Showing posts with label မမဝသုန်နှင့်ကြုံခဲ့ရသောအဖြစ်အပျက်များ. Show all posts
Showing posts with label မမဝသုန်နှင့်ကြုံခဲ့ရသောအဖြစ်အပျက်များ. Show all posts

Sunday, 15 February 2015

ငြိမ်းချမ်းစွာ အိပ်စက်စေချင်



ပံ့သကူ..

ပံ့သကူသား ဆိုတာ လက်ရှိ ကျွန်မတို့ ကျင်လည်နေတဲ့ လူ့ဘောင် ပတ်ဝန်းကျင်မှာ ရရန် မလွယ်ကူသော အရာ တစ်ခုသာ..။


တစ်နေ့က ကျွန်မဆိုင်ကို ညီမလေးတစ်ယောက် ရောက်လာခဲ့တယ်..။ စကားစမြည် ပြောကြရင်း သူပြောတဲ့ အကြောင်းနဲ့ ကိုယ်ကြုံတွေ့ရတဲ့ အကြောင်း တိုက်ဆိုင်လာတော့ ဒါတွေဟာ ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းတွေ ကျွန်မရဲ့ ခေါင်းထဲကို တန်းစီပြီး ဝင်လာကြတယ်..။


ရှင်သန်နေထိုင်ကြတဲ့ အချိန်တိုလေး အတွင်းမှာ ကျွန်မတို့ဟာ ကျွန်မတို့ကိုယ်ခန္ဓာ ရှင်သန်ဖွံ့ဖြိုးဖို့၊ ကျန်းမာဖို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အသား၊ ငါးတွေကို မက်မက်မောမော စားသုံးခဲ့ကြတယ်။


တစ်မနက်စောစောမှာတော့ ကျွန်မဟာ လိုချင်တဲ့ အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တွေ ဝယ်ဖို့ ဈေးကို ထွက်လာခဲ့တယ်။ ပုံမှန်အားဖြင့် ညီမဝမ်းကွဲလေးက အမြဲသွားဝယ်နေကျ ဖြစ်ပေမယ့် အိပ်ပျော်နေတဲ့သူ့ကို မနှိုးချင်တာကတစ်ကြောင်း၊ ဈေးကို မရောက်တာ ကြာနေပြီ ဖြစ်တာကတစ်ကြောင်းကြောင့် တစ်ယောက်ထဲ ဈေးဘက်ကို ထွက်ခဲ့တယ်။ မနက်စောစော ဈေးဝယ်ခြင်းအားဖြင့် စိတ်ကြိုက်ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို လတ်လတ်ဆတ်ဆတ် ရတဲ့အတွက် ကျွန်မ အင်မတန် ကျေနပ်ခဲ့တယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ အသားအချို့ နဲ့ ငါး ပုဇွန် နဲနဲ ဝယ်မယ်ရယ်လို့ ရည်ရွယ်ရင်း အသားတန်းဘက်ကို ရောက်ခဲ့တယ်။


အချို့ ဆိုင်တွေကလည်း ခင်းကျင်းတုန်း၊ အချို့ဆိုင်တွေကလည်း ခင်းကျင်းပြီးသား သားငါးတွေကို နေရာပြန်ချရင်း တစ်ယောက်နဲ့ တစ်ယောက် စကားစမြည် ပြောနေတုန်းရှိကြသေးတယ်။ အချိန်ကလည်း စောနေသေးတာကြောင့် ဈေးဝယ်တဲ့သူတွေကလည်း ပါးနေတာကိုး..။ အနီရောင်အသားကို စားလို့မရတဲ့ ကျွန်မကတော့ ကြက်သားအနည်းငယ်တော့ ဝယ်မယ်လို့ ရည်ရွယ်ရင်း ကြက်သားရောင်းတဲ့ ဆိုင်ဘက်ကို ထွက်လာခဲ့တယ်။  ကျွန်မ အတွက် စိတ်နှလုံး ထိခိုက်စရာဟာ ထိုနေရာမှာ စတွေ့တာပါပဲ။


ကြက်သားသည်ရဲ့ နဘေးမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးကြီးကြီးတစ်လုံး ရှိနေပါတယ်။ စက်ဘီးနောက်မှာ ဇောက်ထိုးဆွဲပြီး သယ်သူလာခြင်းခံရတဲ့ ကြက်တွေဟာ မူးနောက် နေပုံရတယ်။ ခေါင်းကလေးတွေ တချက် တချက်လှုပ်လိုက် တောင်ပံလေးတွေ တစ်ချက် တစ်ချက် လှုပ်လိုက်နဲ့ သက်သောင့်သက်သာ မရှိမှုကို အမှတ်မထင်မြင်တွေ့လိုက်ရတယ်။ ဒီမြင်ကွင်းကို ဘာရယ်မဟုတ်ပဲ ကြည့်နေမိတဲ့ ကျွန်မဟာ ဈေးသည်ရဲ့ ထင်မှတ်မထားတဲ့ အပြုအမူကြောင့် ဝိဘစ္ဆရသ ကို စတင်ခံစားရပါတော့တယ်။ သူဟာ ကြက်အရှင်တွေကို တစ်ကောင်ပြီး တစ်ကောင် ခြေထောက်ကနေကိုင်ရင်း ပွက်ပွက်ဆူတဲ့ ရေအိုးထဲကို နှစ် နှစ်ချလိုက်ပါတယ်။ အပူကြောင့်လန့်ပြီး တစ်ချက်နှစ်ချက်သာ တောင်ပံခတ် ရုန်ကန်ခွင့် ရတဲ့  ကြက်တွေဟာ မိနစ်ပိုင်းအတွင်းမှာ ငြိမ်သက်သွားရင်း အိုးရဲ့ အပြင်ဘက်ကို ပြန်လည် ရောက်ရှိလာခဲ့တယ်။


ဒီမြင်ကွင်းဟာ သူတို့အတွက်တော့ သမရိုးကျ နိစ္စဒူဝမြင်တွေ့နေရတဲ့ မြင်ကွင်းဖြစ်ပေမယ့် ကျွန်မအတွက်ကတော့ အတော်ကလေး အဆင်မပြေခဲ့ပါဘူး။ေ၇နွေးပူ၊ဆီပူ တစ်စက် နှစ်စက်လောက် စင်မိ လောင်မိရင်တောင် ကျွန်မတို့မှာ ပူလောင်ခြင်းကို သိသိသာသာ ခံစားရပြီး သက်သာရာ ဆေး သို့မဟုတ် တခုခုကို ရှာကြံလိမ်းကြတယ် မဟုတ်လား။  ဆူနေတဲ့ ရေနွေးအိုးထဲကို အရှင်လတ်လတ် အနှစ်ခံရတဲ့ကြက်တွေ ဘယ်လိုခံစားရမလဲ။ ကျွန်မတို့သာ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲကို ပြုတ်ကျရင်ဖြစ်စေ၊ အနှစ်ခံရရင်ဖြစ်စေ ဘယ်လိုခံစားရမလဲ။ ဒီအချိန်မှာ ကျွန်မခံစားရတာက ကိုယ့်ကိုယ်နဲ့နှိုင်းယှဉ်မိတဲ့ စိတ်တခုသာ။


ကြက်၊ ဝက်၊ အမဲ တို့ကို ကမ္ဘာ အသီးအရွက်အဖြစ် သတ်မှတ်တယ် လို့ မှတ်သား ဖူးခဲ့တယ်။ ကျွန်မ ရောက်ရှိခဲ့ဖူးတဲ့နိုင်ငံအချို့မှာ ကြက်၊ဝက်၊ အမဲ တို့ကို စီမံတော့မယ်  ဆိုရင် အရင်ဦးဆုံး မေ့ဆေးပေးလိုက်ပြီး သတ္တဝါတွေကို နာကျင်ခြင်း မခံစားစေရဘဲ သေဆုံးသွားစေခဲ့တယ်။ ဒီအတွက် သူတို့ဟာ မသေခင်မှာ ထိတ်လန့်ကြောက်ရွံ့စွာ ရုန်ကန်နေဖို့ မလိုတော့သလို မသေဆုံးခင်မှာ နာကျင်ခြင်းဒုက္ခကိုလည်း သိရှိမသွားကြတော့ဘူး။


ကျွန်မတို့ နိုင်ငံမှာတော့ ဘာဖြစ်လို့များ ကိုယ့်အသွေးအသား မဟုတ်ရင် ပြီးရော ဆိုပြီး ပြီးစလွယ် ဖြစ်သလို သတ်ဖြတ်နိုင်ကြရတာလဲ။  ပြုခဲ့တဲ့ တနေ့တာ အပြုအမူတွေအတွက် သူတို့ ငြိမ်းငြိမ်းချမ်းချမ်းမှ အိပ်ပျော်ကြရဲ့လားလို့ ကျွန်မ သံသယ ဖြစ်မိတယ်။ သူတို့ နောင်တများ ရနေမလား..။


လူအပါအဝင် သတ္တဝါတိုင်းဟာ ကိုယ့်အသက်နဲ့ခန္ဓာကို မက်မောတွယ်တာကြတယ် မဟုတ်လား။


အမြင်မတော်သော အသက်မွေးခြင်းမှ အားလုံးကင်းလွတ်ကြပါစေ။



မမဝသုန်
FEB-2015 (YGN)

Thursday, 9 May 2013

ပါလေရာ မမ





မမ နေရာတကာ စပ်စပ် စပ်စပ် နှင့် ပါချင်သည်။ သွားရာလမ်းပေါ်တွင် အဆင်မပြေတာ တွေ့လျှင် အနည်းဆုံး သတင်းလေးမေးလိုက်ရမှ စားဝင်အိပ်ပျော်သည်။ ထို့ကြောင့် ရံဖန်ရံခါ ဆဲဆိုတာခံရ၍ ရံဖန်ရံခါ ရဲစခန်း ရောက်လုနီးနီး ဖြစ်ခဲ့သည်။ သို့သော် ထိုအကျင့်ကို ဖျောက်ပစ်ဖို့ကို မမ စိတ်မကူးပါ။

တစ်ရက်တွင် မမ အလုပ်မှ ပြန်လာသည်။ စနေနေ့ နေ့လည် ဖြစ်သည့်အလျောက် လမ်းတွင် ကားများရှင်းနေသည်။ ကားကိုလက်ယာဘက်ကပ်၍  သီချင်းလေး နားထောင်ကာ သတ်မှတ်ထားသော နှုန်းထက် လျော့မောင်းလာသည်။ မမကားရှေ့ဘက် ကား၂စီးစာမျှ အကွာတွင်  စက်ဘီသမားတစ်ဦးလည်း အေးအေးလူလူ နင်းကာ သွားနေသည်။ မမ စက်ဘီးသမားများကို အလွန်ကြောက်သည်။ မတော် ကိုယ့်ကားရှေ့  လဲပြိုလာလျှင် မခက်ပါလား။ ထို့ကြောင့်  အလျင်လိုရန်လည်း မရှိသဖြင့် သူ့နောက်မှ အေးအေးဆေးဆေးလိုက်လာခဲ့သည်။

ထိုကဲ့သို့ လိုက်လာခြင်းသည်ပင် မမ အတွက် ကံကောင်းခြင်း ဖြစ်မည်ဟုထင်ရသည်။ ထို့ပြင် ထိုစက်ဘီးသမားအတွက်လည်း ကံကောင်းခြင်းဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် စက်ဘီးသမားသည် ရုတ်တရက် လက်ယာဘက် လူသွားလမ်းရှိရာသို့ လဲပြိုသွားကာ စက်ဘီးက ရှေ့ခပ်လှမ်းလှမ်းသို့ရောက်ရှိသွားသည်။ မမလည်း ရုတ်တရက် ကားကို အရှိန်လျှော့လိုက်ပြီး လမ်းမပေါ်တွင်  လမ်းတစ်လမ်းစာ ကန့်လန့်ဖြတ်နီးပါး ရပ်လိုက်သည်။ ထို့နောက် လဲနေသူရှိရာသို့ ပြေးသွားရာ ထိုသူသည် မည်သို့မှခေါ်၍မရပေ။ အနီးအနားမှ ရှိနေသောလူများလည်း တစ်ခဏအတွင်းရောက်လာသည်။ အရေးပေါ်ဌာနသို့ ဖုန်းဆက်သူကဆက်ကြသည်။ ကူညီပြုစုသူက ကူညီပြုစုကြသည်။ ဆိုးသည်မှာ သူသည် ဦးခေါင်းကို ဘယ်ဘက်စောင်းလျက်လဲနေကာ မျက်လုံးများက ပွင့်လျက်နှင့် မည်သို့မျှ တုံ့ပြန်မှု မရှိခြင်းပင်။ မမလည်း 000 ကိုနှိပ်ကာ လူနာတင်ကားကို လှမ်းခေါ်လိုက်ပြီး အကျိုးအကြောင်း ရှင်းပြကာ နေရာကို ပြောပြလိုက်သည်။ ထိုအချိန်တွင် လမ်းပေါ်မှ ဖြတ်သွားသော ကားအချို့က ကားကို လမ်းတွင် ကန့်လန့်နီးပါး ရပ်ထား သောကြောင့် F သံများဖြင့် ဂုဏ်ပြုကြသည်။ လဲနေသော သူကို မြင်မှ Sorry ကြပြန်သည်။

၁၀မိနစ်မျှကြာသောအခါတွင် ဥသြသံ ပေးလျက် လာနေသော လူနာတင်ယာဉ်အသံကို ကြားရသည်။ ထိုအခါမှ မမလည်း ကန့်လန့်ရပ်ထားသော ကားကို ပြန်ရွှေ့ကာ အိမ်သို့ပြန်လာခဲ့သည်။

ဆိုးသည်မှာ ထိုသူ၏ တုံ့ပြန်မှုကင်းမဲ့နေသော မျက်လုံးများနှင့် မျက်နှာသည် အာရုံထဲတွင် တဝဲလည်လည် နှုင့် ၂ရက် ၃ရက်မျှ အလည်လာနေခြင်းပင် ဖြစ်သည်။

များမကြာမီ နှစ်ရက်ခန့်တွင် အိမ်တစ်လုံး၏ မျက်နှာကျက်များ မှိုကွက်များ ချွတ်ရန် မည်၍ မည်မျှ ကျမည်ကို ဈေးသွားဖြတ်ပြီး အပြန်တွင် မမ၏ မနေတတ် မထိုင်တတ်သော အကျင့်သည် မမကို ဘေးကြပ်နံကြပ်  ဖြစ်စေပြန်သည်။

မည်သည့်အိမ်မှ မည်သူ၏ ခွေးမှန်မသိသော ခွေးတစ်ကောင်သည် အရှေ့ဘက် ခပ်လှမ်းလှမ်းတွင် သွားနေသော မိန်းကလေးတစ်ယောက် ရှိရာသို့ တိတ်တဆိတ်နှုင့် ချဉ်းကပ်ရန်ကြိုးစားနေသည်။ ထိုခွေး၏ မူဟန်မှာ ရန်ကုန်တွင် မမနေခဲ့စဉ်က တွေ့ခဲ့ဖူးသော ငနီဆိုသည့် ခွေးနှင့် တော်တော်ဆင်တူသည်။ ထိုခွေးက အလစ်တွင် ဝင်ဆွဲတတ်သေးသည် မဟုတ်ပါလား။ ထို့ကြောင့် စိုးရိမ်တကြီးနှင့် ထိုကလေးမကို လှမ်းအော်၍ သတိပေးကာ ထိုခွေးကိုလည်း  အိမ်ရှင်ပေးသွားသော မသောက်ရသေးသည့် Energy Drink ဗူးနှင့် လမ်းပစ်လိုက်မိသည်။

ထိုခွေးသည်ပဲ ကံဆိုးသည်လား မမသည်ပဲ လက်ဖြောင့်တပ်သား ဖြစ်လေသည်လားမသိ ခွေး၏ ရှေ့ယာလက် ကို ထိမိကာ ခွေက တအိန်အိန်နှင့် အော်လေသည်။ အာရုံပြောင်းကာ မမ ဆီများ ပြေးလာလေမည်လားဟု စိုးရိမ်ကာ နေတုန်း ခွေးကားပြေးမလာပဲ ခွေးပိုင်ရှင် ဟူသည့် မိန်းမကြီးက နောက်မှ ရောက်လာပြီး သူ့ခွေးကိုနှိပ်စက်ပါတယ်ဆိုကာ သူ့ခွေးကို သွားဆွဲခေါ်လာရင်း ပြဿနာ ရှာပါတော့သည်။

ကလေးမလေးကလည်း အူကြောင်ကြောင်ရပ်နေဆဲ၊ ခွေးကလည်း တအိန်အိန်အော်နေဆဲ၊ ခွေးပိုင်ရှင် မိန်းမကြီးကလည်း တဗြဲဗြဲနှင့် ….။

ထို့နောက် သူက တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှုနှင့် ကိုင်ပေါက်လာသောအခါ မမလည်း တိရိစ္ဆာန်မွေးသူတို့၏ စည်မျဉ်းစည်းကမ်းတို့ကို ကြားဖူးနားဝနှုင့် ပြန်ပြောရပါတော့သည်။ ခွေးကားနာတော့ နာပေမည်။ အရိုးကျိုးရ အက်ရလောက်အောင်တော့ မည်သို့မျှ မဖြစ်နိုင်ပါ။ သူကလည်း ခွေးကို စည်းမဲ့ကမ်းမဲ့ လမ်းပေါ် ရောက်စေသည်မဟုတ်ပါလား။

နောက်ဆုံးတွင် တဗြဲဗြဲ အသံကြီးနှုင် ရန်တွေ့နေသည်ကို သည်းမခံနိုင်သည့်အဆုံး
“နင့်ခွေးကို အခု ဆေးခန်းခေါ်သွားမယ်..၊ အရိုးအက်လား၊ ကျိုးလား ဓာတ်မှန်ရိုက်မယ်။ နင့်ခွေး တခုခု ဖြစ်ရင် ဆေးကုစရိတ်ငါပေးမယ်၊ တကယ်လို့ ဘာမှ မဖြစ်ရင် နင်ခွေးကို သေချာမထိန်းသိမ်းနိုင်လို့ လမ်းသွားလမ်းလာကို အန္တရယ်ပြုတယ် ဆိုတဲ့အကြောင်း Council နဲ့ RSPCA ကို တိုင်မယ်..”  ဆိုပြီး ပြောလိုက်တော့တယ်။

အဲ့သည်နောက်မှာတော့ သူမက F_ _ _   ချင်းမိုးမွှန်အောင် မြည်တွန်တောက်တီးကာ Body Language များပြပြီး ခွေးကိုခေါ်သွားပါတော့တယ်..။

ကလေးမလေးလည်းမရှိတော့..၊ ခွေးနှင့် ခွေးပိုင်ရှင်လည်း မရှိတော့မှ မမလည်း အိမ်ပြန်လာခဲ့တော့တယ်..။

တွတ်ပီ အော်သလိုအော်ရမလား.. ၊ မုဆိုးကျော်ဖိုးထော် အော်သလို အော်ရမည်လား မပြောတတ်တော့ပါ..။



မမဝသုန်
06-05-2013
Monday (BNE)

Saturday, 23 February 2013

မမ နှင့် စာဗူးတောင်းဖြစ်သွားသောဆံပင်





မမသည် အိမ်ပြင်နေသောကြောင့် ဘိလပ်မြေမှုန်များ၊ ကျောက်မှုန်များဖြင့် တစ်ခေါင်းလုံး ဖွေးဖွေးဖြူနေသည်။ အိမ်တွင်လည်း ကျောက်ပြားများ ကပ်၍ မပြီးသေးသောကြောင့် ရေချိုးခန်းမှာလည်း သုံး၍ မရသေးပါ။ ထို့ကြောင့် ဖွေးဖွေးဖြူကာ ဂျပ်ခဲ ဖြစ်နေသော ဆံပင်ရှည်တို့ကို ဆိုင်တွင် သွားလျှော်ရန် ဆုံးဖြတ်လိုက်သည်။


ထို့နောက် နာမည် အတန်ရှိသော ဆံပင်ပြုပြင်ဆိုင်သို့ ထွက်ခဲ့သည်။ ခဏခဏ မဟုတ်သည့်တိုင် ရံဖန်ရံခါ ဆိုသလိုရောက်ဖြစ်သောကြောင့် ဆိုင်မှ ဝန်ထမ်း မိန်းကလေးများ နှင့်လည်း ရင်းနှီးပြီး ဖြစ်သည်။ ထိုနေ့တွင် မမကို ခေါင်းလျှော်ပေးသည့် မိန်းကလေးမှာ မမ တစ်ခါမျှ မမြင်ဖူးသော မိန်းကလေးဖြစ်သည်။ သို့ရာတွင် မမသည် ဇီဇာ ကြောင်တတ်သူမဟုတ်သဖြင့် လူရွေးမနေတော့ပါ။


သို့သော် ကံတရားသည် မမဘက်တွင် မရှိပါ။ မမ၏ဆံပင်များသည် ဆံလုံးအမျှင်သေးငယ် ပြီး ပျော့ကာ ခွေနွယ်သည်။ နက်မှောင် ဖြောင့်စင်းသော ဆံကေသာ ပိုင်ရှင် မဟုတ်ပါ။ ဤအချက်ကို ထိုမိန်းကလေး သတိမမူဖြစ်မိသည် ထင်၏။ ခေါင်းလျှော်ပြီး Conditioner ထည့်ပြီးချိန်တွင် မိန်းကလေးသည် မမ၏ ဆံပင်ရှည်များကို ခွက်သေးသေးလေးတစ်ခွက် တွင် ထည့်ကာ  Conditioner နှင့်ရောနှော၍ ပွတ်လျှော်လေသည်။ ထိုအခါ နဂို လျှော်ပြီး ချိန်တွင် မရှင်းထားခြင်း၊ ခွက်သေးသေးတွင် ဆံပင်များကို ပြွတ်သိပ်ထည့်ထားကာ အတန်ကြာ ထားရှိခြင်းတို့ကြောင့် အပြီးသတ် ခေါင်းလျှော်ပြီးချိန်တွင် ဆံပင်ရှည်တို့သည် ရောနှော ရှုပ်ထွေးကာ ဆံပင်အရင်းနားတွင် စာဗူးတောင်းတစ်ခုကဲ့သို့ ဖြစ်နေလေသည်။


ထိုအခါမှ မျက်လုံးတို့သည် လင်းကွင်းလောက် ကျယ်ရတော့သည်။ ဆံပင်တို့သည်လည်း မည်သို့မျှ ရှင်းမရတော့ပေ။ ထိုအချိန်မှ ဆိုင်ပိုင်ရှင်နှင့် မန်နေဂျာတို့ ရောက်လာကာ မမ၏ ဆံပင်ကို ကူညီကာ ရှင်းပေးကြသည်။ သို့သော် ဆံပင်တို့သည် စာဗူးတောင်း အဖြစ်သို့ ပြောင်းခဲ့ပြီး ဖြစ်၏။ ပိုင်ရှင်ဖြစ်သူနှင့် ဝန်ထမ်းကလေးများလည်း မမကို အားနာကာ ထိုခဲနေသော ဆံပင်တို့ကို ဆံပင်ပျော့ဆေးများ၊ ဆီများထည့်ကာ ပြေစေရန် ကြိုးစားကြ လေသည်။ သို့ရာတွင် ဆံပင်တို့သည် မမကဲ့သို့ပင် ခေါင်းကြောမာလှသည်။ ၁နာရီမျှ ကြိုးစား ဖြည်ကြသော်လည်း ပြေမသွားပါ။


မမလည်း အတော်ပင် စိတ်ညစ်သွားသည်။ နေ့လည်ပိုင်းတွင် ချိန်ဆိုထားသော ကိစ္စများ လည်း ရှိနေသည်။ ဖုန်းများကလည်း တဂွမ်ဂွမ် လာလှပြီ။ ထို့နောက်တော့ ပခုံးမျှလောက် အရှည်ကျန်လျှင် တော်ပြီ၊ ကျန်သောခဲနေသေးသည့် ဆံပင်များကို ဖြတ်ထုတ်လိုက်ရန်သာ ပြောလိုက်တော့သည်။ သို့သော် ထိုမိန်းကလေးများမှာ ဆက်လက်ကြိုးစားချင်ပုံရသည်။ နောက်ထပ် အချိန် ၄၅ မိနစ်မျှ ကုန်သွားသည်။ ဆံပင်လည်း ရှင်းမလာနိုင်သေးပါ။ မမလည်း ထပ်၍ အချိန်မပေးနိုင်တော့ပါ။ သူတို့ ရှင်းသောဒဏ်ကြောင့် ဦးရေပြားလည်း နာကျင်လှသည် မဟုတ်ပါလား။ ထို့ကြောင့် ဆက်မရှင်းတော့ရန်နှင့် ဖြတ်လိုက်ရန်သာ By Force ဖြင့် ရပ်ခိုင်းရတော့သည်။ သူတို့တော်ကြပါပေသည်။ ခဲနေသော ဆံပင်အချို့တို့ကို ဖြတ်တောက်လိုက်သောအခါ မမ၏ ခါးကျော်ကျော်မျှ ရှိသော ဆံပင်တို့သည် အချို့ကား ပခုံးမျှလောက်၊ အချို့ကား ကျောလည်မျှလောက်၊ အချို့ကား နားရွက်အောက်မျှလောက်၊ အချို့ကား ခါးမျှလောက်၊ အချို့ကား ခါးလည်မျှလောက်ဖြင့် မော်ဒန်ဆန်သော ဖက်ရှင်သစ် ဆံပင်ပုံစံ ကျန်ခဲ့လေသည်။


မမလည်း ဆံပင်တို့ ပြေသည်နှင့် တစ်ပြိုင်နက် ဆံပင်တို့ကို ဆံညှပ်ဖြင့် ခေါက်သိမ်းကာ ချိန်ဆိုထားရာသို့ ပြေးရလေသည်။ အလုပ်ကိစ္စများ ပြောစရာ ပြောပြီးသောအခါတွင် မညီမညာနှင့် မော်ဒန်ဒီဇိုင်းဖြစ်နေသော ဆံပင်တို့ကို အနည်းငယ် ညီသောပခုံးမျှအရှည်မှ ဖြတ်ချလိုက်ရတော့သည်။ နဂိုဆံပင် အရှည် ပြန်ရရန်မှာမူ  နှစ်နှစ်သုံးနှစ်မျှ ကြာဦးမည်မှာ သံသယ ဖြစ်စရာ မရှိတော့ပါ။


ထို့နောက်တွင်တော့ မမသည် ပခုံမျှလောက်သော မတိုမရှည်ဆံပင်နှင့် မချိုမချဉ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ နောက်ထပ်တစ်ဖန် ဆံပင်ညှပ်ဆိုင်တွင် ဆံပင်လျှော်ခြင်းကို ပြုရန် အတော်ပင် သတ္တိမွေးရဦးမည် မှာ သေချာလှသည်။


မှန်သားပြင်တွင် တိုစိစိ ဆံပင်တို့ကို မြင်တိုင်း နဂိုခွေခွေလိပ်လိပ်နှုင့် လှပသည်ဟု ထင်ရသော ဆံပင်တို့ကို လွမ်းဆွတ်လှသည်မှာ အမှန်ပင် ဖြစ်တော့၏။ ။


မမဝသုန်
10:00:10 PM
22-02-2013
Friday (YGN)

Tuesday, 19 February 2013

မမ နှင့် PostPaid, PrePaid System





မမ နှင့် PostPaid, PrePaid System


လွန်ခဲ့သော တစ်ပတ်ခန့်က မမ ရန်ကုန်သို့ ရောက်လာခဲ့သည်။ ရန်ကုန်တွင် အင်တာနက်ကို အိမ်မှ မည်ကဲ့သို့ သုံးရမည်ကို ရောက်ကာစတွင် မမ မသိပါ။ မမယခုနေထိုင်သော အိမ်တွင်လည်း အင်တာနက်လိုင်း ချိတ်ဆက်ထားခြင်း မရှိပါ။ ထို့ကြောင့် အိမ်မှ အင်တာနက်သုံး၍ ရနိုင်ရန် မမ ကြံစည်ရတော့သည်။ မောင်လေးနှင့် ညီမကလေးများ၏ ပြောပြချက်အရ ကွန်ပျူတာနှင့် အင်တာနက်သုံးရန် အခွင့်အရေးကို တွေ့ရှိခဲ့သည်။


ထို့ကြောင့်ရောက်သည့်နေမှစ၍ ဖုန်းလိုင်းမှ ဆယ်လူလာဒေတာဖွင့်ကာ Wifi လွှင့်သည်။ ထို့နောက် လွှင့်ထားသော Wifi ကို ကွန်ပျူတာမှဖမ်းယူကာ အသုံးပြုရသည်။ အတော်ပင် အဆင်ပြေလှသည်။ လိုင်းကလည်း အတော်ကလေးပင် ကောင်းပါပေသည်။ Facebook တွင် ဓါတ်ပုံတွေ တင်တော့လည်း လွယ်လွယ်ကူကူပင် တင်၍ရသည်။ ထို့အပြင် Viber ဖြင့်လည်း သြဇီ မှ ကျေးဇူးရှင်များကို စကားပြောလိုက်သေးသည်။ လိုင်းကလည်း ကြည်လင်၏။  ထို့ကြောင့် ဝမ်းသာအားရပင် စကားပြောလိုက် Facebook လေးကြည့်လိုက်၊ စာတိုက်ပုံးထဲမှ ဝင်ရောက်လာသော စာများကို စစ်ဆေးလိုက်၊ ပြန်စရာရှိသော စာများကို ပြန်လိုက်နှင့် အတော်ကလေး အဆင်ပြေပြေ ဖြစ်နေသည်။ ညဘက်တွင် အိပ်လိုက်၊ မနက်ရောက်လျှင် လုပ်စရာ ရှိသည်များကိုလုပ်လိုက်၊ အပြင်ရောက်လျှင် ရံဖန်ရံခါ အင်တာနက်ကလေး ဘာလေး စစ်လိုက်နှင့် ကျေနပ်နေသည်။


သိပ်မကြာပါ။ ဖုန်းထဲတွင် Message တစ်ခုဝင်လာသည်။ “သင်၏စာရင်းတွင် လက်ကျန်ငွေသည် ကျပ်၂၀၀အောက်သို့ ရောက်နေပြီ”ဟူ၏။ ထိုအခါမှ မမ တစ်ယောက် ဘုရား တ ရတော့သည်။ ဖုန်းထဲတွင် ကျပ်၁၀၀၀၀ ကဒ် တစ်ကဒ် ထည့်ထားသည်မှာ ၂ရက်နှင့် တစ်ပိုင်းပင် မပြည့်သေး..။ ထိုအချိန်မှ မမ ဖုန်းကို မမ ပြန်စစ်ရတော့သည်။ ထိုအခါမှ  မမ ၏ ပေါ့လျော့မှုကို တွေ့ရတော့သည်။ မမ သည် ဖုန်းမှ ဆယ်လူလာ ဒေတာကို တောက်လျောက် ဖွင့်ထားမိခဲ့ပါပေါ့။  ထိုအခါမှ အလျှင်အမြန် ပိတ်ရတော့သည်။


ထိုနေ့မှစ၍ မမသည်  အချိန်တိုင်း အိပ်မက်ဆိုးမက်သကဲ့သို့ မိမိဖုန်းမှ ဆယ်လူလာဒေတာ ဖွင့်ထားမိသလား၊  Wifi လွှင့်ထားမိသလားဟု မကြာမကြာ စစ်ဆေးမိတော့သည်။ ယခု နောက်ထပ် ထည့်ထားသော ကျပ်၁၀၀၀၀ ကဒ်သည် ယခုအချိန်အထိတော့ မကုန်သေးပါ။ ဘယ်အချိန်ကုန်သွားမည်နည်းဟု ရင်တထိတ်ထိတ် နှင့်တော့ ဖြစ်နေသေးသည်။


အကယ်၍များ ကဒ်စနစ်ဖြင့် မဟုတ်ဘဲ လကုန်၍ ငွေတောင်းခံလွှာလာမှ ကျသင့်ငွေ ရှင်းပေးရမည်ဆိုလျှင် …..၊ ဘုရား ..ဘုရား .. တွေးပင်မတွေးရဲတော့ပါ။


ထို့ကြောင့် PostPaid  စနစ်မှ prepaid စနစ်သို့ ပြောင်းလဲပေးခဲ့သော ကျေးဇူးရှင်ကြီးများ ကိုသာ အဖန်ဖန် အခါခါ ဦးတိုက် နေရပါတော့သည်။



မမဝသုန်
06:27:43 PM
19-02-2013
Tuesday (YGN)

Tuesday, 15 January 2013

မမ နှင့် တစ်ခါတွန်း နှစ်ပေါင်




၂၀၀၅ခုနှစ်လောက်က..။

ကျောင်းပိတ်ရက်တစ်ရက်မှာ London ကနေ Wallsall မြို့ ကို သွားလည်မယ်ဆိုပြီး အိမ်ကထွက်လာခဲ့တယ်။ Wallsall  မြို့ကို ရောက်ဖို့က ရထားတစ်တန်ကားတစ်တန် စီးရမှာဆိုတော့ ရထားချိန်မှီအောင် အိမ်က စောစောပဲထွက်ခဲ့တယ်..။ လက်ထဲမှာလည်း အထုတ်အပိုးတွေ စားစရာတွေ မနိုင်မနင်းနဲ့ပေါ့။

အဲ့ဒီအချိန်တုန်းက မမနေတာက Hounslow West ဟောင်စလိုအနောက်ရပ်ကွက် ဆိုတော့ မမနေတဲ့အိမ်ကနေ Euston ယူစတန်ဘူတာကို ရောက်ဖို့ ရထားနှစ်ဆင့်ပြောင်းစီးရတယ်..။  ဟောင်စလိုအနောက်ရပ်ကွက် ကနေ King’s cross ကင်းခရော့စ် ဘူတာကို အပြာရောင် Piccadilly ပီကာဒီလီလိုင်းစီးသွားရတယ်။ King’s Cross ကင်းခရော့စ် ကနေမှတစ်ဆင်း Euston ယူစတန်ကို ရောက်ဖို့ Northern နော့သမ်းလိုင်းကို တစ်ဘူတာစာ ထပ်စီးရတယ်။  ဒီလိုနဲ့ Euston ယူစတန် ဘူတာကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာခဲ့တယ်။

Sunday, 25 November 2012

မမနှင့် Strong Bleach




မမမှာ လုပ်ငန်းပိစိကလေးတစ်ခု ရှိပါတယ်။ အဲ့ဒီအလုပ်ကလေးဟာ အိမ်အတွင်းပိုင်းနဲ့ ပတ်သက်တာ မှန်သမျှအကုန်လုပ်တဲ့ အလုပ်တစ်ခုပေါ့။ ပေပွနေသော ဆောက်ပြီးကာစ အိမ်တွေနဲ့ ရောင်းရန်၊ငှားရန်အတွက် ဈေးကွက်ပေါ်တင်မယ့် အိမ်တွေကို လူနေရန်အဆင်သင့်ဖြစ်အောင် ပြုပြင်ပေးခြင်း၊ သန့်ရှင်းပေးခြင်း၊ လိုက်ကာဆင်ပေးခြင်း၊ ဆေးသုတ်ပေးခြင်း၊ နံရံမှ အစွန်းအထင်းများ ချွတ်ပေးခြင်း အစရှိတဲ့အလုပ်မှန်သမျှကို လုပ်တဲ့ လုပ်ငန်းလေးတစ်ခုပါ။

တစ်နေ့မှာတော့ အလုပ်အပ်သူတစ်ယောက်က သူ့အိမ်ကို မျက်နှာကျက် မှ မီးအိမ်များ ပြောင်းလဲတပ်ဆင်ရန်နှင့် လူနေရန်အဆင်သင့်ဖြစ်အောင် ပြုလုပ်ပေးရန် ပြောဆိုလာတယ်။ ဒီတော့ မမလည်း အိမ်ကို သွားကြည့်ခဲ့တယ်။ အိပ်ခန်းနှစ်ခန်း၊ ရေချိုးခန်းတစ်ခန်းနှင့် မီးဖိုတစ်ခန်း၊ ထမင်းစားခန်းနှင့် ဧည့်ခန်းတွဲလျက်တစ်ခန်းသာပါရှိတဲ့ Unit လေး တစ်ခုသာဖြစ်တာကြောင့် လုပ်ငန်းသဘောအရ ၈ နာရီလောက်သာ ကြမြင့်မယ်လို့ တွက်ချက်လို့ရခဲ့တယ်။

Saturday, 24 November 2012

မမ နှင့် ဘုရားကြီးမှ အလှကုန်သည်




မမ မြန်မာပြည်ပြန်ရောက်တိုင်း မန္တလေးက မဟာမြတ်မုနိ ဘုရားကြီးကို အနည်းဆုံး တစ်ကြိမ်တော့ ရောက်အောင် ဖူးလေ့ရှိတယ်။ မနက်ပိုင်း နေခြည်နုနုနဲ့အတူ ဘုရားကြီးကို လူရှင်းတဲ့ တစ်နေရာကနေ ထိုင်ပြီး ဖူးမြော်ရတာ စိတ်ချမ်းသာစရာပါပဲ။ ဘုရားကြီးက အပြန်  စောင်းတန်းတစ်လျောက် ဈေးသည် ဈေးဝယ်တွေကို ငေးကြည့်ရင်း လက်မှုပစ္စည်းလေးတွေကို မြတ်နိုးတဲ့အတွက်လည်း ကျောက်စိမ်းအကာသားတွေကို  ထုဆစ်ထားတဲ့ အရုပ်လေးတွေ၊ ပန်းပုရုပ်လေးတွေကို လိုက်ကြည့်ရင်း လိုချင်တဲ့ အရုပ်လေးတွေတွေ့ရင်လည်း ဝယ်ရတာကို နှစ်သက်လှတယ်။ 

တစ်ခါတလေမှာတော့ မြေပေါ်မှာအထမ်းလေးတွေနဲ့ရောင်းတဲ့ ကျွဲခေါင်းသီးတို့၊ တခြား မြန်မာ မုန့်တွေကိုလည်း ဝယ်စားရတာ ကျေနပ်စရာကောင်းလှတယ်။

Tuesday, 20 November 2012

မမ နှင့် ကြိတ်စက်




မမတို့ အိမ်ရှေ့နှင့် ခြံထဲမှာ Palm tree တွေ၊ Cane ပင်တွေ ၊ Golden Cane ပင်တွေ တော်တော်ကလေးရှိတယ်။ အရွက်တွေမကြွေ ၊ အသီးတွေ မကျချိန်မှာ တော်တော်ကလေး ကြည့်လို့ကောင်းတာပေါ့။ အပန်းဖြေစခန်းတစ်ခုလိုပဲ အိမ်ပုံစံနဲ့ သစ်ပင်တွေဟာ လိုက်ဖက်လှတယ်။

အဲ့ဒီမှာ ခက်တာက အခက်တွေကြွေကျတာပဲ။ တစ်ရက်ကို အခက်ပေါင်း ၁၀ခက်၊ ၁၅ ခက်လောက်ကြွေကျတယ်။ မကြွေဘူးဆိုရင်တောင်း အနည်းဆုံး ၆ခက်လောက်ကတော့ ကြွေတယ်။ ဒီ့အပြင်မှာ ဘိုကတော်မျက်ခုံးပင်တွေက အတန်းလိုက်ရှိနေတဲ့အတွက် သူတို့ကို လေးထောင့်တိတိအတန်းလိုက်ဖြစ်နေအောင်လည်း ပုံသွင်းရ၊ ဖြတ်ရ၊ ညှပ်ရသေးတယ်။ လူလည်း ဒီအပင်တွေကြားမှာနေတာကြာတော့ ဟော်တီကားချားကို ကျောင်းသွားတက်စရာမလိုပဲ တော်တော်ကလေး နားလည်လာခဲ့ပြီ။

Thursday, 30 August 2012

မှားသင့်တဲ့ အမှားများ ဖြစ်နေသလားရှင်




ကျွန်မရေးထားတဲ့ ဝတ္ထုလေးတစ်ပုဒ် ပါဝင်တဲ့ ဝတ္ထုတိုစုစည်းမှုစာအုပ်လေး ထွက်ပြီဆိုတော့ အင်မတန် ဝမ်းသာရပါတယ်။

ကျွန်မဆီကိုတော့ ဒီနေ့ပဲ စာအုပ်တွေရောက်လာပါတယ်။ ဝမ်းသာအားရနဲ့ ဖတ်မိတဲ့အချိန်မှာ အင်မတန် စိတ်မကောင်းစရာကို တွေ့ရပါတယ်။

ကျွန်မရဲ့ ဝတ္ထုမှာ ကျွန်မ ခွဲထားတဲ့ အပိုဒ်တွေအတိုင်းမဟုတ်ပဲ နောက်ပိုင်း (၁၁) နဲ့ (၁၂) ကို ပေါင်းထားတာ တွေ့ရတယ်။ ပေါင်းလို့ရတဲ့ အပိုဒ်ဆိုရင် ကျွန်မ ဘာမှပြောစရာ မရှိပေမယ့် ပေါင်းလို့မရတဲ့ အပိုင်းကို ပေါင်းထားတော့ ဘာမှ အဓိပ္ဗါယ်မရှိတဲ့ ပေါ့သွပ်သွပ် ရေးသားမှု တစ်ခု ဖြစ်သွားတာ တွေ့ရပါတယ်။ (၁၁) က မိန်းကလေးရဲ့ ခံစားမှု (၁၂) က တတိယလူရဲ့ အမြင်.. ဒီနှစ်ခု ပေါင်းရင်လည်း အပိုဒ်ခွဲပေါင်းရင်တော်သေး .. အခုတော့ တဆက်တည်းရေးထားသလိုဖြစ်နေတော့ ဘယ်လိုမှ အဆင်မပြေဘူး။

စာရေးတဲ့သူတိုင်းဟာ သူတို့ရဲ့ ဖန်တီးမှုကို သူတို့အသက်ကဲ့သို့ တန်ဖိုးထားကြပါတယ်။ ဒီလိုဖြစ်တဲ့ အမှားဟာ စာစစ်သူရဲ့ ပေါ့လျော့မှုကြောင့်လား၊ စာစီသူရဲ့ မှားယွင်းမှုကြောင့်လား။ ဘယ်လိုပဲဖြစ်ဖြစ် စာမူကို စာအုပ်အဖြစ်နဲ့ စီစဉ်ထုတ်လုပ်နေတဲ့သူတွေ အနေနဲ့ ဒီလို မှားယွင်းမှု၊ ပေါ့လျော့မှု လွဲချော်မှုဟာ မဖြစ်သင့်တဲ့ အရာတွေလို့ကျွန်မတော့ မြင်ပါတယ်။



Original  စာမူနဲ့ ရိုက်နှိပ်ပြီးသားစာ ကို ဖတ်ကြည့်ရင် သိသာမှာပါရှင်။





Original  စာမူကို အောက်က လင့်ခ် မှာ ဖတ်ကြည့်နိုင်ပါတယ်..။



ပျိုးယုဝသုန်
06:30:33PM
30-08-2012
Thursday (BNE)

Sunday, 19 August 2012

ငါးပိကင် တဲ့နေ့




ကျွန်မတို့ အရှေ့တောင်အာရှမှ လူတွေ တော်တော်များများနှစ်သက်ကြတဲ့ ငါးပိ။ ငါးငါးပိ၊ ဂွေးငါးပိ၊ ပုဇွန်ငါးပိ ..။ ငါးပိမှန်သမျှ ကျွန်မ လွန်စွာနှစ်သက်၏။ ကင်လည်းကောင်း၏။ အချဉ်သီးတစ်မျိုးမျိုးနှင့် ငပိချက် ချက်လည်းကောင်း၏။ သုတ်စားလည်းကောင်း၏။ မကျီး၊ သံပုရာ နှင့်လည်းသုတ်စား၏။ ဆီစိမ်းလေးနှင့်လည်းသုတ်စား၏။ ငပိချက်နှင့် ထမင်းစားသောနေ့တွင် အခြားနေ့များထက်ပို၍ နှုတ်မြိန်၏။


ဖခင်ဖြစ်သူသည် တနင်္သာရီတိုင်းသား တစ်ဦးဖြစ်သော်လည်း ထိုကဲ့သို့ အရသာနှင့် ပြည့်စုံလှသော ငါးပိစိမ်းစားကို မည်သို့ မည်ပုံ ပြုလုပ်သည်ကိုမူ ညံ့ဖျင်းလှစွာပင် ကျွန်မ မသိပါ။ မွန်ပြည်နယ်ဘက်မှ မိခင်ဘက်လိုက်ကာ ငပိရည်ကျိုကိုသာ မည်သို့ပြုလုပ်ရသည် ကို နားလည်ခဲ့သည်။

Thursday, 17 May 2012

အပြုံး




တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ပြုံးပြတတ်ကြတယ်..။ ပြီးတော့ အပြုံးကို အပြုံးနဲ့သာတုံ့ပြန်တတ်ကြတယ်။ နှစ်သက်လို့ပြုံးကြတယ်၊ နာကျင်လို့ပြုံးကြတယ်၊ နာကျည်းလို့ပြုံးကြတယ်၊ ဒေါသနဲ့ပြုံးကြတယ်။ အပြုံးပေါင်းများစွာကိုမြင်ဖူးခဲ့ပေမယ့်  ကြုံခဲ့ဖူးတဲ့ အပြုံးတစ်ခုကိုတော့ ယနေ့တိုင်မေ့လို့မရနိုင်ခဲ့ဘူး။ တစ်ခါတစ်ရံ အိပ်မက်တွေထဲမှာပါ လိုက်လံနှောက်ယှက်နေခဲ့တယ်။


အဲ့သည်နေ့မှပဲ ဓါတ်ဆီဆိုင်မှာ ဓါတ်ဆီထည့်မယ့် ကားတွေဟာ ထင်မှတ်ထားတာထက်ပိုပြီး များနေခဲ့တယ်။ ဆီဆိုင်မှာ ဆီလာဖြည့်တဲ့ ဆီဘောက်ဆာကားကြီးက ဓါတ်ဆီဆိုင်ရဲ့ ဆီတိုင် တစ်ခြင်းကို နေရာယူထားတဲ့အတွက် ကြာသင့်တဲ့အချိန်ထက် ပိုမိုကြာနေခဲ့တယ်။ ရောက်ပြီးမှတော့ မထူးပါဘူး ဆိုတဲ့စိတ်နဲ့ပဲ စိတ်ရှည်လက်ရှည် စောင့်ရင်း တစ်ဖြည်းဖြည်းရွေ့နေတဲ့ကားတန်းနောက်မှာလိုက်ပါရင်း ကိုယ့်အလှည့်ရောက်ဖို့ စောင့်နေခဲ့တယ်။ ပြီးတော့ အဲ့သည်နေ့ဟာလည်း ရက်သတ္တပတ်ရဲ့ ဆီဈေးအသက်သာဆုံး နေ့တစ်နေ့လည်းဖြစ်နေခဲ့တယ်။

Tuesday, 15 May 2012

အိပ်မက်တော့လည်းမဟုတ်ခဲ့ပါ





မေလ ၁၅ ရက်နေ့ရဲ့အဦးဆုံးပိုင်းအချိန်


နံနက်စောစော ၁ နာရီ နဲ့ ၄၅ မိနစ်


အေးချမ်းလှတဲ့ရာသီဥတုရဲ့အောက်မှာ တစ်ရပ်ကွက်လုံးအိပ်မောကျနေတယ်..။


ဆူညံတဲ့ တံခါးထုသံ တစ်ဒုံးဒုံးကြောင့် အိပ်ပျော်နေရာကနေရုတ်တရက် လန့်နိုးလာခဲ့တယ်။ ရုတ်တရက်ဆိုတော့ အိပ်မက်များလားလို့ထင်မိပေမယ့် နောက်ထပ်အဆက်မပြတ် မြည်လာတဲ့ ဘဲလ်သံကြောင့်အိပ်မက်မဟုတ်မှန်းသိခဲ့ရတယ်။ သန်းခေါင်ကျော်အချိန်မှာ အလည်လာမယ့်သူဆိုလို့ တစ်ဦးတစ်ယောက်မှ ရှိမနေတဲ့အတွက် ခေါင်းထဲမှာ အန္တရာယ် အချက်ပေးခေါင်းလောင်းသံတွေ မြည်လာခဲ့တယ်။ ဘယ်လို ဖြေရှင်းတာ အကောင်းဆုံဖြစ်မလဲဆိုတာကိုစဉ်းစားနေရင်း နောက်ထပ် ဆယ်မိနစ်လောက်ငြိမ်ငြိမ်သက်သက် စောင့်နေလိုက်တယ်..။

Saturday, 12 May 2012

မမ နှင့် SIZZLER




၂၀၀၇ ခုနှစ်လောက်ကပေါ့..။

သြစတြေးလျားကိုရောက်ကာစ..၊ဘာမှလည်း သေချာသိပ်မသိသေးဘူး။ ရောက်ပြီး တစ်ပတ်လောက်အထိက ဆိုင်မှာဖြစ်သလိုဝယ်စားဖြစ်တာများတယ်။ ပထမရက်ပိုင်းတွေကတော့ တရုတ်စာဝယ်စားလိုက်၊ ကြက်ကြော်လေးဝယ်စားလိုက်နဲ့  ဟုတ်နေတာပေါ့၊

နောက်တစ်ရက်ကျတော့ SIZZLER ဆိုတဲ့ ဆိုင်ဘုတ်အစိမ်းကြီးကို တွေ့ရော.. ဗိုက်ကလည်းဆာ အခြားနေရာတွေကိုလည်း ဆက်မသွားချင်တော့ အဲ့ဒီဆိုင်ကြီးထဲဝင်ခဲ့တာပေါ့..။ ဝင်သာဝင်လာရတယ် ဘာမှန်းကလည်း သေချာသိတာမဟုတ်ဘူး။ ဒီတော့လည်း ခပ်တည်တည် သူများတန်းစီသလို စီလိုက်တယ်လေ။ ကိုယ့်အလှည့်ရောက်တော့ ကောင်မလေးမေးတာကို အူတူတူဖြစ်နေတော့ကာ သူကလေးက Menu ပြရှာတယ်.. ကိုယ်လည်းစားချင်တာကို ပြောတော့ သူကလေးက ဒါ Salad Bar ထဲမှာပါတယ်ဆိုပဲ… ကိုယ်စားချင်ရာတင်မဟုတ်ပဲ Menu ထဲပါသမျှ စာလိုတာ အကုန်စားနိုင်သတဲ့.. ကျသင့်ငွေက$16-50 တဲ့..။

Saturday, 14 April 2012

မမ နှင့် မြက်ရိတ်ခြင်း




မြက်တွေ..မြက်တွေ
တော်တော်ကို သန်စွမ်းကြတာကိုး။
မိုးရွာတော့ ပိုတောင်မှသန်ကြသေး..၊ တစ်ပတ်တစ်ခါ ရိတ်နေတာကိုတောင်ဒင်းတို့က အတိုင်းမသိရှည်ချင်ကြသေး။ မိုးရွာလိုက်နေသာလို်က်နဲ့ သူတို့ကို ကျန်းမာ သန်စွမ်းအောင် သဘာဝတရားက စီမံပေးနေသလိုပါပဲ။

မြက်တွေရှည်လာပြီဆိုရင် ဘယ်လိုမှငြိမ်ငြိမ်မနေနိုင်တဲ့ သူတစ်ယောက်ကတော့ မြက်ရိတ်စက်ကို ဆီထည့်၊ အင်ဂျင်ဝိုင် စစ်ရင်းနဲ့ ညီညာတိကျတဲ့ မြက်ခင်းပြင်ကို ရရှိဖို့ကြံစီတော့တယ်။ သုံးနှစ်နီးပါးသက်တမ်းရှိတဲ့ မြက်ရိတ်စက်ကလေးကလည်း  တစ်ခါတစ်ရံမှာ ညစ်ကပ်စွာနဲ့ စက်နှိုးလိုက်ရင် မရချင်ဘူး..။

တစ်ချက်၊ နှစ်ချက်၊ သုံးလေးငါးချက်၊ ခြောက်ချက်၊ ခုနစ်ချက်..၊ ဒီလိုသာ အချက်ပေါင်းများစွာ ဆွဲပြီး ခဏတိုင်းသာနှိုးရရင်တော့ လက်မောင်းလည်း ကြွက်သားဗလပွ နဲ့ မယ်ဗလ ပြိုင်ပွဲ ဝင်လို့ရလောက်ပြီ..။ နောက်ဆုံးတော့ မနိုးမချင်း ဆွဲပြီးနှိုးနေမယ်ဆိုတာ သိတာကြောင့်လားမသိ၊ မနိုးချင်နိုးချင်နဲ့ နိုးလာရဲ့..။

Wednesday, 28 March 2012

မမ နှင့် မီးရထား




တစ်ရက်မှာပေါ့။

Regular Service အတွက် Toyota Service Centre  ကို မနက်ပိုင်းကားသွားပို့တယ်။

ပုံမှန်အားဖြင့် Customer တွေကို Service Centre  ကအိမ်ပြန်လိုက်ပို့ပေးလေ့ရှိပါတယ်။

ဒါပေမယ့် ဒီတခါကျတော့ အိမ်နဲ့ Service Centre က ကီလို ၂၀ လောက်ဝေးနေတာရယ် ကားပိတ်တဲ့အချိန်ရယ်နဲ့ ကိုအကြောင်းပြပြီး နီးရာဘူတာရုံကိုပဲပို့ပေးနိုင်ပါမယ်တဲ့..။ အရင်ကတော့ သူငယ်ချင်းတစ်ယောက်ယောက်ကို ကြိုတင်ပြောထားတာမို့ သူတို့ လိုက်ခေါ်ပေးနိုင်ပေမယ့် ခုတော့ လာမခေါ်နိုင်ကြပါဘူး..။

ဒါနဲ့..အိုကေပေါ့လေ။ ပို့ပေးတဲ့ဘူတာရုံမှာဆင်းနေလိုက်တာပေါ့၊ လက်မှတ်ဝယ်ပြီး အေးအေးဆေးဆေးပဲ ဘေးဘီကိုကြည့်ရင်းစီးတာလာခဲ့တယ်။ ဒီလိုနဲ့ ကိုယ်မရင်းနှီးတဲ့ ဘူတာတွေရဲ့နာမည်ကိုတွေ့တော့ တော်တော်သံသယဝင်လာခဲ့တယ်..။ နောက်တစ်ဘူတာမှာရပ်တော့ နာမည်ကြည့်လိုက်တော့ ကိုယ့်အိမ်ဘက်သွားရာနဲ့ ဆန့်ကျင်ဘက်ကိုရောက်နေတာပါ့လား။ ကမန်းကတမ်းပြေးဆင်းရတာပေါ့.. ခွိစ်.. အိမ်နဲ့ ၃၇ကီလိုလောက်ကို ဝေးလာတာ..

Saturday, 17 March 2012

ဘာမြူဒါ မှာ နေသည်



ဒီနေ့ကျောင်းဆင်းတော့ တရုတ်တန်းကို ၀င်လိုက်တယ်၊ အိမ်မှာစားစရာက ခါလီပြနေပြီလေ။

ဒါနဲ့အသားနဲနဲဝယ်ဦးမှဆိုပြီ တရုတ်ဆိုင်ထဲဝင်ပြီးဒေါ်မြရင် ၀က်အူချောင်းလိုမျိုး ၀က်အူချောင်းဝင်ဝယ်တယ်။

အဲ့ ဆိုင်မှာရောင်းနေတာက ဘာဘူလတ်... အဟိ

ကိုယ်ကလည်း ရင်ဘတ်မှာတပ်ထားတဲ့နာမည်ကိုမဖြုတ်မိဘူး

ဒါနဲ့ ဒင်းက အလာပ သလာပ မေးတာပေါ့

ဘယ်ကလဲ ..ဘာညာ..

ကိုယ်ကလည်း ဘားမား ကလို့ပြောတာပေါ့

ဒီတော့ ဒင်းက သူ့မှာလည်း ဘာမားက သူငယ်ချင်းတယောက်ရှိတယ်တဲ့

ကောင်းတာပေါ့ လို့ပြန်ပြောရင်းငွေချေဖို့ကဒ် ကိုပေးလိုက်တယ်..

သူက ဘာမားက ဘယ်နားလဲ တဲ့..

ကိုယ်လည်း ဂိုးလ်ဒန်းထရိုင်အန်ဂယ်လ် နားမှပဲလို့ပြောလိုက်တာ ...ခွိစ်..

ဒါကိုသကောင့်သားက  “ သြော်.. ဘာမြူဒါ နားမှာကိုး ”  တဲ့ ....

သေရော.. ငါ့ကို ဘာမြူဒါ အရောက်ပို့တဲ့ဘာဘူ.. နုတ်နုတ်စဉ်းပစ်ရမယ်...  


ပျိုးယုဝသုန်

ခေတ္တ(BNE)

Thursday, 15 March 2012

မမနှင့် ခြေဗလာဖြစ်သောနေ့




တစ်နေ့မှာပေါ့၊ အလုပ်ကိစ္စတစ်ခုအတွက် အိမ်တစ်လုံးကိုသွားကြည့်ပြီး ဈေးနှုန်းသတ်မှတ်ဖို့အကြောင်းက ပေါ်လာပါတယ်၊ နေရာကလည်းမမနေတဲ့နေရာနဲ့ ကီလို၄၀လောက်ဝေးတယ်ရှင်..၊ မသွားချင်ပေမယ့်လည်း ကိုယ့်ကိုထမင်းကျွေးတဲ့ အလုပ်လေးဆိုတော့လည်းမငြင်းသာဘူးပေါ့၊ ဒီလိုနဲ့ အဲဒီအဆောက်အဦတည်ရှိရာ မြို့ရဲ့ အရှေ့ဘက်ကိုရောက်လာခဲ့တယ်..။

မမရောက်တော့ အဲဒီအဆောက်အဦရှေ့မှာကားရပ်စရာနေရာကမရှိဘူးဖြစ်နေတယ်။ ဒီလိုနဲ့ ရပ်စရာနေရာရှာရင်းလမ်းရဲ့တစ်ဖက်ထိပ်နားမှာ တစ်နေရာရလိုက်တယ်။ ကားရပ်ပြီးမမသွားချင်တဲ့နေရာကိုလမ်းပြန်လျောက်လာရတာပေါ့…၊ အိမ်ထဲမ၀င်ခင် ပတ်ပတ်လည်ကိုအရင်လိုက်ကြည့်ပြီး ဘာတွေလုပ်စရာရှိမလဲဆိုတာကို လိုက်ကြည့်လိုက်တယ်၊ အဲဒီအချိန်မှာ ဘယ်သကောင့်သားရဲ့လက်ချက်မှန်းမသိတဲ့ အံဖတ်တွေပေါ်ကိုနင်းမိပါလေရော…၊ အီးးး..၊ ဒီနေ့ကံမကောင်းပါလားဆိုပြီး အော်ရင်း အနီးမှာရှိတဲ့ရေဘုံပိုင်မှာ ခြေထောက်ကိုဆေးရင်း ဖိနပ်ကိုပါဆေးလိုက်ရတာပေါ့…။

Tuesday, 13 March 2012

မမနှင့် Navigator




လမ်ညွန်မြေပုံစက်ကလေးတွေကိုမမအင်မတန်မှနှစ်သက်လှတယ်…သွားလိုတဲ့နေရာရဲ့လိပ်စာကိုရိုက်ထည့်လိုက်ရုံနဲ့ဘယ်လမ်းကသွားပါ..ဘယ်လိုသွားပါဆိုပြီးတိတိကျကျလေးပြောပြတာကိုသိပ်သဘောကျတာလေ…ဒီတော့ဘယ်သွားသွားမြေပုံစာအုပ်ကိုမကြည့်တော့သလောက်ပဲ..လွယ်ကူသလောက်မျက်စိလည်းမမူးဘူးလေ…ပြီးတော့တစ်ယောက်ထဲမြေပုံစာအုပ်ကိုကြည့်ုပြီးသွားတာကအခန့်မသင့်ရင် Highway Petrol နဲ့တိုးပြီးဒဏ်ငွေလည်း ဆောင်ရနိုင်သလိုရှိထားတဲ့Pointလေးတွေလည်းလျော့နိုင်တာကိုး..ဒီတော့လည်းလွယ်ကူ..မြန်ဆန်ပြီးအန္တရယ်ကင်းတဲ့လမ်ညွှန်မြေပုံစက်ကလေးတွေကိုလူတိုင်းကနှစ်သက်ကြတာပေါ့…ဒါကြောင့်TomTomကနေProgramတစ်ခုဝယ်ပြီးကားထဲမှာInstallလုပ်ထားလိုက်ပါတယ်…

Wednesday, 7 March 2012

စာမျက်နှာ ၁၅



စာမျက်နှာ ၁၅ မှာ အရပ်အရှည်ကြီးနဲ့မြန်မာ့လက်ရွေးစင်အကိုကြီးတစ်ယောက်ကိုသဘောကျဖူးတယ်… အဲဒီအကိုကြီးချစ်ကြည်ရေးပွဲတိုင်းကပြန်လာတိုင်းဝယ်လာပေးတဲ့ကလစ်ကလေးတွေကိုသူငယ်ချင်းတွေက အားကျဖူးတယ်…ညနေတိုင်းကျူရှင်မှာလာကြိုပြီးအိမ်ပြန်ပို့ပေးတဲ့အတွက်စာလိုက်ပေးသူတွေလက်ကလွတ်ခဲ့ဖူးတယ်…(ရည်းစားမဟုတ်ကြဘူးနော်)..ခုတော့အဲ့ဒီအကိုကြီးလည်းဘယ်ရောက်နေမှန်းသိတော့ဘူးရယ်…မတွေ့တာ၁၅နှစ်တောင်ကျာ်ပြီထင်တယ်…ဟိဟိ

စာမျက်နှာ ၁၅ မှာ အင်္ဂလိပ်စာနောက်ကိုအသေရရအရှင်ရရလိုက်ဖူးတယ်…

စာမျက်နှာ ၁၅ မှာ အခန်းရှေ့ထွက်ပြီးဇီဝဗေဒအကြောင်းဆရာမကိုယ်စားအတန်းဖော်တွေကိုပြောပြဖူးတယ်

စာမျက်နှာ ၁၅ မှာ ကျောက်မျက်ရတနာခန်းမမှာဆွဲထားတဲ့အမိမြန်မာပြည်ပုံအကြီးကြီးအတွက်မော်ဒယ်လ် ထိုင်ပေးဖူးခဲ့တယ်…

Monday, 5 March 2012

မမဝသုန်နှင့် 2-50… 5-50 အလွဲများ




2005ခုနှစ်လောက်ကပေါ့…

မမဝသုန်Londonမှာကျောင်းတက်နေတုန်းကျောင်းအားရက်တွေမှာStoreဆိုင်တစ်ခုမှာအရောင်းစာရေးအဖြစ်ဝင်လုပ်ခဲ့တယ်…ဆိုင်ကဈေးသက်သာတဲ့ဆိုင်လည်းဖြစ်တာမို့နေ့လည်ပိုင်းနဲ့ညနေပိုင်းတွေမှာဆိုအင်မတန်မှလူစည်ကားလှပါတယ်..မမဝသုန်လည်းမနက်ကနေညနေအထိတချိန်လုံးကောင်တာမှာမတ်တပ်ရပ်ပြီးဈေးရောင်းရတာပေါ့..ထိုင်ဖို့ခုံလည်းမရှိပါဘူး…ဒါပေမယ့်ပျော်စရာကောင်းပါတယ်…

တနင်္ဂနွေနေ့တစ်နေ့ရဲ့ညနေပိုင်းမှာတော့ဆိုင်မှာထုံးစံအတိုင်လူကလည်းကျနေပါတယ်…ပါကစ်စတန်လူမျိုးအမျိုးသမီးကြီးတစ်ယောက်ကလည်းသူဝယ်ပြီးသားတွေအတွက်ငွေချေပါတယ်…အားလုံးကျသင့်ငွေက ၁၂.၅ ပေါင်ပါ..ဒါနဲ့သူက၁၅ပေါင်ထုတ်ပေးပါတယ်… ဒီတော့မမဝသုန်လည်း ၂.၅ပေါင်ပြန်အမ်းတာပေါ့…ဒါပေမယ့်သူကခေါင်းခါတယ်…