Monday 26 September 2011

ပျို့ အတွေး

တစ်ပွင့်ပန်းရယ်မို့
ရည်မှန်းပါလို့ညှာတံချီ
ပျိုချစ်သူ မမှီကမ်းမှာ
လွမ်းလှပါသည် ..

လမ်းဘယ်ဆီ
လှမ်းလေမည်ပျိုတွေး
အသစ်ရှာမေ့ပြီလားရယ်လို့
စိုးရပါသေး ...

ပုဝါပါး
ကာခြားပါတဲ့ချိန်ခါဆီ
ညိုညရီကာရံတိမ်း
စိမ်းဖို့ဟန်ချီ ..

ပြုံးမသီ
ပုန်းလေသည့်ရှင်ထွေး
ပျိုချစ်သူအနေဝေးအောင်
ပြေးရက်တယ်လေး ...

ပျိုးယုဝသုန်
12:04:45 PM
26-09-2011
Monday ( BNE )

မျက်ရည်မြစ်ကိုဖြတ်ကူးခြင်း

ညို့ညို့မဲမှောင်
တိမ်တောင်အုံ့မှိုင်း
တောလုံးဝိုင်းလျက်
စဉ်ဆက်ဖြိုးစွေ
သည်မိုးရေတွင်
ဆင်းဝင်ကြွေနစ်
မျက်ရည်မြစ်ကို
ဘယ်လိုကူးဖြတ်
စိတ်မှာမှတ်လည်း
ဖြတ်လမ်းတွေက လွဲခဲ့ပြီ ..
နွမ်းမောယိုင်နဲ့
အားအင်မဲ့စဉ်
တစ်မျှင်ကောက်ရိုး
အားကိုကိုးပြီး
နည်းလမ်းဖွေရှာ
ရခဲ့ပါသည်
အကြင် သံယောဇဉ်ရယ်ကြောင့် .. 
တစ်မျှင်ပါပဲ
နှောင်တည်းမလွယ်
ကောက်ရိုးရယ်က
လမ်းပြရှေးရှု
အဖော်ပြုကာ
ဟိုမှာဘက်ကမ်း
ရောက်အောင်လှမ်းသည်
မျက်ရည်မြစ်ကို ဖြတ်ခဲ့ပြီ ..

ပျိုးယုဝသုန်
7:28:05 pm
25-09-2011
Sunday ( BNE )

Wednesday 21 September 2011

ဒွိဟ လမ်းမှ လိပ်ပြာများ

ဘ၀ဆိုတဲ့မြို့ပတ်ရထားစီးရင်း
သွားနေတဲ့ခရီးရှည်
အရွေ့ဘယ်လောက်ရှိမှာလဲ ...

တောက်ပလွန်းတဲ့
ဟေလိုဂျင်မီးတွေရဲ့အောက်မှာ
ကိုယ့်ကိုယ် ကိုစတေးရင်း
အလင်းရဖို့ကြိုးစားနေတဲ့ 
ဖယောင်းတိုင်တွေလည်းရှိနေတယ် ..

မိုးတိမ်ဖြစ်ဖို့အိပ်မက်နေတဲ့ရေပြင်
အငွေ့အသွင်သွင်းဖို့
ပူပြင်းမှုတခုရှိရမှန်း
သိပြီးဖြစ်ကောင်းဖြစ်မှာပါ ..  .. 

မျဉ်းစောင်းလေးတစ်ခုသာခြားတဲ့
မညီမျှခြင်းနဲ့ ညီမျှခြင်းကြား
အဓိပ္ဗါယ် လုံးဝကွဲပြားတယ် ..

ကြည့်တာချင်းအတူတူ
မျက်တောင်တစ်ဆုံးနဲ့
မျက်လုံးတစ်ဆုံးကြား
အကွာအဝေးကခြားလွန်းတယ် ...


ပျိုးယုဝသုန်
2:21:18 pm
21-09-2011
Wednesday ( BNE )

** Special Thanks To Soe Htet  For Excellent Title **

လွတ်မြောက်ခြင်းဆီသို့


အရိုင်းစိတ်ဝင် 
မုန်တိုင်ဆင်တဲ့
စိမ့်ဝင်လောဘ
ဤခဏကို
ရှောင်ရှားမရ
သည်အတ္တမှာ
ငါကားဘယ်တော့လွတ်မည်နည်း ..

ရှာကားရှာဖွေ
မတွေ့လေတဲ့
အဖြေတစ်ခု 
အရင်းပြုကာ
ငါနှင့်ငါ့စိတ်
ငါ့အရိပ်တွင်
ငါလျင်နစ်မွန်းခဲ့ရသည် ...

ဘဝနေနည်း
နိသျရည်းနှင့်
ရှောင်သင့်တရား
ဤဆယ်ပါးကို
ထွေပြားစိတ်မှာ
ဖြစ်တည်လာလျင်
ပန်းတိုင်ဘယ်မှာနီးမည်နည်း .....

မြတ်သောအကျင့်
သင့်သောအယူ
အပူကိုငြိမ်း
အတ္တသိမ်း၍
မယိမ်းမယိုင်
စိတ်မှာခိုင်လျင်
ပန်းတိုင်ဘယ်သို့ဝေးမည်နည်း...

ပျိုးယုဝသုန်
9:18:24 am
20-07-2011
Wednesday

ဤ၁၀ပါး = လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဌိ၊ ၀ိစိကိစ္ဆာ၊ ထိန၊ ဥဒိစ္စ၊ အဟိရိက၊ အနောတ္တပ္ဗ ဟူသည့် ကိလေသာ
အကုသိုလ်ဒုစရိုက် ၁၀ပါး

**  Special Thanks to Soe Htet for completion of this poem  **

Monday 19 September 2011

လိပ်ပြာခွဲချိန်


ါမရှိတဲ့နောက်

လျောက်ခဲ့ဖူးတဲ့လမ်း

လှမ်းခဲ့ဖူးတဲ့နေရာ

အချိန်ကုန်ပါတယ်

တစ်ခေါက်မှမလာပါနဲ့

လွမ်းရလို့ပဲဖြစ်ဖြစ် ..နွမ်းလျလို့ပဲဖြစ်ဖြစ်



ပြောခဲ့ဖူးတဲ့စကား

ကြားခဲ့ဖူးတဲ့အမှာ

အချိန်ကုန်ပါတယ်

တစ်ခါမှမတွေးပါနဲ့

စိတ်လေးလို့ပဲဖြစ်ဖြစ် .. သိပ်ဝေးလို့ပဲဖြစ်ဖြစ်



ပြုခဲ့ဖူးတဲ့အပျော်

မော်ခဲ့ဖူးတဲ့အပြုံး

လုံးလုံးမင်းမေ့ပစ်ပေါ့

သိပ်ချစ်လို့ပဲဖြစ်ဖြစ်.. စိတ်ညစ်လို့ပဲဖြစ်ဖြစ်



စိတ်နှလုံးကိုညှင်းပမ်း

နွမ်းလျလို့ခွေယိုင်

ဒီလိုမနေထိုင်ပါနဲ့

အိပ်မရလို့ပဲဖြစ်ဖြစ် .. စိတ်ကျလို့ပဲဖြစ်ဖြစ်



ငေးမှိုင်နေတဲ့မင်းနံဘေး

တိတ်တိတ်ငါထိုင်ငေးရင်း

ပြန်လမ်းဝေးတဲ့လမ်းမ

ငါကမြန်းရတော့မယ်

လိပ်ပြာခွဲလို့ပဲဖြစ်ဖြစ် .. စိတ်မှာမြဲလို့ပဲဖြစ်ဖြစ် ...



ပျိုးယုဝသုန်

2:35:37 pm

19-09-2011

Monday ( BNE )

ကောင်းကင်ထက်တွင် ဖွဲ့သောအိမ်

တကယ်တော့ မင်းဟာဖြူစင်တယ် ၊ သန့်ရှင်းတယ် ၊ တောက်ပတဲ့ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ပြည့်စုံတယ်၊ မြင်သူ တကာနှစ်သက်မက်မောစေတဲ့လှပတဲ့ ဆွဲဆောင်မှုတွေနဲ့ ညီညာတဲ့အဆင်းရှိတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ပုလဲလေးတစ်လုံး ပါ ဥတ္တရာ …၊

မြစ်တစ်စင်းရဲ့အလင်္ကာ

ကြယ်စင်ခပင်း
ရံမလင်းလည်း 
လမင်းသူက သာဆဲပါ ..
မိုးပြေးမရောက်
သူမနှောက်လည်း
ပိတောက်သူက ပွင့်ဆဲပါ .. 
ချောင်းရေတစ်စင်း
သူမဆင်းလည်း
မြစ်မင်းသူက စီးဆဲပါ .. 
ငှက်ကျေးမမြည်
တေးမသီလည်း
နေခြည်သူက လင်းဆဲပါ .. 
မေတ္တာတရား
ဥပေက္ခာထားလည်း
အသွားသူက ထက်ဆဲပါ .. 

ပျိုးယုဝသုန်
3:21:40 am
15-09-2011
Thursday(BNE)

**Special Thanks to Soe Htet for Title Idea ** 

Tuesday 13 September 2011

အဇ္ဈတ္တ ခံတပ်

ငါ့ခန္ဓာကို်ယ်တွင်းမှ
တစိမ့်စိမ့်စီးဆင်းနေတဲ့သွေး
ဟင်းလင်းပြင်အဝေးထိရောက်မလား
ဒါ ..ငါအလေးမထားဘူး.. 

ဒုက္ခကင်းတဲ့ခန္ဓာ
ဘယ်သူပိုင်ဆိုင်နိုင်မှာလဲ
ဘ၀ရဲ့ဝဲသြဃထဲလည်ရင်း
မြုတ်နစ်မသွားမှာ ..ငါ ..

အခါမသင့်တဲ့ တံခါးပေါက်
ဘာလို့လာခေါက်ချင်တာလဲ
အားမာန်ကင်းတဲ့ခန္ဓာ
ဒါ ..ငါမဟုတ်ဘူး ..

အားနည်းတဲ့ခန္ဓာပေမယ့်
ခိုင်မာတဲ့စိတ်ဓါတ်
မြင့်မြတ်တဲ့ စိတ်ထား
အရာရာကို ရင်ဆိုင်သွားမယ် ..

ပျော့ညံ့ခြင်းဆိုတာမရှိ
အားမာန်သတ္တိတွေနဲ့
မလျော့တဲ့လုံ့လ
သေခါမှ ချမဟဲ့
ဘဝရဲ့လမ်းတွေဟာ
ကြမ်းမယ်ဆိုတာသိပါတယ် ..

ပျိုးယုဝသုန်
4:55:58
13-09-2011
Tuesday (BNE)

** Special Thanks to Soe Htet for excellent title.. **

Sunday 11 September 2011

မိုးခါးရေ

မိုးခါးရေတစ်ခွက်
ငါ့လက်ထဲမှာ ရှိခဲ့တယ် ..
မော့ကြည့်လိုက်ပါ
ကောင်းကင်နဲ့မြေပြင်ကြား
ပျံသန်းနေကြတာကများသားပဲ ..
အတွေးပွားနေလား 
ဘေးတရားကို မနာနဲ့
ဒေသရဲ့ကာလဟာ
အရာရာကိုပြောင်းစေတယ် ..
အတောင်ရှိလျက်နဲ့
အပျံခက်တဲ့
အိမ်မွေးငှက်တွေလည်းရှိကြတယ်...
မိုးပျံပူဖောင်းလို
ဟိုက်ဒြိုဂျင်ကိုလိုသလိုသုံးပြီး 
ခရီးနှင်သူတွေလည်းရှိကြတယ်..
ဝိဇ္ဖာပညာနဲ့
လိုရာခရီးရောက်
ပေါက်မြောက်သူတွေလည်းရှိကြတယ် ..
ပေါလောပေါ်နေတာလား 
ကိုယ်ပိုင်အစွမ်းနဲ့ရပ်နေလား 
ဆက်စပ်သိဖို့ခက်လိမ့်မယ် ...
ဓါတ်အားကုန်တဲ့တစ်နေ့
တရွေ့ရွေ့သက်ဆင်း
လားရာမြေတလင်းဟာ
ဆူးခင်းမနေဖို့တော့လိုပါတယ် ..
ကဲ ..
မိုးခါးရေတစ်ခွက်
ဒါ ..  ငါ့ အတွက်တဲ့လေ .....


ပျိုးယုဝသုန်
4:40:40 pm
11-09-2011
Sunday ( BNE )

Wednesday 7 September 2011

ဝိရောဓိ မဲ့

ဘ၀မှာ
အခါခါမသေဖို့
တစ်စုံတရာကိုသတ်ရမယ် ..။
ဂုဏ်သိက္ခာအတွက်
စိတ်ချမ်းသာချက်ကို သတ်မှာလား..
စိတ်ချမ်းသာမယ်ဆို
ကြွယ်ဝတာကို သတ်မှာလား .. 
ကြွယ်ဝချမ်းသာဖို့
နှလုံးသားကိုတံစို့ထိုးမှာလား ...
နှလုံးသားကျန်းမာခြင်းအတွက်
ဂုဏ်သိက္ခာကို နင်းမှာလား .. 
စဉ်းစားရင်းတွေးရင်း
တွေဝေခြင်းဝိရောဓိ
ငါ့မှာမရှိတော့ဘူးလေ ..
အဖြေတစ်ခုအတွက်
နက်ရှိုင်းတဲ့အရာတစ်ခု 
ဒါကို ငါ အရင်းပြုခဲ့ပြီ ..
ဂုဏ်သိက္ခာအတွက်
တသက်တာစိတ်မရင်းနိုင်ဘူး ..
နှလုံးသားတွေအေးချမ်းဖို့
အမုန်းတရားတွေလည်းဝေးခဲ့ပြီ ..
ပကာသနဂုဏ်အင်မဲ့တဲ့အခါ
ငါ .. လူရာဝင်နိုင်သေးရဲ့လား..
ဘယ်လိုဖြစ်ပါစေ
အေးချမ်းရာမှာထီးတည်း
ချစ်ခင်သူ အနည်းငယ်နဲ့
ဘ၀ကိုနေတတ် 
ကျေနပ်နေတော့မယ် ...

ပျိုးယုဝသုန်
၁၆း၁၃ နာရီ
၇-၉ -၂၀၁၁
WED ( BNE)

Tuesday 6 September 2011

တော်ဝင်ပန်း

နုအနွဲ့
ရှုလှည့်ပါကွယ့် ဘယ်မမီ
မြအကြည်လရောင်ဆက်
လှချက်မာန်ချီ ....
နတ်တလီ
မျှညီတဲ့သူ့အဆင်း
  အမြင်တင့်ကာ စိတ်ကြည်လင်းတယ်
ပန်းတော်ဝင်မင်း ... 

ပျိုးယုဝသုန်
9:16 am
06-09-2011
Tuesday ( BNE )

Sunday 4 September 2011

အခါမဲ့ ..မိုး



နွေခေါင်ခေါင်
မိုးမှောင်လို့အုံ့ဆိုင်း
တိမ်မှိုင်းညိုပြိုမှာစိုးတယ်
မိုးလုံးပြည့်ဝိုင်း ..။
လျှပ်ပန်းဆိုင်းအလီလီ
မြည်လေတဲ့သံစုံတေး
အဝေးကိုမရွယ်စိတ်ကယ်
ထိတ်လှပါသေး ..၊
စိတ်မအေး
မျှော်တွေးပါလို့ရင်မှာဆူ
ပျိုချစ်သူအလာခက်မယ်
နှိပ်စက်ကလူ ..၊
နံဘေးသူ
ဘယ်ကူလို့သိမှာတုန်း..
အတွင်းဆူ ပူပန်ထိတ်တယ်
ချစ်စိတ်အုံ့ပုန်း ..၊


ပျိုးယုဝသုန်
17:55:43
03-09-2011
Saturda..

ချစ်ခင်တန်ဖိုးထားစေချင်

ညီမလေးရေ 

ဒီနေ့Sunshine Coast ဘက်ကို အလုပ်ကိစ္စတစ်ခုနဲ့ သွားရင် လမ်းဘေးတစ်ဘက်တစ်ချင်စီမှာ စီတန်းစိုက်ပျိုး ထားတဲ့ ထင်းရှူးပင်တွေကို ညီညီညာညာလေးတွေ့ခဲ့ရတယ်၊ Glass House Mountain လို့ခေါ်တဲ့ တစ်တောင် တည်း ထီးထီးတည်ရှိနေတဲ့တောင်ကြီးကိုလည်း မြင်တွေ့ခဲ့တယ် ၊ ဒီလို လှပစိမ်းစို နေတဲ့ သစ်ပင်တန်းတွေရယ် နဲ့တောင်ကြီး ကိုတွေ့မြင်ရတော့ တောင်တန်းတွေ သစ်တော စိမ်းစိမ်းတွေနဲ့ လှပနေခဲ့ဖူးတဲ့ လှပနေဆဲလည်း ဖြစ်တဲ့ အစ်မတို့ရဲ့နိုင်ငံကို လွမ်းဆွတ်မိခဲ့တယ် ။

မိတ်ဆွေ




လှေတစ်စီးနှင့်
ခရီးအတူ
ဖြတ်သူဆွေရင်း
အချင်းချင်းတိုင်
ငြင်းပြိုင်ရန်ပွား
အချင်းများက
ကမ်းနားဘယ်တော့နီးလိမ့်မည် ...
တက်စုံ လက်စုံ
ရွက်အစုံနှင့်
အဆန်ခရီး
ဘယ်မနီးလည်း
မညည်းမညူ
အားပေးကူသည်
မိတ်တူ ဆွေရင်း စိတ်သာတည်း .. ..

ပျိုးယုဝသုန်
11:45:43
01-09-2011
Thursday

ပင်မြင့်ပန်း


ပန်းတစ်ခက်
လှမ်းလက်ရယ်ကဘယ်မမီ
ပန်းကြွေအောင်သည်မောင်စောင့်ပေမယ့်
နှောင့်ရက် ပလီ .. ။ 
နွမ်းမကြည်
ဆောင်းလေပြည် သူမညင်း
ပင်ထက်မှာတင့်အဆင်းရယ်နှင့်
လွင့်ပျံ့ကြိုင်သင်း .... ။

01-09-2011
2:05:47 am
Thursday(BNE)

အပြာရောင်တောင်တန်းများသို့ .. လွမ်းချင်း




၁။
ဇူလိုင်လရဲ့ ဒုတိယအပတ်အကျော်မှာ ရာသီဥတုဟာ တဖြည်းဖြည်း နွေးစပြုလာခဲ့တယ်၊ လေအေးအေးတွေ မတိုက်တော့သလို နေရောင်ခြည်တွေလည်း ပိုနွေးလာခဲ့တယ်၊ မှန်ပြူတင်းကနေ တစ်ဆင့် လှမ်းမြင်ရတဲ့ မြက်ခင်းစိမ်းစိမ်းတွေနှင့် ဟိုးဝေးဝေးနားက သစ်တောမှိုင်းမှိုင်းတွေ ၊ တစ်စုံတစ်ဦးရဲ့ ချစ်မြတ်နိုးခြင်းကို ကာလအတန်ကြာ ခံခဲ့ရတဲ့ အနက်ရောင်နှင်းဆီပန်းပင်တွေ၊ ပြီးတော့ ဒီတောင်ကုန်းအမြင့်လေးပေါ်မှာ တည်ရှိနေတဲ့ မှန်ပြူတင်းပေါက်တွေ ပတ်ပတ်လည်ရှိတဲ့ Cottage အိမ်ကလေး၊ မြက်ခင်းပြင်နဲ့ တောအုပ်ကလေးကို လှမ်းမြင်ရတဲ့ ပြူတင်းပေါက်နောက်ကွယ်မှာ ရှိနေတဲ့ ထိုင်ခုံနှစ်လုံးနဲ့ စားပွဲငယ်ကလေးတစ်လုံး၊ အရာရာဟာ ဝေေ၀ ၀ါးဝါးနဲ့ ပျောက်ကွယ်သွားရတော့မှာလား၊  တကယ်တော့ ဒါတွေအားလုံး အိပ်မက်မဟုတ်ခဲ့တာ မင်းလည်းအသိ၊ ကိုယ်လည်းအသိပါ မြတ်မင်းဧရာ ..၊