Thursday 9 June 2011

ဧည့်သည်




လောကမှာမည်သူမဆို ရောက်တဲ့ နေရာ အသက်အပိုင်းအခြားတိုင်းမှာ ရင်ခွင် တစ်ခုကို လိုအပ်ကြ ပါတယ် ။  နွေးနွေးထွေးထွေးနဲ့ စိတ်ကိုလုံခြုံမှုပေးနိုင်တဲ့ ရင်ခွင်မျိုးပေါ့။


၁။
ကျွန်မဘဝရဲ့ ပထမပိုင်းကာလတွေမှာ အေးချမ်းပျော်ရွှင်မှုတွေနဲ့ပြည့်ဝလို့နေခဲ့ပါတယ်။  တစ်ဦး တည်း သော သမီးဖြစ်တဲ့ ကျွန်မ ဟာ ကျွန်မရဲ့ ဖေဖေ မေမေ ၊ အဖိုးအဖွားတွေနဲ့ အတူ ရန်ကုန်မြို့ ရဲ့ ဆင်ခြေဖုန်းရပ်ကွက်လေးတစ်ခုမှာ နေခဲ့ပါတယ်၊ မိသားစုဝင်လူကြီးတွေ အားလုံးရဲ့ ချစ်ခြင်းမေတ္တာ ကလည်း သင်းသင်းစု လို့ခေါ်တဲ့  ကျွန်မအပေါ်မှာဘဲ စုပုံရောက်ရှိနေပါတယ် ၊ မေမေ့ရင်ခွင်ကို ခေါင်းတိုး ပြီး မုန့်ဖိုးတောင်းသလို ဖေဖေ့ရင်ခွင်ကို ခေါင်းနဲ့တိုက်ပြီး လိုချင်တာဝယ်ပေးဖို့ ပူဆာရတာလည်းကျွန်မ အင်တန်နှစ်လိုတဲ့ အလုပ်ဖြစ်ပါတယ် ၊ ၀ယ်ပေးခြင်း မ၀ယ်ပေးခြင်းက အဓီကမဟုတ်ဘဲ ဖေဖေနဲ့ မေမေ့ရင်ခွင်ကို ခေါင်းတိုး ပြီးချွဲနွဲ့ရတာကို ကျေနပ်ပျော်ရွှင်မိတာပါ၊ တခါတရံ ဖေဖေဖြစ်စေ မေမေဖြစ်စေ ဆူငေါက် တဲ့အခါမှာ ဖွားဖွားရင် ခွင်ကို ၀င်ပြီး ငိုကြွေးတိုင်တည်၇တာကိုလည်း ကျွန်မ အင်မတန်နှစ်သက် လှပါတယ် ၊ ဖွားဖွားရဲ့ ရင်ခွင် နွေးနွေး နဲ့ ကျွန်မခေါင်းကို ပွတ်သပ်ချော့မော့တဲ့ ဖွားဖွားရဲ့ အကြောပြိုင်း ပြိုင်းထနေတဲ့ လက်တွေကို ကျွန်မ အင်မတန် သဘောကျလှပါတယ် ၊ ဒါကြောင့် ကျွန်မဟာ ငယ်စဥိက တည်းက စလို့ မိဘရဲ့ ရင်ခွင် နဲ့ အဖိုးအဖွားတွေရဲ့ ရင်ခွင်ဟာ နွေးထွေးသလောက် အဘယ်မျှ အေးမြ သလဲဆိုတာကို အခြားကလေး တွေထက်ပိုသိရှိခဲ့တယ်လေ ။

ကျောင်းနေစဉ်ကာလတွေရဲ့အစဖြစ်တဲ့မူလတန်းစတင်ချိန် အချိန်တွေကလည်း အင်မတန်ပျော်ဖို့ ကောင်းလှပါတယ်။ စာမတော်တဲ့ကျွန်မကိုသိရှိနားလည်းအောင်သေချာရှင်းပြသင်ကြားပေးတဲ့ဆရာမ ကလေးရဲ့မေတ္တာတွေကိုလည်းကျွန်မရဲ့ပခုံးကိုပုတ်ပြီးအားပေးတဲ့ဆရာမကလေးရဲ့လက်တွေကတဆင့်ကျွန်မသိရှိခံစားခဲ့ရပါ တယ်၊ ဆရာမရဲ့ရင်ခွင်မှာခိုဝင်မနေဖူးပေမယ့်နွေးထွေးတဲ့မေတ္တာတရားတွေကြောင့် ကျွန်မစာကိုပိုကြိုး စားခဲ့တယ်။ တစ်လထက်တစ်လတိုး တက်လာတဲ့ ကျွန်မရဲ့ ပညာအရည်အချင်းကို ကြည့်ပြီးကျေနပ်နေတဲ့ ဆရာမကလေးကိုငေးကြည့်ပြီး ဆရာမရဲ့နွေးထွေးတဲ့ ကြင်နာခြင်းတွေလျော့ပါး သွားမှာကို စိုးရိမ်မိခဲ့တယ်။ စာညံ့သွားရင်တော့ ဆရာမက မချစ်တော့ဘဲ နေတော့မှာဘဲ ဆိုတဲ့ ကလေးအတွေးတွေ နဲ့ပေါ့၊ အပူအပင် ကင်းခဲ့ရတဲ့ ကာလလေးတွေပေါ့ရှင် ၊

ဒိလိုနဲ့ ကျွန်မအထက်တန်းကျောင်းစတက်စကာလမှာ ကျွန်မအတွက် ရင်ခွင်တစ်ခု စတင်ပျောက် ဆုံးခဲ့ပါတယ်၊ ၀၀အိအိ နွေးနွေးထွေးထွေးရှိလှတဲ့ ရင်ခွင်ပိုင်ရှင် ဖွားဖွားဟာ မမျှော်လင့်ပါဘဲကျွန်မတို့ မိသားစုထဲကနေ ပထမဦးဆုံးစတင်ထွက်ခွါသွားသူဖြစ်ပါတယ်။ ပျောက်ဆုံးခဲ့တဲ့ တိုးဝင်စရာရင်ခွင်တစ်ခု နှင့်အတူကျွန်မရဲ့ဦးခေါင်းတွေကိုပွတ်သပ်ပေးနေတဲ့လက်အစုံကိုကာလအတော်ကြာသည်အထိလွမ်း ဆွတ်တမ်းတနေခဲ့တာကတော့ သင်းသင်းစု လို့ခေါ်တဲ့ကျွန်မပါဘဲလေ ၊ ရင်ခွင် တစ်ခုပျောက်ဆုံးခြင်းဟာ ဘယ်လောက်အထိ စိတ်ကို မသက်မသာဖြစ်စေတယ်ဆိုတာ ကလေးသာသာ အရွယ်မှာဘဲ စတင်သိရှိခဲ့ ၇ပါတယ်။

၂။ 

တက္ကသိုလ် ပထမနှစ်စတက်ကာစ ကာလတွေကတော့ ကျွန်မဘဝရဲ့ အပျော်ရွှင်ရဆုံးသော ကာလတွေဘဲပေါ့၊ အတန်းဖော်သူငယ်ချင်းများနှင့် စားလိုက် သောက်လိုက် သွားလိုက် လာလိုက်
ကျောင်းတက်လိုက်၊ စာကျက်လိုက်နဲ့ အချိန်တွေဟာကျွန်မဘဝရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အချိန်တွေဖြစ် ခဲ့ပါတယ်၊ အတွေးအမြင်ဗဟုသုတတွေ ဖလှယ်ကြရင်း နဲ့ အတွေးသစ် အမြင်သစ် ဗဟုသုတ အသစ်တွေကိုလည်းရရှိခဲ့ပါတယ်၊ သိရှိလာတဲ့ ဗဟုသုတ အသစ်အဆန်းတွေကို အိမ်ပြန်ရောက်တိုင်း ဖေဖေ၊ မေမေ နဲ့ ဘိုးဘိုး တို့ကို ပြန်လည်ပြောပြတော့ သူတို့အတွက် အသစ်အဆန်းမဟုတ်ပေမယ့် ဆယ်ကျော်သက်သမီးငယ်လေးရဲ့ အပြန်သင်ကာစ အတွေ့အကြုံတွေကို ချစ်တဲ့စိတ်နဲ့ ပြုံးပြီနားထောင် နေတဲ့ မိဘနဲ့ ဘိုးဘိုး ရဲ့ကြည်လင်အေးမြနေတဲ့ မျက်နှာတွေဟာ ကျွန်မအတွက် အားဆေးကောင်းများ သာဖြစ်ပါတယ်၊ တကယ့်ကိုဘဲ လူမချမ်းသာပေမယ့် ငြိမ်းချမ်းအေးမြတဲ့ ဘဝလေးတစ်ခုကို ကျွန်မ ရရှိပိုင်ဆိုင်ခဲ့တယ်။

ဒုတိယနှစ် စာသင်နှစ်ရဲ့ ပထမပိုင်းကာလမှာတော့ မျှော်လင့်မထားတဲ့ဘ၀ရဲ့ မုန်တိုင်းတစ်ခုဟာ ကျွန်မတို့မိသားစုထဲကိုဝင်ရောက်တိုက်ခတ်လာပါတော့တယ်၊ နာတာရှည်ရောဂါသည်အဖြစ် အိပ်ရာထဲ လဲလာတဲ့ဖေဖေ၊ တစ်ဖက်ကဖေဖေ့ကိုပြုစုရင်း အိမ်ဆိုင်ကလေးဖွင့်ရောင်းတဲ့ မေမေ၊ မှုန်ဝေေ၀မျက်ဝန်း တွေနဲ့ သူ့ရဲ့အိုမင်းလာမှုကြောင့်ဘာမှမလုပ်ပေးနိုင်ခြင်းကိုဝမ်းနည်းနေတဲ့ ကျွန်မချစ်တဲ့ဘိုးဘိုး တို့ရဲ့ မျက်နှာတွေနဲ့ တဖြည်းဖြည်းအနုတ်လက္ခဏာပြပြီး ချွတ်ခြုံကျလာတဲ့ အိမ်ရဲ့စည်းပွားရေးအခြေအနေ တွေကို ကြည့်ပြီး ကျွန်မဆုံးဖြတ်ချက်တစ်ခုချခဲ့တယ်၊ ၀င်ငွေရတဲ့ အလုပ်တစ်ခုခုလုပ်မယ်ဆိုပြီးတော့ပေါ့။
အဝေးသင်တက္ကသိုလ်ကိုပြောင်းပြီနောက် ကျွန်မ အလုပ်တစ်ခုကို အင်တိုက်အားတိုက်ရှာခဲ့တယ် သာမန်ရွက်ကြမ်းရည်ကြိုရုပ်ရည်သာရှိပြီး အတတ်ပညာလည်း ဘာမှမည်မည်ရရ မရှိတဲ့ ဒုတိယနှစ် ကျောင်းသူမိန်းကလေးတစ်ဦးဖြစ်တဲ့ ကျွန်မ အတွက်တော့ အလုပ်တစ်ခုရရှိအောင်ကြိုးစားရတာ တကယ်ကို မလွယ်ကူခဲ့ပါဘူး၊ လျောက်ထားသမျှ အလုပ်တွေရဲ့ အချို့ကသာလူတွေ့စစ်ဆေးခဲ့ပေမယ့် တစ်နေရာစာမျှသော အလုပ်ကလေးကိုတောင်မှ ကျွန်မ မရ၇ှိခဲ့ပါဘူး၊

တစ်နေ့မှာတော့ ကံကောင်းထောက်မစွာ ကျောင်းကသူငယ်ချင်းတစ်ဦးနှင့် အလုပ်အကြောင်း စကားပြောရင် သူမလည်း တဖက်နိုင်ငံနယ်စပ်မှာ အလုပ်သွားလုပ်မယ်ဆိုတာကို သိရှိခဲ့ရတယ်၊ သူမရဲ့မိတ်ဆက်ပေးခြင်းအရ ကျွန်မအတွက်လည်းအလုပ်လုပ်ခွင့်ရအောင် ကူညီခဲ့ကြတယ်၊ စက်ရုံမှာအ လုပ်လုပ်ရမှာ ဖြစ်ပြီးလစာငွေကလည်းမက်မောလောက်စရာမို့ ကျွန်မ တဖက်နိုင်ငံ နယ်စပ်မှာ အလုပ် သွား  လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ဖေဖေ မေမေ နဲ့ ဘိုးဘိုးတို့ကို ဒီအကြောင်းပြောပြတော့ စိတ်ပူစွာနဲ့ မသွားစေလို ခဲ့ကြဘူး၊ အတန်တန်ရှင်းပြရင်း အတုအယောင် မဟုတ်ကြောင်း သက်သေတွေ ပြတော့မှ အိမ်ရဲ့ ယိုယွင်းနေတဲ့ စီးပွားရေးအခြေအနေကြောင့် ခွင့်မပြုချင်ဘဲ ခွင့်ပြုလိုက်ရတာပေါ့ ၊ 

ဘယ်လိုဖြစ်ဖြစ်ကျွန်မကတော့ အားအင်တွေ အပြည့်အ၀နဲ့ အလုပ်သွားရောက်လုပ်ကိုင်ဖို့ကို တက်ကြွစွာပြင်ဆင်နေခဲ့တယ်၊ တကယ်တော့ကျွန်မချစ်တဲ့ ဖေဖေ၊ မေမေ နဲ့ ဘိုးဘိုး တို့နဲ့ဝေးရာနေရာမှာ ကျွန်မ မနေလိုပါဘုး၊ ဒါပေမယ့် ကျွန်မ ခိုလှုံခဲ့တဲ့ အေးချမ်းနွေးမြတဲ့ရင်ခွင်တွေအတွက် ကျွန်မ ကိုယ်တိုင် နွေူထွေးမှုကို ပေးနိုင်တဲ့ ရင်ခွင်တစ်ခုဖြစ်ချင်ခဲ့တယ်၊

“ငါ့သမီးက လိမ္မာပြီးသားပါ ကိုယ့်အန္တရာယ်ကို ကိုယ်ကြည့်ရှောင်တတ်ပါတယ် ….. ဘုရားတရား ကိုဘယ်တော့မှမမေ့နဲ့  ”  ဆိုတဲ့ မေမေ့ရဲ့စကား

“သရဏဂုံ ၃ ပါး ကို အမြဲတည်အောင် နေပါ”  ဆိုတဲ့ ဘိုးဘိုးရဲ့စကား နဲ့

”ကိုယ်ကိုယ်ကို ယုံကြည်မှု နဲ့ လေးစာမှု ကို အမြဲထားပါ” ဆိုတဲ့ဖေဖေ ရဲ့စကား

မျက်ရည်ဝေ့သီနေတဲ့ မျက်ဝန်းတွေကိုမကြည့်မိအောင်ရှောင်လွဲရင်း စကားသုံးခွန်းကို ရင်မှာပိုက်ပြီး နယ်စပ်မြို့ကလေးကို ကျွန်မထွက်လာခဲ့ပါတယ်၊ မေမေ့ရဲ့ တီးတိုးရှိုက်သံကို ကျောခိုင်းရင်နဲ့ပေါ့။

၃။

နယ်စပ်မြို့ကလေးကိုရောက်ပြီး နောက် နှစ်ရက်မှာဘဲ ကျွန်မတို့ လုပ်ငန်းခွင်ကိုဝင်ခဲ့ကြရတယ်၊ မြန်မာ အများစုနဲ့ အတူတူအလုပ်လုပ်ရတာမို့ ပင်ပန်းပေမယ့်လည်းပျော်ရွှင်မိပါတယ် ၊ ညဘက်တွေမှာ မိဘတွေကို လွမ်းတာကလွဲလို့ပေါ့၊ လကုန်ရက်လခထုတ်ရက်တွေဟာ ကျွန်မ တို့တွေရဲ့ အပျော်ရွှင်ရဆုံး ရက်တွေဖြစ်ပါတယ်၊ ရသမျှ ကိုချိုးခြံချွေတာပြီး မေမေ ဖေဖေနဲ့ ဘိုးဘိုးတို့ ဆီကိုပြန်ပို့နိုင်ခဲ့တာကို ကျွန်မ ၀မ်းသာမဆုံးဖြစ်ရပါတယ်၊ ကိုယ့်ရဲ့သမ္မာအာဇီဝ နဲ့ ရရှိတဲ့ ချွေးနဲစာကလေးနဲ့ မိသားစုကို အထောက်အ ကူပြုခွင့်ရခဲ့တာကို ကျွန်မ ကျေနပ်တယ်လေ ၊ ဒီလိုအတိုင်းသာ ဆက်လက်လုပ်ကိုင်ခွင့်ရရှိနေ မယ်ဆိုရင် နောက်နှစ်နှစ် သုံးနှစ်မှာ အိမ်ပြန်လာနိုင်ပြီဆိုပြီး မိဘတွေကိုလည်း အသိပေးခဲ့တယ်၊

ဝမ်းသာဝမ်းနည်းနဲ့ လှိုက်ခါနေတဲ့ မေမေ ဖေဖေ နဲ့ ဘိုးဘိုး တို့ရဲ့ အသံကိုကြား၇တော့ မျက်ရည်တွေ အသံတိတ်ကျနေရင်း နာခိုနေကြရင်ခွင်တွေ ရှိရာကို အပြေးသွားချင်မိတယ်၊ စိတ်ကို တင်းရင်း ဖေဖေ့ရဲ့စကားသံတွေကို ပြန်လည်ကြားယောင်မိပါတယ်၊ စိတ်ချပါဖေဖေ  သမီးကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုနဲ့ လေးစားမှုအမြဲ ထားပါ့မယ်၊

အဆင်ပြေခြင်းဆိုတာ ကျွန်မအတွက် အမြဲတမ်း မရှိဘူးဆိုတာကို လုပ်ငန်းခွင်ကို ၀င်အပြီး တစ်နှစ်ခွဲ အကြာမှာ သိရှိရပါတယ်၊ နောက်နှစ်လ ဆို စက်ရုံပိတ်တော့မယ်ဆိုတဲ့ အကြောင်းကြားရတော့ ကျွန်မ တို့မျက်ရည်ကျခဲ့ရတယ် ၊ တစ်နှစ်ခွဲကျော်ကျော် ရင်းနှီးခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေနဲ့ ဝေးပြီး တစ်ယောက်တစ်နေရာဆီကိုေ၇ာက်ရဦးတော့ မှာဘဲဆိုတဲ့အတွေးတွေနဲ့ပေါ့၊ ဘဝဆိုတာ တသမတ် ထည်းမရှိဘဲ အချိန်မရွေးပြောင်းလဲနေတတ်တာကိုးလေ ၊

ဒီလိုနဲ့ များမကြာမီအချိန်အတွင်မှာဘဲ ကျွန်မတို့ အလုပ်သစ်ကိုရှာကြတယ်၊ တဖက်နိုင်ငံရဲ့ ဘာ သာစကားကိုအတော်အတန် အသင့်ပြောနေနိုင်ကြပြီမို့ နောက်အလုပ်တစ်ခုကို အရမ်းကြီး ခက်ခက်ခဲခဲ မဟုတ်ဘဲ ရရှိခဲ့တယ် ၊ အအေးခန်းထဲမှာ အအေးခန်းဝတ်စုံတွေဝတ်ပြီးငါးရွေးရတဲ့ အလုပ်မို့ ပင်ပန်းပေ မယ့် လုပ်အားခ ကတော့ အရင်အလုပ်ထက်ပိုကောင်းပါတယ်၊ ဒါပေမယ့် ပိုင်ရှင်က တဖက်နိုင်ငံသား ဖြစ်နေခြင်းနှင့် သူဌေးလူယုံရဲ့ နိုင်ထက်စီးနင်း စကားတွေကိုတော့ အင်မတန်သည်းညည်းခံရပါတယ်၊ လစာ ကောင်းခြင်းနှင့် အချိန်ပိုလုပ်ခွင့် များများသာမရရင် ကျွန်မတို့ ဒီအလုပ်မှာ ဆက်လုပ်ဖြစ်မယ်မထင် ပါဘူး။

ပထမပိုင်းခုနစ်လ ရှစ်လလောက်သာ လုပ်ခတွေအချိန်ပိုကြေးတွေမှန်မှန်၇ပေမယ့် နောက်ပိုင်း အချိန်တွေမှာ သူဌေးရဲ့လူယုံ ခေါင်းပုံဖြတ်ခြင်းကိုတဖြည်းဖြည်း ခံလာကြရတယ်၊ အလုပ်က ထွက်သွား ဖို့ရာကျတော့လည်း ကျွန်မတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို သိမ်းဆည်းထားတာကြောင့် ဘယ်ကိုမှ ထွက် သွားလို့ မရနိုင်ခဲ့ဘူး၊ နေထိုင်ခွင့်နှင့် ပြည်ဝင်ခွင့် ကလည်း ကုန်ဆုံးသွားတော့ ကျွန်မတို့မှာ အင်မတန်မှ ဒုက္ခရောက်ကြရတာပေါ့၊ ခေါင်းပုံဖြတ်တဲ့ဒဏ်ကိုလည်း မခံစားနိုင်ကြတော့တဲ့ အခါမှာ ကျွန်မတို့ ရဲ့ နိုင်ငံ ကူးလက်မှတ်တွေပြန်ရဖို့ တခုခု ကိုစီစဉ်ဖို့ ဆုံးဖြတ်ကြရတယ်၊ အဲဒီနောက်မှာတော့ရှိသမျှ ကို ခြစ်ကုတ်စု ဆောင်းပြီး သူဌေးရဲ့လူယုံကို ဘတ်ငွေ ၈၀၀၀ စီပေးပြီး ကျွန်မနှင့် သူငယ်ချင်းတစ်ချို့ နိုင်ငံကူးလက်မှတ် တွေကို ပြန်ရယူခဲ့ကြပါတယ်၊

ဒိအချိန်ကာလတွေကတော့ ကျွန်မဘ၀ရဲ့တော်တော်ခက်ခဲရတဲ့ အချိန်ကာလတွေလို့ပြောလို့ ရပါတယ်။ အိမ်ကိုလည်းငွေပြန်မပို့နိင်  ဘဲ ကိုယ်ကိုယ်တိုင်တောင် အနိုင် နိုင်ရပ်တည်နေရတဲ့ ကာလ တွေပေါ့၊ မိဘတွေကိုတော့ဒီအကြောင်းနဲ့ပတ်သက်လို့ တစ်ခွန်းတစ်ပါဒမျှ မပြောခဲ့ပါဘူး၊ မျက်စိအောက် မှာ ရှိမနေတဲ့ သမီးငယ်အတွက် အတွေးတွေနဲ့ ပူပန်မနေစေချင်လို့ပါ။ ဖေဖေ ..ဖေဖေ့ရဲ့စကားတစ်ခွန်း ဟာ ရှေ့ဆက်လျှောက်မယ့် လမ်းတွေအတွက် အင်အားတစ်ခုဖြစ်စေပါတယ်။ ဒီအတွက်ဖေဖေ့ကို ကျေးဇူးတင်ပါတယ် ဖေဖေ။ ဒါပေမယ့် တစ်ခုခံသာတာက မေမေ ဟာ ကျွန်မ အစောပိုင်းကာလက ပေးပို့ထားတဲ့ငွေလေးတွေနဲ့ ရပ်ကွက်ထဲမှာ ကုန်စုံဆိုင်အလတ်စားလေးတစ်ဆိုင်ဖြစ်အောင်တည်မပြီးဖြစ် နေပါတယ်။ ဖေဖေ့ ရဲ့ကျန်းမာရေးအခြေအနေကလည်းစိုးရိမ်စရာမရှိတော့ဘဲ အနည်းငယ်ထူထူ ထောင်ထောင်ရှိလာခဲ့ပြီဖြစ်တဲ့အတွက် ကျွန်မ နဲနဲတော့ဖြေသာပါတယ်၊ ဘဝဆိုတာကိုလည်း တဖြည်း ဖြည်းနဲ့နားလည်သဘောပေါက်လာခဲ့တယ်၊ ဘယ်အကွေ့မှာ ဘယ်တက်နဲ့လှော်ရမယ်ဆိုတာကိုလည်း သဘော ပေါက်လာခဲ့ပြီ၊

၎။

ဒီလိုအချိန်မှာ ရပ်တည်ဖို့အတွက်တခုခုလုပ်ရမယ်ဆိုပြီး အတူလာတဲ့ သူငယ်ချင်းနဲ့တိုင်ပင်ပြီး ကျွန်မတို့ ဘဲကလော် ဆိုတဲ့ ဒုက္ခသည်စခန်းကို ရောက်ရှိလာကြတယ်၊ ဘဲကလော်စခန်းဟာ ထိုင်းမြန်မာနယ်စပ်မှာရှိနေတဲ့ ဒုက္ခသည်စခန်းတွေထဲက စခန်းတစ်ခုဖြစ်ပါတယ်။ဘဲဥ ကုန်သည်အဖြစ် အနှီစခန်း မှာ ဘဲဥလက်လီ လက်ကား ရောင်းချခဲ့ကြတယ်၊ စည်းပွားရေးအရ အဆင်ပြေသလိုရှိပေမယ့် သက်တမ်း မရှိတော့တဲ့ နိုင်ငံကူးလက်မှတ်ကြောင့် ကျွန်မတို့ မကြာခဏ စိတ်ဒုက္ခရောက်ခဲ့ကြရတယ်၊ ပြင်းထန်လှတဲ့ရာသီဥတုရှိတဲ့ ဘဲကလော်ဟာ ဆောင်းတွင်းကာလတွေမှာ အပူချိန်ဟာေ၇ခဲမှတ်အောက် ကျဆင်းသလားထင်ရတယ်၊ ချမ်းအေးလွန်းတာကြောင့် ညနေရောက်တာနဲ့ အိမ်အောက်တွေမှာမိးပုံ တွေဖိုထားကြရတယ်၊ ကျွန်မတို့လို ဒုက္ခသည် စာရင်ဝင်လည်းမဟုတ် သက်တမ်းရှိတဲ့နိုင်ငံကူး လက်မှတ်ကိုကိုင်ထားသူလည်းမဟုတ်ကြတဲ့ ကျွန်မတို့အတွက်ကတော့ လုံခြုံရေးနှင့် စစ်ဆေးရေးတွေ ကြားမှာတော်တော် ဗျာ များခဲ့ရတာပေါ့၊

တစ်နေ့မှာတော့ အခြားအဆင်ပြေစရာနည်းလမ်းတွေကို ရှာမရတဲ့အဆုံး ဘဲကလော် အတွင်းမှာ နေထိုင်တဲ့ ဘဲဥ ဖောက်သည်တစ်ယောက်ရဲ့ အကြံပေး ချက်အရ ကျွန်မတို့သူငယ်ချင်းနှစ်ယောက် ဘဲကလော်စခန်းမှာ ဒုက္ခသည်အဖြစ် အမည်စာရင်းသွင်းခဲ့ပါတယ်၊ အမည် စာရင်းဝင်ဖို့လအတန်ကြာ စောင့်ရသလို အကျိုးဆောင်ခကိုလည်း တော်တော်ကလေးပေးလိုက်ရပါတယ်၊ ဒီအတွက် ကောင်းကျိုး ကတော့ အရောင်းအ၀ယ်လုပ်ကိုင်ရာမှာ စိတ်ညစ်စရာ မလိုတော့သလို လုံခြုံရေးနဲ့ စစ်ဆေးရေးတွေကို လည်း စိုးကြောက်စရာမလိုတော့ဘူးပေါ့၊

အမည်စာရင်းဝင်ပြီးတာနဲ့ ကျွန်မတို့ ဘဲကလော်စခန်းအတွင်းမှာ တရားဝင်နေထိုင်ခွင့်ရရှိခဲ့တယ်၊ ထောက်ပံ့ကြေးအနည်းငယ်နှင့် အသုံးအဆောင် အချို့ကိုလည်းရရှိခဲ့ပါတယ်၊ ဘဲဥရောင်းဝယ်ရင်းနဲ့ပဲ ကျွန်မတို့ သူငယ်ချင်းနှစ်ယောက် အဆင်ပြေပြေဖြစ်လာခဲ့ပါတယ်၊ မိဘထံကိုလည်း ပုံမှန်ငွေပို့နိုင်ခဲ့တယ်၊

“ သမီးလေး ဘယ်တော့ပြန်လာမှာလ”ဲ ဆိုတဲ့ မျှော်လင့်တကြီးအမေးစကားကို

“ နောက်နှစ်နှစ်လောက် ထပ်စုပြီးရင်ပြန်လာမယ်.. ဒါဆို စတိုးဆိုင်လေးဖွင့်လို့ရပြီ” ဆိုပြီး နှစ်သိမ့်ခဲ့တယ်

အမှန်အတိုင်းဝန်ခံရင် တော့ ဒီအချိန် မှာ အိမ်ပြန်ဖို့ဆိုတာထက် ငွေရှာဖို့ကို ပိုပြီးအားသန်နေခဲ့ပါတယ်၊ ခိုဝင်ရတာ ကို နှစ်သက်လှပါတယ်ဆိုတဲ့ ရင်ခွင်တွေကိုလည်းမေ့လို့ပေါ့၊

စခန်းအတွင်မှာရှိတဲ့ မိသားစုတွေ အချို့ဟာ UN အဖွဲ့အစည်းရဲ့ အစီအစဉ်နဲ့ ကမ္ဘာ့နိုင်ငံ အနှံ့အ ပြားကို ပို့ပေးနေတာတွေ့ရတော့ ကျွန်မ တို့ မှာလည်း မိမိမွေးရပ်မြေကို ပြန်ဖို့ထက် နိုင်ငံရပ်ခြားတိုင်းပြည် ကြီးများကိုသွားချင်တဲ့ စိတ် အကြီးအကျယ်ဝင်ခဲ့ ပါတယ်၊ မြန်မြန်သွားနိုင်ရေးကိုလည်း အားတက်သရော ကြိုးစားပမ်းစား လိုက်လံစုံစမ်းခဲ့ကြတယ်။

ဒိလိုနဲ့ ဘဲကလော် ကိုရောက်ပြီး သုံးနှစ်ခွဲ ကျော်ကျော် အကြာ အစစအရာရာ စစ်ဆေးမှုခံယူပြီး နောက် ကျွန်မတို့နှစ်ယောက်ရဲ့ အမည်စာရင်းဟာ နိုင်ငံခြားတိုင်းပြည်တွေကိုပို့မယ့် စာရင်းထဲမှာပါလာပါ တယ်၊ ဒါပေမယ့် သွားရမယ့် နိုင်ငံ တွေကတော့ မတူကြဘူးပေါ့၊ ကျွန်မသူငယ်ချင်းက အင်္ဂလန်နိုင်ငံကိုပါ သွားပြီး ကျွန်မကတော့ သြစတြေးလျား နိုင်ငံကိုသွားရမှာဖြစ်ပါတယ် ၊ ပြည်ဝင်ဖို့အတွက် ဆေးစစ်၊သွေး စစ်ရင်း နေရာသစ် အတွက် ရင်ခုန်ပျော်ရွှင်စွာ ပြင်ဆင်ခဲ့ကြပါတယ်၊ ဖေဖေ မေမေ တို့ကိုတော့ သြစတြေးလျားနိုင်ငံကိုသွား တော့မည်ဖြစ်ကြောင်း အခြေတကျဖြစ်တာနဲ့ပြန်လာ မည်ဖြစ်ကြောင်းဖုန်း ဆက်အကြောင်းကြားခဲ့ပါတယ်၊  ဖေဖေ မေမေတို့ သူတို့သမီးကလေးကို လွမ်းဆွတ်နေမှာဖြစ်ကြောင်း နားလည်ပေမယ့် ဘ၀ရဲ့တက်လမ်းလို့ ထင်မှတ်ရာနေရာကိုရှေးရှုရင်း နွေးထွေးလှပါတယ်လို့ ဆိုခဲ့တဲ့ရင် ခွင်တွေကို ကျွန်မ ကျောပေးလျောက်ခဲ့ပါတယ်၊

၅။

သြစတြေးလျားနိုင်ငံကိုကျွန်မနှင့်အတူ မိသားစု ၆၀ကျော်ရောက်ရှိလာပါတယ်၊ လေဆိပ်ကိုအရောက်မှာပဲ MDA လို့ခေါ်တဲ့အဖွဲ့အစည်းတစ်ခုက လာကြိုပါတယ်။  ကျွန်မတို့နေထိုင် ဖို့ နေရာချထားပေးတဲ့မြို့က  Queensland State ရဲ့မြို့တော် Brisbane City  အနီးမှာရှိတဲ့ Logan လို့ခေါ်တဲ့မြို့လေးပါ၊ MDA အဖွဲ့အစည်းထဲမှာ ပါဝင်တဲ့မြန်မာလုမျိုးတွေကပဲ ကျွန်မတို့ကို အစစ အရာရာ အကူအညီပေးခဲ့ပါတယ်၊ အင်္ဂလိပ် စကားနားမလည်သူတွေအတွက် မြန်မာစကားပြန်များကိုလည်းစီစဉ် ပေးထားပါတယ်၊ volunteer လို့ခေါ်တဲ့ အခမဲ့ ကူညီသူအများအပြားကိုတွေ့ရပြီး ပရိဘောဂအပြည့် အစုံပါတဲ့နေအိမ်တွေကို စီစဉ်ပေးထားတဲ့အတွက် ကျွန် မ အလွန်အံ့သြရပါတယ်၊ မိသားစုတွေအ တွက် တိုက်ခန်းတွေ စီစဉ်ပေး ပြီး ကျွန်မတို့လို လူလွတ်တွေအတွက် Share House တွေစီစဉ်ပေးပါ တယ်၊

ရောက်ရှိပြီးတစ်လအကြာမှာတော့ အင်္ဂလိပ်စကားမတတ်သူများကို ကျောင်းတက်နိုင်ရန်စီစဉ် ပေးပြီး အလုပ်လုပ်ချင်သူများကို အလုပ်လုပ် ကိုင်နိုင်ရန် သက်ဆိုင်ရာလုပ်ငန်းခွင်တွေမှာ သင်တန်းပေးခဲ့ ပါတယ်၊ ကျွန်မကတော့ အင်္ဂလိပ်စာ နှင့် စကားကို အတန်အသင့် ပြောဆိုနိုင်ခြင်းကြောင့် အလုပ်လုပ်ဖို့ ကို ရွေးခြယ်ခဲ့ပါတယ်၊ အဲဒီနောက် ကျွန်မ စည်သွပ်ဗူးစက်ရုံတစ်ခုမှာ အလုပ်ရရှိခဲ့ပါတယ်၊ နယ်စပ်မြို့လေးက စက်ရုံတွေမှာလို ခေါင်းပုံဖြတ်ခြင်း ၊ အလုပ်ကို မတန်တဆ မလုပ်ခိုင်ခြင်းတို့ကြောင့် အလုပ်လုပ်ရတာကို ကျွန်မ အင်မတန်စိတ်ကျေနပ်ခဲ့ပါတယ်၊ ဒီလိုနဲ့ ကျွန်မရဲ့မမြင်ရတဲ့ အနာဂတ်ဆိုတာ အတွက် အကောင်းဆုံးဖြစ်အောင်ကြိုတင်ပြင်ခဲ့တာပေါ့။

ရောက်ခါစမှာတော့ နေရာအသစ်အဆန်းနှင့် အတွေ့အကြုံ အသစ်တွေကြောင့် ပျော်သလိုလို ရှိပေမယ့် ကာလအတန်ကြာတဲ့အခါမှာ အင်မတန်ရုပ်ဝတ္ထုဆန်တဲ့ အင်မတန်မှ တိုးတက်နေတဲ့ ဒီနေရာကို ကျွန်မငြီးငွေ့စပြုလာပါ တယ်၊ အလုပ်နှင့်အိမ် အိမ်နှင့်အလုပ် ပြန်ရောက်လာရင် ကိုယ်ရထားတဲ့အခန်း ငယ်လေးထဲနေပြီး ကြိတ်ငိုရတဲ့ နေ့တွေလည်းများလာပါတယ်၊ ဒီချိန်မှာကျွန်မ နွေးနွေးထွေးထွေးဆူဆူ ညံညံရှိတဲ့ ကျွန်မနေထိုင်ခဲ့ဖူးတဲ့ ဆင်ခြေဖုန်းရပ်ကွက်ကလေးကို အင်မတန်မှလွမ်းဆွတ်မိပြီ၊ ဖေဖေ မေမေ တို့ဆီ အပြေးသွားပြီးပြန်တွေ့ချင်ပေမယ့် ခရီးသွားလက်မှတ်သာရှိပြီး နိုင်ငံကူးလက်မှတ်မရှိတဲ့ အတွက် ချစ်ခင်မြတ်နိုးရပါသော မိဘများကို မြင်တွေ့ခွင့်ရရှိဖို့ရာ နိုင်ငံသားလက်မှတ်ရတဲ့အထိစောင့် ရမှာဖြစ်ပါတယ်၊ ကျွန်မစိတ်ထဲမှာ ကျွန်မမိဘတွေရှိတဲ့ ကျွန်မနေထိုင်ခဲ့တဲ့နေရာကလေးနဲ့ တဖြည်းဖြည်း ဝေးသွားသလို ခံစားလာရပါတယ်၊ ငါလုပ်ခဲ့တာတွေ မှားများမှားသွားပြီလား ဆိုတဲ့အတွေးတွေ ၀င်လာမိ သလို ဘာမှ ပြန်ပြင်လို့ မရတော့ဘူးဆိုတာကိုလည်း စိတ်ထိခိုက်စွာ သိရှိလိုက်ရတာပေါ့ ၊

ဒီလိုနဲ့ထိုစည်သွပ်ဗူးစက်ရုံမှာ အလုပ်လုပ်ကိုင်နေရင်း ကျွန်ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ကိုမင်းအောင် နှင့် မေတ္တာမျှခဲ့ပြီး လက်ထပ်ခဲ့ပါတယ်၊ မိဘ အစုံအလင်ရှေ့မှာ လက်ထပ်ထိန်းမြားလိုတဲ့ ကျွန်မရဲ့ ဆန္ဒကတော့ မပြည့်နိုင်ခဲ့ပါဘူး၊ မိဘတွေထံကို တစ်ပတ်တစ်ခေါက်လောက် ဖုန်ဆက်ရင်းနဲ့ဘဲ ကျွန်မရဲ့လွမ်းဆွတ်မှုတွေကို ဖြေဖြောက်ခဲ့ရပါတယ်၊ ကျွန်မ ကို နားလည်နိုင်တဲ့ ခင်ပွန်းကို လည်း ကျွန်မ ကျေးဇူးတင်ရပါတယ်၊ အေးချမ်းတဲ့ ခင်ပွန်းသည်ရဲ့ရငိခွင်ရိပ်မှာ ခိုလှုံရင်း နွေးထွေးတဲ့ မိဘရဲ့ရင်ခွင်ကို အမှတ်ရ နေမိတာကိုတော့ ကျွန်မ ကို နားလည်နို်င်ကြမယ် လို့ထင်ပါတယ်၊

ကျွန်မ ရဲ့မိဘတွေ အတွက် ရင်ခွင်တစ်ခု ဖြစ်ချင်ခဲ့တဲ့ ကျွန်မဟာ သူတို့အတွက် နွေးထွေးခြင်းကို ပေးနိုင်တဲ့တကယ့်ရင်ခွင်တစ်ခု မဖြစ်နိုင်ခဲ့တာကို တစ်ခါတစ်ရံမှာ ကျွန်မ စဉ်းစားမိပါတယ်၊ ငွေကြေးတစ် ခုသာပေးနိင်ခဲ့တာကို ကိုယ့်ကိုယ်ကိုယ် အသံကောင်းဟစ်ပြီး ငါဟာ မိဘတွေအတွက်နွေးထွေးတဲ့ ခိုနား ရာရင်ခွင်တစ်ခုဖြစ်ရမယ်လို့ ကြုံးဝါးခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်ရှက်မိပါတယ်၊ နားလည်းမှု အပြည့်အ၀ ထာားရှိပေးတဲ့ ဖေဖေနဲ့မေမေ ကတော့ ရောက်တဲ့ နေရာမှာ အဆင်ပြေပြေနေတတ်အောင်နေဖို့ သူတို့ကို မစိုးရိမ်ဖို့ ဖုန်းဆက်တိုင်း အားပေးခဲ့တယ် ၊ ခွင့်လွှတ်ပါလို့ မပြောဖြစ်ပေမယ့် ကျောခိုင်ထွက်သွားတဲ့ သမီး ငယ်ကို လွမ်းဆွတ်တမ်းတစွာနဲ့ သမီးရဲ့ကောင်းကြောင်းတွေကို ပြောဆိုပြီးအလွမ်းဖြေနေမယ့် ဖေဖေ မေမေ နဲ့ဘိုးဘိုး တို့ကို ကျွန်မ နေ့စဉ်နေ့တိုင်း ကန်တော့ တောင်းပန်ခဲ့ပါတယ် ။

၆။

လက်ထပ်ပြီးတစ်နှစ်ခွဲ အကြာမှာသမီးကလေး မြတ်စုမင်းအောင်(ခ)  Danielle Aung ကိုမွေူဖွားခဲ့ တယ်၊ သမီးကလေးကိုမွေးဖွားပြီးနောက်ပိုင်းကျွန်မ မိဘများရဲ့ မေတ္တာကို ပိုမိုနားလည်လာခဲ့ပါတယ်၊ သမီးကလေးကိုကျွန်မ အသက်နှင့်အမျှ ချစ်သလို ကျွန်မ မိဘများကလည်း ကျွန်မ ကို ချစ်ကြမယ်ဆိုတာ ကျွန်မခံစားသိရှိခဲ့ရင်းမိဘများကို ပြင်းပြင်းထန်ထန်တွေ့ချင်မြင်ချင်လာခဲ့တယ်၊ ကံအကြောင်းမလှစွာဘဲ ကျွန်မရဲ့မိဘများဟာ သူတို့ရဲ့မြေးမလေးကို မမြင်ဖူးကြရှာသေးဘူးလေ၊ မိဘတွေဆီသွားဖို့ရာလည်း  ကျွန်မတို့မှာ ကနိုင်ငံကူးလက်မှတ် မရှိတာကတော့ တော်တော်ကို ဆိုးပါတယ်၊ အိုမင်းရင့်ရော်နေကြ တော့မှာဖြစ်တဲ့ ဘိုးဘိုး ၊ ဖေဖေနှင့် မေမေ ကို မြင်တွေ့ချင်စိတ်တွေ နဲ့ကျွန်မကတော့ နွမ်းလျှလို့နေပါ တော့တယ်၊ ကျွန်မ ရဲ့ လွမ်းဆွတ်နေမှုကို မကြည့်ရက်တဲ့ ခင်ပွန်းကတော့ နိုင်ငံသားလက်မှတ်ရတာနဲ့ ဖေဖေမေမေ တို့ထံကို လိုက်ပို့ပေးမယ် လို့ကတိပြုပါတယ်၊ သြော် .. နောက်ထပ် တစ်နှစ်ခွဲကျော်ကျော်ကို စောင့်စားရဦးတော့မှာ ပေါ့၊ ဘယ်လိုဘဲဖြစ်ဖြစ် ရောက်ရှိပြီး လေးနှစ်ပြည့်ရင် နိုင်ငံသားအဖြစ်လျောက် ထားပြီးနဲ့ နိုင်ငံကူးလက် မှတ်ရရှိမှာဖြစ်လို့ သိပ်မကြာတော့တဲ့ အချိန်တစ်ခုကိုသာစောင့်မျှော်နေရ တော့မှာဖြစ်ပါတယ် ၊

ကံကောင်းခြင်းတွေဟာ အဖော်နှင့် မလာပေမယ့် မဆင်မပြေခြင်းတွေကတော့ အဖော်အပေါင်းနဲ့ လာတတ်ကြတယ် ဆိုတာကတော့ မိဘရင်ခွင်က ထွက်လာပြီးကတည်းကကျွန်မနားလည်သိရှိခဲ့တဲ့ဘာ သာရပ်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့စည်းပွားရေးကျဆင်းခြင်းကို အကြောင်းပြုပြီး ကျွန်မတို့ စက်ရုံလည်း စည်းပွား ရေးကျဆင်းလာတာကြောင့် လုပ်သက်နုဝန်ထမ်း အချို့ကို အလုပ်မှရပ်နားလိုက်ပါတယ်၊ ကျွန်မနှင့် ကျွန်မခင်ပွန်းအပါအ၀င် ၀န်ထမ်းတော်တော်များများ အလုပ်လက်မဲ့ဘ၀ကိုရောက်ရှိခဲ့ကြပါ တယ်၊ Mortgage နဲ့ ၀ယ်ထားတဲ့ အိမ်အတွက်၊ စားဝတ်နေရေးအတွက် ကျွန်မတို့ ခေါင်းမီးတောက်မ တတ် ပူပန်သောကများခဲ့ကြရပါတယ်၊ လျောက်ထားသမျှ အလုပ်များကလည်း စည်းပွားရေးကျဆင်း တာကို အကြောင်းပြုပြီး ၀န်ထမ်းအသစ်ကို မခန့်နိုင်ကြပါဘူး၊ ဒီတော့ကျွန်မတို့ တခုခုလုပ်ကြဖို့ကြံစည် တိုင်ပင်ကြရပါတော့တယ်၊

နောက်ဆုံးတော့ စွန့်စာခြင်းတစ်ခုကို ပြုလုပ်ကြဖို့ ကျွန်မနှင့် ခင်ပွန်းသည်တို့ ဆုံးဖြတ်လိုက်ကြ ပါတယ်၊ ဘုရင့်နောင်ဖောင်ဖျက်တာထက်ဆိုးတဲ့ နေအိမ်ကိုဘဏ်မှာအပေါင်ထားပြီး ချေးငွေထုတ်ယူခဲ့ကြ ပါတယ်၊ ရရှိတဲ့ချေးငွေနှင့် ဆိုင်နေရာငယ်ငယ်တစ်ခုကို ငှားရမ်းပြီး ကျွန်မတို့ Take away စားသောက် ဆိုင်လေးတစ်ဆိုင်ကို ထူထောင်ခဲ့ကြတယ်လေ၊ ယိုဒယားမြန်မာနယ်စပ်မှာ နေထိုင်အလုပ်လုပ်ခဲ့ဖူးတဲ့ အကျိုးကျေးဇူးတွေကြောင့် ကျွန်မယိုးဒယား အစားအစာနှင့် တရုပ်အစားအစာ တို့ကို တော်တော်တန် တန်ချက်ပြုတ်တတ်ခဲ့ပါတယ် ၊ သိပ်မများလှတဲ့ ဟင်းအမယ် အချို့တို့ကို လက်ကမ်းစာစောင်လေးများ ရိုက်ပြီး လိုက်လံဝေငှရင်း ချေးငွေအတွက် ကျွန်မတို့ ပူပန်နေကြပါတယ်၊ အချိန်မီပြန်မဆပ်နိုင်ရင် နေစရာအိမ်လည်းပျောက်မှာမို့ ကျွန်မတို့ရဲ့ စွန့်စားမှုဟာ အင်မတန်မှ အရင်းအနှီးကြီးလှပါတယ်၊ ဒီအချိန် မှာ ဘိုးဘိုး ဖေဖေ နှင့် မေမေတို့ရဲ့ မှာစကား သုံးခွန်းကိုပြန်လည်ကြာယောင်ခဲ့တယ်၊ ရတနာ သုံးပါးကို လည်းအရင်ကထက်ပိုမို ဆည်းကပ်ဖြစ်ခဲ့သလို အလုပ်ကိုလည်း မခိုမကပ်ဘဲစေတနာတရားပြည့်ပြည့်နဲ့ ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့ကြပါတယ်၊ ဒီအတွက် အသီးအပွင့်အနေနဲ့ကတော့ ကျွန်မတို့ရဲ့ Take Away စားသောက်ဆိုင် လေးဟာဖွင့်ဖွင့်ခြင်း မအောင်မြင်ပေမယ့် ဖွင့်လှစ်ပြီး ရှစ်လ အကြာမှာ လူအတော်အ တန်သိရှိလာတဲ့ ဆိုင်လေးတစ်ဆိုင် အဖြစ်ကိုရောက်ရှိလာပါတော့တယ်၊

ဒီလိုနဲ့ တစ်နှစ်ခွဲဆိုတဲ့ အချိန်ကာလဟာလျှင်မြန်စွာဘဲကုန်ဆုံးခဲ့ပါတယ် ၊ကျွန်မရဲ့ခင်ပွန်းကတော့ သူပေးထားတဲ့ ကတိအတိုင်းကျွန်မကို ကျွန်မရဲ့မိဘများရှိရာနေရာကို လိုက်ပို့ပေးဖို့ စတင်ဆောင်ရွက်ပါ တော့တယ်၊

ရ။

တကယ်ပါမေမေ .. မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့ ကျွန်မက မြန်မာပြည်ကိုပြန်ဖို့ ပြည်ဝင်ခွင့် လျှောက်ရမယ်တဲ့လေ၊ ကိုယ်တစ်သက်လုံးနီးပါးနေလာခဲ့တဲ့ နေရာဒေသကို ဧည့်သည်တစ်ယောက် အဖြစ်ပြန်ရမှာကိုတော့ ကျွန်မ၀မ်းအနည်းဆုံးပါ၊ မြန်မာပြည်မှာမွေး မြန်မာပြည်မှာကြီးလို့ဆန်စပါးကရတဲ့ ထမင်းကိုစားခဲ့တဲ့သူတစ်ယောက်က ကိုယ့်မွေးရာနေရပ်မှာ ဧည့်သည် တစ်ယောက်အဖြစ်နေရမယ်တဲ့ လား ၊ မေမေရေ ကျွန်မရဲ့ သမီးကလေးကို သွက်လက်ထက်မြက်ရဲရင့်ပြီးယဉ်ကျေးတဲ့ မြန်မာမိန်းကလေး အဖြစ် ကျွန်မ မြင်ချင်တာပါ၊ ကျွန်မရွေးချယ်ခဲ့တဲ့လမ်းက မှားခဲ့ပြီးလား မေမေ၊ ကျွန်မခိုလှုံချင်တဲ့ရင်ခွင် ဟာဖေဖေ မေမေ တို့ရဲ့ နွေးထွေးတဲ့ရင်ခွင်ဖြစ်သလို နေချင်တဲ့နေရာဒေသကလည်း စိမ်းလန်းတဲ့ တော တောင်တွေ ရဲ့ရင်ခွင်မှာပါ၊ တကယ်ကိုဘဲ ကျွန်မဟာ ဖေဖေမေမေ တို့ အတွက် ဧည့်သည်တစ်ယောက် ဖြစ်သွားခဲ့ပြီလား..ပြီးတော့ ကျွန်မ ပျော်ရွှင်စွာနေခဲ့တဲ့ နေရာလေးအတွက်လည်းကျွန်မတို့ သားအမိ ဟာဧည့်သည်ဖြစ်ခဲ့ပြီလား မေမေ၊

ကျွန်မရဲ့အိမ်အပြန်ခရီးဟာ ရင်ခုန်စရာကောင်းသလို ၀မ်းနည်းစရာလည်းကောင်းလှပါတယ်၊ မိမိ အိမ်ကို ဧည့်သည် တစ်ယောက်အနေနဲ့ ပြန်ရမယ့် အိမ်ရှင်တစ်ယောက်ရဲ့ ခံစားမှုကို  သင်တို့လည်း နားလည်နိုင်မယ်ထင်ပါတယ် ..။ ..။


ပျိုးယုဝသုန် 

No comments: