Wednesday 21 December 2011

လွဲခဲ့ဖူးသော အလွဲများ

တစ်နှစ်ထက်တစ်နှစ်
တစ်ရက်ထက်တစ်ရက်ဆင့်လို့
သက်တမ်းတွေလည်းရင့်ခဲ့ပြီ …

အမှားကိုအမှန်ထင်
ပြန်မပြင်ချင်တဲ့အတ္တ
လှပတဲ့ဘဝအတုမှာ
အနုအလှကိုလည်းရှာခဲ့တယ် …

စိတ်အစာအတွက်
သိက္ခာဆိုတာကိုချနင်း
အငြင်းပွားရင်းရန်ဖြစ်
အနှစ်မရှိတဲ့တောမှာ
ကြက်ဆူပင်လည်းဖြစ်ဖူးတယ် …

အတ္တကိုအရောင်ဆိုး
ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းထားတဲ့
မုသားများလည်းဆိုဖူးတယ် …

ငါမှ ငါသာ
ငါဆရာဆိုတဲ့အတွေးနဲ့
ငါအလွဲတွေလည်း တွေ့ခဲ့တယ် …

တစ်နှစ်တစ်ခါ
အနှစ်အကာမဲ့
သံတမန်ဆန်တဲ့အပြုံးနဲ့
လက်ဆောင်ပုံးတွေလည်းရခဲ့တယ်  …

ငွေကြေးနဲ့ဘဝ
ရေးခြယ်ကြတဲ့အခါ
ငါဟာငါမဟုတ်
အရုပ်တစ်ရုပ်သာဖြစ်ခဲ့တယ် …

ပကာသနနဲ့မေတ္တာကြား
ခြားနားခြင်းတွေကိုအပြစ်ဆိုရင်း
သူတင်းကိုယ်တင်းမာနတွေနဲ့
နှောင်ကြိုးတွေလည်း ပြတ်ခဲ့တယ် …

တဖြည်းဖြည်းသိလာတဲ့
ဘဝရဲ့အရသာ
ထင်သလို မချိုပါဘူး
နာကျည်းခါးသည်းနေခဲ့တယ် …

ရုန်းထွက်ဖို့အားခဲရင်း
ထင်းထင်းကျန်နေတဲ့ခြေရာ
အနာဂတ်ကာလအတွက်
မပျောက်ပျက်နိုင်မှာပဲစိုးပါတယ် …

ပျိုးယုဝသုန်
04:45:52 AM
15-12-2011
Thursday(BNE)

No comments: