Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, 14 February 2020

ပြယုဂ်

ပြယုဂ်

ကလေးရေ
ငါတို့တွေက အဖေ
ငါတို့တွေက အမေပေါ့..။
အမှန်တော့ အမှန်တရား
အခါးကဲလွန်းတဲ့ ရသ
စွက်ဖက်နေတဲ့ ဘဝ ဘဝတွေမှာ
အမျက် ထွက်နေတာ သဘာဝပါ ..။
အရောင်မှိန်မျက်ဝန်းတွေနဲ့
သင်ထားတဲ့ စကားလုံးတွေရွတ်ရင်း
ယုံကြည်မှုတွေ တည်ဆောက်ဖို့ ခွန်အား
မင်း ဘယ်ကများ ရမှာလဲ..။
အရောင်တောက်တောက် တူညီဝတ်စုံအောက်မှာ
ညှီဟောက်ဟောက်အနံ့ အသက်တွေကင်းဖို့
တကိုယ်ရည် သန့်ရှင်းမှု ဆိုတာ
မင်းတို့ နားမလည်တာ မဆန်းပါဘူး..။
ကလေးရေ
ပွေ့ဖက်ခြင်းတွေ ကို မက်မော
တခဏတာ မင်းတို့ဇော ကလေးကို
ဖြည့်ပေးဖို့ သကာဖုံး
အသက်အောင့်ရင်း ဟန်ဆောင်ပြုံးသူတွေလည်း ရှိတယ်ကွယ်..။
မင်းတို့ကို ချနင်း
ဂုဏ်သတင်း ကျော်ဇောခြင်း အတွက်
စောင့်စည်းခြင်း မဲ့မဲ့
မဖြစ်စလောက် ထောက်ပံ့ခြင်း ဆိုတာနဲ့
လူမှုကွန်ယက်မှာ ပုံတွေတင်
မင်းတို့ အနာဂတ်ကို ငါတို့ မမြင်ခဲ့ဘူးပေါ့။
ကလေးရေ
ငါတို့က အဖေ
ငါတို့က အမေပါ..
မတတ်နိုင်တာကို ဟန်လုပ်
ပကာသနဇတ်ထုပ်အောက်မှာ
မင်းတို့ကလေ..
ပြယုဂ် ကလေးတွေသာ..။



Thursday, 14 April 2016

အတွေ့အကြုံ


သီးကင်းလည်းကြွေ
ဝေသူဝေလို့
မှန်းဖို့ မရ
ထိုလောကတွင်
မြဲမည်ထင်က မှားပြီကိုး..။

မမဝသုန်

Saturday, 26 March 2016

အတွင်းရန်


တရှိုက် ရှိုက်တုန်
လှိုက်လှိုက်ခုန်လို့
ခိုက်ဟုန်ဒေါသ
မာန်မာနများ
ငါ့အားတွန်းကန်
စိတ်တွင်းရန်ကို
ဖန်ဖန် ဖန်တီး
ရိုက်သံဟီးထင်
ပဲ့တင်ထပ်ထပ်
ကြောင်း မရပ်
နောက်ထပ် တွန်းပို့နေသည်ကိုး..။


အဆုံးမဲ့ကင်း
သိခြင်း တွင်းတိမ်
ဥာဏ်ရောင်မှိန်လို့
ထိန်ထိန်တောက်ငြီး
ထို မီးကျည်းကား
မှားမှား မှန် မှန်
ငါ့ကိုပြန်သည်
ယုံကြည်သတိ
ငါ့ မရှိ စဉ်
တိုးဝင် ထိုးဖောက်
စိတ်ကို ရောက်
နှလုံး နောက်ကျိစေသည်ကိုး။

ရှောင်လည်းမသာ
စိတ်ဒဏ်ရာက
ပမာ ရွယ်လေး
ရွေး နှယ်သေးလည်း
ခက်ခဲ ပယ်ဖျောက်
မထိရောက်နိုင်
ခိုင်ခိုင်စွဲထင်
ငါ့ ကိုငင်လျက်
ထိုအမျက်တော
လှိုက်လှိုက်မောသည်
ဒေါသ လောင်မီး ကျွမ်းပြီကိုး.။

