Sunday 4 September 2011

ချစ်ခင်တန်ဖိုးထားစေချင်

ညီမလေးရေ 

ဒီနေ့Sunshine Coast ဘက်ကို အလုပ်ကိစ္စတစ်ခုနဲ့ သွားရင် လမ်းဘေးတစ်ဘက်တစ်ချင်စီမှာ စီတန်းစိုက်ပျိုး ထားတဲ့ ထင်းရှူးပင်တွေကို ညီညီညာညာလေးတွေ့ခဲ့ရတယ်၊ Glass House Mountain လို့ခေါ်တဲ့ တစ်တောင် တည်း ထီးထီးတည်ရှိနေတဲ့တောင်ကြီးကိုလည်း မြင်တွေ့ခဲ့တယ် ၊ ဒီလို လှပစိမ်းစို နေတဲ့ သစ်ပင်တန်းတွေရယ် နဲ့တောင်ကြီး ကိုတွေ့မြင်ရတော့ တောင်တန်းတွေ သစ်တော စိမ်းစိမ်းတွေနဲ့ လှပနေခဲ့ဖူးတဲ့ လှပနေဆဲလည်း ဖြစ်တဲ့ အစ်မတို့ရဲ့နိုင်ငံကို လွမ်းဆွတ်မိခဲ့တယ် ။


မြက်ခင်းစိမ်းစိမ်းတွေနဲ့လှပနေတာကိုမြင်ရတော့ စပါးပင်စိမ်းစိမ်းတွေနဲ့ လှပနေတဲ့ အစ်မတို့ရဲ့နိုင်ငံနဲ့ယှဉ်ထိုး ကြည့်မိခဲ့တယ်၊ နေ့ညမပြတ် ထိန်ထိန်လင်းနေတဲ့ ပထမကမ္ဘာနိုင်ငံတွေနဲ့ ယခုမှ ဖွံ့ဖြိုးဆဲ တတိယကမ္ဘာနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ အစ်မတို့ တိုင်းပြည် ဟာ ရုပ်ဝတ္ထုအားဖြင့်နှိုင်းယှဉ်လို့ မရအောင် ကွာခြားလှပါတယ်၊ အခြေခံ လူနေမှုကွာဟချက်မရှိတဲ့အတွက် အစ်မ ယခုရောက်ရှိနေတဲ့နိုင်ငံဟာ လူတိုင်းသွာဖို့ အိပ်မက်မက်ချင်တဲ့ တိုင်းပြည် တစ်ခုလည်းဖြစ်ခဲ့တယ်၊

အဖက်ဖက်ကတိုးတက်လာခြင်းရဲ့နောက်ကွယ်မှာ တဖြည်းဖြည်းဆုတ်ယုတ်လာတာကတော့ မေတ္တာတရား တွေပဲဖြစ်တယ် ညီမရေ၊ ရုပ်ဝတ္ထုတွေ တိုးတက်လာတာနှင့်အမျှ စိတ်ချမ်းသာပျော်ရွှင်မှုတွေလျော့နည်းလာကြ ရတယ်၊ မနက်မိုးလင်း အလုပ်သွား ၊စက်ရုပ်တစ်ရုပ်လို သတ်မှတ်ထားတဲ့ အလုပ်ချိန်နာရီအတွင်းမှာ မရပ်မနား အလုပ်လုပ်ပြီး အချိန်တန် အိမ်ပြန်ရတဲ့ ဘ၀တွေမှာ ပျော်ရွှင်စရာဟာ ဘယ်နေရာမှာများရှိမှာလဲ၊ လုပ်ငန်းခွင် ထဲက ရရှိလာတဲ့စိတ်ဖိစီးမှုတွေကို အိမ်အထိသယ်ယူလာပြီး မိမိ စိတ်ကို မိမိ အကျဥ်းချထားခံနေရတဲ့ လူတွေ ဒီပထမကမ္ဘာနိုင်ငံတွေထဲမှာ အများကြီးရှိကြတယ် ၊ အထူးသဖြင့် အမတို့လို အာရှ တိုင်းပြည်တွေက ရောက်ရှိ လာကြတဲ့သူတွေပေါ့ ၊

မိမိရပ်တည်မှုအတွက် အမိအဖကို ဥပေက္ခာပြုထားကြတဲ့ ပထမကမ္ဘာနိုင်ငံသားတွေကို မြင်မိတော့ အစ်မ ကိုယ့်ကိုယ် ကိုယ် မြန်မာလူမျိုး တစ်ယောက်ဖြစ်ရတာ ပိုပြီးဂုဏ်ယူမိလာတယ် ၊ အသက်အရွယ် အိုမင်းလာတဲ့ မိအို ဖအို အများစုဟာ သူတို့ ဘယ်လိုမှ မနေချင်ခဲ့တဲ့ ဘိုးဘွားရိပ်သာလို့ခေါ်တဲ့ သက်ကြီးရွယ်အိုတွေနေတဲ့ နေရာမှာ နေထိုင်ရင်း သူတို့ရဲ့ သားသမီးကလေးတွေမြေးကလေး တွေလာကြည့်လာခေါ်မယ့် အချိန်ကိုသာ မျှော်လင့်တကြီးနဲ့စောင့်နေကြရရှာတယ်၊ သားသမီးတွေအနေနဲ့ကလည်း မိမိရဲ့ မိဘဘိုးဘွားတွေကို တစ် ပတ်မှတစ်ခါ နှစ်ပတ်မှတစ်ခါလာရောက်ကြည့်ရှုနိုင်ဖို့ကိုတော်တော် ကြိုးစားယူကြရတယ်၊ အစ်မတို့ တိုင်းပြည် မှာလို သက်ကြီးဘိုးဘွားမိဘတွေဟာ အိမ်ဦးခန်းမှာ နေရာမရကြရှာဘူး၊ ဒါဟာ အစ်မတို့အရှေ့တိုင်းမှာရှိတဲ့ နိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေရဲ့ကွာဟချက်ပါပဲ ၊

တကယ်တော့ညီမရေ ၊ ပထမကမ္ဘာတိုင်းပြည်တွေဟာ လူငယ်လူ၇ွယ်လူလတ်ပိုင်းတွေအတွက်သာပိုပြီးသင့် လျော်ပါတယ်၊ လူငယ်တွေအတွက် လေ့လာသင်ယူစရာ နည်းပညာတွေဟာ မကုန်နိုင်အောင်ကို ရှိနေခဲ့တယ်၊ တစ်စုံတစ်ရာရဲ့ တွန်းအားပေးမှုမပါပဲ မိမိနှစ်သက်ရာဝါသနာပါရာကို လုပ်ကိုင်ခွင့်ရရှိနိုင်တာကတော့ ဒီနိုင်ငံ တွေရဲ့ အားသာချက်ပေါ့၊ မိမိဝါသနာပါရာနည်းပညာတွေကိုလေ့လာခွင့်ရတဲ့အတွက် မိမိရွေးချယ်ရာ လမ်း ကြောင်းကို နောင်တ နဲနဲ နဲ့လျောက်နိုင်ခဲ့ကြတယ် ၊ ဒါတစ်ခုတော့ အမတို့ နေထိုင်ကြီးပြင်းလာတဲ့နေရာနဲ့တော့ ကွာတာပေါ့၊

ညီမရေ ၊ ဆရာဝန်ဖြစ်မှ အင်ဂျင်နီယာဖြစ်မှ လူရာဝင်တာ မဟုတ်ပါဘူးကွယ်၊ နေရာတိုင်းမှာ အတတ်ပညာရှင် အသိပညာရှင်မျိုးစုံလိုအပ်ပါတယ်၊ ဆရာဝန်တွေချည်းပဲ ရှိနေလို့ မတိုးတက်နိုင်သလို အင်ဂျင်နီယာတွေချည်းပဲ ရှိနေလို့လည်း မတိုးတက်နိုင်ပါဘူး၊ အားလုံးဟာ ကျရာနေရာမှာ မိမိတတ်သိထားတဲ့ အသိပညာ အတတ်ပညာ တွေနဲ့ပူးပေါင်းဆောင်၇ွက်မှသာ အောင်မြင်တဲ့ အဖွဲ့အစည်းတစ်ခု၊ ဒီထက်ကြီးကြီးမားမားပြောရရင် တိုးတက် တဲ့နိုင်ငံတစ် နိုင်ငံဖြစ်လာမှာပါ၊ အဓိက က မိမိစိတ်ဓါတ်ကို မြင့်အောင်မြှင့်ထားဖို့လိုတာလို့ အစ်မတော့ယုံ ကြည်တယ်၊ မိမိရဲ့ အသက်မွေးဝမ်းကျောင်းမှုကို မိမိ တန်ဖိုးးထားတတ်ဖို့ လည်းလိုအပ်ပါတယ်၊ တစ်ဦးနှင့် တစ်ဦးနှိမ်ချ ဆက်ဆံတတ်တယ်ဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ဓါတ် အင်အားချို့တဲ့မှု ပြယုဂ်တစ်ခုပဲ ဖြစ်တယ်၊ မိမိကိုယ် မိမိ တန်ဖိုးထားလေးစားဖို့ ဆိုတာမှာ သူတစ်ဦးတစ်ယောက်ကို လည်း တန်ဖိုးထားလေး စားတတ်မှ ပိုပြီး အဓိပ္ဗါယ်ရှိတယ်၊ 

အမရောက်ရှိနေတဲ့ တိုင်းပြည်မှာဒီလို မိမိရဲ့ အလုပ်ကို ဘယ်လို အလုပ်မျိုး မဆို တန်ဖိုးထားတတ်တာမြင်ရ တော့ အတူယူခဲ့ရပြီး သူတို့ရဲ့ ခံယူချက်လိုလည်းလေးစားခဲ့ရတယ်၊ ယာသမားမိသားစုကမွေးဖွားလာတဲ့ ကလေး ဟာ သူ့ဖခင်ယာသမားကြီးကို အားကျဂုဏ်ယူစွာမော့ကြည့်ပြီး သူလည်းကြီးလာလျင် ယာသမားကြီး လုပ်မယ် ဆိုတဲ့ အပြောကို မိခင်ဖြစ်သူက ကျေနပ်စွာနဲ့ ကလေးငယ်ကိုပြုံးကြည့်နေတာကိုမြင်ရကြားရတော့ ကြည်နူးမှုတခုကိုရရှိခဲ့တယ်၊ အစ်မတို့ကြီးပြင်းရာနေရာမှာတော့ ဒိလိုအပြောမျိုးကို လက်မခံပဲ ကြီးလာလျင် ဆရာဝန်ကြီးလုပ်မယ် ၊အင်ဂျင်နီယာကြီးလုပ်မယ်။ စစ်ဗိုယ်ကြီး လုပ်မယ်ဆိုတဲ့ အပြောမျိုးကို သာ ဘာလို့ပြော တတ်အောင် ကလေးတွေကို တွန်းအားပေးရတာလဲဆိုတာ အစ်မနားမလည်နိုင်ခဲ့ဘူး၊ သားသမီးတွေ ၀ါသနာ မပါတဲ့လမ်းကို မိဘရဲ့ တွန်းအားတစ်ခုအတွက်နဲ့လျောက်ခဲ့ရတယ်ဆိုလျင် ဒီကလေး တွေဟာ အောင်မြင်သင့် သလောက် အောင်မြင်နိုင်ပါဦးမလားဆိုတာ အစ်မ သံသယ ရှိလာခဲ့တယ်၊

Horticultural လို့ခေါ်တဲ့ဥယျာဉ်ခြံမြေစိုက်ပျိုးတဲ့ အတတ်ပညာနဲ့ပတ်သက်တဲ့ အောင်လက်မှတ်တစ်ခုကို လက်ကိုင်ထားပြီးလမ်းနဘေးမှာရှိတဲ့ မြက်ခင်းတွေနှင့်သစ်ပင်ပန်းမာလ်တွေကို အလှဆင်နေသူတွေဟာသူတို့ ရဲ့အသက်မွေးဝမ်ကြောင်းမှုအတွက် ဂုဏ်ယူပျော်ရွှင်နေကြတာကိုတွေရတယ်၊ ပြီးတော့ လုပ်ငန်းခွင်တွေမှာ စိတ်ဖိစီးမှုကြီးစွာ ပျော်ရွှင်မှုကင်စွာနဲ့  အထက်တန်းစားအလုပ်လို့ထင်ရတဲ့ အလုပ်တွေ ကိုလုပ်နေကြတဲ့သူ တွေကိုလည်းမြင်တွေ့နေခဲ့ရတယ်၊
ညီမရေ၊ တကယ်တော့ ဘယ်လိုအလုပ်မျိုးမဆို သူ့နေရာနဲ့သူ တန်ဖိုးရှိအသုံးဝင်ပါတယ်၊ ခ၀ါသည်အလုပ်ကို ဘုရင်မလုပ်နိုင်သလို ဘုရင် အလုပ် ကိုလည်း ခ၀ါသည် မလုပ်နိုင်သလိုပေါ့၊ ခ၀ါသည်ကို ဘုရင် အလုပ် မလုပ်နိုင်ရကောင်းလားလို့အပြစိတင်လို့မရသလို ဘုရင် ကိုလည်း ခ၀ါ မဖွပ်နိုင်ရကောင်းလားလို့ အပြစ်ဆိုလို့ မရပါဘူး၊ ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်အောင်ဆောင်၇ွက်ဖို့၊ ကိုယ့်ကိုယ်ကို ကျေနပ်ပျော်ရွှင်နေတတ်ဖို့ နဲ့  ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား ချစ်ခင်တတ်ဖို့သာအရေးအကြီးဆုံးပါ ။

ပျိုးယုဝသုန်
19-08-2010 (Thursday )

No comments: