် အိမ်တစ်လုံးကိုသွားကြည့်ပြီး ဈေးနှုန်းသတ်မှတ်ဖို့အကြောင်းက ပေါ်လာပါတယ်၊ နေရာကလည်းမမနေတဲ့နေရာနဲ့ ကီလို၄၀လောက်ဝေးတယ်ရှင်..၊ မသွားချင်ပေမယ့်လည်း ကိုယ့်ကိုထမင်းကျွေးတဲ့ အလုပ်လေးဆိုတော့လည်းမငြင်းသာဘူးပေါ့၊ ဒီလိုနဲ့ အဲဒီအဆောက်အဦတည်ရှိရာ မြို့ရဲ့ အရှေ့ဘက်ကိုရောက်လာခဲ့တယ်..။

မမရောက်တော့ အဲဒီအဆောက်အဦရှေ့မှာကားရပ်စရာနေရာကမရှိဘူးဖြစ်နေတယ်။ ဒီလိုနဲ့ ရပ်စရာနေရာရှာရင်းလမ်းရဲ့တစ်ဖက်ထိပ်နားမှာ တစ်နေရာရလိုက်တယ်။ ကားရပ်ပြီးမမသွားချင်တဲ့နေရာကိုလမ်းပြန်လျောက်လာရတာပေါ့…၊ အိမ်ထဲမ၀င်ခင် ပတ်ပတ်လည်ကိုအရင်လိုက်ကြည့်ပြီး ဘာတွေလုပ်စရာရှိမလဲဆိုတာကို လိုက်ကြည့်လိုက်တယ်၊ အဲဒီအချိန်မှာ ဘယ်သကောင့်သားရဲ့လက်ချက်မှန်းမသိတဲ့ အံဖတ်တွေပေါ်ကိုနင်းမိပါလေရော…၊ အီးးး..၊ ဒီနေ့ကံမကောင်းပါလားဆိုပြီး အော်ရင်း အနီးမှာရှိတဲ့ရေဘုံပိုင်မှာ ခြေထောက်ကိုဆေးရင်း ဖိနပ်ကိုပါဆေးလိုက်ရတာပေါ့…။

စီးလာတဲ့ဖိနပ်ကလည်းစကက်ချာလေး… စီးရတာတော်တော်အဆင်ပြေတာမို့လည်း နှစ်သက်မိတယ်…၊ ဒီလိုနဲ့ရေစိုနေတဲ့ဖိနပ်ကိုလည်းဆက်စီးဖို့ကအဆင်မပြေတော့ ချွတ်ပြီး အိမ်ရှေ့နေပူထဲမှာလှန်းပြီးအခြောက်ခံခဲ့တယ်.. ပြီးတော့ကိုယ်ကြည့်ရမယ့်အိမ်ထဲကို ၀င်လာပြီး ဘာတွေလုပ်စရာလိုမလဲဆိုတာတွေကို လိုက်ကြည့်နေတာပေါ့…။ ပြတင်းပေါက် တွေနဲ့လိုက်ကာတွေ လိုက်ကာတန်းတွေကိုကြည့်နေတွက်နေတာနဲ့ပဲကို အချိန်က မိနစ်၂၀လောက်ကုန်သွားတယ်၊ ပြီးတော့မှမီးသီး၊ ပန်ကာ၊ အစရှိတာတွေလိုက်ကြည့်တော့ အချိန်ကမိနစ်၄၀လောက်ကုန်သွားတယ်။ စာရင်းတွေအကုန်ကိုဖိုင်လ်ထဲမှာချရေးပြီးတော့ အိမ်ကိုသော့ပြန်ခတ်ပြီး အိမ်ရှေ့ဖိနပ်လေးအခြောက်ခံထားတဲ့နေရာကို လျောက်လာခဲ့တယ်။

ဖိနပ်လှန်းထားတဲ့နေရာလည်းရောက်ရောဖိနပ်ကလေးကကိုယ်ရောင်ဖျောက်လို့အရိပ်တောင်မကျန်တော့ပါဘူးရှင်…၊ ဘေးဘီကြည့်တော့လည်းဘယ်သူမှမရှိ၊ တော်တော်လည်းစိတ်ကညစ်သွားတာပေါ့.. နောက်မှစဉ်းစားမိတာက မြက်လာရိတ်ကြတဲ့ပုဂ္ဂိုလ်တွေပစ်ထားတာထင်ပြီး အမှိုက်ထဲကိုပစ်လိုက်ပုံရပါတယ်၊ မကြာခင်ကကိုဒင်းတို့မြက်ရိတ်နေကြသေးတာကိုး…။

ဒီလိုနဲ့ပဲမမတစ်ယောက်ဖိနပ်မပါခြေဗလာနဲ့ကားရှိရာဆီကိုကြွမြန်လာရတာပေါ့။ သြဇီဆန်သွားတာပေါ့လေ…၊ အဟိ…၊ သြဇီတွေကခြေဗလာနဲ့လည်းလမ်းသွားတတ်ကြသေးတာကိုး။ နေပူပူမှာအပေါ်ပူအောက်ပူနဲ့မီတာ၂၀၀ကျော်လောက်လျောက်လိုက်ရတာ တော်တော်ကိုလည်းအီစလံဝေပါတယ်။ အဲဒီနောက်မှာတော့ခေါင်းကိုက်ခြင်းကို ၂ရက်လောက်တော်တော်ကလေးခံစားလိုက်ရပါကြောင်း….။….။


ပျိုးယုဝသုန်
ခေတ္တ(BNE)

9 comments:

လွင်ပြင်လှိုင်းငယ် said...

ဖြစ်မှ ဖြစ်ရလေ မမရေ

mstint said...

ဒီထက်ကောင်းတာတွေဖြစ်လာဘို့ရာ
ဖိနပ်တစ်ရံကိုအရင်းပြုလိုက်တယ်လို့ခံယူလိုက်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးငွေ့...... said...

မမ၀သုန်ရေ....နင့်စာတွေလာမဖတ်ဖြစ်တာ များနေပြီ နောက်နေ့အေးဆေးလာဖတ်ဦးမယ် အကြွေးမှတ်ထားဟာ......။

ချစ်တဲ့
မိုးငွေ့

ချစ်သူမောင် said...

အော်လက်စသတ်တော့ သြော်ဇီဆိုတာ "တပေကုလားသား"တွေနဲ့တူတူပါပဲလား......

ဖြိုးဇာနည် said...

သာဓု သာဓု

ခေါ်ရအောင်ကလဲ ခိုးခံလိုက်ရတာမဟုတ်တော့

အော့်ခက်၏

မိုးငွေ့...... said...

ဖြစ်ရလေ မမ၀သုန်ရယ်...။ ပူပေမယ့် ခြေဗလာမနဲ့မမ ကြည့်လို့လှနေမှာပါ..ဟိ ဟိ..။

san htun said...

သြဇီဆန်တာ ခေါင်းကိုက်သွားပါလားနော် ခွိ..ခွိ

ထော်ဦး said...

အစ်မ၀သုန်ရေ...
ဝမ်းသာပါတယ်လို့ ဆိုပါရစေနော်
street view ဂျာနယ်17.3.2012မှာ အစ်မရဲ့ စာမူပါလာလို့ ပါ...
ထူးခြားတာက ကျွန်တော့်ရဲ့  ကိုယ်ဝန်ဖျက်ချတဲ့ စာမူကနေ
ထပ်ဆင့်ခံစားပြီး ရေးသားထားတဲ့အတွက်ပါ
"ပြောင်းလဲလာသောယဉ်ကျေးမှုနှင့်ဖြေရှင်းမှုများ"
ပို့ စ်လေးကို အဲဒီဂျာနယ်မှာ ပါလာတဲ့အတွက်
အရမ်းဝမ်းသာမိပါတယ်။
ဒီလို စာမူမျိုးလေး ပို့ စ်အဖြစ်တင်လိုက်တဲ့အတွက်လည်း
ကိုယ့်ကိုယ်ကိုယ် ကျေနပ်မိပါတယ်လို့  ဆိုပါရစေအစ်မရေ...

ရင်ဆူး said...

ဖြစ်လည်းဖြတ်တတ်ပါ့ မမ၀သုန်ရေ......