မမဝသုန်

၂၅-၀၃-၂၀၁၆

Wednesday, 28 January 2015

မိန်းကလေး စိတ်



ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောင်းမတို့ရေ
ဖြေလျော့ငယ်မှ ခွေခွေ
နှမလေး အဝေးမှနေသည်..။
မယ့်စာခွေ လူကြုံပါး
ရလားလို့ မယ်မေးလျှင်
နန်းတော်ဝင်ပျို့မောင်ကြီးက
ညည်းမှာလားရှင်.. ။
စိုးဘဝင်
ပြစ်မြင်လို့သူမလေး
မောင့်ဘေးတွင် ယဉ်သူချောတွေက
ပေါလှတယ်လေး..။
မောင်ရေးတဲ့လွမ်းစာခွေ
ပျိုလေးမှာ ခါခါဖတ်
နွမ်းလျက်သာကြေ
ဖတ်မပြေ
ညဥ့်ယံပြေးလေတိုင်း
စက်ရေးငယ် မပျော်ခက်ပါရဲ့
လွမ်းမျက်ရည်ဝိုင်း။
ခြုံသိုင်တဲ့ မြူနှင်းလွှာ
မနက်မှာဆွမ်းတော်ချက်မယ်ရှင့်
မှေးခွင့်မသာ..
ရှေ့ဆီမှာ
ရောင်နီသမ်းပါမှ
အလွမ်းကို အသာဝှက်သိုလို့
နိစ္စဓူ ကုသိုလ်ပြုမှာပါ့…
မောင့် ရ စေကြောင်း..။

ပျိုးယုဝသုန်

28-01-2015

Saturday, 29 March 2014

အတိတ်ရုပ်ရှင်

ငယ်ကကျွမ်း၍
လွမ်းငွေ့မပြေ
ဖြေလည်းမပျက်
လရောင်စက်နှင့်
ဖွင့်သည့်ရုပ်ရှင်
အသက်ဝင်သည်
ချိန်ခါရီကဆက်သည်ကိုး..။

ပျိုးယုဝသုန်
4-03-2014

စိတ်ပျောက်သူ


စုတ်ကိုကိုင် ဆေးကိုတို့
ငါ့စက္ကူ မင်မစို့တယ်
စိတ်ပျောက်သူမို့..။

ပျိုးယုဝသုန်
၀၄-၀၃-၂၀၁၄ (ရန်ကုန်)

ကချေသည်

အလွမ်းတစ်ရစ်
ပန်းတစ်ရစ်နှင့်
ဖွင့်သည့်ကားလိပ်
နောက်တွင်ဆိတ်လျက်
အိပ်စက်မပျော်
မခေါ်သောက
ပွေ့ပိုက်ကြသည်
ဘဝဇာတ်ခုံမှ ကချေသည်။

ပျိုးယုဝသုန်
04-03-2014 (YGN)

ပန်းစကား


အလွမ်းပြေစေဖို့
ပန်းတွေကိုလည်း ပျိုးထားတယ်..။

မညှိုးသာ အစဉ်မနွမ်းစေဖို့
စမ်းရေဖြန်းလို့ လန်းစေ့မယ်..။

မှန်းရည်ရွယ်
ပွင့်လာတယ် တစ်ပွင့်ပန်း..
မောင် မနမ်းရင်ဖြင့်
ရင့်နွမ်းကာ အဆင်ပျက်မှာမို့
မနက်နေ လေနုဦးရယ်နှင့်
အခက်ဝေ ကြွေလုဖူးကို
မောင်ရေ.. 
ခူးလို့  ဆင်မြန်း..။

ပျိုးယုဝသုန်
၂၅-၀၃-၂၀၁၄

နွေးလှည့်

တိမ်မြူမှိုင်း

ခြုံသိုင်းလေတဲအဇဋာ

သူ့ရင်ခွင် အရောင်ကင်းပေမယ့်

လင်းလှည့် မကြာ..။

ရှစ်ခွင်လွှာ

ဘယ်နေရာမှ လာမယ်တုန်း

ရှောင်ပုန်းကာ မျက်နှာဝှက်ပါနဲ့

နွေးပါရစေဦး..။


ပျိုးယုဝသုန်
21-01-2014
Tuesdy (YGN)

Saturday, 21 December 2013

ခရေ ပန်သူ


လမီးအိမ် ထိန်ထိန်လင်း
ဝင်းဖန့်တဲ့ ညအခါ
ရှင်းသန့်တဲ့ မြကဗ္မလာဝယ်
လှရာရာ ခြယ်ရွေး။

ခရေနွယ် သွယ်သီကုံးပါလို့
ကြယ်မင်းပုံ ခွေကာယှက်ကာဖြင့်
မယ့်ကေသာ ဆံညိုထွေးမှာ
မှေးလှည့်ပါလေး..။

မမဝသုန်
18-12-2013
Wednesday ( YGN )

Friday, 20 December 2013

သစ္စာအိမ်


 
မီးမှိန်မှိန်
တို့နေတဲ့ အိမ်ကလေး
ထိန်ညီးနေမေတ္တာမီးအိမ်နှင့်
နွေးဆင့်နေသေး။

အမိုးတိမ်
တို့နေတဲ့အိမ်ကလေး
ချိုတေးသံလွှမ်းခြုံအေးကြည်ရဲ့
ငြိမ်းလျက်နေသေး။

အိမ်ရှေ့ကပန်းတစ်ပင်
မယ့်ခေါင်းတွင်အယဉ်ဆင့်စေကွယ့်
ပျိုးတဲ့ကိုရင်..။

ပန်းတော်ဝင်
မက်မမြင်တဲ့ခင်လေး
ကြူမွှေးရာ စံပယ်ဖူးသာ
ဦးခိုက်မှာ တွေး။


ပျိုးယုဝသုန်
06-12-2013
Friday (YGN)

Sunday, 15 December 2013

လွမ်းသူ


ပန်းတလင်း
မောင် .. မင်းအတွက် ခင်းထားတယ်..။

လာမယ်ဆို အကြိုထောက်

မောင် .. စောင့်ပါ့မယ်..။

ရနံ့ပျယ်

ရက်တွေရယ် ကွယ်ပါလို့

မျှော်ရှာသူ မောင့်မှာနွမ်းတယ်

လွမ်း မျက်ရည်စို့ ..။




ပျိုးယု ဝ သုန်
14-11-2013
Thursday ( YGN)

Sunday, 10 November 2013

မနေ့ က စာ



မနေ့က ပို့လိုက်တဲ့  စာလေး ရရဲ့လား။

သစ်တော်သီးတွေ မှည့်တော့မယ်။

ပန်းဆိုတာ အချိန်တန်တော့ ကြွေတာပဲ ဆို..၊

ပန်းပင်တွေကို စိုက်ချင်နေတုန်း ချစ်တုန်းလား။

ဝတ်ရုံလွှာ ပြောင်းဝတ်တတ်တဲ့ မြို့မှာ မီးလင်းဖိုတွေ လင်းနေပြီ၊

အိမ်အပြန် ဇရာကို အပါ ခေါ်မှာလား။

ကျဉ်းကျပ် နေတဲ့မြို့က လွတ်လပ်ပေါ့ပါးသူ

လွတ်လပ်တဲ့ တိုင်းပြည်က စိတ်အကျဉ်း ကျနေသူ

ဘဝရဲ့ ထိုထို ဤဤ စကား .. နောက်နေ့ မနက်မှာ ကြားပါရစေ။

ပေးစရာတွေများ ရစရာတွေ များလွန်းတယ်.. ၊

ကြွေးတင်ရင် ဆပ်ပေးမယ့် ရှင်ဘုရင်လည်း ရာဇဝင်ထဲမှာ ကျန်ခဲ့ပြီ။

စကားမစပ်..

အပြန်မှာ အာလူး တစ်လုံးလောက် ဝယ်ခဲ့ပါကွယ်..။



ပျိုးယုဝသုန်

Saturday, 9 November 2013

A Letter From Yesterday




Have you received a letter sent by yesterday?

Pears are going to ripe soon.

Flower will fall if in time,

Still loving growing flower plants?

Fire-places have light in the Color Changed Town,

Would you bring Aged when you back?

Free Man from narrow and tighten town,

Independent Kingdom and imprisoned soul..

Let me hear some words about life on tomorrow,

Sinking in debt and Sleeping King in History of the Past..

By the way,,

Bring a potato when you back.


Pyo Yu WaThone

Tuesday, 17 September 2013

မထိုက်တဲ့ ပန်း




ပန်ဆင်မယ် ရွယ်ရည်စူး
ခူးခဲ့တဲ့ ပန်းတစ်ငုံ
ရနံ့ထုံကြိုင်လှိုင်သင်း
ရှင်းသန့်ပြည့်စုံ
ပြောမယုံ
ကြုံလေမှ ရင်နာခဲ့
သည်ပန်းမှာ ရနံ့ထူးပေမယ့်
အဆိပ်သင့်နေခဲ့ ..။


ပျိုးယုဝသုန်
12-09-2013
Thursday (YGN)

Thursday, 5 September 2013

ရှက်ပြုံး




ရှောင်မပြေး

မောင်မေးလို့ဖြေပါ့မယ်

မြကြာစွယ် နွယ်ကတည်းက

စွဲပါလှတယ်...

မေးပါနဲ့ဟယ်

မျက်ကွယ်မို့ ရှက်ပြုံး

မောင့်ရင်ခွင် သည်ပခုံးမှ

ပုန်းပါရစေဦး..



ပျိုးယုဝသုန်
10:22:00 PM
02-09-2013
Monday ( YGN )

Sunday, 1 September 2013

မောဟမြို့သားများ




ရာဂရဲ့တော

မောဟမြို့စွန်

ရက်လွန်အသိ

မရှိမျက်မြင်

နွယ်ခင်ညိယှက်

အမျက်ပုန်ခို

ဝှက်သိုဒေါသ

ထိုလောဘနောက်

ကောက်ကောက်လိုက်ပါ

လိုရာကိုရွေး

ရမက်တေးဆို

နှစ်လိုဆယ်ပါး

ထိုတရားထဲ

နစ်မြဲနစ်လို့နေခဲ့တယ်..။



ပျိုးယုဝသုန်
1-9-2013
Sunday ( YGN )

Monday, 19 August 2013

မရွာတဲ့မိုး

ရွာရန်ဆင်
ဟန်ပြင်တဲ့ သည်မိုး
လာနိုးငယ်မျှော်ကာကိုးပေမင့်
ညှိုးရင့်တဲ့ မိုး..။


မာန်ဝင့်လို့ သူဟန်ဆင်
တိမ်ရိပ်တွင် မင်ရည်သွင်း
ခင်းတဲ့သွင်ပြင်..။


မြောက်လေနှင်
တိမ်ခင် လွင့်ပြယ်ဆင်း...


ပယင်းရောင် သူလေကင်းပြီကွယ့်
ညှိုးပင့်ခြေရင်း..။



ပျိုးယုဝသုန်
5:52:33 PM
04-06-2013
Tuesday ( YGN )


Saturday, 10 August 2013

စိတ်စေရာ




နေဝန်းနီ
မြကြာခြည်လဲ့လဲ့ရေး
မယ့်အတွေးမှာ ပန်းသခင်ညှင်းတယ်
သင်းရနံ့ ပျံ့မွှေး..။

ငှက်ကျေးတို့ တေးဆိုသံ
မိုးကမ်းပါးယံ ရိုက်ဟည်း
လမီးအိမ် ညတွင်လင်းတယ်
ဝင်းပ ရှုမငြီး..။

စိမ့်ကြီးနဲ့တောမြိုင်
ချစ်ရသူလက်ဖဝါး
အပါးမှ မြဲကိုင်..။

တိမ်းမယိုင်
မိုးမှိုင်တိုင် ကြောက်ဘူး
မောင့်နဖူးမှ ချွေးကိုသိပ်ချင်ရဲ့
စိတ်လက်ကြည်နူး..။



ပျိုးယုဝသုန်
29-07-2013
Monday (YGN)

Monday, 17 June 2013

ကောင်းကင်ရင်ခွင်



ငါ၏ကောင်းကင်
မြဲကြည်လင်လျက်..။

လျပ်နွယ်ပန်းခက်
ရံခါပြက်၍
လင်းလက်တိမ်ရောင်
ရံခါမှောင်သည်..။

လေပြည်အေးနှင့်
ရင့်သည်းမိုးစွေ
နွေ၏လေရူး
ရံခါမြူးသည်..။

မြည်ကျူးတေးဆို
ငှက်ကျေးပျိုလည်း
နားခိုနေရာ
ရံခါ ရှာသည်..။

မိုးပြာကောင်းကင်
သူ့ရင်ခွင်ထဲ
ဆွဲ၍မသွင်း
တပ်မက်ခြင်း
ချစ်ခြင်း ရင်မှ တည်ခဲ့သည်..။



ပျိုးယုဝသုန်
16-06-2013
Sunday (YGN)