Monday 9 January 2012

အငယ်ကောင် (သို့မဟုတ်)သတ္တိခဲ ဂျာဂျာဘီ




နေတက်ရေတက် စနေနေ့မှာမွေးတဲ့သူမို့ ဆရာတော်ဘုရားကြီးပေးခဲ့တဲ့ ထန်းဖူးဇာတာပေါ်ကနာမည်က ထွန်းလင်းအောင်…

မေမေ က သူမရဲ့သား အငယ်လေးဆိုပြီး ပေးတဲ့နာမည်က ဇေယျာ ..

၎နှစ်ခွဲမှာကျောင်းအပ်တော့ ကျောင်းသားနာမည်ကို ဆရာမကမေးချိန်မှာ ဒင်း ဖြေတာက သားသားနာမည် စစ်အောင် တဲ့.. ဟဲ့  ..နင့်နာမည် ဘာလို့စစ်အောင်ဖြစ်ရတာလဲမေးတော့ ထိုအချိန်က ရေဒီယိုမှာအမြဲလာနေတဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ အဆိုတော် မေဆွိ ရဲ့ “ စစ်အောင်တိုက်ပေးလို့ကွယ် ..ပြန်လာရင်တကယ် … ” ဆိုတဲ့ သီချင်းထဲက နာမည်ကိုကြိုက်လို့ ဆိုပဲ …ဒီလိုနဲ့ အတည်ဖြစ်သွားတဲ့ကျောင်းနာမည်က စစ်အောင် .. သူ့ရဲ့အလုပ်တစ်ခုထဲကခေါ်တာ ကစစ်သွေး.. အင်္ဂလိပ်ကျောင်းမှာတက်တော့ရလာတဲ့နာမည်က Jason ..နောက်ဆုံးအခုလုပ်နေတဲ့ အလုပ်ထဲကခေါ်တာကတော့ Jကြီး … ဂျာကြီး ဆိုပဲ …

အနှီ အမည်နာမများကို ပိုင်ဆိုင် သူကတော့ ကျွန်မ၏ ချစ်လှစွာသော တစ်ဦးတည်းသောမောင် ငယ် JarJarBe ဖြစ်ပါတယ်.. ဂျာဂျာဘီဆိုတဲ့ အမည်နာမကတော့ကျွန်မပေးထားတဲ့ ဒင်းရဲ့မူပိုင် အမည်ဖြစ်ပါတယ် .. 

သတ္တိခဲအနှီ ဂျာဂျာဘီ ဟာ အင်မတန်မှ ပိုးဟပ်ကြောက်တတ်သော .. အင်မတန်မှ သရဲတစေ ကြောက်တတ်သော အာဂ အမျိုးကောင်းသားကလေးလည်းဖြစ်ပါတယ်.. တစ်သက်နှင့်တစ်ကိုယ် လုံးဝမစားသော သစ်သီးမှာ ဖရဲသီး .. ဒင်းမစားတော့ ကျွန်မ ကောင်းကောင်း စားရတာပေါ့လေ ..

မွေးဖွားစဉ်ကာလက ပေါင်မပြည့်တဲ့ကလေးမို့ မေမေ ဖေဖေတို့က စိုးရိမ်တကြီးနဲ့ကြည့်ရှုစောင့် ရှောက်ခြင်းကိုခံရသူကလေးလည်းဖြစ်ပါတယ်။ အစ်မ၀မ်းကွဲတွေဘကြီးတွေကြီးတော်တွေရဲ့ အသည်းကျော်လည်းဒင်းကဖြစ်ခဲ့သေးတယ်.. 

မှတ်ဥာဏ်အရမ်းမကောင်းတဲ့ မောင်ကလေးဟာ တစ်နှစ်တစ်တန်းကို မှန်မှန်အောင်ဖို့ သူများတွေ ထက်နှစ်ဆမက သုံးလေးဆ ကြိုးစားခဲ့သူလေးလည်းဖြစ်တယ်.. ကစားနေရင်း စာကိုတတွတ်တွတ် ရွတ်နေရင်ရွတ် ..မရွတ်နေရင် စာအုပ်ကို အင်္ကျီထဲထည့်ပြီး သတိရတိုင်းထုတ်ထုတ်ကြည့်တတ်လို့ ငယ်ကတည်းက စာမေးပွဲရှုံးမှာကြောက်တတ်တဲ့ မောင်ကလေးရဲ့စိတ်ကို တွေ့မြင်ခဲ့ရတယ်..

သူငယ်တန်းမှစပြီး အလယ်တန်း အထက်တန်းရောက်တဲ့ အထိ ပုတုတုကလေးဖြစ်နေတဲ့ မောင်လေးကိုမေမေက သနားကြင်နာလှစွာနဲ့ ငါ့သားကလေးတော့ လူပုလေးဖြစ်တော့မလား မသိဘူးလို့မကြာခဏ ရေရွတ်လေ့ရှိတယ်.. ဒီလိုနဲ့ ဆယ်တန်းရောက်တော့ ချမ်းသာတဲ့ ကြီးတော် တွေဘကြီးတွေက တခမ်းတနားနဲ့ ရှင်ပြုပေးမယ် လုပ်တော့ လက်မခံဘဲ ဖေဖေမေမေတို့ ပဲသားကို ရှင်ပြုပေးပါလို့ ပြောပြီး ဘာပကာသနမှမပါတဲ့ ဘာဧည့်ခံပွဲ မှ မပါဘဲ သင်္ကန်းပရိက္ခရာ အစုံနဲ့  နော်မန်ကျောင်းတိုက်က ဘုန်းဘုန်းကြီး ဥူးအိန္ဒြာစရိယ ထံမှာကိုရင်ပြုခဲ့တယ်၊ ကျွန်မရဲ့မောင်လေး ဟာဒီလိုအမိအဖကို ငယ်စဉ်ကတည်းက သိတတ်တဲ့ ကလေးတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်၊

နွေရာသီကျောင်းပိတ်ရက်တွေမှာ အအားမနေပဲ အိမ်မှာဖွင့်ထားတဲ့ ကားကိုယ်ထည်ပြင်ဆင်ရေး လုပ်ငန်းနဲ့စက်ပြင်ခြင်း အလုပ်တွေမှာနေ့စားအလုပ်သမားအဖြစ်ဝင်လုပ်ခဲ့တဲ့မောင်လေးဟာ ငယ် စဉ်ကတည်း ကငွေကြေးကို တန်ဖိုးထားတတ်သောကလေးငယ်တစ်ယောက်လည်းဖြစ်ပါတယ်၊ တနေကုန် သူ့အရွယ် ကလေးနဲ့ တတ်နိုင်တဲ့ သံချေးခေါက်တဲ့ အလုပ်ကို သီချင်းလေးတအေးအေး နဲ့ မညည်းမညူလုပ်တတ်ပေမယ့် ညနေ အလုပ်သိမ်းချိန်မှာတော့ သူ့လုပ်အားခကို ချက်ချင်းပေးမှ ကြိုက်တယ် .. တခါတလေ ဦးလေးတွေ အစ်မ၀မ်းကွဲတွေက ဒီကောင် စိတ်တိုတာကိုကြည့်ချင်လို့ စ ပြီး မပေးရင် အော်ဟစ်နေတတ်တာ သူ့လုပ်အားခမပေးမချင်းပါပဲ .. ကလေးက တအားအော်နေ လို့ ဘကြီးဖြစ်သူကကြားပြီး အော်တော့မှ ပိုက်ဆံထုတ်ပေးပြီး တဟားဟားရယ်နေကြတဲ့ ဦးလေး တွေ အစ်မ၀မ်းကွဲတွေကိုလူကြီးကလေးတစ်ယောက်လို မြည်တွန်တောက်တီးပြီး သူရရှိလာတဲ့ လုပ်အားခကို သူ့ရဲ့အဝတ်ခေါက်တွေကြားမှာသွားသိမ်းရတာလည်း သူ့ရဲ့အလုပ်တစ်ခုပဲလေ ..၊

ကျွန်မရဲ့မောင်လေးဟာ ဘယ်တုန်းကမှ အလုပ်ကိုကြောက်ရွံ့တတ်သူ မဟုတ်ခဲ့ဘူး.. ကျွန်မတို့ရဲ့ မိဘနှစ်ပါးက ကျွန်မတို့အနည်းငယ်သိတတ်စအရွယ်ကတည်းက သမာအာဇီဝနဲ့ငွေရှာတဲ့ အလုပ် ဟာရှက်စရာကြောက်စရာ မဟုတ်ဘူးဆိုတဲ့ အကြောင်းကို ခေါင်းထဲကို ၀င်အောင် သင်ကြားပေးခဲ့ တယ်၊ ဒီအတွက်ကျွန်မတို့မောင်နှမ နှစ်ယောက်မားသားမေမေ ရဲ့ဆိုင်မှာမေမေခရီးထွက်နေချိန် တွေဆိုလည်းဈေးရောင်းဖူးခဲ့ ကြတယ်..၊ ရတာကို ခွဲဝေယူဆိုတဲ့ မေမေ့ရဲ့စကားဟာ ကျောင်းပိတ် ချိန်မှာ အလုပ်လုပ်ချင်စိတ်ရှိအောင် သင်ကြးပေးတာနဲ့အတူတူပါပဲ ..။

သရဲကြောက်တတ်တဲ့ သတ္တိခဲအငယ်ကောင်ဟာ လူမရှိရင် အိမ်မှာဘယ်တုန်းကမှ တစ်ယောက်ထဲ မနေရဲတာ ယခုအချိန်အထိပဲလို့ ဆိုလို့ရသေးတယ် .. ကိုရင်ဝတ်ပြီးနောက်ပိုင်းမှာ ရှည်ထွက်လာ တဲ့အရပ်ဟာ ၆ပေအထိရှိသွားခဲ့တယ် .. မေမေ ခင်မျာလည်း အဲဒီတော့မှသူ့သားကလေး လူစဉ် ကျော်ပါပြီဆိုပြီးသက်မချနိုင်တော့တယ်..၊ သူ့ရဲ့ရှည်လျားလှတဲ့ အရပ်ကို အားကိုးပြီး အိမ်နဘေး ကအမတစ်ယောက်က အထင်ကြီးစွာနဲ့ သူ့အိမ်ကို ခဏစောင့်ပေးဖို့ အငယ်ကောင် ကို အကူအညီ တောင်းတယ် .. အကြောင်းရင် ကတော့ အဲဒီ အမကလည်း သရဲတစေကို သေအောင်ကြောက်လို့ ပါတဲ့ .. ကျွန်မတို့မှာ ရယ်ရသေးတယ် .. ကျွန်ရဲ့ချစ်လှစွာသော မောင်ကလေးကတော့ သိတာနဲ့ မသွားတော့ပါဘူး..၊

အငယ်ကောင်ဟာကြင်နာသနားတတ်တဲ့ကောင်လေးတစ်ယောက်လည်းဖြစ်သေးတယ်.. ကလေးအရွယ်တုန်းက မွန်ပြည်နယ်ရဲ့ရွာတစ်ရွာမှာ အလှူလုပ်လို့သွားလည်စဉ်ကပေါ့၊ ကလေးပီပီ ရွာရိုးလျောက်ပြီးကစားနေတုန်း အလှူအတွက် ၀က်သားဟင်းချက်ဖို့ ၀က်ထိုးနေတာကို သူက လေးတွေ့သွားတယ် .. အဲဒီနောက်မှာ ၀က်သားကို လုံးဝ မစားတော့သလိုခြေလေးချောင်းရှိတဲ့ အသားကြီးတွေနဲ့ ငါးကြီးသားတွေကိုလည်း လုံးဝမစားတော့ပါ..၊ မေမေ့ကို ပဲချက်ကျွေးဖို့ပူစာလွန်း လို့ ရွဲစောင်းပြီး ၂ပတ်တိတိပဲဟင်းချက်ကျွေးခဲ့တယ် .. နောက်ဆုံးမေမေ သာလက်လျော့သွား တယ် .. အငယ်ကောင်ကတော့ ပန်းပန်လျက်ပါပဲ..၊

အင်မတန်ကပ်စီးနည်းလှတဲ့သူမို့စနောက်ရတာလည်းအင်မတန်မှပျော်စရာကောင်းလှပါတယ်.. ဈေးဝယ်သွားဖို့ခေါ်ရင်ဘယ်တော့မှပိုက်ဆံမယူပဲလိုချင်တာခြင်းထဲကောက်ထည့်ပြီးကောင်တာရောက်မှဒီကောင့်ကိုရှင်းခိုင်းရတာကိုကျွန်မရောမေမေရောမပျက်မကွက်လုပ်လေ့ရှိကြပါတယ်..သူကလည်းအမှတ်မရှိစွာဈေးသွားတိုင်းမေမေ့ကို..ကျွန်မရှိလျင်လည်းကျွန်မကိုပါခေါ်ပြီးသွားနေဆဲပါပဲ..

မြင်စီးအင်မတန်တော်ပုံရတဲ့မောင်လေးဟာသူများကလေးတွေလိုမြင်းရဲ့ကျောပေါ်မှာစီးလို့အားရပုံမပေါ်ဘူး .. မြင်းရဲ့ကိုယ်ဘေးကိုခွလျက်နဲ့တန်းလန်းလည်းစီးတတ်ပါသေးတယ်.. အထင်ကြီးသွား ပါသလားမိတ်ဆွေ .. အမှန်ကတော့မြင်းကုန်းနှီးကချောင်ပြီးလည်သွားတာကို ဒင်းကကြောက်ပြီး မြင်းလည်ပင်းကိုအသေဖက်..ကုန်နှီးပေါ်ကလျောကျမသွားအောင်ခြေနဲ့ညှပ်ပြီးဘေးကတွဲလွဲဘဝနဲ့ ပါလာတာပါ..  မြင်းခမျာလည်းတော်တော်သနားစရာကောင်းလှမယ်..လည်ပင်အစ်ရှာမှာကိုးလေ..

ဘောလုံးပွဲကာလတွေဆိုအိမ်မှာမွေးသမိခင်နဲ့သားအဖ နှစ်ယောက်TV လုကြတော့တာပါပဲ..ကိုယ့် TV မှာကိုယ်မကြည့်ပဲ မေမေ့TV  ကိုနယ်ချဲ့ချင်တဲ့သားအဖနှစ်ယောက်ကိုမွေးမေမေကလည်းဘယ် တုန်းကမှအလျော့မပေးခဲ့ပါဘူး..နောက်ဆုံးတော့လည်းထုံးစံမပျက်ဖေဖေနဲ့အငယ်ကောင်သာ ကုတ်ကုတ် .. ကုတ်ကုတ်နဲ့ သူတို့TV ရှိရာအိမ်ပေါ်ထပ်ကိုစခန်း ပြောင်းရတာပါပဲ … 

လုပ်ငန်းခွင်မှာလူကြီးတစ်ယောက်လိုနေပေမယ့်ဘယ်လိုမှအိမ်မှာလူကြီးပုံမပေါက်တာကတော့မွေး မေမေနဲ့ဖခင်တို့ကြောင့်ဖြစ်မယ်ထင်ပါရဲ့…အိမ်ပြန်ရောက်တာနဲ့သူ့ရဲ့မန်နေဂျာဆိုတဲ့အင်္ကျီကျွတ်ပြီး မိဘနှစ်ပါးရဲ့ လေးနှစ်သားအရွယ်သားကလေးပြန်ဖြစ်သွားတယ်ဆိုတာကိုသာ မောင်ဂျာဂျာဘီ၏ သူငယ်ချင်းများ..မိတ်ဆွေများ.. ကျွန်မရဲ့ဒီ post လေးကနေတဆင့် သိများသိသွားခဲ့မယ်ဆိုလျှင် မောင်စစ်အောင်တစ်ယောက်သူ၏ထူးချွန်မှုများကိုဖော်ပြပေးခဲ့သောသူ၏ ချစ်လှစွာသော အင်မတန်ချောမောလှပသော..သူ၏တစ်ဦးတည်းသောအစ်မဖြစ်သူကျွန်မ ကိုမေတ္တာအတုံးလိုက်ပို့ ချင်နေမည်ဆိုတာကို ဗေဒင်မေးစရာမလိုပဲသိနေခဲ့ပြီဖြစ်သည် …


သင်တို့၏ချစ်လှစွာသော
မမ၀သုန်
6:18:07 PM
09-01-2012(Monday- BNE)

2 comments:

:P said...

မောင်ကလေးကို ချစ်တဲ့အချစ်တွေ စာထဲမှာ မြင်နေရတယ်။
တို့မှာတော့ အငယ်ဆိုလို့ မောင်လေး ၁ ဝမ်းကွဲ တစ်ယောက်ပဲ ရှိတယ်။

ကေပိုး said...

ချစ်.. မောင်လေးအကြောင်း ဖတ်လိုက်ရတာ.. ကျုပ်မောင်လေးကိုတောင် ကျုပ် ပြန်သတိရသွားတယ်.. :)