Tuesday 28 June 2011

ဆုတောင်းမှားခဲ့ကြသူများ





၁။

“ မြတ်လေးပန် ” တဲ့
နူးညံ့လှပတဲ့ အမည်ကို ပိုင်ဆိုင်သလို အပြစ်ဆိုဖွယ်ရာမရှိအောင် လှပတဲ့ အမျိုးသမီးလေး တစ်ယောက်
 သူငယ်ချင်းဖြစ်သူ သူရ ရဲ့မင်္ဂလာဧည့်ခံပွဲ မှာစတင်တွေ့ရှိခဲ့တယ်၊ မြင်လျင်မြင်ချင်း နှစ်သက်သဘောကျမိတာကြောင့် သူရကို မိတ်ဆက်ပေးခိုင်းတော့သူရရဲ့တအံ့တသြအကြည့်တွေကို ကျေကျေနပ်နပ်ကြီးလက်ခံရင်း မြတ်လေးပန် နဲ့ခင်မင်ရင်းနှီးခွင့်ကို ရအောင်ယူခဲ့တယ် ၊ တကယ်ပါ မြတ်လေးပန်.. ကိုယ့်ဘဝတစ်လျောက်လုံးမှာ ဘယ်မိန်းကလေး တစ်ဦးတစ် ယောက်ကိုမှအခုလို  ပြင်းပြင်းထန်ထန်သိချင်စိတ်မရှိခဲ့ဖူးပါဘူး.. ၊ ကံအားလျော်စွာဘဲ မြတ်လေးပန်ဟာ သူရရဲ့ အမျိုးသမီး ဝတ်ရည် ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းကလေးဖြစ်လို့နေခဲ့တယ် ၊

ဖြူစင်ရိုးသားပြီး ဖော်ရွေတတ်တဲ့ သူမနဲ့မကြာမီအချိန်မှာဘဲ ခင်မင်ရင်းနှီးခွင့်ရခဲ့တယ် ၊ နိုင်ငံခြားပညာရေးဝန်ဆောင် မှုလုပ်ငန်းကိုလုပ်ကိုင်နေပြီး နိုင်ငံရပ်ခြားကို မကြာခဏသွားလာနေတဲ့သူမဟာ တဆိတ်မြန်မာဆန်လှတာကိုတော့ ကျွန်တော် အံ့သြမိပါတယ်၊ မြတ်လေးပန်  ကိုကြည့်ရတာလည်း သူမမြန်မာဆန်ဆန်နေထိုင်ရတာကို ကျေနပ်ဂုဏ်ယူနေပုံ ရတယ်။  သူမရဲ့လှပ မှုနဲ့ထက်မြက်မှုကိုနှစ်သက်သဘောကျရင်း သူမလေးကို ပိုင်ဆိုင်လိုတဲ့ စိတ်တွေဖြစ်ပေါ်လာခဲ့တယ်၊  ဟုတ်တယ်၊ မြတ်လေးပန်သာ ကျွန်တော့်အနားမှာရှိမယ်ဆို တော်တော်လေးကျေနပ်စရာကောင်းမှာလို့ မကြာခဏလည်းစိတ်ကူးကြည့်ခဲ့ဖူးပါတယ်၊ ကျွန်တော် တော့ ခင်ဗျားကို ချစ်မိပြီထင်ပါရဲ့ မြတ်လေးပန် ..၊

ရင်းနှီးခင်မင်ပြီး များမကြာမီကာလမှာဘဲ ကျွန်တော် မြတ်လေးပန် ကို ချစ်ခွင့်ပန်ခဲ့တယ် ၊

“ ကိုယ် မင်းကို ချစ်တယ် မြတ်လေးပန် .. ကိုယ့်တစ်သက်မှာ တစ်ခါမှ အခုလောက် မိန်းကလေးတစ်ယောက်ကို ချစ်ခင်ပိုင်ဆိုင်လိုစိတ်မဖြစ်ခဲ့ဖူးပါဘူး .. မယုံရင် မြတ်လေးပန် စုံစမ်းနိုင်ပါတယ်.. ကိုယ့်ကို တခုခု တုံ့ပြန်ပေးမလား .. စောင့်စားပြီး ရင်ခုန်နေရတာကို ကိုယ် မခံနိုင်တော့လို့ပါ ..”     လို့ ကျွန်တော်ပြောတော့ ကြည်ကြည်လင်လင်ကလေးပြုံးပြီး

“ ကျွန်မလည်း မငယ်တော့တဲ့ ခေတ်မိန်းကလေးတစ်ယောက်ပါ ကိုရဲသွေးညီ  .. ကိုရဲသွေးညီ ကျွန်မ ကို စိတ်ဝင်စားတယ် ဆိုတာ ကျွန်မရိပ်မိပါတယ် .. ဒီအတွက် အဖြေလည်းအဆင်သင့်ရှိပါတယ်.. ဒါပေမယ့် ဒီအဖြေကို ခုလာမယ့် တနင်္ဂနွေနေ့  Staff Party အပြီး အပြန်မှာ ပြောမယ်နော် ” လို့ပြန်ဖြေတယ် ၊

တနင်္ဂနွေနေ့ကလေးဟာ ပျော်ရွှင်စရာတွေနဲ့ပြည့်နေတယ်ဆိုတာကို ဒီတနင်္ဂနွေမှဘဲ သိသိသာသာ ထင်ထင်ရှားရှားသိရ တော့တယ်၊ Staff Party အပြီး စားပွဲမှာ သူမနှင့် ကျွန်တော် နှစ်ယောက်သာကျန်တဲ့အချိန်မှာတော့ ကျွန်တော်က သိချင်စိတ်ကြီးစွာနဲ့မေးမိတယ်၊

“ မြတ်လေးပန် .. ကိုယ့်ကိုတစ်ခုခုပြောမယ်ဆို.. ကိုယ်အခုကြားရမှာလားဟင် ..”

ဖြတ်ကနဲပြုံးပြီး နားရွက်ဖျားလေးတွေနီလာစွာနဲ့ ညင်သာစွာခေါင်းညိတ်ပြတယ် ၊ ပြီတော့

“ ဟုတ်ကဲ့ ကိုရဲသွေးညီ .. ကျွန်မမှာ ရှိပြီးသားအဖြေက ကိုရဲသွေးညီကို ချစ်ပါတယ် ဆိုတဲ့ အဖြေပါ ..” လို့ ညင်ညင်သာသာလေး ပြန်ပြောတယ်

အဖွဲ့အနွဲ့ အသိုင်းမပါတဲ့ စကားလေးတစ်ခွန်းပါဘဲ ၊ ဒါပေမယ့် ရင်ခုန်သံကိုမြန်လွန်းစေတာ ခက်လှတယ်၊ စားပွဲပေါ်တင်ထားတဲ့ သူမရဲ့ လက်ကလေးကို ဆွဲယူလိုက်တော့ ကျွန်တော့်လက်တွေအေးနေမလား နွေးနေမလားမသိပေမယ့် သူမရဲ့လက်တွေကတော့ နွေးထွေးနူးညံ့နေခဲ့တယ် ၊ မြတ်လေးပန်  မင်းကို ကိုယ် အ၇မ်းချစ်မိနေခဲ့ပြီ ..တကယ်ပါ.. ။

၂။

ချစ်သူဖြစ်ပြီးမကြာမီ သုံးလ အတွင်းမှာပဲ ကျွန်တော်ဟာမြတ်လေးပန် ကို လက်ထပ်ယူဖို့ ကြိုးစားခဲ့တယ်၊

“ ကိုယ့် အသက် ၃၀ ရှိပြီမြတ်လေး .. ၃၀ ဆိုတဲ့အ၇ွယ်ဟာ မကြီးသေးဘူးလို့ပြောလို့ရပေမယ့် ငယ်တဲ့အထဲမှာတော့ မပါတော့ဘူး .. ကိုယ့် ကို လက်ထပ်ခွင့်ပေးပါ နော် .. မင်းနဲ့ကိုယ်  ဘဝတစ်ခုကို လှလှပပ ထူထောင်ချင်ပြီ ..”  ဆိုတဲ့ကျွန်တော့်ရဲ့စကားကို ပြုံးပြုံးလေး ခေါင်းညိတ်ရင်း

” ကောင်းပါပြီ  ကို .. မြတ်လေး  မေမေ တို့ကိုပြောပြလိုက်ပါ့မယ် .. မြတ်လေးကတော့ ငြင်းစရာမရှိပါဘူး ” လို့ပြန်ပြောတယ်
တကယ်ပါ ၊ မြတ်လေး ကျွန်တော့်ကိုချစ်တယ်ဆိုတာ တစ်နေ့ထက်တစ်နေ့ ပိုပိုသိလာရတယ် ၊ ကျွန်တော့်ရဲ့နှုတ်ထွက်စကားကို နားထောင်ရင်း ကျွန်တော်ဖြစ်ချင်တာတွေကို တတ်နိုင်သမျှဖြစ်အောင်ဖန်တီးပေးတတ်တဲ့ချစ်သူ၊ ကျွန်တော် တကယ့်ကိုကံကောင်း တယ်လို့ဝန်ခံပါတယ်၊ မိတ်ဆွေသူငယ်ချင်းတွေကြားမှာလည်း မြတ်လေးပန်ကို ချစ်ခွင့်ရရှိခဲ့တဲ့အတွက် သဘောကျ အားကျခြင်းကို ခံခဲ့ရတယ် ၊ တကယ်ပါဘဲ မြတ်လေးပန် ဟာကျွန်တော့်အတွက် မရှိမဖြစ်တဲ့ ရတနာတစ်ပါးပါ .. ၊

မေလပထမအပတ်ရဲ့ တနင်္ဂနွေတစ်နေ့မှာ ကျွန်တော်နဲ့မြတ်လေးပန်တို့လက်ထပ်ခဲ့ကြတယ်၊ ဟိုတယ်မှာဧည့်ခံပွဲတွေကို ကြီးကြီးကျယ်ကျယ် မလုပ်ချင်တဲ့မြတ်လေးပန် နှင့် သူမမိဘ၊ကျွန်တော့်မိဘ သဘောထားအနည်းငယ်ကွဲလွဲခဲ့ကြရသေးတယ် ၊

“ မေမေ တို့စဥ်းစားကြည့်ကြပါ ..ဂုဏ်ပကာသန အတွက် ဒီလိုဧည့်ခံပွဲတွေကို ငွေလည်းကုန် လူလည်းအပင်ပန်းခံလုပ်နေမယ့် အစား ကုန်ကျမယ့် ငွေတွေကို လိုအပ်နေတဲ့နေရာတွေမှာ လှူဒါန်းလိုက်မယ်ဆိုရင် မြတ်လေးတို့လှူတဲ့ငွေတွေဟာ မပြည့်စုံတဲ့သူ တွေအတွက် ရည်ရှည် အရင်းအနှီး အထောက်အပံ့ ဖြစ်စေမှာပါ .. တစ်ရက်စာ အပျော် ကို အမြဲတမ်း အပျော်အဖြစ် ဖန်တီးခွင့်ပြုပါလို့ မြတ်လေးတောင်ပန်ချင်ပါတယ်.. ဒါမှ မြတ်လေးတို့ရဲ့ မင်္ဂလာဆောင်ဟာလည်း တကယ့် မင်္ဂလာအစစ်ဖြစ်မယ်လို့ မြတ်လေးယုံပါတယ် ..”

မြတ်လေးပန်ရဲ့သဘောထားကိုသိရှိရပြီးတဲ့နောက် မှာတော့ ကျွန်တော်ဟာသူမလေးကို ရောသူမရဲ့စိတ်ကိုပါပိုမိုမြတ်နိုး အထင်ကြီး ခဲ့ရတယ်။ ထက်မြက်တဲ့ရည်အချင်းတွေနဲ့ပြည့်စုံသလို နူးနူးညံ့ညံ့ညင်ညင်သာသာနဲ့ သူတပါးနားဝင်အောင်ပြောဆို တတ်တာကတော့ သူမလေးရဲ့ပင်ကိုယ်စွမ်းရည်ဖြစ်မယ်ထင်ပါရဲ့၊  မြတ်လေးရဲ့သဘောဆန္ဒအရ ဟိုတယ်မှာကြီးကြီးကျယ်ကျယ် ဧည့်ခံပွဲမလုပ်တော့ဘဲ မဟာသန္တိသုခမှာ မင်္ဂလာဆွမ်း ကျွေးပြီးခင်မင်ရင်နှီးသူများကိုပါဖိတ်ကြားခဲ့တယ်.. ပြီးတော့မင်္ဂလာဆောင် အတွက်ကုန်ကျမယ့်စရိတ်တွေကို ဘိုးဘွား ရိပ်သာ၊မိဘမဲ့ကျောင်း၊ ဆွံ့အနားမကြားကျောင်း၊ စိတ်ကျန်းမာရေးဆေးရုံနှင့် နွမ်းပါးတဲ့ဘုန်းတော်ကြီးကျောင်းတွေကို သွားရောက် လှူဒါန်းခဲ့တယ်၊ မထင်မှတ်နိုင်အောင်ပဲ ပကာသနကိုမမက်မောလှတဲ့ ချစ်သူကလေးကိုကျွန်တော်ရရှိခဲ့ခြင်းဖြစ်ပါတယ်၊ မယုံကြည်နိုင်အောင် မြတ်လေးပန်ဟာ လှူဒါန်းမယ့်နေရာတွေနဲ့လှူဒါန်းမယ့်ငွေ ပမာဏကိုပါစီစဉ်ပြီးဖြစ်နေခဲ့တယ်၊ ကျွန်တော်တို့ရဲ့မင်္ဂလာဧည့်ခံပွဲ ကလေးဟာအေးအေးချမ်းချမ်းနဲ့ပြဲပီးဆုံးခဲ့တယ်၊ ညနေပိုင်းမှာ တော့မြတ်လေးရဲ့လုပ်ငန်းပိုင်းဆိုင်ရာမိတ်ဆွေအချို့နဲ့ ကျွန်တော့်ရဲ့ အလုပ်ထဲက မိတ်ဆွေအချို့နဲ့ အတူ Western Park မှာ ညနေစာစားဖြစ်ခဲ့ကြတယ်၊

ကျွန်တော်တို့ရဲ့အိမ်ထောင်ဦးကာလဟာအေးအးချမ်းချမ်းနဲ့ သမရိုးကျပဲ ကုန်ဆုံးခဲ့တယ်၊ ကံတူပြီးအကျိုးပေးတယ်ပြောရမ လားမသိဘူး၊ ကျွန်တော့်လုပ်ငန်းတွေရောမြတ်လေးရဲ့လုပ်ငန်းတွေပါအောင်မြင်ခဲ့တယ်၊ မြတ်လေးကတော့ အလုပ်ဘယ်လောက် များများကျွန်တော့ကိုဂရုတစိုက်ရှိခဲ့တယ်၊ မနက်စာကို ကျွန်တော်နှစ်သက်တဲ့ အစားအစာတွေကိုမထပ်ရအောင်စီစဉ်ပေးသလို ထမင်းအတူစားဖို့လည်းဘယ်တုန်းကမှမပျက်ကွက်ခဲ့ဘူး၊ အိမ်ဦးနတ် အရှင်ဘုရင်တစ်ပါးလို ခန့်ခန့်ငြားငြားနေတိုင်ခွင့်ရခဲ့တယ်၊ အချို့သူမ မတတ်နိုင်တဲ့အနည်းငယ်မျှသောအိမ်အလုပ်များမှအပ ကျွန်တော်ဟာ အိမ်ကိစ္စအတွက်ဘာမှလှည့်ကြည့်စရာမလိုခဲ့ ပါဘူး၊

၃။

ဒီလိုနဲ့အိမ်ထောင်သက် ၆လကျော်အကြာမှာ ကျွန်တော်ဟာကျွန်တော့်ရဲ့အိမ်ထောင်ရေးအပေါ်မှာစိတ်ဝင်စားမှုနဲလာခဲ့ပါ တယ်၊ အကြောင်းရင်းခံဇစ်မြစ်ကိုချက်ချင်းလိုက်ရှာကြည့်ပေမယ့် ဘယ်လိုမှရှာလို့မရခဲပါဘူး၊ လုပ်ငန်းခွင်မှာစိတ်လက်ကြည်သာ ရသလောက် အိမ်အပြန်ဆိုနောက်ကျိနေတဲ့စိတ်တွေဖြစ်နေခဲ့တယ် ၊ ဇနီးသည် မြတ်လေးကြောင့်လားဆိုတော့လည်းမဟုတ်ဘူး၊ ကျွန်တော့်အပေါ် အရင်အတိုင်းတာဝန်ကျေလျက်ပါဘဲ၊ ဒါပေမယ့်သူမရဲ့အရိပ်အကဲသိတတ်မှုဟာတခါတလေမှာ စိတ်ကိုကသိ ကအောင့်တော့ဖြစ်စေခဲ့တယ်၊ မြတ်လေးအပေါ်မှာလည်း ကျွန်တော့်ရဲ့ မကျေပြွန်တဲ့တာဝန်တွေအတွက် အားနာခဲ့ရသလိုဖြစ်ခဲ့ တယ်၊ ကျွန်တော်အဲဒီလိုဖြစ်မနေချင်ဘူး၊ ဒါပေမယ့် ကျွန်တော်မြတ်လေးကိုချစ်နေဆဲဘဲဆိုတာကတော့သေချာတယ်၊ သူမ ပြင်ပြင်ဆင်ဆင်နဲ့လှပနေရင်ကျွန်တော်အင်မတန်နှစ်သက်ကျေနပ်မိတယ်.. ဒါပေမယ့် ကျွန်တော်မြတ်လေးအနားမှာမနေရဲသလို ဖြစ်လာတယ်၊ ဒီလို ကိုယ့်စိတ်ကိုကိုယ်မြင်မိတဲ့အချိန်မှာ ကျွန်တော် အင်မတန် စိတ်မကောင်းဖြစ်ခဲ့ရတယ်၊ မြတ်လေးအတွက်ပေါ့ ။
ကျဉ်းကျပ်လာတဲ့စိတ်တွေကို ထွက်ပေါက်အဖြစ်နဲ့ ကျွန်တော် စင်တင်တေးဂီတနဲ့ KTV တွေဆီခြေဦးလှည့်ခဲ့တယ် ၊ ညစဉ်ညတိုင်းမဟုတ်ပေမယ့်လည်းမကြာခဏတော့ရောက်ဖြစ်ခဲ့တယ်၊ ဒါကိုရိပ်မိသိရှိတဲ့မြတ်လေးက

“ ကို .. ဘာတွေဖြစ်နေလဲ .. တခုခုအဆင်မပြေတာရှိနေသလား .. ဒါမှမဟုတ် မြတ်လေးအပေါ် စိတ်ကွက်စရာများရှိနေသလား ..”  ဆိုပြီးမေးလာတဲ့မေးခွန်းကို  “ဘာမှမဖြစ်ပါဘူး” ဆိုတဲ့အဖြေတစ်ခုသာကျွန်တော်ပြန်ပေးနိုင်ခဲ့တယ်၊ ကျွန်တော့်ရဲ့မူမမှန်တော့တဲ့ အပြုအမူကို သူမဘာမှပြစ်တင်ပြောဆိုခြင်းမရှိသလို သူမရဲ့ဝတ္တရားတွေကို မပျက်စေခဲ့ဘူး ၊ ရန်ဖြစ်ခြင်း ပြစ်တင်ပြောဆိုခြင်း မရှိကြပေမယ့် ကျွန်တော်တို့ရဲ့အိမ်ထောင်ရေးဟာ တဖြည်းဖြည်းနဲ့နွေးထွေးမှုတွေလျော့နည်းလာခဲ့တယ်၊

ဒီလိုနဲ့ နောက်ပိုင်းရင်တွေမှာ ကတောက်ကဆအနည်းအကျဉ်းရှိလာခဲ့ကြတယ်၊ စိတ်ညစ်ညူးရှုပ်ထွေးနေတဲ့ ကျွန်တော်နဲ့ ကျွန်တော်ါရဲ့ပျက်နေတဲ့ခြေလှမ်းတွေကို မနှစ်သက်တဲ့မြတ်လေးရဲ့ကြားမှာ တစ်ဦးကိုတစ်ဦး မကျေနပ်မှုတွေနဲ့အသေးစား ပေါက်ကွဲမှုတွေဖြစ်လာခဲ့တယ် ၊ တကယ်တော့လည်းကျွန်တော်ဒီလိုသွားလာရတာကို မနှစ်သက်မပျော်ပိုက်ပါဘူး၊ အဓိက ကတော့ မြတ်လေးနားမှာ မနေနိုင်တာ တစ်ခုပါဘဲ၊ အပြစ်ပြောစရာမရှိအောင် ထောက်ပြစရာမရှိအောင် ကျွန်တော့်အပေါ်မှာကောင်းခဲ့တဲ့ မိန်းမအနားမှာမနေနိုင်အောင် ကျွန်တော့်ရဲ့စိတ်တွေအမိုက်မှောင်ဖုံးခဲ့တယ်၊ သူမအနားမှာနေနေရတာကို ဆရာမအနားမှာနေနေရ တဲ့စာမရတဲ့ကျောင်းသားတစ်ယောက်လို ခံစားလာရတယ် ၊

“ ကိုယ့်ကိုကွာရှင်းခွင့်ပေးပါ မြတ်လေး .. ကိုယ့်ကို တစ်ယောက်ထဲနေခွင့်ပေးပါ .. ကိုယ် စိတ်တွေအရမ်းကျဉ်းကျပ်ပြီး မပျော်တော့လို့ပါ ..” ဆိုတဲ့  ကျွန်တော့်ရဲ့တောင်းဆိုမှုကိုကြားတော့ အံ့သြတကြီးနဲ့ကြည့်လာတဲ့ မျက်ရည်ဝိုင်းနေတဲ့ မြတ်လေး ရဲ့မျက်ဝန်းတွေ ကိုကျွန်တော်ရင်မဆိုင်ရဲခဲ့ဘူး၊ ကျွန်တော့်ရဲ့စကားဟာမြတ်လေးအပေါ်မှာရင့်သီးရက်စက်နေမယ်ဆိုတာသိပေမယ့် ကျွန်တော်ပြောဖြစ်ခဲ့တယ်၊

“ဘာဖြစ်လို့လဲ ကို …  ကွာရှင်းချင်ရတဲ့အကြောင်းရင်းတခုခုကို ပွင့်ပွင့်လင်းလင်းပြောပြပါ .. ” ဆိုတဲ့သူမရဲ့အမေးစကားကို

“ ဘာမှမဖြစ်ပါဘူး .. ကိုယ်တစ်ယောက်ထဲနေချင်လို့ပါ ” ဆိုတဲ့အဖြေကိုပဲကျွန်တော်ပေးနိုင်ခဲ့တယ်၊

အဲဒီနောက်ပိုင်း ကျွန်တော့်ရဲ့ အထပ်ထပ် အခါခါ တောင်ဆိုမှုတွေကိုကြားလာရတဲ့အခါမှာတော့

“ကောင်းပါပြီ ကို .. ကိုမပျော်တော့လို့ဆိုရင်လည်းမြတ်လေးကွာရှင်းပေးပါတော့မယ် .. ဒါပေမယ့်မြတ်လေးကိုတစ်ခုတော့လိုက် လျောပေးပါ.. ကွာရှင်းချင်ရတဲ့ အကြောင်းရင်မှန်ကို သိပါရစေ.. ကို စဉ်းစားဖို့ အချိန်တစ်ပတ်ယူပါ.. မြတ်လေးလည်းအားလုံး အတွက်အဆင်သင့်လုပ်ထားလိုက်ပါ့မယ်.. ဟုတ်ပြီလား .. ”ဆိုပြီး မှိုင်းညို့နေတဲ့မျက်ဝန်းတွေနဲ့အတူလှည့်ထွက်သွားခဲ့တယ် ၊ အဲဒီနောက်ပိုင်းမှာတော့ မြတ်လေးနဲ့ကျွန်တော် တစ်အိမ်ထဲအတူနေပြီး မျက်နှာချင်းမဆိုင်ဖြစ်ခဲ့ကြဘူး၊

၎။

ဒီနေ့မနက် အစောကြီးနိုးလာခဲ့တယ်၊ ဒီနေ့ဟာမြတ်လေးကျွန်တော့်ကိုပြောထားတဲ့တစ်ပတ်ပြည့်တဲ့နေ့လည်းဖြစ်တယ်၊ မြတ်လေးလိုချင်တဲ့အဖြေကိုဘယ်လိုအဆင်ပြေအောင်ပေးရမလဲဆိုတာကိုကျွန်တော်စဉ်းစားနေခဲ့တယ် ၊ အကောင်းဆုံးဖြစ်မယ့် အဖြေကိုကျွန်တော်ရှာမတွေ့ခဲ့ပါဘူး ၊ ကျွန်တော့်ကို မြတ်လေး နာကျည်း သွားမယ့်အဖြေမျိုးကိုဘဲကျွန်တော်ရွေးချယ်ဖြစ်မှာပါ၊ အမှန်ပါမြတ်လေးရယ် .. ကိုယ်မင်းနဲ့အတူတူနေချင်ပါတယ် ၊ ကိုယ့်ရဲ့အဖြစ်ကို မင်းကိုပွင့်ပွင့်လင်းလင်းပြောပြဖို့လည်း ကိုယ်အဲဒီလောက်သတ္တိကောင်းမနေခဲ့ဘူး၊ ကိုယ့်စိတ်ကို ကိုယ်ရှင်းရှင်းလင်းလင်းသိလာတဲ့အချိန်မှာတော့ ကိုယ်မင်းကို ကိုယ့်အနား မှာလည်းမထားရက်ဘူး၊ လူ့အသိုင်းအ၀ိုင်းအဖွဲ့အစည်းက လက်မခံနိုင်တဲ့အဖြစ်မျိုး ကိုယ့်မှာမှ ဘာလို့လာဖြစ်ရတာလဲ၊ မင်းကို ကိုယ့်အနားမှာ ဆိုးတိုင်ပင် ကောင်းတိုင်ပင် အနေနဲ့ရှိနေစေချင်ပါတယ်၊ ဒါပေမယ့် မဖြစ်သင့်ဘူးမြတ်လေးရယ်၊ မင်းကို ကိုယ် ပိတ်လှောင် မထားရက်လို့ပါ၊ ဘာသာရေးရှုထောင့်ကကြည့်ရင်လည်းအမြင်မတင့်တယ်တဲ့အဖြစ်မို့ အခြေအနေအားလုံးကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ရက်ပေါင်းလပေါင်းများစွာအချိန်ယူစဉ်းစားခဲ့တာပါ၊ နောက်ဆုံးတော့ မင်းကိုကွာရှင်းပြီးလူရှုပ်လူပွေ တစ်ယောက် အနေနဲ့ကိုယ့်ကိုယ်ကို ဇတ်သိမ်းခွင့်ပြုပါမြတ်လေးပန် ..၊

မနက်ရှစ်နာရီခွဲတော့ မြတ်လေးသူမရဲ့အလုပ်ရှိရာကိုထွက်သွားတယ်၊ ကျွန်တော့်အခန်းပြူတင်းပေါက်အကွယ်ကနေ မြတ်လေးထွက်သွားတာကိုငေးကြည့်နေမိတယ်၊ဒါကိုသူမတော့သိမယ် မထင်ပါဘူး၊ ကျွန်တော်နှစ်သက်သဘောကျတဲ့အတိုင်း မြတ်လေးဟာသန့်ရှင်းသပ်ရပ်ပြီးလှပနေခဲ့တယ်၊ ညက ကျွန်တော့်အခန်းတံခါးအောက်မှတဆင့်လာထားသွားတဲ့စာရွက်ကလေးကို ပြန်ဖတ်ကြည့်မိတယ်၊

“ကို... 
 ညနေ လေးနာရီခွဲ မြတ်လေးပြန်လာခဲ့မယ်.. သေချာတဲ့အဖြေတစ်ခုကို ကို နဲ့အတူယူခဲ့ပါ .. ကို့စိတ်တိုင်းကျဖြစ်စေဖို့ မြတ်လေးစီစဉ်ထားပါ့မယ် ”  တဲ့

သြော် ..ဒါဆိုကျွန်တော်နဲ့မြတ်လေးမနက်ဖြန်ကစပြီးဘာမှမဆိုင်တော့ဘူးပေါ့၊ အင်း .. ဒါလည်းကောင်းပါတယ်လေ ..၊

ရည်ရွယ်ချက်မရှိပါဘဲမြတ်လေးနေတဲ့အခန်း ၊ အရင်က ကျွန်တော်တို့နှစ်ယောက်ရဲ့အခန်းဆီကိုခြေဦးလှည့်မိတယ်၊ တံခါး လက်ကိုင်ကိုလှည့်ဖွင့်ကြည့်တော့ သော့ခတ်မထားဘဲအလွယ်တကူပွင့်သွားတယ်၊ အခန်းထဲကိုကျွန်တော်ဖြည်းညင်းစွာဝင်လာခဲ့ တယ်၊ အခန်းဟာအရင်လိုသန့်ရှင်းသပ်ရပ်နေဆဲပါဘဲ၊ သင်းပျံ့တဲ့၇နံ့တစ်မျိုးကိုရလိုက်တယ် ၊ ဘာနံ့ပါလိမ့် .. သြော် Grapefruit & Coconut ဆိုတဲ့အနံ့လေး။ကျွန်တော်တို့နှစ်ယောက်လုံးနှစ်သက်သဘောကျတဲ့အနံ့သင်းသင်းကလေးပေါ့၊ ပြီးတော့ အ၀တ်တန်းမှာ ချိတ်ထားတဲ့ လှပတဲ့ဇာလေးတွေပါတဲ့ ဆင်စွယ်ရောင် ထူထူအိအိ ၀တ်စုံလေး၊ သူမ မ၀တ်ဖြစ်ခဲ့တာနဲ့တူတယ်၊ အသာအယာကို်င် ကြည့်တော့ နုညက်ချောမွေ့တဲ့အထိအတွေကိုရတယ်၊ မြတ်လေးကိုကျွန်တော်နှစ်သက်သဘာကျတဲ့အထဲမှာခုလိုအ၀တ်အစားတွေ ကိုလှလှပပေ၇ွးချယ်ဝတ်ဆင်တတ်တာလဲပါတယ် ၊ အာ .. မဟုတ်ဘူး ..နှစ်သက်သဘောကျရုံတင်မဟုတ်ဘူး ..သူမရဲ့လှပ ထက်မြက်ခြင်းတွေကိုလည်းကျွန်တော်အားကျမက်မောခဲ့တာပါ ၊

အဲဒီနောက်ကျွန်တော်သဘောကျနှစ်ခြိုက်ရတဲ့မြတ်လေးရဲ့မှန်တင်ခုံဆီကိုရောက်လာခဲ့တယ်၊ အမျိုးအမည်စုံလှတဲ့အလှ ပြင်ပစ္စည်းတွေ ၊ တခုချင်းကိုကိုင်ကြည့်ရင်းဖြစ်ပေါ်လာတဲ့ကြည်နူးစိတ်၊ လှပတဲ့နှုတ်ခမ်းနီ အရောင်ဖျော့ဖျော့များ ၊ မှန်တင်ခုံရှေ့ရှိ ထိုင်ခုံရှည်လေးမှာဝင်ထိုင်ရင်း မှန်ထဲမှာပေါ်လာတဲ့ကိုယ့်ပုံရိပ်ကိုကိုယ်ကြည့်မိတယ်၊ ပြုံးကြည့်တယ်၊ မဲ့ကြည့်တယ်၊ တည်ကြည့် တယ် ၊ရယ်ကြည့်တယ်၊ ကြည်ကြည်လင်လင်နဲ့စိတ်လက်ပေါ့ပါးလာသလိုခံစားရတယ်၊ မြတ်လေးရဲ့ အလှပြင်ပစ္စည်းတွေကို ဖွင့်ရင်းတစ်ခုချင်းစီကိုမျက်နှာပေါ်စိတ်ရှည်လက်ရှည်တင်ကြည့်တယ်၊ foundation cream, Make up, Powder, cake, Brush on, eye shadow, check colour ပြီးတော့ နှုတ်ခမ်းနီပန်းရောင်ဖျော့ဖျော့လေကိုဆိုးလိုက်တယ် ၊ အဲဒီနောက် မြတ်လေးရဲ့ ဦးထုတ်အ၀ိုင်း အပြာရောင်လေးကိုဆောင်းကြည့်လိုက်တော့ နှစ်သက်စဖွယ်သူစိမ်းမိန်းကလေးတစ်ဦးကို မှန်သားပြင်မှာမြင်လိုက် ရတယ်၊ scuff ပုဝါ အပြာရောင်လေးကို လည်ပင်းမှာ ကပိုပရိုလေးတင်လိုက်တော့ ပိုမိုပြည့်စုံသွားတာပေါ့၊ ကြေးမုံပြင်ထက်မြင်ရတဲ့ လှပနေတဲ့ပုံရိပ်တစ်ခုကိုနှစ်သက်စွာပြုံးပြီးကြည့်နေတော့ ပုံရိပ်ကလည်းပြန်ပြုံးပြတယ်၊ မျက်နှာအမူအရာ အမျိုးမျိုးလူပ်ကြည့်ရင်း တဖြည်းဖြည်းနဲ့စိတ်တွေပျော်ရွှင်လာခဲ့တယ်၊ အသံထွက်ရယ်မောကြည့်တယ်၊ မှန်သားပြင်ထဲကမိန်းကလေးကလည်းအသံလွင်လွင် ကလေးနဲ့တခစ်ခစ်ရယ်လို့ပေါ့၊ မှန်တင်ခုံရှေ့မှာထိုင်နေရာကထပြီးကိုယ်ကို တပတ်လှည့်တယ် …၊

“ ကို ”

အရှိန်ပြင်းတဲ့ဗုန်းတစ်လုံးအနားမှာကပ်ပြီးပေါက်ကွဲသွားသလိုပါဘဲ ၊ မြတ်လေး .. ညနေမှပြန်လာမယ်ဆိုပြီးနေ့ခင်းကြီးဘယ်လိုလုပ် ရောက်လာတာပါလိမ့်၊  တဆတ်ဆတ်တုန်နေတဲ့ရင်နဲ့အလန့်တကြားလှည့်ကြည့်မိတော့ မျက်ရည်တွေစီးကျနေတဲ့မျက်ဝန်းနဲ့စိုက် ကြည့်နေတဲ့ မြတ်လေးပန် ..၊ အဓိပ္ဗါယ်များစွာပါတဲ့အကြည့်တွေထဲမှာ ယူကြုံးမရဖြစ်ခြင်းဆို တာကိုပါတွေ့ရှိလိုက်ရတယ်၊ ရှက်ခြင်း၊ သိမ်ငယ်ခြင်းတွေနဲ့အတူ လှိုက်တက်လာတဲ့ရင်နဲ့တုန်ရီနေတဲ့ကျွန်တော့်ဆီကို မြတ်လေး ဖြည်းညင်းစွာလျောက်လာခဲ့တယ်၊ ကျွန်တော်ကတော့ ဆက်လက်ရပ်တည်ခြင်းငှာ မတတ်နိုင်တော့ဘဲအနီးရှိခုံလေးမှာထိုင်ချလိုက်တယ်၊ မြတ်လေးကတော့ မျက်နှာကို လက်ဝါးနဲ့အုပ်ပြီးထိုင်နေတဲ့ ကျွန်တော့်ကိုညင်သာစွာပွေ့ပိုက်လာခဲ့တယ်၊

“ဖြစ်မှဖြစ်ရလေတယ်  ကို  ရယ်.. မြတ်လေးနဲနဲရိပ်မိပေမယ့် ကို အလှအရမ်းကြိုက်တယ်လို့ပဲထင်မိတာ .. ဒီလိုလုံးဝ မထင်ခဲ့မိဘူး .. အားမငယ်ပါနဲ့  ကို  .. မြတ်လေးတို့ အကောင်းဆုံးနည်းလမ်းရှာကြတာပေါ့ .. ဆရာဝန်တွေနဲ့တိုင်ပင်ကြည့်ကြမယ်လေ..နော် .. နောက်ဆုံးဘယ်လိုမှ မဖြစ်နိုင်တော့ရင်တောင်  ကို့  ကို မထိခိုက်စေနိုင်မယ့် အကောင်းဆုံးတစ်ခုခု ဖြစ်အောင်ရွေးချယ်ကြတာပေါ့ .. အားမငယ်နဲ့ ကို ..  မြတ်လေးရှိပါတယ် ..”

ရှိုက်ကြီးတငင်နဲ့မြတ်လေးရင်ခွင်မှာ ငိုကြွေးမိတာကလွဲလို့ ကျွန်တော်ဘာစကားမှမပြောနိုင်ခဲ့ဘူး၊ တကယ့်ကို အဆွေခင်ပွန်းပီသပြီး စိတ်ဓါတ်မြင့်မားတဲ့မိန်းကလေးကို ကျွန်တော့်ရဲ့အတ္တနွံထဲမှာ နှစ်မိခဲ့ပြီ ၊ ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့ မြတ်လေးပန် ..။

၅။

တကယ်တော့ကျွန်တော်ဟာကိုယ့်ရဲ့ အငုံ့စိတ်ကို ကိုယ် တွန်းလှန်နေတဲ့သူတစ်ယောက်သာဖြစ်ပါတယ်၊ လှပနုးညံ့ခြင်းကို ငယ်စဉ်ကတည်းကနှစ်လိုခဲ့ပေမယ့်မိဘ ဘိုးဘွားတွေရဲ့ဆုံးမသွန်သင်မှုကြောင့်ယောက်ျားပီသတဲ့ယောက်ျားကောင်းတစ်ယောက် ဖြစ်အောင်ကြိုးစားခဲ့တယ်၊ ကိုယ်လက်ကြံ့ခိုင်ဖို့လေ့ကျင့်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အင်မတန်ယောက်ျားပီသသူလို့စိတ်ကြီး လည်းဝင်ခဲ့ပါတယ်။ သာမန်ထက်ပိုတဲ့ အပြုအမူများနဲ့ ကိုယ့်ကိုယ်ကိုလှပသေသပ်နေအောင် နေထိုင်ပြောဆိုတတ်တာကိုလည်း သန့်ရှင်းသပ်ရပ်စွာနေထိုင်တတ်သူ ဆိုတဲ့ ခေါင်းစဉ်အောက်ကိုပို့ခဲ့တယ်၊ အဆိုးဝါးဆုံးကျူးလွန်ခဲ့တဲ့ အမှားတစ်ခုကတော့ကိုယ့်စိတ် ကို ကိုယ် လှည့်စားပြီးအားကျနှစ်သက် သဘောကျမိတဲ့မိန်းကလေးတစ်ယောက်ကို လက်ထပ်ယူခဲ့တာပါဘဲ၊ တကယ်တော့ မသိစိတ်နဲ့သိစိတ် တိုက်ခိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်တဲ့စိတ်ကြောင့်ဆိုပိုမှန်မယ်လို့ထင်မိပါတယ်၊ လက်ထပ်ပြီးတဲ့ နောက်ပိုင်မှာတော့ အမြဲလှပနေပြီးသွက်လက်ထက်မြက်နေတဲ့ မြတ်လေးကိုမြင်ရတော့ ကျွန်တော့်ရဲ့အငုံ့စိတ်ဟာ ကျွန်တော့်ကို ပိုမို ထိုးနှက်တိုက်ခိုက်လာခဲ့တယ်၊ မြတ်လးကို ဇနီးတစ်ယောက်အနေထက် အရမ်းချစ်ခင်ရတဲ့ ညီမလို မိန်းကလေးသူငယ်ချင်းတစ် ဦးလိုပဲထင်မြင်မိလာတယ်၊ အဆိုးဆုံးကတော့ မြတ်လေးလိုဖြစ်ချင်ခဲ့တာပါဘဲ၊ ကျွန်တော့်ရဲ့မှားယွင်းတဲ့ထင်မြင်ယူဆချက်တွေဟာ မြတ်လေးအပေါ်မှာ အရက်စက်ဆုံးအပြုအမူတွေဖြစ်ခဲ့တယ်၊

မြတ်လေးပြောသလိုဆရာဝန်တွေနဲ့တွေ့ဆုံဆွေးနွေးကြည့်ချင်ပါတယ်၊ ဆရာဝန်နဲ့တွေဆုံတိုင်ပင်ရမယ့်ရက်ကို တထိတ် ထိတ်နဲ့စောင့်စားရင်း ငယ်စဉ်ကတည်းကတည်ရှိနေခဲ့တဲ့ ကိုယ့်ရဲ့အငုံ့စိတ်ကို ပျောက်ပျက်သွားအောင်ဖျောက်ဖျက်ဖို့ လွယ်ပါ့ မလားလို့ ကျွန်တော်တကယ်ကိုသိချင်ခဲ့ပါတယ်၊


လောကမှာ ကိုယ်ဖြစ်ချင်တာကို ဦးစားပေးသင့်သလား ၊ ဖြစ်သင့်တာကိုဦးစားပေးသင့်သလားဆိုတာကို မဝေခွဲနိုင် လောက်အောင် ကိုယ့်ရဲ့ဆင်ချင်တုံတရားတွေ ပျောက်ဆုံးခဲ့ပြီလား ၊ မိမိဂုဏ်သိက္ခာ  မိသားစုဂုဏ်သိက္ခာ နဲ့ ကျင်လည်နေတဲ့ အသိုင်းအ၀ိုင်း ဘာကိုမှ စဉ်းစားလို့မရတော့အောင် ကိုယ့်ဦးဏှောက်တွေ တိမ်သလ္လာ ဖုံးခဲ့ပြီကော ၊ ဇနီးမြတ်လေး .. ကိုယ့် ကို ခွင့်လွှတ်ပါဆိုတဲ့ စကားကို ပြောမထွက်ပါဘူး .. ဘ၀ အဆက်ဆက် က မှားခဲ့တဲ့ ဆုတောင်းတွေရှိခဲ့ရင် သည်ဘ၀ သည်မျှ နဲ့ ကျေရပါစေ ။ 





ပျိုးယုဝသုန်

No comments: