နေသည် အနောက်ဂေါ်ယာကျွန်းသို့ ပြန်နေသည်။
ပတ်ဝန်းကျင်သည် လည်း ကြောက်စရာ ကောင်းလောက်အောင်ကို တိတ်ဆိတ်နေသည်။ တခါတရံတွင်
ပိုးပရစ်တို့၏ အော်မြည်သံတို့ကို ကြားရမည်လားဟု နားစွင့်သော်လည်း အဝေးတနေရာမှ
တခါတရံ ထွက်ပေါ်လာသည့် အသံသဲ့သဲ့တို့မှ လွဲ၍ မည်သည့် အသံမျှ မကြားရပါ။ အဆုံးစွန် လေတိုက်သံ
လေတိုးသံကိုပင် မကြားရပါ။တကယ်ဆို အိပ်တန်း တက်ရန် ပြင်ဆင်နေသော ကျေးငှက်တို့၏ အသံများကို
ကြားသင့်သည်။ ကျေးငှက်တို့ အိပ်တန်း တက်သဖြင့် ထွက်ပေါ်လာသော သစ်ရွက်၊ သစ်ကိုင်းတို့
လှုပ်သံ ပွတ်တိုက်သံကို ကြားသင့်သည်။ သို့သော် မည်သို့သော အသံမှ ထွက်ပေါ်မလာခဲ့ပါ။
အလင်းရောင်သည် တဖြည်းဖြည်း ဖျော့သည်ထက် ဖျော့လာကာ အမှောင်ရိပ်ဆီသို့ ဦးတည်နေသည်။
ပင့်သက်တစ်ခုကို ခပ်ပြင်းပြင်း ရှိုက်လိုက်သော အခါ ထွက်ပေါ်လာသော အသံသည် မိမိနှင့်
ရင်းနှီး ကျွမ်းဝင် မရှိလှသော အသံမျိုး ဖြစ်နေသည်။ အဘယ်ကြောင့် အရာအားလုံးသည် တိတ်ဆိတ်နေပါသနည်း။
မီးခလုတ်ကို တို့ထိ၍ ထွက်ပေါ်လာသော အသံသည် လိုအပ်သည်ထက် ပိုမို ကျယ်လောင် လွန်းနေသည်။
အရာရာသည် သဘာဝမကျသကဲ့သို့ ခံစားနေရသည်။ သဘာဝ မကျသောအရာများ၊ အဖြစ်အပျက်များနှင့် မကြာခဏ
ကြုံတွေ့နေရသော်လည်း ယခုအချိန်အထိ အသားကျစွာ သူ မနေနိုင်သေးပါ။
တိတ်ဆိတ်ခြင်းသည် စိတ်ခရီးကို အဆုံးမရှိလွင့်စေနိုင်သည်။ လွှင့်စေနိုင်သည်။
သူ၏ စိတ်များသည်ကော.. ။ မည်သည့်နေရာသို့ ခရီး နှင်နေလေမည်နည်း။ ထိုအမေးမျိုးသည်
သူ့ကိုယ်သူ မမေးချင်သော သူ မဖြေချင်သော အမေးမျိုး ဖြစ်သည်။ တခါတရံတွင် အသက်ရှင် နေထိုင်ရခြင်းသည်
အထီးကျန် ဆန်လွန်းသည်။ အနီးအနားတွင် လူတွေရှိနေသော်လည်း ထိုသူတို့နှင့် ဝေးနေသည်ကဲ့သို့
ဖြစ်နေသည်။ ဆတ်ကနည်း တွန့်သွားသော နှုတ်ခမ်းသည် ပြုံလိုက်သည်လား၊ မဲ့လိုက်သည်လား
သူ သေချာ သတိမထားလိုက်မိပါ။ တရွေ့ရွေ့ လျောက်လှမ်းမိသော ဦးတည်ရာသည် ရေခဲသေတ္တာ ဖြစ်သည်။
အထီးကျန်ဆန်ခြင်း ကို ရေခဲစိမ် ကော်ဖီ တစ် ခွက် နှင့်
တိတ်တိတ်ဆိတ်ဆိတ် မြည်း စမ်းလိုက်သည်။
နှလုံးသွေးသည် နာကျင်ခြင်းကြောင့် မျက်ရည်အဖြစ် ပြောင်းလဲခဲ့သောအခါ ရေခဲစိမ် ကော်ဖီနှင့်ပင် ရောစပ် သုံးဆောင်သည်။
စိတ်ဆောင်ရာ နောက်သို့ လိုက်ပါရင်း နာကျင်စရာများကို နင့်နင့်နည်းနည်း လက်ခံ
လိုက်သည်။ ပျော်ရွှင်စရာများကိုလည်း သိပ်သိပ်သည်းသည်း လက်ခံလိုက်သည်။ မည်သူတစ်ဦး တစ်ယောက်ကို မျှ အပြစ် မတင်ဘဲ ပြုံး လာ နိုင်သော တစ်နေ့သည် နာ ကျင် ခြင်း ၊ လေးပင်ခြင်း များ ကို လွှတ်ချနိုင် ပြီး ပေါ့ ပေါ့ ပါး ပါး နှင့်
ဘဝ၏ လက်ကျန် အချိန်တွေကို စိတ်နှလုံး ကြည် မွေ့ အေးချမ်းစွာ ဆက်လှမ်း နိုင် မယ့် နေ့ ဖြစ်သည်ဟု သူ ယုံကြည်သည်။ သို့သော် ထိုနေ့သည် နတ်သမီးပုံပြင်ထဲမှ
ရွှေရောင်နေ့ရက်များလိုပင်။
ကိုယ့်ခံစားမှုများကို တခါတလေတွင် ရင်ဖွင့် ပြောပြချင်မိသည်။
အမှန်တကယ် ပြောပြမည်ဟု ပြင်ဆင်သောအခါ သူတပါးကို မပြောပြမိဘဲ ကိုယ့်ကိုယ်ကိုယ်သာ
ပြန်ပြောပြဖြစ်သည်။ သူသည် ကာယကံရှင် ဖြစ်သည်။ ထိုကဲ့သို့ပင် သူသည် နားထောင်သူလည်း
ဖြစ်သည်။ သူ လုပ်ခဲ့မိသည်ဟု ထင်ရသော အမှားတို့ကို ပြန်လည် သုံးသပ်သည်။
** ** **
မိန်းမတစ်ယောက်သည် မိန်းမတစ်ယောက်ကဲ့သို့ပင် စဉ်းစားချင်သည်။
ဆုံးဖြတ်ချင်သည်။ ငိုကြွေးချင်သည်။ မှီခိုချင်သည်။ သူသည်လည်း မိန်းမတွေထဲမှ မိန်မ တစ်ယောက်ပင် ဖြစ်သည်။
နာကျည်းတတ်သည်၊ ငိုကြွေးတတ်သည်။ နှမြောတွန့်တိုတတ်သည်။ ချစ်ခင်မြတ်နိုးတတ်သည်။ သို့သော်
ကံတရားသည် သူ့အား ထိုကဲ့သို့သော အခွင့်အရေးကို ယနေ့အချိန်အထိ မပေးခဲ့ပါ။
ဘဝတစ်လျောက်လုံးတွင် မိဘအပေါ်တွင် ချွဲနွဲ့ခွင့်မရခဲ့သော၊
ညီအစ်ကို မောင်ညီမများအပေါ်တွင် ဆိုးနွဲ့ခွင့်မရခဲ့သော၊ ချစ်သူအပေါ်တွင် ချွဲနွဲ့ခွင့်
မရခဲ့သော၊ အဆုံစွန် သူ၏ဘဝလက်တွဲဖော် အပေါ်တွင်ပင် ဆိုးနွဲ့ခွင့်၊ချွဲနွဲ့ခွင့်မရခဲ့သော
သူသည် ဘဝဟူသော လမ်းကို တစ်ခါတရံတွင် နားမလည်ခြင်းများ၊ တခါတရံတွင် ဝမ်းနည်းခြင်းများ၊
တစ်ခါတရံတွင် ဝမ်းနည်းခြင်းများဖြင့် ဖြတ်သန်းလာခဲ့သည်။ ဝမ်းနည်းခြင်းများ၊ နာကျင်ခြင်းများကို
မြိုသိပ်ပါများသောအခါ သူ၏ မျက်ဝန်းများသည် အရောင် တလဲ့လဲ့နှင့် မလင်းလက်နိုင်တော့။
မှန်ထဲတွင် မြင်ရသော သူ၏မျက်ဝန်းများကို သူ ပြန်ကြည့်မိချိန်တွင် သူသည် သူ မဟုတ်သကဲ့သို့
ခံစားနေရသည်..။
လောကသည် သတ္တဝါတို့အပေါ်တွင် ဘယ်သောအခါမှ အလုံးစုံသော ပြည့်စုံမှုကို
မပေးပါ။ အချို့အားဥစ္စာဓန နှင့် ပြည့်စုံခြင်းကို ပေးသည်၊ အချို့အား ချစ်ခြင်းမေတ္တာဖြင့်
ပြည့်စုံခြင်းကို ပေးသည်။ အချို့အား ကျန်းမာခြင်းနှင့် ပြည့်စုံခြင်းကို ပေးသည်။
မည်မျှပင် ကံတရား၏ မျက်နှာသာပေးမှုကို ရသည်ဖြစ်စေ ချစ်ခြင်းမေတ္တာ သို့မဟုတ် စည်းစိမ်ချမ်းသာ
သို့မဟုတ် ကျန်းမာခြင်း အစရှိသည့် တစ်ခုခုမှာချွတ်ယွင်းစမြဲပင် ဖြစ်သည်။ အချိန်ကြာသည်နှင့်အမျှ နာကျင်တိုင်း မျက်ရည်ကျ
ငိုကြွေးရမည့်အစား နာကျင်တိုင်း နာနာကျင်ကျင် သူပြုံးတတ်လာသည်။ ဘဝကျောင်းဆရာသည် သူ့အား
သူ မတတ်မြောက်လိုသော ဘာသာရပ်များကို သင်ကြားပေးရင်း အမျိုးမျိုးသော သင်ခန်းစာများကို
ပေးခဲ့သည်။ သို့သော် သူသည် ထိုထိုသော သင်ခန်းစာများကို ယနေ့တိုင် မကျေညက်နိုင်ခဲ့ပါ။
** ** ** **
နောက်ကျောဘက်မှ ပွေ့ဖက် ထွေးပိုက်ခြင်းသည် သူ၏ ချစ်သူအား
နွေးထွေးစေလိုခြင်း၊ လုံခြုံစေလိုခြင်းတို့မှ အပ အခြားသော ရာဂစိတ်သည် အလျံတညီးညီး
တောက်လောင်နေခြင်း မရှိပါ။ ချစ်သူ၏ နောက်ဘက်တွင် အမြဲတမ်းအားဖြင့် သူရှိနေသည် ဟူသော
စိတ်ကလေးတခုကိုသာ ယုံကြည်စေလိုခဲ့ခြင်း ဖြစ်သည်။ မိမိ ချစ်သူသည် မိမိအနားတွင် အမြဲရှိနေသည် ဟူသော ယုံကြည်စိတ်သည်
အရာရာကို ကျော်ဖြတ်ရဲသော၊ ရင်ဆိုင်ရဲသော စိတ်အင်အားကို ဖြစ်စေသည်ကို သူ ကောင်းကောင်း
နားလည်ခဲ့သည် မဟုတ်လော..။ သူသည် သူ့ချစ်သူ၏ အတ္တနှုင့် မာန်မာန ကို အရောင်တင်ပေးခဲ့သည်။
ထိုအရာသည် ချစ်ခြင်းကြောင့် ပင် မဟုတ်ပါလား။ ချစ်သူအား လောကကို ဌန်နှင့် မာန်နှင့်
ကြည့်စေချင်သည်။ မိမိကိုယ်ကိုယ် ယုံကြည်ချက်များနှင့် မတ်မတ်ရပ်နေစေချင်သည်။ ဝင့်ဝင့်ကြွားကြွားနှင့် သူတကာတို့ အားကျ
လေးစားရသော သူ ဖြစ်စေချင်သည်။ သူကမူ ချစ်ရသူ၏ နောက်တွင် အရိပ်ခို မှီကိုးရင်း ချစ်သူဦးဆောင်ရာနောက်ကို
နောက်လိုက်ကောင်းတစ်ယောက် အဖြစ် လိုက်ပါလိုသည်။ ထိုဆန္ဒသည် သူ့ဘဝတွင် သူ ထားရှိခဲ့သည့်
အကြီးမားဆုံးသော အတ္တ သို့တည်းမဟုတ် ဆန္ဒတစ်ခုသာ ဖြစ်သည်။ သို့သော် ထိုမျှလောက်သော
ကံကောင်းခြင်းကလေးကိုပင် သူသည် မည်သူ့ထံကမျှ လက်ဆောင် အဖြစ် မရရှိခဲ့ပါ။
လူတစ်ယောက်အား အဆုံးစွန် ချစ်မြတ်နိုးခြင်းသည် မိမိ အတွက်
အဆိပ်အတောက်လည်း ဖြစ်နိုင်သည်ဟူသော အချက်ကို သူ က လက်မခံခဲ့ပါ။ သူ့အတွက်မှာ ချစ်ခြင်းဖြင့်
ရှုမြင်မှုသည် အရာရာကို လှပစေသည်ဟု ယူဆထားသည်။ သို့သော် သူ ယုံကြည်ထားသမျှသည်
သူ ယုံကြည်ထားသကဲ့သို့ မဟုတ်မှန်း သိလာရသောအခါ သူ၏ စိတ်များ တစ်စစီ ပြိုကွဲခဲ့ရသည်။ ရင့်သီးသော စကားလုံးများကို သူ မနှစ်သက်ပါ။
မာထန်သော လေသံတို့ကို သူ ကြောက်ရွံ့သည်။ သူ မနှစ်သက်သည့် မည်သည့်အရာမဆို သူတပါးကို
သူ မပေးနိုင်အောင် ၊မပြုမူမိအောင် သူ ကြိုးစားခဲ့သည်။ သို့သော် သူ မနှစ်သက်သည်များ၊
သူကြောက်ရွံ့သည်များကို သူလက်ခံ ရင်ဆိုင်လာရသောအခါ သူ၏ စိတ်နှလုံးတို့သည် အေးခဲနေသော
ရေခဲရေနှင့် လောင်းချခံလိုက်ရသကဲ့သို့ ဖြစ်ခဲ့သည်။ ထို့အတွက် စကားလုံးများ ပျောက်ဆုံးခဲ့သည်။ တစ်စတစ်စ လွှတ်ချခဲ့သော
အကြောင်းအရာများ များပြာလာသောအခါ သူ၏စိတ်နှလုံးတို့သည် ပြည့်ကြပ်နေသကဲ့သို့ ဖြစ်ခဲ့သည်။
ဟင်းလင်းပြင်ကဲ့သို့လည်း ဖြစ်နေခဲ့သည်။ ထိုအချိန်တွင် သူ နားလည်လိုက်သော အရာသည်
တစ်ခုတည်းသာ ဖြစ်၏။
သူ့အား အလိုမရှိသော နေရာတွင် သူ တစ်ဒင်္ဂကလေးမျှ မနေထိုင်လိုပါ။
ထိုကဲ့သို့ဖြင့် သူ့အား အလိုရှိသည့် မိဘမဲ့ဂေဟာများနှင့် ဘိုးဘွားရိပ်သာများသည်
သူ၏ နားခိုရာ အသိုက်ကလေး ဖြစ်လာခဲ့သည်။ ကလေးတွေကို ပုံပြင်များပြောပြရင်း၊ ကဗျာများရွတ်ပြရင်း၊
အတူတူပြေးလွှားဆော့ကစားရင်း ကလေးများ အတွက် အမေတစ်ယောက်၊ အစ်မတစ်ယောက် ဖြစ်ခဲ့သကဲ့သို့
သားသမီးတို့၏ ဂရုစိုက်မှု၊ အားပေးမှုတို့ကို ဆုံးရှုံးခဲ့သော ဘိုးဘွားများအတွက်
သူသည် သမီးတစ်ယောက်၊ မြေးတစ်ယောက် ဖြစ်ခဲ့သည်။ လောကကို ရိုးရိုးစင်းစင်းကြည့်သော
သူ့ကို လောကက သူနေထိုင် ဖြစ်တည်ချင်သကဲ့သို့ ရိုးစင်းစွာ ရပ်တည်နေထိုင်ခွင့် မပေးခဲ့ပါ။
*** ***
*** ***
အိမ် အပြန်လမ်းတွင် သူနှင့်အတူ သူ့အရိပ်ပင် အဖော်အဖြစ် မပါခဲ့ပါ။ တိတ်ဆိတ်ခြင်းတွေသာ ကြီးစိုးသော
နေစရာတစ်ခုကို အိမ် ဟု သူက မသတ်မှတ်ပေ။ ရံဖန်ရံခါ ထွက်ပေါ်လာသော အိမ်မြောင် စုတ်ထိုးသံသည်
သူ့အတွက် သူစိမ်း ဆန်နေသေးသည်။
သူ ကောင်းကောင်း နားလည်းလိုက်သည်။ သူသည် သူ့မိဘအတွက် သူစိမ်းတစ်ယောက်
ဖြစ်ခဲ့သည်။ ဆွေမျိုးသားချင်းများ၊ ညီအစ်ကို မောင်နှမများ အတွက်လည်း သူစိမ်းတစ်ယောက်ဖြစ်ခဲ့သည်။
သူငယ်ချင်း မိတ်ဆွေတွေ အတွက်လည်းသူစိမ်း၊ သူ့ချစ်သူ အတွက်လည်း သူစိမ်း .. အဆုံးစွန်
သူ၏ လက်တွဲဖော် အတွက်လည်း သူသည် သူစိမ်းတစ်ဦးသာ … ။
*** *** ***
ဘဝတွင် သူ အကြောက်ဆုံးသောအရာသည် သူ ချစ်ရသူတို့နှင့် စိမ်းကား
ဝေးကွာစွာ နေရခြင်း ဖြစ်သည်။
သို့သော် .. ..
*** *** ***
စိတ်ရေဂါ အထူးကုဆေးရုံရှိ အခန်းကျဉ်းကလေး၏ ကုတင်ငယ်လေးအပေါ်တွင် နံရံဘက်သို့ မျက်နှာမူကာ
လဲလျောင်းနေသော လူနာသည် အိပ်စက်နေသည်လား၊ နိုးထနေသည်လား ဆရာမလေး မသိပါ။ ဆေးတိုက်ရန် အသာအယာ လှုပ်နှိုးလိုက်သောအခါ
မျက်ဝန်းများကို ဖြည်းညင်းစွာ ဖွင့်ကြည့်ရင်း ဆရာမလေးအား ပြုံးပြလိုက်သည်။ ကမ်းပေးလာသော
ဆေးတချို့ကို တိတ်တဆိတ် သောက်လိုက်ရင်း
နံရံဘက်သို့ မျက်နှာမူကာ ပြန်ပြီး လဲလျောင်းလိုက်သည်။ “နေကောင်းရဲ့လား” ဟု မေးသောအခါ လှည့်မကြည့်ဘဲ
ညင်သာစွာ ခေါင်း ညိတ်ပြသည်။ ဆရာမလေးသည်
လူနာအား ချစ်ခင်စွာ၊ သနားစွာ ခေတ္တမျှ ကြည့်ရင်း နောက်လူနာများအား ဆေးတိုက်ရန် ထွက်ခွါလာခဲ့သည်။
အပြင်တွင် နေသည် ခြစ်ခြစ်တောက် ပူပြင်းနေသည်။ လူနာအချို့၏
အော်ဟစ်သံများ၊ အသစ် ဆောက်လုပ်နေသော အဆောက်အဦးမှ ဆောက်လုပ်ရေးလုပ်သားများနှင့်
လုပ်ငန်းခွင်၏ အသံဗလံများ သည် ဆေးရုံအတွင်းသို့ တိုတိးုတမျိုး ကျယ်ကျယ်တဖုံ ဝင်ရောက်လာသောကြောင့်
ဆေးရုံသည် ယခင်ကကဲ့သို့ တိတ်ဆိတ်ငြိမ်သက်ခြင်း မရှိတော့။ ဆရာမလေးသည် သူ စောင့်ရှောက်ကြည့ှ်ရှုနေရသော
လူနာများ အတွက် ဆိတ်ငြိမ်သော ပတ်ဝန်းကျင်ကိုသာ ရရှိစေချင်သည်။
“ ဒီဆောက်လုပ်ရေးတွေ ပြီးမှပဲ အရင်လို တိတ်တိတ်ဆိတ်ဆိတ်နဲ့
လူနာတွေလည်း အေးအေးဆေးဆေး နေနိုင်မှာပါလေ..” ဟု တီးတိုးရွတ်ဆိုရင်း နောက်ထပ် ဆေးတိုက်ရန်ကျန်နေသေးသော
လူနာများဆီသို့ ဆက်လက် ထွက်ခွါသွားတော့သည်..။
ပျိုးယုဝသုန်