Sunday 24 April 2011

နယ်လီ




မေတ္တာကြီးမားတော်မူလှသော ဘုရားသခင်၊ ကျွန်ုပ်သည် တစ်ယောက်ထဲ ကျန်ခဲ့ခြင်း မှ ကင်းလွတ်ပြီးလျင် ကောင်းကင်ဘုံတွင်ရောက် ရှိနေပြီဖြစ်သော ကျွနိုပ်၏ ချစ်ခင်ရသောသူများနှင့် အတူနေရခြင်းငှာ ယခု အသက်ရှင်နေရခြင်းမှ လွတ်မြောက်ရစေ ..





၁။            
အမောင်ရေ နှင်းပန်းတွေလှိုင်လှိုင်ပွင့်နေတဲ့ ဆောင်းဦးကာလရဲ့ လှပတဲ့နေ့လေးတစ်နေ့မှာ အမောင်နဲ့ကျွန်မ လက်ထပ်ခဲ့ကြတယ်နော် ၊ စစ်ဝတ်စုံလေးနဲ့ ခန့်ငြားတည်ကြည်လှတဲ့ အမောင့်မျက်နှာကို အားကိုးခြင်း ချစ်မြတ်နိုးခြင်းတွေ နဲ့မော့ကြည့်မိတော့ ညင်သာစွာပြုံးပြတဲ့ အမောင့်အပြုံးကို ယနေ့ထိမြင်နေဆဲပါ အမောင် ၊ စစ်တွင်းကာလဖြစ်တာကြောင့် ခမ်းခမ်းနားနား မကျင်းပနိုင်တဲ့ လက်ထပ်ပွဲ အတွက် စိတ်မကောင်းဖြစ်နေတဲ့ အမောင့်ကို နှစ်သိမ့်ရင်း ကျွန်မတို့ရဲ့ မင်္ဂလာဦးကာလဟာ ပျော်စရာတွေနဲ့ပြည့်နေခဲ့ တာပေါ့ အမောင်၊ အမောင်ခူးပေတဲ့ နှင်းပန်းတွေကို စားပွဲတင်ပန်းအိုးအဖြစ်လှပအောင်ဖန်တီးရင်း အမောင့်ရဲ့စန္နရားတီးသံကို နားထောင်ရတဲ့ အချိန်တွေဟာ ကျွန်မရဲ့ဘ၀မှာ အလှပဆုံးအချိန်တွေပေါ့ ၊ သိုးမွှေးထိုးတံလေးနဲ့ အမောင့်အတွက် လည်စီးပုဝါတွေ အနွေးအင်္ကျီတွေကို သိုးမွှေးထိုးပေးနေချိန်မှာ အမောင့်ပြောပြတဲ့တိုက်ပွဲအတွင်းကြုံခဲ့တဲ့ အတွေ့အကြုံတွေကို နားထောင်ရင်း ပြန်လည်ဝေဖန် ပြောဆိုရတာတွေကလည်း မမေ့နိုင်စရာတွေပါဘဲ ၊
 ခွင့်ရက်ပြည့်လို့ ရှေ့တန်းပြန်ရတဲ့ အချိန်တွေကတော့ ကျွန်မ မလိုချင်ဆုံးအချိန်တွေပေါ့ အမောင် ၊အမောင်ပြောတဲ့     “ နယ်လီရယ် လှပတဲ့ မင်းရဲ့မျက်ဝန်းပြာပြာတွေထဲမှာ ကိုယ်မမြင်ချင်ဆုံးက မျက်ရေတွေပဲကွယ်”  ဆိုတဲ့ စကားကြောင့် မျက်ရည် မကျအောင်ထိန်သိမ်းရင်း အမောင့် အသုံးအဆောင်လေးတွေကို ကူညီသယ်ပေးရင်း အမောင့်ကိုလိုက်ပို့ရတဲ့ကာလတွေကို မြန်မြန်ကျော်ဖြတ်ချင်ခဲ့တယ်အမောင် ၊ အေးမြလှတဲ့ စတက်ဖို့ရှို င်းယားရဲ့ ရာသီဥတုအောက်မှာ အမောင်နဲ့ ကျွန်မတို့ရဲ့အိမ်လေးထဲ အိမ်လေးကို အလှဆင်ရင်း သပ်ရပ်လှပအောင်ပြုပြင်ရင်း အမောင်ပြန်လာမယ့် ရက်တွေကို ရေတွက်စောင့်ဆိုင်းနေခဲ့တယ် .. စစ်သားဖြစ်ပေမယ့် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း နေတတ်တဲ့ အမောင် ပန်းပွင့်လေးတွေကို မြတ်နိုးတတ်တဲ့ အမောင့်အတွက် အမောင့်ကိုစောင့်ရင်း အမောင်ချစ်တဲ့နှင်းပန်းလေးတွေကို ကျွန်မတို့အိမ်ရှေ့လေးမှာ စိုက်ပျိုးခဲ့တယ်၊ အမောင်နဲ့ကျွန်မ ကိုဝေးကွာစေတဲ့ အဲဒီ စစ် ဆိုတာကြီးကို  မဖြစ်ခဲ့ရင်ကောင်းမှာဘဲလို ဆုတောင်းမိတယ်၊ အင်းလေ ဒါကလည်း ကျွန်မတစ်ယောက်ထဲရဲ့ဆုတောင်း ဖြစ်မယ် မထင်ပါဘူး၊ ကျွန်မလိုစစ်သားတွေရဲ့ ဇနီးမယားတွေနဲ့ ကျန်ခဲ့တဲ့မိသားစုဝင်တွေ အားလုံးရဲ့ ဆုတောင်းဖြစ်မှာပါ ၊


“နယ်လီရေ ..ကိုယ်တို့စစ်ပွဲကြီးက ပြီးဆုံးခါနီးပြီကွဲ့ ” ဆိုတဲ့ အမောင့်ဆီက ကြေနန်းစာရောက်ပြီး  မကြာမီ နှင်းပန်းတွေလန်းလန်း ဆန်းဆန်း ပွင့်နေတဲ့ နေ့တစ်နေ့ရဲ့လှပတဲ့ မနက်ခင်းအချိန် အတွင်းမှာ အမောင်ဟာ ကျွန်မတို့ရဲ့ အိမ်လေးဆီကို ညစ်ပေစွာနဲ့ပြန်ရောက်လာခဲ့တယ်၊ အမောင်ရေ လူနဲ့ အ၀တ်အစားတွေဟာ ညစ်ပေမှုန်မှိုင်း နေပေမယ့် အမောင့်ရဲ့အပြုံးနဲ့ မျက်လုံးတွေကတော့ မနက်ခင်းနေရောင်နဲ့အတူ တောက်ပအသက်ဝင်လွန်းလှပါတယ် ၊ ညစ်ပေနေတာကို ရှင်းလင်းသုတ်သင်ရင်း နှင်းပန်းတွေခူးရင်း “ နယ်လီရေ ကိုယ်စစ်တပ်ကအပြီးထွက်လိုက်ပြီကွယ်.. မင်နဲ့လည်းအကြာကြီးခွဲမနေချင်တော့ဘူး .. ကိုယ်တတ်ထားတဲ့ပညာနဲ့ အလွတ်ပညာသင်ကျောင်းကလေးဖွင့်မယ်စိတ်ကူးတယ် .. မင်းဘယ်လိုသဘောရသလဲ” ဆိုတဲ့စကားကိုကြားရတော့ အံ့သြ၀မ်းသာလွန်းလို့ အမောင့်ကို စကားတောင် ချက်ချင်းပြန်မပြောနိုင်ခဲ့ဘူး ၊ ဒါကို အမောင်ကနားလည် စွာနဲ့ကျွန်မကို ညင်သာစွာပွေ့ပိုက်ရင်း ရင်ခွင်မှာထွေးပွေ့ခဲ့တယ်လေ..




 ၂။
 အဲ့ဒီနောက်မှာတော့ အမောင်နဲ့ ကျွန်မတို့ဟာ အလွတ်ပညာသင်ကျောင်းကလေးရယ် နှင်းပန်းတွေရယ် ကြားမှာ ချမ်းမြေ့သာယာတဲ့ ဘ၀လေးတစ်ခုကို ပိုင်ဆိုင်ခဲ့ကြတယ် ၊ ဒီလိုနဲ့နွေဦးကာလ လေး သုံးခုကိုလွန်မြောက်လာပြီးတဲ့ အချိန်မှာ အမောင်လည်း အောင်မြင်တဲ့ အလွတ်ပညာသင်ကျောင်း ကိုထူထောင်နိုင်ခဲ့တယ်၊ ပြီးတော့ အန်ဒရူး နဲ့ ဒဖိုဒေးလ် ဆိုတဲ့ သားကလေး နဲ့ သမီးကလေး အမောင်နဲ့ကျွန်မ တို့ရဲ့ဘ၀လေးထဲကိုရောက်လာခဲ့တယ် ၊ ကြင်နာတတ်တဲ့ခင်ပွန်းကောင်းကို ရရှိခဲ့တဲ့အပြင် ဥာဏ်ရည်ထက်မြက်ပြီး ချောမောလှပတဲ့ သား နှင့်သမီးရဲ့မိခင်ဖြစ်ရတဲ့အတွက် ကျွန်မဟာ လောကကြီးမှာ ငါ့လောက်ကံကောင်းတဲ့သူရှိဦးမှာလားလို့တောင် စိတ်ကြီးဝင်မိတယ် ၊ ဒီလိုနဲ့ သားနှင့်သမီး တဖြည်းဖြည်း အရွယ်ရောက်လာခဲ့ သလို အမောင်နဲ့ကျွန်မလည်း အဖြည်းဖြည်း အရွယ်တွေ ရင့်လာခဲ့တယ်နော် ၊


 နွေဦးရာသီရဲ့နေ့တစ်နေ့မှာ သားကြီးအင်ဒရူးဟာ သူချစ်မြတ်နိုးတဲ့ မိန်းကလေး အစ်ဇဘယ်လာ နဲ့လက်ထပ်ထိမ်းမြား ခဲ့တယ် ၊ အဲဒီနောက်သားကြီးဟာ သူ့ရဲ့ဇနီးကလေးနဲ့ အတူ ကျွန်မတို့နေရာနဲ့သိပ်မဝေးလှတဲ့နေရာမှာ ပြောင်းရွှေ့ နေထိုင်ခဲ့တယ် ၊ အမောင်ရေ အမောင်ကတော့ ယောက်ျားပီသစွာ ကျောင်းအလုပ်တွေနဲ့မအားမလပ်နဲ့အရင်အတိုင်း ပေမယ့် ကျွန်မကတော့ သားကြီးကိုလွမ်းတဲ့စိတ်နဲ့ ခွေယိုင်နေခဲ့တယ်၊ နှစ်ရက်ခြားတစ်ခါလောက် ညနေပိုင်းတွေမှာ ရောက်လာပြီး ညစာအတူတူစားကြပေမယ့် လစ်ဟာနေတဲ့ကျွန်မရဲ့စိတ်ကို ရိပ်မိသိရှိတဲ့ အမောင်က နှစ်သိမ့်ထွေးပွေ့ ရင်း ငယ်စဉ်ကလို နှင်းပန်းလေးတွေခူးပေပြီး ဗီသိုဗင်ရဲ့တေးသွားအချို့ကို တီးပြခဲ့တယ် ၊ပြီးတော့ “နယ်လီရယ် မင်းအတွက် ကိုယ်အမြဲတမ်း မင်းဘေးနားမှာရှိနေမှာပါကွယ်” ဆိုတဲ့ အမောင့်ရဲ့အားပေးစကားဟာ ကျွန်မ ကို နောက်နေ့တွေအတွက် အားဆေးတစ်ပါးဖြစ်ခဲ့တယ် အမောင် ..

သမီးကလေး ဒဖိုဒေးလ် ကတော့ အသက် နှစ်ဆယ့်ရှစ်နှစ်ကျော်သည့်တိုင်အောင် အိမ်ထောင်မပြုဘဲ အမောင့်ရဲ့ ကျောင်းမှာ ကျောင်းဆရာမ အဖြစ်ဝင်ရောက်လုပ်ကိုင်နေခဲ့ပြီး ကျွန်မတို့နဲ့အတူ နေထိုင်ခဲ့တယ် .. ဒီလိုနဲ့ ခုနစ်နှစ်တာ ကာလအတွင်းမှာ လီယိုနာ့ဒ် နဲ့ ပက်ထရစ် ဆိုတဲ့ မြေးလေးနှစ်ယောက်ကို ချွေးမကလေး အစ်ဇဘယ်လာက ကျွန်မတို့အတွက် မွေးပေးခဲ့တယ် ၊ အင်မတန်မှ အဆော့သန်တဲ့ မြေးကလေးတွေဟာ အမောင့်အတွက် ကျွန်မထိုးပေး ထားတဲ့ သိုးမွှေးလည်စီးပုဝါတွေကို အစရအောင် အပြိုင်ရှာဖွေ ဆွဲထုတ်ရတာကို အနှစ်သက်ဆုံး ကစားနည်းအဖြစ်နဲ့ ကစားကြတယ်၊ ကျွန်မကအော်ငေါက်တဲ့ အခါ အဖိုးလုပ်သူအမောင်ကတော့ ကုလားထိုင်မှာထိုင်ပြီး ပြုံုးပြုံးကြီး ကြည့်နေခဲ့တယ် ၊ အမောင်ရေ ဒီလိုလှပပျော်ရွှင်ရတဲ့နေ့ရက်ကလေးတွေ မကုန်ဆုံးစေဖို့ ဘုရားသခင်ဆီမှာ ကျွန်မ နေ့စဉ်နေ့တိုင်းဆုတောင်းခဲ့တာကို အမောင်သိရင် အမောင်ရယ်လေမလား ..




 ၃။
နှင်းတွေသည်းသည်းထန်ထန်ကျနေတဲ့ ဇန်န၀ါရီလရဲ့နေ့တစ်နေ့မှာ သာယာအေးချမ်းလှတဲ့ ကျွန်မတို့ရဲ့ မိသားစု ဘ၀လေးထဲကို မုန်တိုင်းတစ်ခုဟာ မျှော်လင့်ဘဲနဲ့ဝင်ရောက်လာခဲ့ပါတယ် အမောင်၊ နျူမိုးနီးယား ဆိုတဲ့ရောဂါ တစ်ခုဟာ အားနည်းစပြုနေပြီဖြစ်တဲ့ အဖိုးအို အမောင့်ကို အလစ်ဝင်ရောက်တိုက်ခိုက်လာခဲ့တယ် ၊ ပြင်းထန်တဲ့ရောဂါရဲ့ဝေဒနာကို ခံစားနေရတဲ့အမောင့်ကို ကြည့်ပြီး ကျွန်မ ကိုးကွယ်ရာမဲ့ အားကိုးရာမဲ့ဖြစ်ခဲ့ရ ပါတယ် ။ အမောင့်နားမှာ ငြိမ်သက်စွာ ထိုင်ပြီး သမ္မာ ကျမ်စာကို အခါခါရွတ်ဆိုလို့ အမောင့်အတွက် တိတ်ဆိတ်စွာဆုတောင်းရင်း အပူမီးတွေလောက်မြိုက်နေ တဲ့ ကျွန်မကို မျက်လုံးကလေးဖွင့်ကြည့်ရင်း အရေတွေလိပ်ပြီးအကြောတွေပေါ်နေတဲ့ အဖွားအိုကျွန်မရဲ့ လက်ကို ညင်သာစွာကိုင်ပြီး “ နယ်လီရေ ၀မ်းမနည်းနဲ့ကွယ် ..ကိုယ်အရင်သွားရပေမယ့် မင်းကို ကိုယ် ကောင်းကင်ဘုံမှာစောင့် နေပါ့ မယ်” လို့ဆိုခဲ့တဲ့ အမောင့်ရဲ့စကားသံဟာ ကျွန်မ ရဲ့ဘ၀မှာ နောက်ဆုံးကြားခဲ့ရတဲ့ အမောင့်ရဲ့ အသံပါအမောင် ..


 နှင်းမိုးတွေပြင်းပြင်းထန်ထန်ရွာနေတဲ့ နောက်တစ်နေ့ရဲ့ မနက်ခင်းမှာ အမောင်ဟာ အမောင်ချစ်တဲ့ ကျွန်မနဲ့ သား၊သမီး နှင့် မြေးကလေးတွေကို တိတ်ဆိတ်ညင်သာစွာကျောခိုင်းသွားခဲ့တယ် ၊  အမောင့်ရဲ့နောက်ဆုံးခရီးကို ပို့ဆောင်ပြီး နောက်ရက်တွေဟာ ကျွန်မဘ၀မှာ အလစ်ဟာဆုံးကာလတွေပါ အမောင် ၊ အိမ်ထောင် မယူဘဲ မိခင်နှင့်ဖခင် ကို ကြည့်ရှုစောင့်ရှောက်နေတဲ့ သမီးကလေး ဒဖိုဒေးလ် ဟာ ကျွန်မကို နားလည်းစွာနှင့် အရင်ကထက်ပိုပြီးဂရုစိုက်စောင့် ရှောက်ခဲ့ပါတယ် .. ဒါပေမယ့်အမောင်ရေ အနှစ် ငါးဆယ်ကျော်ခြောက်ဆယ်နီးပါး ကျွန်မအနားမှာ မခွဲမခွါ နေခဲ့တဲ့ အမောင့်ကို မေ့မရဘဲ မြင်ယောင်နေမိတာကိုတော့ အမောင်အပြစ်ဆိုမယ်မထင်ပါဘုးနော် ၊ ကျွန်မတို့ရဲ့ ဒဖိုဒေးလ် ကလေးဟာ အမောင့်ရဲ့ကျောင်းကလေးကို အောင်မြင်စွာ ဆက်လက်ထိန်းသိမ်နိုင်ခဲ့ပါတယ် ၊ ဒီလိုနဲ့ အချိန်တွေဟာလည်း တရွေ့ရွေ့ ကုန်ခဲ့တယ်အမောင်..


 သာယာတဲ့ စက်တင်ဘာလရဲ့ နေ့လေးတစ်နေ့မှာ အမောင်ချစ်တဲ့ မြေးကလေး အကြီးကောင်လီယိုနာ့ဒ်ဟာ သူ့ချစ်သူကလေးနဲ့ လက်ထပ်ခဲ့တယ် ၊ အဖိုးရှိရင် သိပ်ပျော်မှာဘဲဆိုတဲ့မြေးကလေးရဲ့စကားကြားရတော့ အမောင့်ကို အင်မတန်မှလွမ်းဆွတ်မိပါတယ် ၊ အမောင်ရေ ကောင်းကင်ဘုံမှာ တစ်ယောက်ထဲ ပျင်းနေပြီလားကွယ်. ကျွန်မလည်း အမောင်ရှိတဲ့ဆီကို အမြန်ဆုံးလာပြီး အမောင့်ကို အဖော်လုပ်ပေးချင်လှပါပြီ ၊




 ၄။
မမျှော်လင့်တဲ့နွေကာလ တစ်ခုမှာ  သမီးကလေး ဒဖိုဒေးလ် ဟာ ကျွန်မကို စွန့်ခွါထားခဲ့ပြန်တယ်အမောင်ရယ်၊ “မေမေ ကျွန်မဖေဖေ့ကို အဖော်လုပ်ပေးလိုက်ဦးမယ်နော်..မေမေ၀မ်းမနည်းရဘူးနော်” လို့သူကလေးပြောသွားရှာတယ်.. ဘုရားသခင်ဟာ ဘာကြောင့်များ ကျွန်မကို မခေါ်ဘဲကျွန်မရဲ့ နှင်းပန်းကလေးကို အရင်ခေါ်သွားရတာလဲ လို့ ဘုရားသခင် ကို စိတ်ကွက်မိပါတယ် အမောင်.. ခုတော့ အမောင်နဲ့ကျွန်မတို့ရဲ့အိမ်ကလေးမှာ ကျွန်မတစ်ယောက်သာ ကျန်တော့တယ် အမောင်ရေ .. သားကြီး ရဲ့ သူတို့နဲ့လာနေဖို့ပြောခြင်း ကိုငြင်းဆန်ပြီး ဒီအိမ်လေးမှာဘဲနှင်းပန်းတွေ စိုက်ရင်း သိုးမွှေးထိုးရင်း ကောင်းကင်ဘုံကို သွားရမယ့် အချိန်ကို စောင့်မျှော်နေခဲ့တယ် ..


နှင်းပန်းကလေးထွက်ခွါသွားပြီး တစ်နှစ်ကျော်လောက်အကြာမှာ လီယိုနာ့ဒ် ရဲ့ဇနီးလေး မြေးချွေးမကလေးဟာ လူသားမိန်ကလေးငယ် လေးတစ်ဦးကို လောကကြီးထဲကို ခေါ်ယူလာခဲ့ပါတယ်၊ သား နဲ့ မြေးအကြီးလေးတို့ဟာ ကျွန်မအပေါ် သုတို့ရဲ့ချစ်ခြင်းကိုပြတဲ့ အနေနဲ့ မြစ်ကလေးရဲ့ နာမည်ကို “နယ်လီ” လို့ပေးခဲ့ကြတယ် ၊ ဒီလိုနဲ့ နယ်လီကလေး အသက် တစ်နှစ်ကျော် ကျော် အချိန်မှာ သားကြီး အင်ဒရူးဟာလည်း ကျွန်မ နဲ့ သူချစ်တဲ့သူ့ရဲ့ မိသားစုကို ထားရစ်ခဲ့ပြန်တယ်. အမောင်ရေ ၊ အခုဆို အမောင်ရော သားကြီးရော သမီးကလေးပါ ကောင်းကင်ဘုံမှာ ဆုံတွေ့နေကြပြီပေါ့နော် .. ကျွန်မကတော့ အထီးကျန်ဆန်စွာနဲ့ တစ်ယောက်ထဲကျန်နေခဲ့ရတယ် အမောင် ၊


ကျွန်မတို့ရဲ့အိမ်ကလေးမှာဘယ်သူမှ လာမနေနိုင်ကြတော့ အသက်တဖြည်းဖြည်းကြီးလာတဲ့ ကျွန်မဟာ တစ်ယောက်ထဲနေလို့ မသင့်လျော်တော့ဘူးဆိုတဲ့ ဆရာဝန်ကလေးရဲ့စကား အရ  ကျွန်မလေ ကျွန်မတို့ရဲ့ အိမ်ကလေးကို စွန့်ခွါရတော့မယ် အမောင် .. ဒါကြောင့် ကျွန်မ အတွက် ချက်ရေးပြုတ်ရေး လျော်ရေးဖွပ်ရေး မှအစ နေထိုင်ရေးနဲ့ ကျန်းမာရေးအတွက်ပါ အဆင်ပြေမယ့် အဖိုးအို အဖွားအိုတွေ နေထိုင်တဲ့ ဘိုးဘွားရိပ်သာမှာ သွားနေဖို့ဆုံးဖြတ်ခဲ့တယ် ၊ မြေးကလေး လီယိုနာ့ဒ် နဲ့ပက်ထရစ် ကလည်း ကျွန်မရဲ့မြတ်နိုးရာပစ္စည်းကလေးတွေကို ကူသိမ်းသယ်ကူပါတယ်..  အင်မတန်ချစ်စရာကောင်းတဲ့ မြေးကလေးတွေဟာ ကျွန်မဆီကိုတစ်ပတ်တခါ နှစ်ပတ်တစ်ခါ လောက် လာလည်မယ်လို့ ကတိပေးကြပါတယ် အမောင်၊ လီယိုနာ့ဒ် ကတော့ သူလာတိုင်း နယ်လီလေး ကို ခေါ်လာမယ်တဲ့လေ ၊ ဘာဘဲဖြစ်ဖြစ် အမောင်တို့ရှိတဲ့ကောင်းကင်ဘုံကို မရောက်ခင်အချိန်ထိ ကျွန်မရဲ့ကျန်ရှိနေတဲ့ အချိန်တွေကို ကျွန်မ ဒီနေရမှာဘဲ ကုန်ဆုံးတော့မှာပေါ့ အမောင်။ 




၅။
ဒေါက် .. ဒေါက် .. ဒေါက်


“နယ်လီ .. နေ့လည်စာ စားချိန်ရောက်တော့မယ် .. ထမင်းစားခန်းထဲသွားရအောင်နော် .. နယ်လီ့ ကို ကုပေးဖို့ ကျွန်မလာတာလေ”


 တံခါး ခေါက်သံနဲ့ အတူဝင်လာတဲ့ (Carer) မိန်းကလေးရဲ့ အသံကြောင့် ကျွန်မရဲ့ အတိတ်ဆီကိုလွင့်မြောနေတဲ့ အတွေးတွေ ရပ်တန့်သွားခဲ့တယ်၊ မိန်းကလေးရဲ့ အကူအညီနှင့်အ၀တ်အစားလဲ ရေအိမ်ဝင်ပြီး ထမင်းစားခန်းထဲကို ထွက်လာခဲ့တယ် ၊


 “နေ့လည်မှာ နယ်လီ့မြေးတွေလာကြမယ်လို့ ဖုန်းဆက်ထားတယ်.. နယ်လီ့ကို အပြင်လည်းခေါ်သွားမှာမို့ အ၀တ်အစား အသစ်လေး ၀တ်ထားဖို့လည်း မှာခဲ့တယ်”


မိန်းကလေးရဲ့စကားကို နားထောင်ပြီး ပြန်ပြုံးပြရင်း “ကျေးဇူးတင်ပါတယ်” လို့ ကျွန်မ မိန်းကလေးကိုပြန်ပြောခဲ့တယ်.


 နေ့လည်းစာစားပြီးချိန်မှာ ကျွန်မ ရဲ့အခန်းလေးထဲကို ကျွန်မ ပြန်လာခဲ့တယ် အမောင်၊ ရောက်လာမယ့် မြေးလေးတွေနဲ့မြစ်ကလေးကို စောင့်နေခဲ့တယ်၊ နေ့လည် တစ်နာရီခွဲလောက်မှာ ကလေးတွေရောက်လာကြတယ် ၊


“နန်” .. မနက်ဖြန်ဆို “နန့်န်” အသက် ၉၉  နှစ်ပြည့်ုပြီနော် .. နောက်နှစ် ဒီအချိန်ဆို ဘုရင်မကြီးဆီက ဂုဏ်ပြုသ၀ဏ်လွှာ ကို “နန် ” ရမှာနော်


မြေးအငယ်ရဲ့ အမေးစကားကိုပြုံးပြရင် ခေါင်းညိမ့်ပြလိုက်တယ်..


“နန့်နီ” 


ချစ်စဖွယ် အသံသေးသေးလေးနဲ့ ကျွန်မရဲ့လက်ကို လာကိုင်တဲ့ မြစ်ကလေး နယ်လီ့ ကိုငုံ့ကြည့် ပြုံးပြလိုက်တယ်..


 အမောင်ရေ .. တစ်ယောက်က လောကကြီးထဲကိုဝင်လာဖို့ခြေလှမ်း အသစ်တွေနဲ့ နယ်လီလေး .. တစ်ယောက်ကတော့ လောကကြီးထဲကနေ မကြာခင် မှာ ထွက်သွားတော့မယ့် ကျွန်မ နယ်လီ .. ချစ်စဖွယ် လက်သေးသေးကလေးနဲ့ အိုမင်းရင့်ရော်ပြီး အရေတွေတွန့်လိပ်နေတဲ့ လက်  .. လက်နှစ်ခုရဲ့ကြားမှာ အချိန်ကာလတွေနဲ့ လောက အတွေ့အကြုံတွေ ခြားနေတယ် ၊




၆။
မြေးကလေးတွေနဲ့ အပြင်လိုက်သွာတာညနေစာ စားပြီးချိန်မှ ပြန်ရောက်တယ် အမောင် ၊ ထိုင်နေကြ ပြတင်းပေါက် ဘေးကထိုင်ခုံလေး မှာထိုင်ရင်း ရောက်တတ်ရာရာတွေတွေးပြီး ည အိပ်ရာဝင်ချိန်မှာ အိပ်ရာဝင်ခဲ့တယ်။ ညတိုင်းတောင်းဖြစ်တဲ့ဆုကလေးကိုလည်း မပျက်မကွက် တောင်းခဲ့ပါတယ် အမောင် ။




၇။
နောက်တစ်နေ့ မနက်ကို မမြင်ရတော့မယ့် မနိုးသော အိပ်ခြင်းဖြင့် အိပ်ပျော်ရပါစေ။  ။

                                                             
                                                                                                                                                           ပျိုးယုဝသုန်

No comments: