Showing posts with label ဘဝအပိုင်းအစများ. Show all posts
Showing posts with label ဘဝအပိုင်းအစများ. Show all posts
Wednesday, 15 January 2014
သတိတရ မှတ်တမ်း
တကယ်တော့ သူ့ကို ကျွန်မ တော်တော်ကြီးကို သတိရနေခဲ့တာပါ။
ပန်ပွင့်တွေကိုမြင်တိုင်း၊ အစိမ်းရောင် မြက်ခင်းတွေကိုမြင်တိုင်း၊ တောင်တန်းတွေကိုမြင်တိုင်းပေါ့။
******
သူနဲ့ ကျွန်မ စတင်ခင်မင်ရင်းနှီစခဲ့တဲ့အချိန်က ဘယ်လောက်မှ မကြာခဲ့ပါဘူး။ဒါပေမယ့် အဲ့ဒီခဏဆိုတဲ့ အချိန်ကလေးမှာပဲ သူကိုကျွန်မချစ်ခင်တွယ်တာမိတာကတော့ အပေါင်းအသင်းနည်းတဲ့ ကျွန်မရဲ့ နေထိုင်မှုကြောင့်ပဲ ဖြစ်မှာပါ။ မမျှော်လင့်ဘဲ သူ ကျွန်မအိမ်ကိုအလည်ရောက်လာတဲ့ ညနေပိုင်းကလေးက စပြီး ကျွန်မရဲ့ အားလပ်ချိန် တော်တော်များများမှာ သူနဲ့ အတူရှိနေခဲ့တယ်။ သံယောဇဉ်ဆိုတာကန့်သတ်ကောင်းတဲ့ အရာမှ မဟုတ်တာ။
သဘာဝ မတူပေမယ့် ဝါသနာတူ၊ အကြိုက်တူတဲ့သူတွေဖြစ်ခဲ့ကြလို့ အဲ့ဒီ အချိန်ကလေးတွေဟာကျေနပ်စရာ ပျော်ရွှင်စရာ ကောင်းခဲ့တယ်။ သူကလည်း သိပ်ပြီး ချစ်စရာ ကောင်းတယ်လေ။
ကျွန်မတို့ ပန်းပင်လေးတွေ အတူတူ ဝယ်ဖူးကြတယ်။ တောင်တန်းတွေဆီကို အတူတူသွားဖူးကြတယ်။ ပြီးတော့ ပင်လယ်ကမ်းခြေမှာ လမ်းလျောက်ကြတယ်။ အဝေးပြေး လမ်းမကြီးတစ်လျောက်ကားအတူတူ မောင်းဖူးကြတယ်။ တောထဲဝင်ပြီး ဓာတ်ပုံရိုက်ခဲ့ဖူးကြတယ်။ ရေတံခွန် ရှိရာကိုသွားရင်းလမ်းပျောက်ဖူးခဲ့ကြတယ်။ လမ်းဘေးသရက်ပင်က သရက်သီးတွေကို ရှာကြံပြီး ခူးယူခဲ့ကြတယ်။သူများခြံထဲက သီးနေတဲ့ ခြံအပြင်ဘက်အကိုင်းကဂွေးသီးတွေကိုခူးပြီး ငပိချက်ချက်စားကြတယ်..။ ညကြီးခေါင်ခေါင် လသာသာမှာ သီချင်းအော်ရင်းလမ်းလျောက်ဖူးကြတယ်။ သီချင်းတွေအတူတူဆိုပြီး အသံသွင်း၊ ပြီးတော့ တစ်ယောက်ဆီ တစ်ယောက်ကပို့ပြီးနားထောင်ကြတယ်။ သူက သီချင်းအဆိုကောင်းတဲ့သူ တစ်ယောက်လေ။ ရေ အတူတူ ကူးခဲ့ကြတယ်..၊ သူကပဲ ကျွန်မကို ရေကူးတတ်အောင် သင်ပေးခဲ့တာပေါ့။မနက်နိုးနိုးချင်း ဖုန်းဆက်ကြပြီးတစ်နေ့လုံး အချိန်ရ အားလပ်တာနဲ့ တစ်ယောက်နဲ့ တစ်ယောက် ဖုန်းခေါ်ခဲ့ကြတယ်။ မနက်ကည အိပ်ချိန်ကလွဲပြီးကျွန်မတို့ အတူတူ မရှိနေရင်တောင် ဖုန်းပေါ်မှာ ဒါမှမဟုတ် Facebookပေါ်မှာ တွေ့နေကြတယ်။တစ်ခါတလေ face time ဖွင်ပြီး စကားပြောကြ၊ တစ်ယောက်ချုပ်ထားတဲ့ အဝတ်အစားလေးတွေ တစ်ယောက်ကိုပြကြနဲ့ သိပ်ပြီး အေးချမ်းပျော်ရွှင်စရာ ကောင်းခဲ့တယ်။
ခင်မင်ရင်းနှီးတဲ့ အစ်ကိုတစ်ယောက်ကဆိုရင် နင်တို့ နှစ်ယောက်Lesbian တွေတော့ မဟုတ်ကြပါဘူးနော် လို့ မေးရတဲ့အထိကို တပူးတွဲတွဲ ရှိခဲ့ကြတယ်။ သူ့ကိုကျွန်မ ဘယ်လိုမှ အပြစ်မမြင်နိုင်အောင်ချစ်ခင်ခဲ့သလို သူလည်း ကျွန်မကို ချစ်ခင်မယ်ဆိုတာ ကျွန်မ ယုံကြည်ပါတယ်။
ဒါပေမယ့် ကံကြမ္မာဟာ သူနဲ့ ကျွန်မကို ပျော်ရွှင်စွာ နေထိုင်ခွင့် ခဏလေးပဲပေးခဲ့တယ်။ မကြာခင်မှာ ကျွန်မဟာ သူနဲ့ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ နေရာကို ထွက်ခွါသွားခဲ့ရတယ်။ဒီလို ထွက်ခွါသွာခဲ့တာဟာ တကယ်တော့ ကျွန်မရဲ့ ရွေးချယ်မှုသာ ဖြစ်ပါတယ်။ တကယ်ဆို အဲ့ဒီမြို့ကလေးမှာကျွန်မ သံယောဇဉ် တွယ်ရတဲ့သူဆိုလို့ လက်တစ်ဖက်နဲ့ ရေတွက်ရင်တောင်မှ မပြည့်ဘူး မဟုတ်လား။သူတို့သာမရှိရင် ကျွန်မဟာ အဲ့ဒီမြို့က စောပြီးထွက်ခွါဖြစ်ခဲ့မှာ အမှန်ပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ ကျွန်မဟာ ကျွန်မချစ်တဲ့သူတချို့၊ ကျွန်မကိုချစ်တဲ့သူအချို့၊ ကျွန်မ မချစ်တဲ့သူအချို့နဲ့ ကျွန်မကိုမချစ်တဲ့သူအချို့ကို ထားခဲ့ပြီးအဲ့ဒီမြို့ကလေးကနေ ကျောခိုင်းထွက်ခွါခဲ့တယ်။ သူပေးလိုက်တဲ့ လက်ဆောင်ကလေး ကိုတော့ကျွန်မ မကြာခဏ အမြတ်တနိုးနဲ့ ဝတ်ဆင်ဖြစ်နေတုန်းပါပဲ။
****
တောင်တန်းတွေ မြင်တိုင်း သူ့ကို သတိရမိတယ်။
ပန်လှလှလေးတွေ မြင်တိုင်း သူ့ကို သတိရမိတယ်။
ထင်းရှူးပင်တွေ မြင်တိုင်း သူ့ကို သတိရမိတယ်။
အင်္ကျီ အသစ်တွေ ချုပ်တိုင်း သူ့ကို သတိရမိတယ်။
ဟိုင်းဝေးလမ်းမတွေမှာ ကားမောင်းဖြစ်တိုင်း သူ့ကို သတိရမိတယ်။
သူကြိုက်တတ်တဲ့ အစားအစာတွေမြင်တိုင်း စားဖြစ်တိုင်း သတိရနေခဲ့တယ်။
သီချင်းတွေအော်ဖြစ်တိုင်း သူ့ကို သတိရမိတယ်။
တကယ်တော့ သူ့ကို ကျွန်မ တော်တော်ကြီးကို သတိရနေခဲ့တာပါ။
မမဝသုန်
28-12-2013
Saturday (YGN)
Friday, 26 April 2013
ကျွန်မ နှင့် အနုပညာများ
ကျွန်မ ငယ်စတည်းက သီချင်းဆိုရတာကို နှစ်သက်လှတယ်။ သီချင်းသံကြားရရင်
တိတ်တိတ်လေး နားထောင်နေပြီး လိုက်မှတ်နေတတ်တယ်။ သီချင်းတွေကို ကျွန်မ မွေးကာစ ကတည်းက
ရင်းနှီးခဲ့တယ် လို့ပြောရင်တောင် ရနိုင်ပါသေးတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မ အစ်မဝမ်းကွဲတွေက
အဆိုဝါသနာရှင်တွေဖြစ်ပြီး မကြာခဏ ပိတ်ရက် တွေမှာ တူရိယာအစုံနဲ့ သီချင်းတိုက် နေကြလို့ပါ။
Drum Set တွေ Guitar တွေ နဲ့ စုံပလုံစီ နေတဲ့ တီးဝိုင်းတစ်ခုစာ အပြင်အဆင်ဟာ ငယ်ကတည်းက
ကျွန်မ အတွက် မစိမ်းခဲ့ပါဘူး။
မေမေကလည်း အဆိုကောင်းတဲ့ သီချင်းဆိုတတ်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်သလို
ဖေဖေကလည်း ကြိုးတပ်တူရိယာ တော်တော်များများကို တီးမှုတ်တတ်သူဖြစ်လေတော့ မေမေ့သီချင်းသံ..၊
ဖေဖေ့တယောသံ မယ်ဒလင်သံ ဂီတာသံ တွေကြားမှာ ကြီးပြင်း လာရင်း ဒီသမီးတစ်ယောက်ဟာ သီချင်းတွေကို
ချစ်တာ ဆန်းမယ် မထင်တော့ပါဘူး။ ငယ်ကတည်းက သီချင်းလေး တအေးအေး တညီးညီး နဲ့ နေတတ်တဲ့
ကျွန်မဟာ သီချင်းကိုတော့ မှန်ကန်အောင် လုံးဝနီးပါးကို မဆိုတတ်ပါဘူး။
Sunday, 3 February 2013
စကားလုံးကောင်းကင်အောက်မှာ...
တကယ်တော့ အွန်လိုင်း
လူမှုကွန်ယက်ဆိုတာ စိတ်ကို အစာကျွေးတဲ့ နေရာတွေပါ။ ဒီမှာ ကိုယ်ဘာကို အာသီသဖြစ်သလဲ..
အကုန်ရှာလို့ရတယ်။ ဒါပေမယ့် ရတဲ့အရာတွေက အစစ်အမှန်ဖြစ်ဖို့တော့ ရာခိုင်နှုန်းနည်းတာပေါ့။
ထင်ပေါ်ကျော်ကြား လူသိများချင်လည်း လွယ်တယ်။ ဘာမှမသိ မတတ်ဘဲလည်း ပညာရှင်တစ်ယောက် ဖြစ်နေနိုင်တယ်။
ဖွတဲ့သူတွေကလည်း ဖွကြတယ်။ ရွစိ ရွစိနဲ့ နောက်က ပါတဲ့သူတွေကလည်း ပါကြတယ်။ မျိုးချစ်သူရဲကောင်းတွေလည်း
အများကြီး တွေ့မြင်နိုင်တယ်။ အတုအယောင်တွေကို အစစ်အမှန်လို့ ထင်ရလောက်အောင် လည်း
လှည့်စားမှုတွေ များလှတယ်..။
ကဗျာလေး စာလေးရေးရင်း
ကျွန်မလည်း ပိုးဖလံလို မီးရောင်ကို စိန်ရောင်ရွှေရောင် ထင်မှတ်ပြီး တိုးခဲ့ဖူးတယ်။
စားလည်းဒီရှေ့၊ အိပ်လည်း ဒီရှေ့ နဲ့ တွယ်မိတွယ်ရာ တွယ်တာနေခဲ့တယ်။ တကယ့်မိတ်ဆွေစစ်အချို့ကိုလည်း
ရရှိခဲ့တာကိုး..။ တစ်ယောက်တည်းဖြစ်နေတဲ့ကာလတွေမှာ အွန်လိုင်း လူမှုကွန်ယက်တွေက စိတ်ပင်ပန်းမှုကို
ပြေပျောက်စေတယ်လို့ ထင်မှတ်ခဲ့တယ်။ အစစ်အမှန်ရော အတုအယောင်ပါ ရောနှောနေတဲ့ သတင်းတွေ၊
လူမှုဆက်ဆံရေးတွေ ကြားမှာ စီးမြောပြီး ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာ ရမှန်မသိ ရလာတာကို
သတိမမူခဲ့မိဘူး။
ဒီလိုနဲ့ သတိထားမိလာတဲ့အချိန်မှာ
online ပေါ်မှာကိုယ့်ရဲ့ အချိန်ကုန်ခံမှုတွေကို လျော့ဖို့ ဆုံးဖြတ်ခဲ့တယ်။ အပြီးတိုင်ကိုယ့်
Account ကို ကိုယ် ဖျက်သိမ်းဖို့တော့ မရည်ရွယ်ပါဘူး။ ကျွန်မတို့လို သူများအိမ်ကို
ကိုယ့်အိမ်လုပ်နေရတဲ့ သူတွေအတွက် ဒီလို လူမှုကွန်ယက်တွေက လိုအပ်ပါတယ်။ ယခင်လို
ကွန်ပျူတာရှေ့မှာ စကားပြောဖို့၊ တက်လာသမျှ
ဟုတ်တာရော မဟုတ်တာရောတွေကို ဖတ်ဖို့ နာရီပေါင်းများစွာ ငုတ်တုတ်ထိုင်ကြည့်နေတဲ့ကာလတွေက
ပြီးဆုံးသင့်ပြီလို့လည်း ဆုံးဖြတ်မိတယ်။ ဒီတော့ ကွန်ပျူတာရှေ့ထိုင်တဲ့ အချိန်တွေကို
လမ်းလျောက်ခြင်း၊ ရေကူးခြင်း၊ တင်းနစ်ရိုက်ခြင်း၊ သစ်ပင်စိုက်ခြင်း စတဲ့
Activity တွေနဲ့ အစားထိုးလိုက်တယ်။ မိတ်ဆွေတွေနဲ့ တစ်နေ့ကို နာရီဝက် တစ်နာရီလောက်ထက်
ပိုပြီး မတွေ့ဖြစ်တော့ဘူး။
တကယ်တော့လည်း ကိုယ့်လမ်းပေါ်ကိုယ်လျောက်ရင်း
ခလုတ်တိုက်လို့လဲရင်ဖြစ်ဖြစ် ကိုယ်ထူမှပဲ ကိုယ်ထနိုင်ခဲ့ရတာပါ။ သူတပါးရဲ့ ကူညီထူမမှု၊ အားပေးမှုကလေးများ ရမလားလို့
လူသားပီပီ မျှော်လင့်မိပေမယ့် မဖြစ်နိုင်မှန်းသိတဲ့အချိန်မှာ လဲကျရင်း၊ ပြန်ထရင်းနဲ့
ကိုယ့်ကိုယ်ကိုယ် အားပေးပြီး နေတတ်ခဲ့ပြီ။
ရေးစရာရှိရင် ရေးတင်လိုက်၊
မျှဝေစရာရှိရင် မျှဝေလိုက်၊ မှတ်သားစရာတွေ့ရင် မှတ်သားလိုက်နဲ့ နေတတ်အောင်နေလိုက်တဲ့
အခါမှာ နောက်တော့လည်း နေသားကျသွားတာပါပဲ။
စကားလုံးတွေနဲ့ပြည့်နှက်နေတဲ့
ကောင်းကင်အောက်မှာ ကျွန်မလည်း သူလို ကိုယ်လိုပဲ လမ်းလျောက်ခဲ့ပါတယ်။ ဒါပေမယ့် စကားလုံးတွေကို
ကာကွယ်ဖို့တော့ ကျွန်မ ထီးကလေး တစ်လက် ဆောင်ထားတယ်။ စကားလုံးကောင်းကင်အောက်မှာ လျောက်ရင်း
စိတ်၊ စေတသိက်ကို တတိတိတိုက်စားမယ့် စကားလုံးတွေ ကြွေကျလာတိုင်း ထီးကလေးကို ဆောင်းလို့ပေါ့..။
ပျိုးယုဝသုန်
10-12-2012
Monday (BNE)
Monday (BNE)
Thursday, 13 December 2012
နေ့တစ်နေ့၏ လက်ဆောင်
၁၂-၁၂-၂၀၁၂
ဒီနေ့မှာ အမှတ်တရ တခုခု လုပ်ချင်ခဲ့တယ်။ ဘာလုပ်ရရင် ကောင်းမလဲလို့လည်း
ကြိုတင် စဉ်းစားမိတယ်။ ကိုယ်လည်းကျေနပ်မယ့် သူတစ်ပါးအတွက်လည်း အကျိုးရှိမယ့် အရာလည်း
ဖြစ်စေချင်ခဲ့တယ်။ အဲဒီ အချိန်မှာ စိတ်ကူးလေးတစ်ခု ရခဲ့တယ်။ ဒီစိတ်ကူးကို ကူးမိတဲ့
အချိန်က အောက်တိုဘာလရဲ့ အလယ်.. စားမေးပွဲအတွက် စာတွေနဲ့ နပမ်းလုံးနေချိန်...။
ရန်ကုန်မှာဆို သွေးလှူဖို့ဆိုတာ အိမ်က လုံးဝ သဘောမတူပါဘူး။ သူတစ်ပါးတွေ
အတွက် အခက်အခဲမရှိပဲ လှူနိုင်နေတဲ့အချိန်မှာ ကိုယ်က မလုပ်နိုင်ခဲ့ဘူး။ မောင်လေးအမြဲပြောတဲ့
စကားက “တစ်လုံးထုတ်ပြီး နှစ်လုံးသွင်းနေရမယ်.. အေးအေးနေ”တဲ့..။ ဟုတ်တော့လည်း ဟုတ်ပါတယ်..။
ဟေမိုဘလိုဘင်က အမြဲတမ်း ၁၀၀နဲ့ ၁၀၀ အောက် ရောက်နေတော့ သွေးလှူဖို့လည်း မသင့်လျော်ဘူးပေါ့။
ဒါပေမယ့် လုပ်ချင်တဲ့ စိတ်ကလည်း များနေခဲ့တယ်။
Sunday, 16 September 2012
လျောက်ခဲ့ဖူးသော စာမျက်နှာ အချို့ ဆီသို့
ငယ်ငယ်တုန်းက ရေးခဲ့ဖူးတဲ့ ကဗျာလေး တချို့ထဲက ၂ပုဒ်ကို ဒေါ်မိုးငွေ့လေး မိုးငွေ့ ကျေးဇူးနဲ့ ပြန်ရလိုက်တယ်။
ကလေးဆန်တဲ့ အရေးလေးတွေကို ပြန်ကြည့်ရင်း ပြုံးမိရသေးတယ်။
ပြီးတော့ လွန်ခဲ့တဲ့ ၁၈နှစ်လောက် ကျွန်မ အထက်တန်းကျောင်းသူဘဝ ၉၄ ကနေ ၉၆-၉၇ ခုနှစ် ရဲ့ FMA က သူငယ်ချင်းတွေရော ၊ မကြာသေးခင် အချိန်က ဘဝတပါးကို ကူးပြောင်းသွားတဲ့ ဆရာကြီး လူထုဦးစိန်ဝင်းကိုရော အားလုံကို ရုပ်ရှင်အနှေးပြကွက်တွေလို ပြန်မြင်လာမိတယ်။
ဝမ်းနည်းစရာတွေ၊ ပျော်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေ နဲ့ ပြည့်နေပြီး ပေါက်ကရတွေ လုပ်ခဲ့တဲ့ ဆယ်ကျော်သက် တို့ရဲ့ အချိန်ကာလလေးဟာ တွေးကြည့်ရုံ အပြင် ဘယ်လိုမှ ပြန်မရနိုင်တော့ပါဘူး။
ကလေးဆန်တဲ့ အရေးလေးတွေကို ပြန်ကြည့်ရင်း ပြုံးမိရသေးတယ်။
ပြီးတော့ လွန်ခဲ့တဲ့ ၁၈နှစ်လောက် ကျွန်မ အထက်တန်းကျောင်းသူဘဝ ၉၄ ကနေ ၉၆-၉၇ ခုနှစ် ရဲ့ FMA က သူငယ်ချင်းတွေရော ၊ မကြာသေးခင် အချိန်က ဘဝတပါးကို ကူးပြောင်းသွားတဲ့ ဆရာကြီး လူထုဦးစိန်ဝင်းကိုရော အားလုံကို ရုပ်ရှင်အနှေးပြကွက်တွေလို ပြန်မြင်လာမိတယ်။
ဝမ်းနည်းစရာတွေ၊ ပျော်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေ နဲ့ ပြည့်နေပြီး ပေါက်ကရတွေ လုပ်ခဲ့တဲ့ ဆယ်ကျော်သက် တို့ရဲ့ အချိန်ကာလလေးဟာ တွေးကြည့်ရုံ အပြင် ဘယ်လိုမှ ပြန်မရနိုင်တော့ပါဘူး။
Tuesday, 10 July 2012
မာကျောခြင်း နောက်ကွယ်
ဘဝမှာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ သူမနဲ့ပတ်သက်ပြီး စိတ်မှာ အနာတရ မဖြစ်စေခဲ့ဖူးပါဘူး။
အထူးသဖြင့် သူမချစ်ရ၊ ခင်ရ၊ သံယောဇဉ်ကြီးရတဲ့သူတွေ အပေါ်မှာပေါ့။ အပြုအမူကြောင့်သော်လည်းကောင်း၊
အပြောအဆိုကြောင့်သော် လည်းကောင်း နစ်နစ်နာနာ ဖြစ်စေရအောင် တစ်ခါတစ်ရံမျှ မရည်ရွယ်ခဲ့ဖူးပါ။
သံယောဇဉ် အလွန်အမင်း တွယ်တတ်လွန်းသူဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သိခဲ့ချိန်မှအစပြုပြီး
ကိုယ်ချစ်ရသောသူများနှင့် ခပ်လှမ်းလှမ်းတွင်သာ နေထိုင်ခဲ့ပါတယ်။ ခွဲခွါခြင်းက ရရှိတဲ့နာကျင်ကြေကွဲမှုကို
ဆယ်ကျော်သက်အရွယ် ငယ်စဉ်မှာ စတင်ပြီး ရရှိခဲ့တယ်။ အင်မတန်မှ ချစ်ခင်ရတဲ့ အဘိုးကို
ရှင်ကွဲအဖြစ် စတင်ခွဲခွါခဲ့ရတယ်။ အဘိုးအရင်မဟုတ်ပေမယ့် အဘိုးအရင်းနှင့်မခြား ချစ်ခင်မြတ်နိုးရသောအဘိုး
အဝေးတစ်နေရာကို ပြောင်းရွှေ့သွားချိန်မှာ တိတ်တဆိတ်နဲ့ ကြိတ်ပြီးငိုကြွေးခဲ့ဖူးပါတယ်။
ကလေးအရွယ် မိန်းကလေးတစ်ယောက်ဟာ သူမချစ်ခင်တဲ့ အဖိုးရှိရာကို လိုက်မသွားနိုင်ခဲ့၊
လိုက်မတွေ့နိုင်ခဲ့ပါဘူး။ မိခင် ဖခင်တို့ရဲ့ ချစ်ခြင်းကို ရရှိနေတဲ့ မိန်းကလေးဟာ
သူမအဖိုးကို လွမ်းဆွတ်နေကြောင်း သူမရဲ့မိဘတွေကို လည်း ပြောမပြခဲ့ပါဘူး။ ထိုအချိန်မှ
စလို့ ခွဲခွါခြင်းရဲ့ နာကျင်မှုတွေကို လက်ခံ ခဲ့ရတယ်။
Saturday, 21 April 2012
အရောင်ပြောင်းခြင်းများ
ကျွန်မတို့ကျင်လည်နေထိုင်နေတဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ပင်ကိုယ်အရောင်နဲ့ကိုယ်
မပြောင်းမလဲပဲ နေထိုင်နိုင်ကြတဲ့သူတွေကို အင်မတန်မှ မြင်ရခဲပါတယ်။ ဒီလိုအရောင်တွေဟာ
မိတ်ဆွေအချင်းချင်း အိမ်နီးချင်းအချင်းချင်း၊ တစ်လမ်းတည်းနေ တစ်ရပ်ကွက်တည်းနေတဲ့သူတွေ
အချင်းချင်း အပေါ်မှာတောင် ဘာဖြစ်လို့
မတည်ငြိမ်နိုင်ကြတာလဲဆိုတာ စဉ်းစားကြည့်မိတော့ မစ္ဆရိယ နဲ့ လောဘ ဆိုတဲ့ အကြောင်းအရာ
နှစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။
ဒီလိုအကြောင်းအရာ နှစ်ခုအပေါ်မှာအခြေခံပြီး ပြောင်းလဲလာတဲ့၊ ပြောင်းလဲသွားတဲ့
အရောင်တွေကိုလည်း ကျွန်မတို့ လက်ခံရရှိခဲ့ဖူးသလို တသမတ်တည်းသော အရောင်ထားရှိသူတွေကိုလည်း
တွေ့ရှိခဲ့ဖူးပါတယ်။
Subscribe to:
Posts (Atom)